Sunday, August 9, 2015

“လဲနေသူ ထူပေးပါ”

 
“အလှူ့ရှင်တွေ ဝမ်းသာဖို့ အမျှလေးပေးကာ မေတ္တာပို့။ ကျန်းမာစေဖို့ ချမ်းသာစေဖို့၊ အဖြူရောင်လေးကိုဆင်မြန်းလို့။ ပြုံးလို့ရွှင်လို့ ကလို့ခုန်လို့ အလှူခံပါဗျို့။” တဲ့။

          ကထိန်ရာသီတုန်းကတော့ အဲဒီသီချင်း မကြားချင်မှ အဆုံးပါပဲ။ လမ်းထိပ်တကာလမ်းထိပ် မဏ္ဍပ်ကြီးနဲ့ ဖွင့်ချင်ဖွင့်မယ်။ လက်တွန်းလှည်းကလေးနဲ့၊ ဆိုက်ကားကလေးနဲ့၊ မော်တော်ကားကလေးနဲ့
လော်စပီကာကြီးတင်ပြီး အရပ်တကာလှည့်ချင်လှည့်မယ်။ “သာသနာတဝက် ဒါယကာတဝက်” သီချင်းပြီးရင် သူ့လောက်ပေါက်တာ မရှိဘူး။ အခုလည်း ဘယ်နေရာသွားသွား ရေဘေးအလှူခံလူငယ်ကလေးတွေ
တွေ့ရတာ ကထိန်ရာသီထက်တောင် စည်သေး။ တော်တာကတော့ ဘယ်သူကမှ အသံချဲ့စက်မငှားပဲ ဗီနိုင်းကလေးတွေကိုင်ပြီး သားသားနားနားဝတ်ဆင်လို့ အပြုံးချိုချိုကလေးတွေနဲ့ လမ်းသွားလမ်းလာ အနှောက်အယှက် မဖြစ်စေပဲ အသံတိတ်အလှူခံတာမို့ ပိုသဘောကျမိတယ်။
“ရေဘေးသင့်ပြည်သူများအတွက် အလှူခံပါတယ်။” ဆိုတဲ့စကားကလွဲရင် အပိုဆာဒါး ဘာတစ်ခုမှ သိုင်းသိုင်းဝိုင်းဝိုင်း ပြောမနေဘူး။ သူတို့ကုသိုလ်ယူနေတယ်။ စိတ်ချင်းတူလို့ သဒ္ဓါကြည်ဖြူရင် အတူတကွ ပါဝင်လို့ရတယ်။ ပြုပြုသမျှသော ဒါနကောင်းမှုအစုစုတို့ကို ရေဘေးဒုက္ခသည်တွေအတွက် အထောက်အပံ့ ဖြစ်စိမ့်သောငှာ ကိုယ်ရောစိတ်ပါ တတ်စွမ်းသမျှ ကူညီပံ့ပိုးကြမယ်တဲ့။ကျောင်းသူကျောင်းသား၊ ရုံးသူရုံးသား၊ လက်လုပ်လက်စား ဈေးသည်များပါမကျန်၊ ကိုယ်နဲ့နီးစပ်ရာ အသိုင်းအဝိုင်းမှာ တပိုင်တနိုင် စုဆောင်းနှိုးဆော်တဲ့အလုပ်ဟာ အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ ခေတ်အစားဆုံး ဖက်ရှင်တစ်ခုလိုပါပဲ။ ဘယ်သူတစ်ဦးတစ်ယောက်မှ မပါဝင် မလှူဒါန်းဖူးတာ မရှိဘူး။ အားလုံး တက်တက်ကြွကြွ အားတက်သရောပဲ။ လှူရလွန်းအားကြီးလို့ “ခုလေးတင် လှူလာခဲ့တာပါဗျာ။” လို့ ပြောရမှာတောင် အားနာလာတယ်။

          အလှူငွေတွေ၊ အသုံးအဆောင် အဝတ်အထည်တွေ ရလာပြီးတဲ့အခါမှာလည်း ကထိန်တုန်းက ပဒေသာပင်သီးသလိုပဲ။ ဒုက္ခသည်တွေ လိုအပ်မယ်ထင်တဲ့ကောင်းနိုးရာရာ ပစ္စည်းကလေးတွေကို တစ်အိမ်စာ တစ်အိမ်စာစီ အထုပ်ကလေးတွေခွဲပြီး စိတ်ရှည်လက်ရှည် ပြင်ဆင်ကြတယ်။ ရန်ကုန်က ဆန်ဆိုင်ဆီဆိုင်တွေဆိုတာ ရောင်းကောင်းလွန်းလို့ လက်မလည်တော့ဘူး။ ခါတိုင်းဖုန်းဆက်လိုက်ရင် အိမ်လာပို့တယ်ဆိုတဲ့သူတွေက အခု ဆန်လိုချင် ဆိုင်မှာတောင် မရှိတော့ဘူး။ ဂိုဒေါင်မှာ လိုက်ယူ။ ကိုယ့်အလုပ်သမားနဲ့ကိုယ်လာသယ် ဖြစ်သွားပြီ။ အများသူငါ စိုးရိမ်နေသလို ဝယ်လိုအားများလို့ ဈေးတွေခေါင်ခိုက်နေအောင်လည်း မတက်ရှာပါဘူး။ ခါတိုင်းဈေးပါပဲ။ ကလေးမှာ ဆန်တစ်အိပ် တစ်သိန်းဖြစ်တယ် ဘာတယ် ကြားမိပေမယ့် ရန်ကုန်မှာတော့ ငါးသောင်းဝန်းကျင်ပဲ ရှိပါတယ်။ အလှူ့ရှင်အဖွဲ့တိုင်းက အများအပြားလာဝယ်နေကြတာမို့ လိုသလောက် အလျင်မီအောင် မနည်းကြိုးစားနေရတယ်။ ဆန်ဆီဆေးဆား ပြီးရင် ငရုတ်၊ ကြက်သွန်၊ ငပိငခြောက်ကလေးတွေလည်း နည်းနည်းစီပါအောင် ထည့်ကြတယ်။ အဲ့ဒါပြီးရင် သောက်ရေသန့်။ ပစ္စည်းပြတ်ပြတ်သွားတာကတော့ ခေါက်ဆွဲခြောက်ဖာတွေပါပဲ။ ဆပ်ပြာခဲ ဆပ်ပြာမှုန့် ဖယောင်းတိုင်တွေလည်း ပါသဗျ။ ရေသန့်ဆေးပြား၊ ဓါတ်ဆားထုပ်၊ သွားတိုက်ဆေး၊ လိုအပ်မယ်ထင်တဲ့ ကောင်းနိုးရာရာကလေးတွေ စုံအောင်ထည့်ကြတာ ပဒေသာပင်သေးသေးလေးတွေ သီးတဲ့အတိုင်းပါပဲ။ အဝတ်အထည်၊ စောင် ခြင်ထောင်တွေကတော့ အိမ်မှာရှိတဲ့ အပိုတွေ ထည့်ပေးကြတာပေါ့။ ရည်စူးပြီး လှူတန်းတဲ့ ကောင်းမှုဆိုတော့ ဒါလေးတွေ သူတို့ဆီရောက်သွားရင် ခဏလေးဖြစ်ဖြစ် အဆင်ပြေသွားတန်ကောင်းပါရဲ့ ဆိုတဲ့ ပုပ္ဗစေတနာအဟုန်နဲ့ ပီတိတွေတောင် ပွားမိသေး။

          နောက်ဘဝကျရင် ယာဉ်ပျံရထားကြီးများနဲ့ ကောင်းစားမယ့် ကုသိုလ်ရှင်များကတော့ ကယ်ဆယ်ရေး ပစ္စည်းများကို ရေဘေးသင့်ပြည်သူတွေဆီအရောက် ဆောင်ကျဉ်းပို့ဆောင်ပေးမယ့် ကား၊ ရထား၊ လေယာဉ်၊ လှေ၊ ဖောင်၊ ကူးတို့ရှင်များပဲ ဖြစ်ပါတယ်။ သူတို့ဘက်မှာလည်း မနည်းလှဘူးဗျ။ မိုးထဲရေထဲ ပုခုံးနဲ့ထမ်း၊ ခေါင်းနဲ့ရွက်ပြီး ကယ်ဆယ်ပို့ဆောင်ပေးနေသူ လူငယ်လူရွယ်များလည်း အများအပြား ရှိပါသေးရဲ့လေ။ စစ်သားတွေလည်းပါပါတယ်။ ဒုက္ခသည်တွေ အသိဆုံး။ ကံအကြောင်းမလှလို့ ရေဘေးသင့်ပြီး ကူရာကယ်ရာမဲ့တဲ့ဘဝမှာ ကိုယ်တို့မြန်မာလူမျိုးတွေ အများကြီး ကုသိုလ်တွေရသွားတာ အရှုံးထဲက အမြတ်လို့ ပြောလို့ရမယ်နော်။ တူသောအကျိုးပေးမှာဆိုတော့ စိတ်ကောင်းစေတနာကောင်းပီပီ ကံကောင်း၊ ဇာတာကောင်း၊ စန်းကောင်း လဂ်ကောင်းစေမှာ အမှန်ပဲ။

           ဘယ်လောက်အထိ အကျိုးပေးသန်မလဲဆိုတာကတော့ အဲသည်ကိုယ်ပြုတဲ့ ကောင်းမှုကုသိုလ်ကံမှာ အသိဥာဏ်နဲ့ ယှဉ်သော ကုသိုလ်မျိုး ဖြစ်ခဲ့ရင် အင်မတန် အကျိုးပေးသန်သတဲ့။ “အလှူခံလာတယ်။ သမီးရေ။ ရော့အင့်။ ပိုက်ဆံသွားထည့်ချေ။” ဆိုလို့ ထည့်လိုက်ရတဲ့ ကုသိုလ်နဲ့ “ဒီအလှူဟာ ရေဘေးသင့်လို့ ဒုက္ခရောက်နေသူတွေအတွက် လိုအပ်တာလေးတွေ ပြည့်စုံစေမှာ” လို့ သိပြီး လှူတဲ့အလှူ ဘယ်တူမလဲ။ ရေဘေးအတွက်လှူတဲ့အလှူမှာမှ ကိုယ်လှူတန်းလိုက်သမျှဟာ တကယ့် ရေဘေးဒုက္ခသည်တွေကို ထိထိရောက်ရောက် အကျိုးရှိစေပြီး အဖိတ်အစင် အလေအလွင့်နည်းနည်းနဲ့ သူတို့ဆီရောက်တယ်ဆိုတာ သေချာရင် ကုသိုလ်ရတဲ့အခါမှာလည်း အဖိတ်အစင် အလေအလွင့်မရှိ၊ အတားအဆီး အပိတ်အပင်မရှိ အကျိုးပေးမှာပေါ့။ လှူတဲ့တန်းတဲ့အခါ အဲသည်ဘက်နားကလေးအထိ သတိကလေးနဲ့ အာရုံစိုက်လိုက်ရင် အကျိုးပေးတဲ့အခါ သူမတူအောင် အကျိုးပေးတာ အသာထား၊ ကိုယ်ဖြစ်စေချင်သလို ရေဘေးဒုက္ခသည်တွေအတွက် ထိထိရောက်ရောက် အကူအညီ အထောက်အပံ့ပေးရာ မရောက်ဘူးလား။

          တကယ့်တကယ်ကျတော့ လှူရတန်းရတာ လွယ်သလောက် အဲသည် လှူတန်းထားတဲ့ပစ္စည်းတွေကို ရေဘေးသင့်ပြည်သူတွေလက်ထဲ မျှမျှတတရောက်အောင် ဝေရခြမ်းရတာက အများကြီး ခက်ပါတယ်။ အဲသည်အလုပ်ကမှ ကုသိုလ်မရ ငရဲရတဲ့ အလုပ်ကြီးကိုး။ ကူးဆို့ဆိပ်မှာ မှို့အိပ်ဖွင့်တယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား။ လေတဟူးဟူးတိုက်နေတဲ့ မြစ်ဆိပ်ကမ်းပါးကနေ
လေနဲ့အတူပါပြီး ဟိုဝင်ကပ်သည်ဝင်ကပ် ကပ်ကုန်တဲ့ လဲမှို့အိပ်ကြီးကို သွန်ချကြည့်ပါလား။ အကုန်ပွစာကျဲပြီး ဘယ်လိုမှ လိုက်သိမ်းလို့ မဖြစ်နိုင်တော့ဘူး။ အခုအဲသည်ဝေခြမ်းရေး ကိစ္စတွေမှာလည်း စည်းကမ်းတကျမရှိရင် တောင်သာမှာ ဦးအောင်သောင်း ဒန်ပေါက်ဝေတာထက် ဆိုးသွားမှာပေါ့။ ဝင်ရထွက်ရလွယ်တဲ့ တံတားထိပ် ကားဆိပ်နားကနေ လာသမျှလူ ယူသွားပါဦး ထိုင်ပေးနေလို့ရှိရင်လည်း ဟိုးအနောက်ဘက် ချောင်ဂလောင်ထဲက သွားရေးလာရေးခက်တဲ့သူတွေခမျာ ဘာအကူအညီမှ သူတို့ဆီမရောက်လိုက်ပဲ လမ်းဝကလူတွေသာ ချမ်းသာသွားတာလို့ ပြောတဲ့သူတွေကလည်း ပြောကြတယ်။ ကိုယ်တောင် အရင်တခါ ရေးခဲ့ဖူးသေး။ Steal Syndrome ဆိုတာလေ။ အဆိုးဆုံးကတော့ ကိုယ်တွေက မခံစားနိုင်လို့ မစားရက်မသောက်ရက် ချွေးနည်းစာကလေးတွေ ဖဲ့ပြီး လှူတာကို သူတို့က လက်ကလေးတင် နံမယ်ယူပြီး “ဒါ ကြံဖွံ့က လှူတာလေ။ NLD က လှူတာလေ။ ယူပြီးရင်တော့ မဲထည့်ရမှာနော်။” လို့ လုပ်သွားရင် အသည်းခိုက်အောင် နာတာဗျ။ ရွှေစည်းခုံ မလှူရလည်း ရှိစေတော့။ ယာဂုအိုးကြီးပါ ရိုက်ခွဲပလိုက်တော့မယ်။ ကဲ တွေ့ပြီနော်။ အခုစာပိုဒ်ထဲမှာ ရေးထားသမျှတွေဟာ အထက်က ပြုလာတဲ့ ကောင်းမှုကုသိုလ်ဟူသမျှတို့ကို သဲထဲရေသွန် ဖြစ်သွားစေသော ဓမ္မန္တရာယ်တွေချည့်ပဲ။

          သည်အဖြစ်မျိုးတော့ မကြုံချင်ဘူးလေ။ အခြေအနေအရပ်ရပ်ကို ပြန်သုံးသပ်ကြည့်စို့လေ။ တကယ်လို့များ ကျုပ်တို့ဆီက လူကယ်ပြန်ကြီးသာ ယုံကြည်စိတ်ချ တိကျမှန်ကန် ဖြစ်နေလို့ သားတို့သမီးတို့ စုဆောင်းကောက်ခံထားတာ သည်မှာပါ မယ်မယ်ရယ်။ မယ်မယ်တို့ ဝန်ကြီးဌာနကပဲ ကြီးမှူးကွပ်ကဲ ဝေခြမ်းပေးပါတော့ လို့ အပ်လိုက်ရရင် ဘယ်လောက် ကောင်းမလဲ။ အမှန်က အဲသည်အတိုင်း ဖြစ်သင့်တာလေ။ သူများနိုင်ငံတွေမှာလည်း အဲ့လိုပဲ။ အလှူခံပုဂ္ဂိုလ်၏ဇာတ်လမ်းက အဲ့သမှာတင် အဆုံးသတ်တယ်။ အိမ်း ငါ့နှယ် ပေါင်မုန့်မရှိလည်း ကိတ်မုန့်စားပါလား။ ဆိုတဲ့ မေရီအန်တွားနက်ထက်တောင် ဆိုးနေပြီ။ သူ့သုံးစားမရလို့ ကိုယ်တိုင်ဝင်လုပ်နေရပါတယ်ဆိုမှ သူ့လက်ထဲသွားအပ်လို့ ဖြစ်မလား။ ကိုယ့်ကိုယ်ကိုယ် အရင် ရွာသာကြီး ပို့ချင်လာပြီ။ အဲ့ဘွားတော်ကြီး မပြောနဲ့။ ဘပြောင်ကိုယ်တိုင် ဦးစီးပြီး အရောက်ဝေပါ့မယ်ဆိုရင်တောင် ဘယ်သူမှ နှစ်ခါပြန်မစဉ်းစားဘူး။ နာဂစ်တုန်းက ဘာတွေ ဘယ်လိုလုပ်ခဲ့တယ် ကိုယ့်မျက်စိအောက်တင်။ ကိုယ်တွေလည်း မသေသေးဘူး။ သူလည်းအရှင်လတ်လတ်။ အကုန်မှတ်မိတယ်။ အဲ့သည်အခါမှာ Credibility ဘယ်လောက် စကားပြောတယ်ဆိုတာ နားလည်လာတယ်။ ကိုယ်တို့ဆီမှာ အဲသည်ကိစ္စနဲ့ ပတ်သက်ရင် စိတ်ချယုံကြည်စွာ အာဏာကုန်အပ်နှင်းလောက်သော အဖွဲ့အစည်း တစ်ခုမှ မရှိသေးဘူး။ ဘယ်လောက်များလဲဆို ဗုဒ္ဓဘာသာနိုင်ငံဖြစ်လျက် မဘသဆိုတာကြီးကိုတောင် မယုံတော့ဘူး။ ကမ်းကိုကုန်ရော။ (သူ့မှာလည်း သူ့သမိုင်းနဲ့သူမို့ ဘယ်သူမှ မယုံတာ။ မယုံတဲ့သူ အလွန်မဟုတ်။)

           စကတည်းက ကယ်ဆယ်ရေးလုပ်ငန်းကိုတောင် မင်းတိုင်းကျေလုပ်ထားလို့ ကိုယ်ထူကိုယ်ထ ထထားရတာကို ပြန်လည်ထူထောင်ရေးကျကာမှ အဘထူမှ ထမယ် တမနေနိုင်ဘူး။ ရှစ်နာရီသတင်း နဲ့ ကိုးနာရီသတင်း တစ်နာရီအတွင်းမှာ ပလောင်းပလဲ ပြောတဲ့စကားတွေကိုလည်း ယုံစားအားကိုးမနေတော့ဘူး။ သူတို့က ပါးစပ်နဲ့ပြောတာ။ ကိုယ်တွေက အသက်နဲ့ပုံ ယုံရမှာလေ။ စဉ်းစားကြည့်ပေါ့။ အဲ့ဒါကြောင့် ကိုယ်တိုင် တပင်တပန်း ကောက်ခံထားတဲ့ အများပြည်သူချွေးနည်းစာကလေးတွေကို ကိုယ်တိုင်ကိုယ်ကျပဲ ကိုယ်ထိလက်ရောက် လှူဒါန်းဖို့ အကုန်လုံး ရွှေညာဆီသွားမယ် လုပ်နေရတာ။ ဟိုမင်းသမီးကလေးတောင် FM ရေဒီယိုထဲမှာ အကျယ်ကြီးပြောသွားသေး။ ကိုယ်တိုင်သွားမလှူရင် ဒုက္ခသည်တွေဆီ မရောက်ပဲနေမှာစိုးလို့ နေမကောင်းတဲ့ကြားက ကိုယ်တိုင်ကို သွားလှူတာတဲ့။ မှတ်ကရော။ အဲသည်တော့ အပေါ်က ပြောထားတဲ့ စေတနာပျက်ကြောင်း မေတ္တာပျက်ကြောင်းတရားတွေ ဖြစ်မလာအောင် ဘယ်လိုလုပ်ကြမလဲ။ ဘယ်ရွာတွေကို ဘယ်သူတွေ ရောက်ပြီး ဘယ်နေရာတွေကိုတော့ ဘယ်သူမှ မရောက်ပဲ လက်လှမ်းမမီဖြစ်နေသလဲ။ ဘယ်နေရာမှာ ဘာတွေပိုလို့ ဘယ်အရပ်မှာ ဘာတွေလိုနေသလဲ။ ဟယ်လီကော်ပတာကြီးနဲ့ ဆန်အိပ်ကြီးသယ်လာတာ ဆင်းစရာ ကုန်းမြေမရှိလို့ “ပြန်သယ်သွားရင် ကျုပ်တို့ငတ်ပါပြီဗျိုး” ဆိုတဲ့လူတွေဆီ ပစ်ချပေးလိုက်တာ ကွဲထွက်ပြီး ရေထဲကယူကျုံးမရဖြစ်ရတာမျိုး မကြုံအောင် ဘာတွေလုပ်ကြမလဲ။ ဘယ်အချိန်ထိအောင် လုပ်ရမှာလဲ။ အရာအားလုံးရဲ့အဖြေဟာ Logistics တစ်ခုတည်း ရှိပါတယ်။ ကိုယ်တို့ဆီက ဌာနဆိုင်ရာတွေမှာ အဲသည်ပညာရှင်တွေ မရှိပါဘူး။ အဲသည်အတွက် စံနစ်တကျဖွဲ့စည်းထားပြီး အတွေ့အကြုံရှိတဲ့ ပြည်ပအကူအညီတွေ ယူသင့်ပြီ လို့ ထင်ပါတယ်။

            ဒါပေမယ့် ကိုယ်တို့အစိုးရကလည်း ဘူးဆို ဖယုံမသီးတဲ့ အကျင့်ရှိပါတယ်။ ၂၀၁၃ တုန်းက ပြဌာန်းထားတဲ့ ဥပဒေအရ အကူအညီတောင်းစရာ မလိုဘူးဆိုရင် ဘယ်သူက ဘာပြောပြော မလိုဘူးလို့သာ သတ်မှတ်ရမတဲ့။ ဒါဟာ ဥပဒေနဲ့အညီဆောင်ရွက်တာ ဖြစ်တဲ့အတွက် အထွန့်တက်ချင်သပဆို အဲသည်ဥပဒေကြီးကို ပြင်ဖို့ လွှတ်တော်ထဲကနေ အထွန့်တက်ကြပေါ့တဲ့။ အခုတော့ နောက်ကျသွားပါပြီ။ လွှတ်တော်ကြီးသုံးရပ်စလုံးကို ကိုယ်စားလှယ်တော်တွေ သွားရေးလာရေးခက်ခဲမှာစိုးလို့ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားသတဲ့။ ယပ်တောင်နဲ့ လေစိမ်းအတိုက်ခံလို့ လွင့်သွားတာ တစ်ယောက်တည်းရယ်။ အခုမိုးသက်လေနှင်လို့ ရေတွေကြီးတဲ့အခါကျမှ အစိုးရတစ်ဖွဲ့လုံး ရေစုန်မျောကုန်တော့မှာပဲ။ ဘာပြုလို့ဆိုတော့ သူတို့ကသာ စကားကို ကုန်အောင်ပြောသွားတာ။ မိုးကဖြင့် အကုန်ရွာရသေးတာ မဟုတ်ဘူး။ ဆက်ရွာနေဦးမှာ။ ရေတွေကလည်း ဆက်ကြီးနေဦးမှာ။ အိန္ဒိယ West Bengal က ရေကြီးတာ လူ ၁၈၀ သေပြီး လူနှစ်သန်း အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်ဆိုတာ မကြားဘူးလား။ သူတို့ပဲ ဝမ်းသာအားရ နိုင်ငံတကာသတင်းထဲ ထည့်တင်ထားပြီးတော့။ အခုရေဘေးမှာ ဒုက္ခသည်တွေကိုချည့် လိုက်ဆယ်နေတာ မထင်နဲ့။ ကုန်းကောက်စရာမရှိတော့တဲ့ ကိုယ့်သိက္ခာကိုယ်လည်း ရေကုန်ရေခန်း လိုက်ဆယ်နေရတာ။ မတော်လို့များ မိုးတွေက ဆက်ကာဆက်ကာရွာပြီး ရေတွေက တပ်ကာတပ်ကာကြီးလို့ ဆည်တွေက ထပ်ကာထပ်ကာ ရေတွေလွှဲထုတ်ရရင် တွေးတောင် မတွေးဝံ့ဘူး။ အခုတောင် ဖေ့စ်ဘုတ်ထဲ ပြောကုန်ကြပြီ။ ဘေးတကာ့ဘေး အကုန်ကင်းချင်ရင် အဲသည်မအေဘေးတွေကို အရင်ဖယ်ပစ်ပါတဲ့။

            တကယ်တော့ အဲသည်အစိုးရအဖွဲ့ကြီးကို ဘယ်လိုမှ ဖယ်ထုတ်လို့ မဖြစ်နိုင်တာကလည်း ရေဘေးသင့်ပြည်သူများအတွက်
ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာပါ။ ရေတွေကျသွားရင် လမ်းတံတားတွေ အရင်အတိုင်း ပြန်ဖြစ်လာဖို့၊ ဆေးရုံ၊ ကျောင်း၊ ဘူတာ၊ လေဆိပ်တို့လို အခြေခံအဆောက်အဦတွေ ပြန်လည်ပြုပြင်ဖို့၊ ရေတွင်းရေကန်တွေ ပြန်လည်သန့်စင်ဖို့၊ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ကောက်ပဲသီးနှံတွေ ပြန်လည်စိုက်ပျိုးနိုင်ဖို့။ အဲသည်အရာတွေအားလုံး အစိုးရအကူအညီမပါပဲ ကိုယ်ထူကိုယ်ထသက်သက်နဲ့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာ အကူအညီတွေ ပြန်သွားတဲ့အခါ ပရဟိတမောင်မယ်တွေ ခြေကုန်လက်ပန်းကျသွားတဲ့အခါ
ရေရှည်ကုစားရမယ့် တာဝန်က အစိုးရမှာပဲ ရှိပါတယ်။ မကောင်းပေမယ့်လည်း ကင်းလို့မရတဲ့အတူတူတော့ တည့်အောင်ပဲ ပေါင်းရတော့မှာပေါ့လေ။ ငေါ့တဲ့အခါလည်း ငေါ့ ချော့တဲ့အခါလည်း ချော့ရတာပ။

           သူများပြုပြင်လို့မရပဲ ကိုယ့်ဘာသာ ပြုပြင်ရမယ့်ကိစ္စတစ်ခု ရှိပါသေးတယ်။ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်ရေးအလုပ်တွေလေ။ သဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့ရလို့ ဗျဿနတရား ငါးပါးနဲ့ ရင်ဆိုင်လာရတဲ့အခါ ဘယ်သူမဆို စိတ်ဓါတ်အင်အား ပျက်ပြားသွားရတာပါပဲ။ စိတ်ဒဏ်ရာ နာကျင်မှုတွေကို ဖေးမကြင်နာမှုနဲ့ ကုစားလို့ရနိုင်ပေမယ့် ဓိတ်ဓါတ်ယိမ်းယိုင်ပျက်ပြားတာကိုတော့ အသိအလိမ်မာ ဥာဏ်ပညာနဲ့သာ ပြန်လည်တည့်မတ်ထိန်းကျောင်းလို့ ရနိုင်ပါမယ်။ ကိုယ်တို့ရွာကလူတွေဟာ အင်မတန် အရှက်အကြောက်ကြီးကြပါတယ်။ ရိုးလည်းရိုး အလည်းအကြလေရဲ့။ လူ့ရှေ့သူ့ရှေ့ သူတပါးဆီ လက်ဖြန့်တောင်းရတဲ့အလုပ်မျိုး မျက်နှာမထားတတ်အောင် ရှက်လေ့ရှိပါတယ်။ ဟိုတုန်းက အဲ့သည်ဘက်မှာ အသယ်တော်တွေဆိုတာ ရှိတယ်လေ။ ကယ်ပါ လို့လည်း ခေါ်တယ်။ သူတို့ကသာ မျိုးရိုးလိုက်လို့ ဘယ်လောက်ချမ်းသာချမ်းသာ အလှူရှိတိုင်း ရိုးရာမပျက် ထွက်တောင်းရတာ။ ကျန်တဲ့သူကတော့ ထီးတင်ပွဲ ပိုက်ဆံကြဲရင်တောင် ရှက်လို့ မကောက်ဝံ့ဘူး။ ကိုယ်တို့ရွာကိုရောက်တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေအားလုံးဟာ ရုပ်ပျက်ဆင်းပျက် အလုအယက် အငမ်းမရတွေနဲ့ တွေ့ခဲ့မှာ မဟုတ်ဘူးဆိုတာ အသွေးထဲအသားထဲကကို ယုံပါတယ်။ ငတ်မရှက်ဆိုတာ ရွာမှာ မမှန်ပါဘူး။ အဲ့ဒီအရှက်တရားကလေး ရေတိုက်စားလို့ ပါးလျားသွားမှာလည်း အင်မတန်စိုးရိမ်မိပါရဲ့။

            ကိုယ်တို့ဆေးရုံကြီး ဓါတ်ရောင်ခြည်ဌာနကိုသွားတဲ့ လူသွားစင်္ကြန်အကွေ့မှာ မနက်မနက်ဆို ဦးဇင်းလေး သုံးပါးတွေ့ရလေ့ရှိတယ်။ ဟိုအဆောင်သွားချင်လို့ သည်အဆောင်သွားချင်လို့ လမ်းမေးရင်း ဆေးဖိုးကလေး ဒါနပြုသွားဖို့ အလှူခံနေတာ နှစ်ပေါက်နေခဲ့ပါပြီ။ ဘယ်အဆောင်က ရောဂါသည် လူနာစောင့်မှ မဟုတ်တာသေချာပါတယ်။ ကိုယ်ရန်ကုန်မပြောင်းခင်ကတည်းက သည်ဆေးရုံကဆရာဝန်တွေ သူတို့ကို သိကြပါတယ်။ တိုင်လိုက်ရင် ခဏရှောင်သွားပြီးနောက် ပြန်ရောက်ရောက်လာတာပဲ။ သန်သန်မာမာ၊ လူက လူရည်သန့်။ အသက်ကလေးတွေမှ နှစ်ဆယ်ကျော်ကျော်လောက်ပဲ ရှိဦးမှာပါ။ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှားပါးတဲ့ ရန်ကုန်မှာ သူတို့လို မရှက်မကြောက် အသက်မွေးဝမ်းကျောင်းတဲ့ လူငယ်လူရွယ်တွေ မရှိစေချင်ပါဘူး။ ကိုယ့်ရပ်ကိုယ့်ရွာက ကလေးလေးတွေ ကျောင်းမတက်ပဲ ကားလမ်းမနံဘေးမှာ လက်ကလေးတွေပြပြီး “ရေသန့်ဗူးကလေးတွေ ချခဲ့ပါ။ မုန့်ဖိုးပေးပါ။ တာ့တာ တာ့တာ။” လုပ်နေကြမှာကို မမြင်ရက်ပါဘူး။ သည်ကလေးတွေ အရွယ်ရောက်လာတဲ့အခါ စွမ်းအားရှင်တွေလိုချင်ရင် အဲသည်နယ်ဘက်တွေကို သွားခေါ်လို့ရတယ်ဆိုတာမျိုးလည်း ဘယ်အစိုးရနဲ့မှ အပြောမခံနိုင်ပါဘူး။ အဲဒီအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်ရေးတွေကို မမေ့မလျော့ အာရုံစိုက်ဖို့ လိုဦးမယ် ထင်ပါရဲ့လေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...