Monday, August 3, 2015

ကျနော် နှစ်သက်မိတဲ့ ဆရာဗန်းမော်တင်အောင်


၁၉၅၈ ခုနှစ်လယ်လောက်က ဤတိုင်းပြည်၌ ကြီးမားပြင်းထန်သော နိုင်ငံရေးပေါက် ကွဲမှုကြီးတခု ဖြစ်ပွားခဲ့လေသည်။ ထို နိုင်ငံရေး အဖြစ်အပျက်ကြီးကို လူတိုင်းလိုလို သိရှိကြပြီးဖြစ်၍ အထူးရေးသား ဖော်ပြရန် လိုအပ်တော့မည် မထင်ပေ။ ဤ နိုင်ငံရေး ပေါက်ကွဲမှုကြီးသည် ဤတိုင်းပြည်၏ နိုင်ငံရေးဘဝနှင့် အခြေအနေတို့ကို အဘယ်မျှပြောင်းလွဲ ဖန်တီးခဲ့သည်ဆိုသော အချက်အလက်များကိုလည်း အကျယ်တဝင့် ရေးသားဖော်ပြရန် လိုအပ်တော့မည်မထင်ပေ။
အဘယ့်ကြောင့်ဆို သော် နိုင်ငံရေးအဖြစ်အပျက်ကြီး၏ ဒဏ်ရာ ဒဏ်ချက်ကို တတိုင်းပြည်လုံး ကုန်းခံခဲ့ကြရသောကြောင့်ဖြစ်သည်။ ခံနေဆဲလည်း ဖြစ်သောကြောင့် ဖြစ်သည်။


နိုင်ငံရေး တန်ခိုးအာဏာ သိမ်းပိုက်ထားသော နိုင်ငံရေး ပါတီကြီးတခု၏ ပေါက်ကွဲမှု ဖြစ်ခြင်းကြောင့် ထိုပါတီကြီး၏ နိုင်ငံရေး ဦးဆောင်မှုကို ခံယူလျက် ရှိကြသော လူထုလူတန်းစား အဖွဲ့အစည်းအမျိုးမျိုးနှင့် ပြည်နယ်လူမျိုးစု အဖွဲ့အစည်းများ အတွင်း၌လည်း ကြီးမားသော ဂယက်ရိုက်ခတ်မှုနှင့် လှုပ်ရှားမှုများ တနွယ်ငင်၊ တစင်ပါ ဖြစ်ပွားလာခဲ့သည်။ အရေးအကြောင်း ရှိလာလျှင် ထဘီနှင့် အင်္ကျီဆင်တူ ဝတ်၍တသံတည်း အာတတ်သော အမျိုးသမီးများ ကွဲပြားသွားခဲ့ရသည့် နည်းတူ ကျောင်းသားလူငယ်၊ ကုန်သည်ပွဲစား၊ အမှုထမ်းအရာထမ်းနှင့် အလုပ်သမားစသော လူတန်းစား အဖွဲ့အစည်းများသည် လည်း ကွဲပြားခဲ့ကြသည်။ ပြည်နယ်မှ လူမျိုးစုများသည်လည်း သူ့လူ ငါ့လူဟူ၍ ဖြစ်သွားခဲ့ရသည်။ အလွန်တရာ ကြေကွဲဖွယ်ရာကောင်းသော နိုင်ငံရေး အဖြစ်အပျက်ကြီး တခုအနေနှင့် မှတ်တမ်းတင်ထားရလိမ့်မည်ဟု မြင်မိပေသည်။ ဤ နိုင်ငံရေးပေါက်ကွဲမှုကြီးနှင့် ဆက်စပ်ဖြစ်ပွားခဲ့သော တပြည်ထောင်လုံး၏ ကွဲပြားမှုများကြောင့်လည်းကောင်း၊ ထိုသို့ ကွဲပြားခဲ့ကြပြီးနောက် ထပ်မံပေါ်ပေါက်လာခဲ့သော ပဋိပက္ခများကြောင့်လည်းကောင်း၊ ဤ တိုင်းပြည်သည် အဘယ်မျှဆုံးရှုံး နစ်နာခြင်း ဖြစ်ခဲ့ရသည်ဆိုသော အချက်အလက်များနှင့် နည်းလမ်းများကိုကား နောင်သောအခါကာလ၌ မြန်မာနိုင်ငံ တော်၏ နိုင်ငံရေး၊ ရာဇဝင်ရေးအား ပြုစုရန်ကြိုးပမ်းအားထုတ်ကြမည့် သုတေသီများ ရှာဖွေစူးစမ်းရန် ချန်လှပ်ထားခဲ့လို သည်။ သို့ရာတွင် ဤ နိုင်ငံရေး ပေါက်ကွဲမှုကြီး၏ ဒဏ်ရာဒဏ်ချက်သည်ကား ကြီးမား ပြင်းထန်လှသည်ဆိုသော ယေဘုယျ အချက်တချက်ကိုကား လူတိုင်းလူတိုင်း တစိတ်တဝမ်းတည်းသာရှိကြလိမ့်မည်ထင်သည်။


ဤ နိုင်ငံရေးပေါက်ကွဲမှုကြီးနှင့် ပဋိပက္ခများကြောင့် လူထုလူတန်းစားနှင့် ပြည်နယ် လူမျိုးစုများ အသီးသီးတို့အတွင်း၌ အလွန်ကြေကွဲဖွယ်ရာ၊ ရင်နာဖွယ်ရာ အဖြစ်အပျက်များ ဖြစ်ပွားခဲ့ရပေရာ ပြည်ထောင်စုသားတဦး တယောက်အနေနှင့် ရင်နာခဲ့ရသော မိမိအတွေ့အကြုံနှင့် ခံစားရချက်တခုကို ကျွန်တော်သည် ရေးသားဖော်ပြခြင်း ပြုလိုသည်။ ကျွန်တော် ရေးသား ဖော်ပြလိုသော အဖြစ်အပျက်မှာ အခြားအကြောင်းအရာတော့မဟုတ်။ ကျွန်တော်နှင့် နီးစပ်ရင်းနှီးသော အလုပ်သမား လူတန်းစားလောကအတွင်း၌ ယုံကြည်စရာ မရှိနိုင်လောက်အောင် ဖြစ်ပွားခဲ့သော အမှုအခင်း တရပ်မျှသာလျှင် ဖြစ်သည်။


မိမိတို့ပါတီ၏ တန်ခိုးအာဏာတည်မြဲရေးနှင့် အကျိုးအမြတ်ရရှိရေးအတွက် မြန်မာနိုင်ငံ တော်အလုပ်သမားလှုပ်ရှားမှု အရေးတော်ပုံသမိုင်း၌ အလုပ်သမား လူတန်းစားလောကတွင် ဘဝတူအလုပ်သမားများ အချင်းချင်း အိုးမဲသုတ်၍ သတ်ဖြတ်ခိုင်းလေ့ရှိသော အလုပ်သမား အဓိကရုဏ်းများရှိခ့ဖဲူးသည်။ အထူးသဖြင့် ဗြိတိသျှကိုလိုနီသမားများ မြန်မာပြည်အား အုပ်ချုပ်ခြဲ့ကသော ကိုလိုနီ အုပ်ချုပ်ရေး သမိုင်းတလျှောက်၌ တရုတ်မြန်မာနှင့် အိန္ဒိယမြန်မာအလုပ်သမား အဓိကရုဏ်းများကို တမင်တကာ ဖန်တီးခဲ့ဖူးသော မှတ်တမ်းများ ရှိသည်။ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော ဆိုသောအနေနှင့် ဗြိတိသျှ ကိုလိုနီသမားများသည် ဘဝတူ အလုပ်သမားများ အချင်းချင်းကို အိုးမဲသုတ်ပေးပြီးနောက် အချင်းချင်း သတ်ဖြတ် စေခဲ့ကြသည်။ ထိုအလုပ်သမား အဓိကရုဏ်း၌ အလုပ်သမားအများအပြား သေကြေသူက သေ၊ ကြေ၍ ဒဏ်ရာရ သူများက ဒဏ်ရာရရှိခဲ့ကြသည်။ သို့ရာတွင် အလုပ်သမားများအတွက် မည်သည့်အကျိုးခံစားမှုမျှ တိုးတက် ရရှိခဲ့သည်ကား မဟုတ်ပေ။ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေးသာလျှင် သက်ဆိုးရှည်ခဲ့သည်။


သို့ရာတွင် အထက်၌ ဖော်ပြခဲ့သော နိုင်ငံရေး ပေါက်ကွဲမှုကြီးကြောင့် တန်ခိုးအာဏာရှိသော နိုင်ငံရေး ပါတီကြီးတခုအတွင်း၌ ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲပြားသွားခဲ့ကြပြီးနောက်၊ ရန်ကုန်မြို့တော်ကြီးနှင့်တကွ ပြည်ထောင်စု နိုင်ငံတော် တဝှမ်းလုံး၌ စိတ်နှလုံးမချမ်းမြေ›ဖွယ်ရာ၊နောက်ကျိဖွယ်ရာ ပေါ်ပေါက်လာခဲ့ရသော အလုပ်သမားအချင်းချင်း တဦးကိုတဦး ရန်သူကြီးများသဖွယ် သဲသဲ မဲမဲ တိုက်ခိုက် သတ်ဖြတ်ကြသော အလုပ်သမား အဓိကရုဏ်းများအနက်၊ ရန်ကုန်မြို့တော် ပင်လယ်ဆိပ်ကမ်း ကုန်တင်ကုန်ချအလုပ်သမား၏ အဓိကရုဏ်းကြီးကိုကား မိမိတွေ့မြင်ခဲ့ရသလောက် ကျွန်တော်သည် မှတ်တမ်းတင်သည့် အနေဖြင့် ရေးသားဖော်ပြခြင်း ပြုလိုသည်။ရန်ကုန်ဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်သမားလောက၌ ကြောက်မက်ဖွယ်ရာ ဖြစ်ပွားခဲ့ရသော အလုပ်သမား ဘဝတူအချင်းချင်း အုပ်သင်းဖွဲ့၍ ၊ တအုပ်နှင့်တအုပ်၊ တသင်းနှင့် တသင်း၊ ရရာလက်နက်တို့ကို ဆွဲကိုင်၍ ရိုက်နှက်သတ် ဖြတ်ခြင်းပြုကြသော အဓိကရုဏ်းများကို ထိုအချိန်က နေ့စဉ်သတင်းစာကြီးများက အထိုက်အလျှောက် ရေးသား ဖော်ပြခြဲ့ကသည်ကား မှန်သည်။ သို့ရာတွင် သတင်းစာဆိုသည်မှာ အခြားအရေးကြီးသော သတင်းများကိုလည်း ထည့်သွင်းဖော်ပြရန် တာဝန်ရှိကြသေးသောကြောင့် ထိုအလုပ်သမား အဓိကရုဏ်း သတင်းများကို ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြခြင်းပြုရန် မိမိတို့၏ သတင်းစာ ကော်လံများကို နေရာမပေးနိုင်ခဲ့ကြပေ။ ၎င်းအပြင်မြို့တော်၏ လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေး ရှုထောင့်တခု တည်းလောက်ကသာ ကြည့်ရှုရေးသား ဖော်ပြရခြင်းဖြစ်၍လည်း ပြည့်စုံခြင်းမရှိနိုင်ပေ။ ထိုသို့ ဆိုလိုက်သည့်အတွက် ဤတိုင်းပြည်၏ အသိဉာဏ်မျက်လုံးကို နေ့စဉ်မှန်မှန် ဖွင့်ပေးလျက် ရှိကြကုန်သော ကျေးဇူးရှင်နေ့စဉ်သတင်းစာကြီးများကို ကျွန်တော်သည် အပြစ်တင် စောနေခြင်းကား မဟုတ်ပေ။ သတင်းစာဆရာများသည် မိမိတို့၏ သတင်းစာကော်လံနှင့် အချိန်ကိုကြည့်၍ လုပ်ကိုင်နေကြသူများ ဖြစ်သည့်အပြင်၊ ၎င်းတို့အား ဟန့်တားချုပ်ချယ်ထားသော ပုံနှိပ်တိုက် ဥပဒေများ ကို ကြည့်ရှုရပေသေးသည်။


စက်တင်ဘာ ပထမအပတ် အတွင်းလောက်က ရပ်ဆိုင်းထားခဲ့ရသော လင်းယုန် ဂျာနယ်ကို ပြန်လည်ထုတ်ဝေနိုင်ရန် မြို့ထဲ၌ ဆောင်ရွက်ဖွယ်ရာကိစ္စများကို ဆောင်ရွက် ပြီးစီး၍ ညနေ (၆) နာရီလောက်မှ စမ်းချောင်းနေအိမ်သို့ ပြန်ရောက်သည်။ နေအိမ်သို့ ပြန်ရောက်လျှင်ရောက်ချင်း ကျွန်တော်၏ မိခင်က ဖိတ်စာနှစ်စောင် ဆီး၍ပေးသည်။ ဖိတ်စာ နှစ်စောင်လုံးမှာ အသုဘရှုရန် ဖိတ်ကြားစာများ ဖြစ်သည်။ တနေကုန် ပင်ပင်ပန်းပန်း သွားလာ လုပ်ကိုင်ခဲ့ရ ပြီးနောက် အိမ်သို့ ပြန်အရောက်တွင် အသုဘ ဖိတ်စာနှစ်ခုကို ရင်ဆိုင်ရသောကိစ္စမှာ စိတ်ချမ်းမြေ့သက်သာစရာ အလုပ်တော့ကား မဟုတ်ပေ။ ဖိတ်စာဟု ဆိုလိုက် သည့်အတွက် ပုံနှိပ်စာလုံးများဖြင့် ရိုက်နှိပ်ထားသော ဖိတ်ကြားစာမျိုးတော့ကားမဟုတ်။ စာရေးစက္ကူပေါ်တွင် မင်ဖြင့် ရေးသား၍ ကတိုက်ကရိုက် အကြောင်းကြားခြင်းပြုရဟန်ရှိသောသာမန်ဖိတ်ကြားစာဖြစ်သည်။


အသုဘဖိတ်စာများကို အထူးဂရုစိုက်ရမည်ဖြစ်သည့် အားလျော်စွာ ကျွန်တော့်အား ရေမိုးချိုး၍ ထမင်းစားသောက်ရန် လာရောက် တိုက်တွန်းပြောဆိုနေသော 10pt;">ဇနီးလုပ်သူအား ခေတ္တခဏမျှလောက် ဆိုင်းငင့်ရန် အကျိုးအကြောင်း ပြောဆိုလွှတ်လိုက်ရပြီးနောက် ဖိတ်စာများကို ဖတ်ကြည့်ရသည်။ ဖိတ်စာနှစ် စောင်လုံး၌ "ရဲဘော်လင်းယုန်" ဟု ခေါင်းတပ် ဖိတ်ကြား ခြင်းပြုလိုက်သည်ကို တွေ့လိုက်ရကတည်းက ထိုအသုဘနှစ်ခုစလုံး အလုပ်သမား အသုဘများ ဖြစ်ကြောင်း တခါတည်းသိရှိလိုက်သည်။ မြန်မာနိုင်ငံ၌ မည်ကဲ့သို့ပင် အလုပ်သမား အစည်းအရုံးများနှင့် သမဂ္ဂများ ကွဲပြားခြားနားနေကြစေကာမူ၊ အလုပ်သမားအရေး အလုပ်သမားအကျိုးနှင့် ပတ်သက်လာလျှင် ရှေ့ဆောင်ရှေ့ရွက်ပြု၍ ရေးသားတိုက်ခိုက် လာခဲ့သော လင်းယုန်သတင်းစာနှင့် ဂျာနယ်များကို အကြောင်းပြု၍ ကျွန်တော့်အားစာရေးဆရာ ဗန်းမော်တင်အောင် အနေထက် 'လင်းယုန်' ဆိုသော အနေအထားကို အလုပ်သမား အဖွဲ့အစည်းများနှင့် အလုပ်သမား ရဲဘော်များက ပိုမိုသိရှိကြသည်။ လင်းယုန် အနေနှင့်သာ ဆက်ဆံတတ်ကြသည်။


အထက်ပါ အသုဘဖိတ်ကြားစာနှစ်စောင်လုံးကို အကြမ်းဖျင်းဖတ်ရှု ပြီးစီး သွားသော အခါ၊ မနက်ဖြန် နာရီပြန်တချက်တီး အချိန်တွင်ကြံတောသုဿန်၌ တနေ့တည်း၊ တရက် တည်းနှင့် တချိန်တည်းတွင် သင်္ဂြိုဟ်ခြင်းပြုမည်ဖြစ်သော အသုဘများဖြစ်ကြောင်း ရုတ်တရက်သိရှိလိုက်ရသည်။ တခုသော အသုဘမှာ ၎င်းတို့ အလုပ်သမားများ အစည်းအရုံး တည်ရှိရာ ထီးတန်းဘက်မှ ပို့ဆောင်ရမည်ဖြစ်၍၊ ကျန်အသုဘတခုမှာ ၎င်းတို့ အစည်းအရုံးရှိရာ ကြည့်မြင်တိုင်ကမ်းနားလမ်းဘက်မှ ပို့ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည်ထိုအသုဘများကို ပိုမိုစိတ်ဝင်စားလာမိပြီးလျှင် ဖိတ်စာနှစ်စောင်စလုံးကို နောက်ထပ်တကြိမ် ပြန်၍ စေ့စေ့စပ်စပ် ဖတ်ရှုကြည့်မိပြန်သည်။ဤသို့ ဒုတိယအကြိမ် ပြန်လည်ဖတ်ရှု ကြည့်လိုက် သောအခါမှပင် ထိုအလုပ်သမား အသုဘနှစ်ခု၏ လေးနက်မှုကို တဖြည်းဖြည်း စဉ်းစားမိရင်း သဘောပေါက်လာသည်။


ထိုအလုပ်သမား အသုဘနှစ်ခုအနက် တခုသောအသုဘသည် နိုင်ငံရေးတန်ခိုး အာဏာရှိသော အလုပ်သမားအဖ့ချွဲုပ်နှင့် ဆက်သွယ်ထားသော အသုဘဖြစ်လျက်၊ ကျန်တခုသော အသုဘမှာ နိုင်ငံရေး တန်ခိုးအာဏာသာလျှင် မရှိသော်လည်း ငွေကြေး တောင့်တင်းသော အလုပ်သမားအဖွဲ့ချုပ်၏ အသုဘဖြစ်ကြောင်း သိရှိလာရသည်။ အလုပ်သမား အသုဘများကို ယခုကဲ့သို့ တဖွဲ့နှင့်တဖွဲ့ ယှဉ်ပြိုင်၍ သုဿန်သို့ ပို့ဆောင် ကြမည့်အစား အလုပ်သမားများ၏ ဘဝသက်သာချောင်ချိမှုတို့ကို အဖွဲ့ချုပ်နှစ်ခုသည် ဤကဲ့သို့ ယှဉ်ပြိုင်ဆောင်ရွက်ပေးကြလျှင် အဘယ်မျှကောင်းလေမည်နည်း။


ရေမိုးချိုးပြီး၍ ညစာစားသောက်လျက်ရှိစဉ် အထက်တွင် ဖော်ပြခ့ေဲ သာ နိုင်ငံရေး ပေါက်ကမွှဲုကြီး၏ လှိုင်းတံပိုးသည် အပြစ် အနာအဆာကင်းမဲ့လျက် မိမိတို့၏ လုပ်အား စွမ်းပကားဖြင့် အေးချမ်းစွာ လုပ်ကိုင်စားသောက်နေကြသော အလုပ်သမားလောက အတွင်းသို့ ဝင်ရောက် ရိုက်ခတ်လျက်၊ အလုပ်သမားများကို သူ့ထက်ငါ ယှဉ်ပြိုင်၍ သင်္ချိုင်းကုန်းသို့ ပို့နေကြပါပကော ဆိုသောအဖြစ်ကို ကျွန်တော်သည် လေးလေးနက်နက် စဉ်းစားလာမိသည်။ ထိုသို့ အလုပ်သမား အလောင်းနှစ်လောင်းကို သုဿန်သို့ ယှဉ်ပြိုင်ပို့ဆောင်ကြသောကိစ္စကို မနက်ဖြန်တွင် လိုက်ပါကြည့်ရှုရန် ဆန္ဒမရှိသဖြင့် နောက်ဆုံး ဂါရဝပြုသည့် အနေနှင့် သုဿန်သို့ မပို့ဆောင်မီ အနည်းဆုံး သွားရောက်၍ မျက်နှာပြကာ မေးမြန်းသင့်သည်ဟု အောက်မေ့ကာ၊ ထမင်းစားပြီးနောက် နေအိမ်မှ ထွက်လာခဲ့ရပြန်သည်။


ကြည့်မြင်တိုင် ကမ်းနားလမ်းဘက်ရှိ အလုပ်သမားအစည်းရုံး အသုဘသို့ ရောက်သောအခါ လူကုံထံတဦး၏ အသုဘနှင့်မခြား တခမ်းတနားပြင် ဆင်မွမ်းမံလျက် လာရောက် မေးမြန်းကြသော ဧည့်ပရိသတ်အားလည်း ဖွယ်ဖွယ်ရာရာ ဧည့်ခံကျွေးမွေးလျက်ရှိသော အသုဘ၏ အခမ်းအနားနှင့် အဆင်အပြင်ကို ကြည့်ရှုအကဲခတ်ရင်း လွန်ခဲ့သည့် သုံးလလောက်က ဖျာလိပ်ပတ်၍ ဝါးလုံးလျှိုကာ ချခဲ့ရသောအလုပ်သမားအသုဘတခုကို ပြေး၍ သတိရမိသည်။"တို့ အလုပ်သမားကို မထိနဲ့ မီးပွင့်သွားမယ်" ဟူသော ကြွေးကြော်သံ စာတမ်းကို အသုဘ၏ နဖူးစည်းအဖြစ်ဖြင့် ချိတ်ဆွဲထားသည်။ ထိုအသုဘ၏ နဖူးစည်းစာတန်းကို ကျွန်တော်သည် အခြားဘာမျှ ကန့်ကွက်ပြောဆိုရန် မရှိသော်လည်း "တို့" ဆိုသော ကျဉ်းမြောင်းလှသည့် စာလုံးတလုံးကိုကား ပြင်းပြင်း ထန်ထန် ရှုတ်ချခြင်းပြုလိုသည်။ အလုပ်သမား အသုဘအတော်များများကို ကျွန်တော်သည် လိုက်လံပို့ ဆောင်ခဲ့ရဖူးလည်း များလှပေပြီ။ ထိုအသုဘများကို ပို့ဆောင်ရတိုင်း ကိုယ့်ဆေးလိပ် ကိုယ် ဝယ်သောက်ခဲ့ရသည်သာများသည်။ သို့ရာတွင် ထိုအသုဘ၌ ကျွန်တော်တခါမျှ မကြုံကြိုက်ခဲ့ ဖူးသော ကော်ဖီနှင့် ကိတ်မုန့်တချပ်ကို စားသောက်လျက်ရှိစဉ် ထိုအစည်းအရုံးမှ ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင်သော ခေါင်းဆောင် သုံးလေး ယောက်တို့သည် ကျွန်တော် တယောက်တည်း ငုတ်တုတ်ထိုင်နေရသော စားပွဲဆီသို့ ထလာကြသည်။ ၎င်းတို့အနက် အမည်မဖော်ပြလိုသော ခေါင်းဆောင်တဦးက "တိုင်းပြည်ကြီး ဒီအတိုင်းသာ သွားနေရင်တော့ ကျူပ်တို့ အလုပ်သမားတွေ မျိုးပြုတ်ကုန်လိမ့်မယ် ထင်တယ်ဗျာ......" ဟု ခပ်လှမ်းလှမ်းမှ လူများ ကြားမသွားနိုင်အောင် ခပ်တိုးတိုး ခပ်အုပ်အုပ်ကလေး ညည်းတွား ပြောဆိုလာသည်။


ထိုစကားကို ရင်နာနာနှင့် နားထောင်ရင်း ကျွန်တော်သည် ဦးခေါင်းကို ညိတ်ရုံသာ ညိတ်ပြလိုက်သည်။ ထိုအလုပ်သမား ခေါင်းဆောင်သည် မျက်မှောက်ကာလ၌ ခါးခါး သည်းသည်းနှင့် နာနာကြည်းကြည်း တွေ့ကြုံခံစားနေရသော ၎င်း၏ ဘဝအတွေ့အကြုံများမှ သူ၏ကောက်ချက်ကို ဆွဲထုတ်၍ ကျွန်တော့်အား တင်ပြလိုက်ဟန်ရှိသည်။


"ကျူပ်တို့ ဘဝတူချင်း ခုလို ရက်ရက်စက်စက် သတ်ဖြတ်ခိုင်းနေတာလောက် ဆိုးဝါးတာတော့ ဒီတသက် မတွေ့ခဲ့ဖူးပါဘူးဗျာ" ဟု တယောက်သော ခေါင်းဆောင်က မြည်လာပြန်သည်။ "ဒီကိစ္စကတော့ ခင်ဗျားတို့အပေါ်မှာ အဓိကတည်နေတာပေါ့ဗျာ......"ဟု ကျွန်တော်က သတိပေးသည့်အနေနှင့် ပြန်ပြောလိုက်သည်။ "မနက်ဖက်ကလဲ ဗိုလ်တထောင်ဘက်မှာ တဘက်နဲ့တဘက် ချိန်းပြီးရိုက်ကြသေး သတဲ့ဗျာ.....။ နှစ်ဘက်စလုံး တော်တော်ကလေးနာကြသတဲ့" ဟု တယောက်က ညည်းတွားပြောဆိုလိုက်ပြန်သည်။

"ခင်ဗျားတို့တတွေက ဒီလိုသဘောပေါက်နားလည်ထားကြရင်လဲ အောက်ခြေက အလုပ်သမားတွေကို နားလည်လာအောင် တိုးတိုးတိတ်တိတ်ဖြစ်ဖြစ် ရှင်းပြဖို့ကောင်းတယ်" ဟု ကျနော်က သတိပေးပြောဆိုလိုက်မိသည်။


"ခက်တာပါပဲဗျာ၊ အထက်က ခေါင်းဆောင်ကြီးတွေက သွေးခွဲပြီး မြှောက်ပင့် လှုံ့ဆော် ပေးထားတော့ နားသွင်းရတာ မလွယ်ဘူးခင်ဗျ" ဟု တယောက်က ပြော၍မဆုံးသေးမီ "ကျနော်တို့အလုပ်သမားတွေကလဲ ခေါင်းဆောင်တွေကသာ ခြေထိုးပြီးမြှောက်ပေးလိုက်ရင် နားယောင်ကုန်ကြတာပဲဗျ" ဟု တခြား တယောက်က ဝင်ရောက်၍ ပြောဆိုသည်။ "ဘယ်သူက သွေးထိုးပေးပေးပေါ့ဗျာ၊ ခင်ဗျားတို့ ခေါင်းဆောင်နေကြတဲ့ အောက်ခြေ အလုပ်သမားတွေကို တတ်နိုင်သမျှ ထိန်းသိမ်းပေးဖို့နဲ့ အသိပေးဖို့တော့ လိုလိမ့်မယ်ထင် တာပဲလေ" ဟု ပြောဆိုကာ ကျွန်တော်သည် ဆက်ရန်ရှိသေးသော အသုဘတခုအတွက် နာရီကိုလှမ်းကြည့်ရင်း ထိုင်ရာမှ ထလိုက်သည်။ "အလုပ်သမားတွေက ကိုယ့်ဘဝတူ အချင်းချင်း ရိုက်ဖို့နှက်ဖို့ အုပ်ဆိုင်း အုပ်ဆိုင်း လုပ်နေကြတဲ့အခါ အပြင်က လူမိုက်တွေကို ငှားပြီး စအရိုက်ခိုင်း သေးတယ်ဗျာ" ဟု စကား တခွန်းမှ မပြောသေးသော အလုပ်သမားခေါင်းဆောင်တဦးက အန်ထုတ်ပြောဆိုခြင်း ပြုလိုက်ပြန်သည်။


ကြည့်မြင်တိုင်ကမ်းနားလမ်း အသုဘမှ သမဝါယမ မော်တော်ကားကို စီးနင်းထွက်ခွာ လာသောအခါ ကျွန်တော်၏ ဦးခေါင်းသည် နောက်ကျိ ထိုင်းမှိုင်းလျက် ရှိပေသည်။ ဤ မြန်မာနိုင်ငံတော် အလုပ်သမားလူတန်းစား၏ လွတ်မြောက်ရေးတိုက်ပွဲ အရေးတော်ပုံတွင် အလုပ်သမား လူတန်းစားအား ရှေ›ဆောင် ရှေ့ရွက်ပြုလျက်ရှိကြသော အလုပ်သမား လူတန်းစား တပ်ဦးပါတီများ အကွဲကွဲ အပြားပြား ဖြစ်နေသလောက် မှိုလိုပေါက်နေရသော အလုပ်သမားသမဂ္ဂများနှင့် အစည်းအရုံးများ၏ အကြောင်းကို ခုနှစ်စဉ် အမျှင်တန်းတွေးမိရင်း ရင်ထဲ၌လည်း မောပန်းလာမိသည်။ "ဟုမ်းလမ်း ဆင်းနိုင်ပါပြီရှင်" ဟူသော သတိပေးသံကို ကြားလိုက်ရတော့မှ ထိုအတွေးသည် ပြတ်၍ သွားကာ ကားပေါ်မှ ဆင်းလာခဲ့ရသည်။


ထီးတန်းအလုပ်သမားအစည်းအရုံးက အသုဘသည်လည်း ကြည့်မြင်တိုင်က အသုဘ နှင့်မခြား စည်ကားခမ်းနားသည်ကို တွေ့ရသည်။ အကြောင်းမသိ သူများအတွက်ဆိုလျှင် လူကုံထံတဦး၏ အသုဘဟု ထင်မှတ်သွားစရာရှိသည်။ အလုပ်သမားများ မသေဆုံးမီက ကျွဲလို၊ နွားလို ညှဉ်းပန်းခိုင်းစေလျက် အမျိုးမျိုးခေါင်းပုံဖြတ် မိုက်ကြေးခွဲခဲ့ကြပြီးနောက်၊ ယခုကဲ့သို့အလုပ်သမား အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ခိုင်း၍ သေကြေပျက်စီးသောအခါမှ ၎င်းတို့၏ အသုဘကို ယခုကဲ့သို့ တခမ်းတနားဆင်ယင်ခြင်း၌ ဘာအဓိပ္ပာယ်ရှိသနည်း။ ဘယ်လိုအဓိပ္ပာယ်ရှိကြမည်နည်း။ ကျွန်တော်သည် တခုသော အဓိပ္ပာယ်ကိုသာတွေ့၏။ ထိုအဓိပ္ပာယ်သည်ကား တခြားတော့မဟုတ်။ ပစ္စည်းမဲ့ အလုပ်သမားများ၏ အသက်သွေးခဲဖြင့် မိမိတို့ နိုင်ငံရေး အမြတ်ထုတ်မှုတခုတည်းကိုသာ မိုက်မိုက်မဲမဲနှင့် မှားမှား ယွင်းယွင်းလုပ်ကိုင်လျက် ရှိကြသော နိုင်ငံရေးသမား လူမိုက်များ၏ လုပ်ကြံမှုသာဖြစ်သည်။ မိုက်တွင်းနက်မှုသာဖြစ်သည်။ ကြည့်မြင်တိုင်ဘက်မှ အသုဘကဲ့သို့ပင် ထီးတန်းအသုဘ၌ အချိုပွဲ၊ အချဉ်ပွဲများဖြင့် တခမ်းတနား ဧည့်ခံကျွေးမွေးသည်။ လာရောက်မေးမြန်းကြသော ပရိသတ်သည်လည်း စည်ကားသည်။


"အကြမ်းဖက်ခြင်းကို ပြန်လည်တိုက်ခိုက်ကြလော့" ဟူသော ကြွေးကြော် သံကို အသုဘ၏ ခေါင်းစည်းအဖြစ် ဆွဲထားသည်။ကျွန်တော်တယောက်တည်း ထိုင်လျက်ရှိသော စားပွဲသို့ မိုင်လိုနှင့် ဘီစကွတ်မုံ့များကို လာရောက်ချပေးရင်း၊ ထိုသို့လာချပေးသော အလုပ်သမား ခေါင်းဆောင်က ကျွန်တော့်အနီးတွင် ထိုင်လိုက်သည်။ "သတင်းစာ ရပ်ပြီးသွားပြီးတဲ့နောက် ဂျာနယ်ပြန်ထွက်ဦးမယ်ဆိုလို့ ကျနော်တို့လဲ အားခဲပြီးမျှော်နေကြတယ်။ ဘယ်တော့လောက် ပြန်ထွက်နိုင်မလဲ" ဟု ထို အလုပ်သမား ခေါင်းဆောင်က ၎င်းတို့၏ ရဲဘော်လင်းယုန်အကြောင်းကို စတင်၍ စုံစမ်းမေးမြန်းလေသည်။ ထို့ကြောင့် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ပြောလိုက်သည်။


ထိုအသုဘ၌ ခေတ္တတဖြုတ်လောက်ထိုင်ပြီး ထလာသောအခါ ကျွန်တော့်အား လာရောက်ဧည့်ခံစကားပြောသော အလုပ်သမား ခေါင်းဆောင်သည် ကျွန်တော့်အား ဟုမ်းလမ်းထိပ် မော်တော်ကားမှတ်တိုင်သို့ အရောက် လိုက်ပို့သည်။ "ခက်တာပါပဲဗျာ...... နှစ်ဘက်စလုံးက အလုပ်သမားတွေက တဘက်နဲ့ တဘက် ဧရာမ ရန်သူကြီးတွေလို့ မြင်နေကြတယ်။ တဦးနဲ့တဦးလူချင်းတွေ့လိုက်ရင်ပဲ စားတော့ ဝါးတော့မယ့်အတိုင်း သဲသဲမဲမဲဖြစ်နေကြပြီ" ဟု ထိုအလုပ်သမား ခေါင်းဆောင်က ၎င်း လက်တွေ့ ဦးဆောင်မှုပေးနေသော အလုပ်သမားလောက၏ အခြေအနေနှင့် ဆက်ဆံရေးကို တိုတိုနှင့် လိုရင်းရောက်အောင် ပြောပြသည်။ "နိုင်ငံရေးသမား လူမိုက်တွေက သူတို့ပါတီနဲ့ သူတို့အဖွဲ့အတွက် တခုတည်းသာ ကြည့်ပြီး ခင်ဗျားတို့ အလုပ်သမားတွေကို အခုလို အချင်းချင်း သတ် ဖြတ်ခိုင်းနေတာကတော့ မတရားဘူးပေါ့ဗျာ။ ဒါပေမယ့် လူမိုက်ကို ပြောလို့ ရတာမဟုတ်တော့၊ ခင်ဗျားတို့လို အသိဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေက ကိုယ့်တပ်သားတွေကို ကိုယ်ပြန်ထိန်းပေးဖို့ တာဝန် ရှိကြလိမ့်ထင်တယ်" ဟု ကျွန်တော်က မိမိ သဘောထားနှင့် ထင်ချက်ကို ပြောဆိုလိုက် မိသည်


"ကျနော်တို့ တတွေကလဲ တတ်နိုင်သလောက်တော့ ထိန်းလျက် သိမ်းလျက် ပါပဲဗျာ။ ဒါပေမယ့် အထက်က ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်က အလုပ်သမားတွေကို အရက်တွေ ဘာတွေ တိုက်ပြီး၊ နင်းကန် မြှောက်ပင့်ပေးနေတော့ ထိန်းရတာသိပ်မလွယ်ဘူးဗျ" "ဒီလိုဆိုရင်လဲ အထက်ကခေါင်းဆောင်ကြီးတွေ လုပ်နေခိုင်းနေတာ မဟုတ်မမှန်တဲ့ အကြောင်း အောက်ခြေအလုပ်သမားတွေကို ဖွင့်ချပါလားဗျာ" "ရဲဘော် အခု ပြောသလိုသာ လုပ်ရင် ကျနော်တို့ကို အရင်ဦးဆုံး ဖျောက်ပစ်လိုက် တော့မှာပေါ့" ထိုသို့ စကားကုန် ဖွင့်ပြောလာသည့်အတွက် ကျွန်တော်သည် နောက်ထပ်၍ အကြံ ပေးနိုင်ရန် စဉ်းစားရှာဖွေ၍ မရတော့ပေ။ သက်ပြင်းကိုသာ ချလိုက်မိသည်။နေအိမ်သို့ပြန်ရန် ကားပေါ်သို့ တက်ခါနီး၌ ထိုအလုပ်သမားခေါင်းဆောင်က ယခု သေဆုံးသွားရသော ကုန်တင်ကုန်ချ ကူလီ အေးမောင်၏ နောက်ပိုင်း၌ ကျန်ရစ်ခဲ့သော ရာဇဝင် ကလေးတခုကိုလည်း မမှီ မကမ်းနှင့် ပြောဆိုဖြစ်အောင် ပြောဆိုလိုက်သေးသည်။


"ရဲဘော် အေးမောင်ကြီး၊ မယား မကြည်နှင့် ကလေး နှစ်ယောက်အတွက်တော့ အခုထက်ထိ ဘာမှလုပ်ပေးမယ်လို့ ပြောသံဆိုသံ မကြားသေးဘူး၊ အိုဗျာ... လုပ်ပေး လိမ့်မယ်လဲ မထင်တော့ပါဘူး" နေအိမ်သို့ ပြန်၍ရောက်သောအခါ ထိုနေ့အဖို့ ဖတ်၍ မပြီးသေးသော သတင်းစာ ဂျာနယ်များကို မဖတ်နိုင်သေးဘဲ နာရီပိုင်း တွင်းလောက်က ကျွန်တော် သွားရောက် ဝတ်ပြုခဲ့ ရသော အသုဘနှစ်ခုကိုသာ နှိုင်းယှဉ်စဉ်းစားနေမိသည်။ ရန်ကုန်ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမား ဘဝတူများဖြစ်ကြသော ကူလီ ထွန်းတင်နှင့် အေးမောင်ကြီးတို့သည် တဦးနှင့်တဦး ရိုက်နှက် တိုက်ခိုက်ရင်း နှစ်ဦးစလုံး သေဆုံးခဲ့ရလေပြီ။ ဤကဲ့သို့ ဘဝတူအလုပ်သမား အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ရင်း သေဆုံးခဲ့ရသည့်အတွက် ၎င်းတို့နှစ်ဦးစလုံးအတွက်ရော၊ ပစ္စည်းမဲ့အလုပ်သမားလူတန်းစား တလောကလုံးအတွက်ပါ မည်သည့် အကျိုးအမြတ်များရရှိခဲ့သနည်း။ ကူလီထွန်းတင်နှင့် အေးမောင်ကြီးတို့၏ နောက်ပိုင်း၌ မယားမုဆိုးမများနှင့် လူမမယ် ကလေးများ မျက်လုံးသူငယ်နှင့် ကျန်ရစ်ခဲ့ကြ၏။ အလုပ်သမား လောကအနေနှင့်မူကား အလုပ်သမားတို့၏ သွေးသာလျှင် မြေသို့ကျခဲ့ရလေပြီတကား။

(ဗန်းမောင်တင်အောင်)
ရှုမဝမဂ္ဂဇင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...