Friday, July 31, 2015

ကလိန်ခြုံ စာရေးနည်းများ (၁)

ဆိုပါစို့၊ ညတည ရန်ကုန်မြို့က စတိုးဆိုင်တခုမှာ မန်နေဂျာဟာ ဓားပြတိုက်ခံရတယ်။ ငွေထည့်ထားတဲ့ အံဆွဲက ငွေဆယ်သိန်းကို ဓားပြတိုက်ပြီး ယူသွားတယ်။ ရဲက လာစစ်တဲ့အခါ မန်နေဂျာကို မှတ်မိတယ်၊ ဟိုအရင် ခြောက်လတုန်းက လားရိုးက စတိုင်းဆိုင်တခုမှာလည်း သည်မန်နေဂျာပဲ၊ သူအလုပ်လုပ်နေတဲ့ စတိုးဆိုင် ဓားပြတိုက်ခံရတယ်လို့ ဆိုပြီး စခန်းမှာ အမှု လာဖွင့်တာ။ ခုလည်း သည်မန်နေဂျာပဲ စတိုးဆိုင်ဓားပြတိုက်ခံရတဲ့ ဇာတ်လမ်းကို သူဟာ ရဲကို လာပြောပြနေပြီ။ ရဲဟာ မန်နေဂျာ ပြောတဲ့ “ဇာတ်လမ်း” ဟာ အမှန်တကယ် ဟုတ်မဟုတ်၊ ဘယ်လိုများ သိနိုင်သလဲ။
ကိုကျော်ဝင်းရဲ့ ဒီဗွီဘီ-ဒီဘိတ် အစီအစဉ်ကို နားထောင်အပြီးမှာ ကျနော်ဟာ ကိုယ့်ကိုကိုယ် စဉ်းစားနေမိတယ်။ ငါဟာ သည်ပုဂ္ဂိုလ်အပါအဝင် ရောဘတ်တေလာ၊ ဒေးဗစ်စတိုင်းဘတ် စတဲ့သူတို့ရဲ့ အပြောအဆို အရေးအသားတွေကို ဘာလို့ မနှစ်သက်ဘူး ဖြစ်နေရသလဲ။ မနှစ်သက်ရခြင်း အကြောင်းရင်းကို ကိုယ့်ကိုကိုယ် နားလည်ချင်လို့ စူးစမ်းကြည့်တဲ့ အခါမှာ ဘာသွားစဉ်းစားမိသလဲ ဆိုတော့ စာအရေးအသား “စတိုင်” တွေမှာ လှည့်ပတ်ဖုံးကွယ်မှုကို ရိပ်မိနိုင်တဲ့ သဲလွန်စတွေ ရှိနိုင်တယ်။ မိမိဟာ အတိအကျ မရိပ်မိလိုက်သော်လည်း သည်သဲလွန်စတွေကို အာရုံခံမိလိုက်တာ ဖြစ်နိုင်တယ်လို့ သွားတွေ့ရပါတယ်။

အဓိက ကျနော် ပထမဆုံး အသည်းအသန် စဉ်းစားမိတဲ့ အချက်က ဆရာကြီး သိပ္ဗံမောင်ဝဟာလည်း ဝါကျတိုတွေကို ရေးတယ်၊ ကိုကျော်ဝင်းလည်း ဝါကျတိုတွေကို ရေးတယ်။ ဝါကျတိုချင်းအတူတူ ကျော်ဝင်းရဲ့ စာရေးနည်းဟာ မိမိအတွက် ဘာလို့ မသင်္ကာဖြစ်စရာကောင်း နေရသလဲ။ ဝါကျတိုတွေကို အသုံးပြုခြင်း ကိုယ်၌ကိုက လိမ်လည်ဖုံးကွယ်မှုကို ပြုလုပ်ရာမှာ တမင် အသုံးပြုလေ့ရှိတဲ့ စာရေးနည်းစတိုင် တခု ပေပဲလား။
ကျနော် သည်အကြောင်းအရာကို သုတေသန လိုက်လုပ်တဲ့ အခါမှာ အမေရိကန်ပြည်ထောင်စု ဗဟိုထောက်လှမ်းရေး ဗျူရို (FBI) ကနေပြီး သည်ကိစ္စနဲ့ ပတ်သက်လို့ ရှာဖွေ လေ့လာသုံးသပ်ထားတဲ့ တိကျပြောင်မြောက်သလောက် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ လမ်းညွှန် အချက်အလက်တွေကို တွေ့ရတယ်။ ဟုတ်ကဲ့၊ ကျနော်တို့ဟာ စာရေးဆရာ တယောက်ဟာ လှည့်ပတ်ဖုံးကွယ် “ကလိန်ခြုံမှု” တွေကို ပြုလုပ်နေပြီ ဆိုရင် ဒါကို ၄င်းရဲ့ စာရေးနည်းစတိုင်မှာ အောက်ပါ သဲလွန်စလက္ခဏာတွေ ရှိမရှိ ဆိုတာနဲ့ ဂရုစိုက်ပြီး တိုက်ဆိုင်စစ်ဆေးကြည့်ရူလိုက်မယ်ဆိုရင် ၄င်း၏ မရိုးသားမှုကို ကျိန်းသေပေါက်ဆိုသလို ကျနော်တို့ ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ ခု ကျနော် ကိုကျော်ဝင်းရဲ့ စာတွေထဲက ကျနော် ကြုံရာကျပမ်း (random) စွဲထုတ်လိုက်တဲ့ ဆောင်းပါးတပုဒ် နဲ့ ဥပမာ ပေးပါ့မယ်။ ဒါပေမယ့် သည်နည်းစနစ်ဟာ ကိုကျော်ဝင်းတင်မက၊ အင်္ဂလိပ်ဘာသာစကားဘက်က ရောဘတ်တေလာ၊ ဒေးဗစ်စတွိုင်းဗတ် စတဲ့ သူတွေရဲ့ ကလိန်ခြုံမှု၊ မကြာသေးခင်ကမှ ထွက်ပေါ်လာတဲ့ အိုက်ငဲဆိုလား? ဆိုတဲ့သူရေးတဲ့ ဗမာဘာသာစကားဘက်က ကလိန်ခြုံ နိုင်ငံရေးဆောင်းပါးများကို အသေအချာ တိုက်ဆိုင် စစ်ဆေးကြည့်ရူ နိုင်တဲ့ နည်းစနစ် ဖြစ်ပါတယ်။
သဲလွန်စ(၁) ။ ။ မိမိကိုယ်ကို ရည်ညွှန်းသော နာမ်စား(သို့) နာမ် ကင်းမဲ့နေခြင်း
ကျနော် ကြုံသလို ကောက်လိုက်တဲ့ ဆောင်းပါးက “အပြောင်းအလဲကာလ၊ နိုင်ငံရေးအင်အားစုများ” ဆိုတဲ့ ဆောင်းပါးပါ။ ၂၀၁၂-၁၃ ဝန်းကျင်ကလို့ ထင်ပါတယ်။ ဆောင်းပါးတခုလုံး ကိုကျော်ဝင်းဟာ မိမိကိုယ်ကို ရည်ညွှန်းထားတဲ့ အညွှန်းနာမ် တခုမှ မသုံးထားဘူး ဆိုတာကို တွေ့ရပါမယ်။
မှန်မှန်ကန်ကန် ရေးသားတင်ပြတဲ့ စာရေးဆရာတွေဟာ “ကျနော်” ဆိုတဲ့ နာမ်စားကို အလွန်တရာ အသုံးပြုပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့ သူတွေဟာ အမှန်တကယ် မိမိအသိစိတ်နဲ့ မလိုလားဆန့်ကျင်တဲ့ ဒီမိုအင်အားစုဘက်ကလား၊ ဦးရဲထွဋ်တို့က မွေးထားတဲ့ စစ်ခွေးတွေလား သိချင်ရင်လည်း သည်တချက်ထဲနဲ့တင် တော်တော် ခွဲချလိုက်နို်င်ပါတယ်။ လူသိများတဲ့ ဥပမာ နီးနီးစပ်စပ်ပြရမယ်ဆို ကိုချိုတူးဇော်၊ ၄င်းဟာ ဒေါ်စုကို ဆန့်ကျင်ပေမယ့် “ကျနော်” ဆိုတာကို ရဲရဲဝံ့ဝံ့ တာဝန်ခံပြီး သုံးရဲတာကို တွေ့ရတယ်။ (သူ့ဘာသာသူ အသိတရားရင့်ကျက်မှု၊ စိတ်ထားတတ်မှုမှာ လိုအပ်နေတာက –– ဒါလည်း သူကိုယ်တိုင် တခါတလေ ဝန်ခံပါတယ် –– တပိုင်းပါ)
သဲလွန်စ(၂) ။ ။ အတိတ်ဖြစ်စဉ်များကို မျက်မှောက်တွင် ဖြစ်နေသည့်သဖွယ် ဆွဲခေါ်ပြောဆိုခြင်း
‘နဂါးနီခေတ်လောက်မှစ၍ တစ်လျှောက်လုံးလောက်ပင်လက်ဝဲအိုင်ဒီအိုလိုဂျီ တစ်ဘက်သတ်လွှမ်းမိုး တွင်ကျယ်ခဲ့သော မြန်မာ့နိုင်ငံရေးတွင်ကားရယ်ဒီကယ်အစွဲများ နက်နက်ရှိုင်းရှိုင်းပင်ရှိနိုင်ပါသည်။ပြောရလျှင်၂၀၁၀ရွေးကောက်ပွဲကာလအထိ မြန်မာ့ဒီမိုကရေစီအင်အားစုများကြားတွင် ထိပ်တိုက်ရင်ဆိုင်ရေးရယ်ဒီကယ်လမ်းကြောင်းကသာ အပေါ်စီးရသလို ရှိနေခဲ့သည်’
ဒါဟာ ဘာကြောင့် ဖြစ်သလဲဆို ပစ္စုပ္ဗန်မှာ မိမိ တင်ပြလိုတဲ့ အချက်ဟာ အမှန်တကယ် ဖြစ်နေတာ မဟုတ်ဘူး၊ အမှန်တကယ်အားဖြင့် မရှိတဲ့ အချက်ကို လက်တွေ့ပြစရာ မရှိတဲ့ အခါမှာ အတိတ်က ဖြစ်စဉ်တွေကို အတင်း ဆွဲခေါ်ချပြီး မျက်မှောက်တွင် ဖြစ်နေသည့် သဖွယ် သုံးစွဲတာပါ။ ကျော်ဝင်းဟာ အတိတ်နဂါးနီ ကို ပစ္စုပ္ဗန်ကို ဆွဲခေါ်လုံးချ လိုက်တာကို တွေ့ရပါမယ်။ ဆိုလိုရင်းဟာ ဗမာ့နိုင်ငံရေးဟာ အလွန်ခေါင်းမာတဲ့ တော်လှန်ရေးသမားတွေ ကြီးစိုးနေတယ်လို့ ပြောချင်တာပါ။ အဓိကက မျက်မှောက်ခေတ်တော်လှန်ရေး မအောင်မြင်ရတာဟာ ၄င်းတို့ ခေါင်းမာတဲ့ အုပ်စုရဲ့ အပြစ်လို့ တင်ချင်လို့သာ ဖြစ်ပါတယ်။
(ကလိန်ခြုံစာရေးနည်းစတိုင် ရဲ့ တခြား အဓိက သဲလွန်စလက္ခဏာတွေကို ဆက်လက် ဖော်ပြပါမည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...