Wednesday, July 22, 2015

ခွေးတွေအထက်မှာ ငတာရှိတယ်


ရပ်ကွက်ထဲမှာ ဒေါ်ပူစီဆိုတာရှိတယ်။ ဒေါ်ပူစီက တစ်ပတ်တစ်ကြိမ် ခွေးစတုဒီသာကျွေး တယ်။ ခွေးစတုဒီသာ ဆိုတာက တစ်ရပ်ကွက်လုံးက ခွေးတွေကို သူ့အိမ်မှာ ချက်ထားတဲ့ ထမင်းဟင်းတွေနဲ့ ကျကျနန ကျွေးတာ။ ဇလုံတွေကလည်း စတီးဇလုံတွေနဲ့ထည့်ပြီး သန့်သန့်ရှင်းရှင်း ကျွေးတယ်။ အဲဒီ ခွေးစတုဒီသာရဲ့ အကြီးအမှူးက တော့ ထုံးစံအတိုင်း ကျွန်တော်တို့ ဇာတ်လိုက်ကြီး ငတာပေါ့။
ငတာက ခွေးစတုဒီသာကို တုတ်တစ်ချောင်းနဲ့ ထိန်းတယ်။ သူ့ရှေ့မှာတော့ စားခွက်မလုနဲ့ တုတ်စာမိသွားမယ်။ ခွေးဆိုတာကလည်း သိတယ်မဟုတ်လား။ လာချင်တဲ့နေရာ ကနေ ရောက်လာကြတာ။ ရပ်ကွက်အထာနဲ့ ငတာ့ အထာကို မသိလို့ကတော့ ကျောကော့အောင် ခံသွားရမယ်။
တစ်နေ့ ကျွန်တော်လည်း မြို့ထဲကပြန်လာရင်းက ငတာတို့ ခွေးစတုဒီသာနဲ့ ကြုံလို့ စိတ်ဝင်စားပြီး ရပ်ကြည့် နေမိတယ်။ ငတာက တုတ်တစ်ချောင်းနဲ့ အလုပ်ရှုပ်နေတယ်။

"ကိုယ့်ခွက်ကိုယ်စားနော်။ အခွင့်အရေး ရတယ်ဆိုပြီး သူများ စားခွက် သွားမနှိုက်နဲ့။ တုတ်စာမိ သွားမယ်။ တယ် … ဒီခွေးတွေ စားခွက်လုရာတာ တယ်ပြီး ၀ါသနာကြီးပါလား။ အေးလေ တစ်ခါတစ်လေ စားရတာဆိုပေမယ့် နတ်သုဓာကိုး မက်မောပေမပေါ့" လို့ ပြောပြီး တုတ်တစ်ချောင်းနဲ့ လိုက်ထိန်းပေးနေတယ်။
ထူးခြားတာက ငတာရဲ့ ခွေးစတုဒီသာပွဲကို ၀င်ခွင့်မရတဲ့ ခွေးတွေပဲ။ အဲဒီကောင်တွေဆိုရင် အဝေးမှာ အမြီးကုတ်နေရတယ်။ ဒေါ်ပူစီကလည်း ခွေးချုပ်ကြီးငတာအလိုတော်အတိုင်း ဘာတစ်ခွန်းမှ ၀င်ပြောရဲတာ မဟုတ်ဘူး။ ဒီခွေးတွေကို သူပဲနိုင်အောင်ထိန်းပြီး စီမံကျွေးနေရတာလေ။
ကျွန်တော်က ငတာရုံးကိုပြန်လာတော့ "နေစမ်းပါဦး ငတာရယ် .. မင်းကဘာဖြစ်လို့ ခွေးတချို့ကို ထမင်းမကျွေး တာလဲ" လို့မေးလိုက်တော့ ငတာက "အဲဒီကောင်တွေက ခွေးပါတီဝင်တွေ မဟုတ်လို့" ဆိုပြီး ပြောလိုက်တယ်။ ငတာနဲ့ပြောလိုက်ရရင် အဆန်းကြီးပဲ။
"ခွေးပါတီ ဘယ်လိုဝင်ရသလဲ ငတာရ လုပ်စမ်းပါဦး" လို့ ကျွန်တော်က နောက်သလိုနဲ့ မေး လိုက်တော့။ ငတာက "ခွေးပါတီက ၀င်ချင်တိုင်း ၀င်လို့ရတာ မဟုတ်ဘူး ကျောင်း ဆရာရ။ ခွေး ပါတီဝင်အဖြစ် ကျုပ်က သတ်မှတ်မှရတာ" တဲ့။
"လုပ်စမ်းပါဦး ငတာရယ်။ ခွေးပါတီဝင်ကို မင်းက ဘယ်လို သတ်မှတ်တာလဲ"
"ခွေးကျင့်တရား ခြောက်ပါးနဲ့ ညီရင် ခွေးပါတီဝင်ဖြစ်တယ်ဗျာ"
"ဆန်းလှပေါ့ ငတာရယ်။ ဆိုစမ်းပါဦး ခွေးကျင့်တရား ခြောက်ပါးဆိုတာ"
"ခွေးဆိုတာ (တစ်) မပျင်းရဘူး (နှစ်) ရသမျှနဲ့ ရောင့်ရဲတင်းတိမ်ရတယ် (သုံး) အိပ်ဆိုရင် ခေါင်းချတာနဲ့ ပျော်ရ တယ် (လေး) ချွတ်ခနဲဆိုရင် နိုးရတယ် (ငါး) သခင့်ဆီမှာ အမြဲခစားရတယ် (ခြောက်) သခင်ကခိုင်းရင် ခိုင်းတဲ့ အတိုင်း မကြောက်မရွံ့ လုပ်ရဲရတယ်ဗျ။ အဲဒါ ခွေးကျင့်တရား ခြောက်ပါးပဲ။ ဒီခြောက်ပါးနဲ့ ညီမညီဆိုတာ စောင့် ကြည့်ကာလရှိ တယ်။ စောင့်ကြည့်ကာလအတွင်း ခြောက်ပါးညီရင် ကျုပ်က ခွေးပါတီဝင်အဖြစ် သတ်မှတ်တယ်"
"ငတာရယ် .. ဒါဆိုရင် မင်းက ခွေးတွေရဲ့ အထက်မှာပေါ့"
"ဟုတ်တာပေါ့ ကျောင်းဆရာရယ်။ ခွေးတွေအထက်မှာ ငတာရှိတယ်။ ငတာ့လက်မှာ ကြိမ်လုံးရှိတယ်။ ရုတ်ရုတ်ရုတ်ရုတ် လုပ်လို့ကတော့ ကြောကော့သွားမယ်သာမှတ်" တဲ့ဗျာ။
၂၂.၇.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...