Sunday, July 19, 2015

အီသီယိုပီးယားနှင့် မြန်မာပြည်


၂၀၁၃ ကျွန်တော် အာဖရိကမှာ နေတုံးက Ko James Mint page မှာ ဒီအကြောင်း ရေးဖူး ပါတယ်။ အဲဒီစာ ကတော့ သူ့ အကောင့် ကျသွားတာနဲ့ ပြန်ရှာမရ တော့ပါဘူး။ ဒီရက်ပိုင်း မှာ အီသီယိုပီးယား နဲ့ မြန်မာပြည် အကြောင်း နှိုင်းယှဉ် တာတွေ တက်လာလို့ ပြန်ရေးတာပါ။
မှန်တာပြောရရင် အီသီယိုပီယား ကို အလုပ် ကိစ္စနဲ့ ပထမဆုံး စသွားတုံးက လုံးဝကို အထင် မကြီးတာဗျ။

ကျွန်တော်တို့ ငယ်ငယ်တုံးက သိထားတာက ဘယ်...အီသီယိုပီယား ဆိုတာ စုတ်ပြတ် ဆင်းရဲ ထမင်းငတ် နေတဲ့ တိုင်းပြည်။ လူသန်းချီ ငတ်မွတ် ခေါင်ပါး အငတ်ဘေး ကြုံ သေကြေ နေကြလို့ မိုက်ကယ်ဂျက်ဆင် တို့လို အနုပညာရှင်တွေ ဦးဆောင် LIVE AID အစီအစဉ်နဲ့ We are the World လို ဂန္တဝင် သီချင်းကြီး တွေဆို အလှုခံရလို့ မြန်မာပြည် အပါအဝင် ကမ္ဘာ့ နိုင်ငံတွေက စေတနာရှင်တွေ ဝိုင်းဝန်း ထောက်ပံ့ ထမင်းကျွေးခဲ့လို့ ပက်ပက် စက်စက် မဖြစ်ပဲ အသက်ဆက် လာတဲ့ တိုင်းပြည် လို့ သိထားတာကိုး။
ထင်ထားတာက အီသီယိုပီးယားမှာ လေကြောင်း လိုင်း တောင်မရှိ အဒစ်စ်အဘာဘာ မြို့တော် ဆိုတာလဲ စုတ်ပြတ်နေတဲ့ လေဆိပ်နဲ့ စုတ်ပြတ် ညစ်ပတ်နေတဲ့ ဆင်းရဲသားအိမ် တွေ သူတောင်း စား တွေပဲ ရှိနေမယ် လို့ ထင်ထားတာဗျ။
ဘယ်ဟုတ်မလဲ။ အီသီယိုပီးယား လေကြောင်း လိုင်းဆိုတာ အာဖရိကမှာ ကင်ညာလေကြောင်း လိုင်း နဲ့အပြိုင် နံပါတ်တစ်ကို လုနေတဲ့။ ကမ္ဘာ့ အကောင်းဆုံး လေကြောင်းလိုင်း ၁၀၀ မှာ အဆင့် ၇၇ ချိတ်ထားတဲ့။ ခေတ်မှီ ဘိုးရင်း နဲ့ အဲဘတ်စ် လေယာဉ်ကြီးပေါင်း ၇၄ စင်း နဲ့ နိုင်ငံတကာ လေဆိပ်ပေါင်း ၁၂၄ ခုကို ပျံသန်း နေတဲ့ လေကြောင်းလိုင်းကြီး ဖြစ် နေတာကိုး။ ကျွန်တော် ကင်ညာ နိုင်ရူဘီကနေ အီသီယိုပီးယား ကို စီးတဲ့ အီသီယိုပီးယား လေကြောင်းက သုံးတဲ့ လေယာဉ်က နောက်ဆုံးပေါ် ဘိုးရင်း ၇၈၇ Dream Liner ကြီးဗျ။ ကောင်းမှကောင်းပေါ့ဗျာ။
အဒစ်အဘာဘာ ကို ဆိုက်ရောက်တော့ Bole International Airport ကြီးဆိုတာလဲ ရန်ကုန် လေဆိပ် ထက် နှစ်ဆလောက်ကြီးပြီး ကြီးကျယ် ခမ်းနား လေတာကိုး။
လေဆိပ်မှာလဲ နိုင်ငံတကာ လေယာဉ် အဝင်အထွက် တွေဆိုတာလဲ ဘန်ကောက် တို့ စင်္ကာပူတို့ လေဆိပ်တွေလိုပဲ ပျားပန်းခပ် နေတာပဲ။ very busy ပေါ့ဗျာ။
အဒစ်စ်က တောင်ပေါ်မှာ တည်ထားတဲ့ မြို့ ဆိုတော့ ရာသီဥတုက ကလောမြို့လိုပဲ အေးအေးချမ်းချမ်း နဲ့ နေလို့ကောင်းတယ်ဗျ။
ဘိုးလ် လေဆိပ်ကြီးက ထွက်ပြီး အစည်းအဝေးရှိ တဲ့ ဟိုတယ်ကို သွားတော့ လမ်းတလျှောက်မှာ လေ့လာ ကြည့်ရှု မိသလောက်ကတော့ စနစ်ကျ လှပတဲ့ မြို့ကွက်တွေနဲ့ ကိုယ်ပိုင်အိမ်လေးတွေ ကွန်ဒိုတွေ မိုးမျှော်တိုက်ကြီး တွေ သူ့နေရာနဲ့သူ ရှိနေပြီး ရှေးယခင် ကိုလိုနီ အဆောက်အဦး တွေကိုလဲ စနစ်တကျ ထိမ်းသိမ်းပြုပြင် သုံးစွဲ နေကြတာကို သတိထားမိတယ်။ ပြောရရင် အာဖရိကန် မြို့တော်နဲ့ မတူ ဥရောပ မြို့တော်လို လှပနေတာပေါ့ဗျာ။
ဈေးတွေ မောလ်တွေ ဘဏ်တွေလဲ အများကြီး ရှိတယ် ကြည့်တော့လဲ လူတွေ ပျားပမ်းခပ် ဝင်ထွက် ရောင်းဝယ် လှုပ်ရှား နေကြတော့ စီးပွားရေး ကောင်းတယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့
အမဲတွေ အများကြီး ကြားထဲမှာ အဖြူ တိုးရစ်စ် တွေလဲ ကြည့်မလွဲ အောင်တွေ့နေရတော့ တိုးရစ်ဇင်လဲ ကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့
တွေ့တဲ့ အဆင့်ဆင့် အလွှာလွှာ သော အီသီယိုပီးယန်း တွေကလဲ အင်္ဂလိပ် စကားကို ကိုယ့်ထက်တောင် ရေလည်အောင် ပြောတတ်တော့ ပညာရေး ကောင်းတယ် ဆိုတာ ပြောစရာ မလိုဘူး။
နိုင်ငံတကာ ဆက်ဆံရေးမှာလဲ သံရုံးပေါင်းစုံ တဲ့ အပြင် အာဖရိကန်သမဂ္ဂ African Union ရုံးချုပ်စိုက်တဲ့ မြို့တော်ကြီးဗျ။
ပြောမဆုံးပေါင် တောသုံထောင်ပါပဲ
ဆိုလိုရင်းက မရောက်ဘူးခင်တုံးကဆို ကိုယ့်မြန်မာပြည် ကိုယ့်မြို့တော်လောက် အဆင့်ရှိမယ် လို့ကို မထင်ထားတာ။ ရောက်သွားတော့မှာပဲ အထင်နဲ့ အမြင် တက်တက်စင် အောင်လွဲ မနာလို ဖြစ်စရာ ကောင်းလောက်အောင်ကို ကိုယ့်ထက်သာ နေတာကိုး။
ဒါနဲ့ ဘယ်ရမလဲ မေးမြန်းစပ်စု လေ့လာရတာပေါ့။ Desk Research လုပ်ကြည့်တော့ စီးပွားရေး လူမှုရေး အညွန်းကိန်းတွေမှာ မြန်မာ နဲ့ သိပ်မကွာဘူး အထင်ကြီးစရာ မရှိဘူး ဒါနဲ့ ဘာလို့လဲ ဆိုတာကို သေသေချာချာ လေ့လာမှ သုံးချက်ပဲ တွေ့တယ်။ ဒါလေးသုံးချက်မှာ မြန်မာထက် သာလို့ကို မြန်မာတွေထက် သာသွား ပါသည်ပေါ့ ဗျာ။
(မြန်မာနဲ့ GDP မကွာဘူး ဆိုပေမဲ့ မြန်မာ GDP ရဲ့ ၅၀% ကျော်က Natural Resources တွေ ရောင်းရငွေတွေ အစိုးရဆီတိုက်ရိုက် သွားတာ။ အီသီယိုပီးယား GDP က ၁၀၀% လယ်ယာ စက်မှု ထုတ်လုပ်ခြင်းနဲ့ ဝန်ဆောင်မှု တွေက ရတာ ပြည်သူတွေဆီ တိုက်ရိုက် သွားတာ ဆိုတော့။ ဒီမှာလဲ သေသေချာချာ လေ့လာကြည့် ရင် ကွာခြားချက် တွေ့ရလိမ့်မယ်)
အီသီယိုပီးယား ဆိုတာ လူသားတွေရဲ့ အစ မူလမြေ။ အီဂျစ်နဲ့ အပြိုင် နှစ်ပေါင်းငါးထောင် ကျော် ယဉ်ကျေးမှု ရှိတဲ့မြေ။ ကိုလိုနီခေတ်က အီတလီ ပြင်သစ် နဲ့ အင်္ဂလိပ် ကိုတောင် ပြန်ခံပြီး အနိုင်တိုက်ခဲ့ပြီး ကျွန်မဖြစ်ခဲ့တဲ့ တစ်ခုထဲသော အာဖရိကန် နိုင်ငံတဲ့ ဗျာတို့။ လူမျိုးကြီး နှစ်ခုနဲ့ တစ်ကွ လူမျိုးငယ် ရှစ်ဆယ် လူမျိုးကွဲ နှစ်ရာ ကျော် နဲ့ တည်ထောင်ထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ကြီးပါတဲ့။
ဒီနိုင်ငံကြီးဟာ ဆိုဗီယက်ကွန်မြူနစ် မှိုင်းမိ ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုအောက်မှာ လူမျိုးစုံတွေကြား အစိပ်စိပ်ကွဲ အချင်းချင်း တိုက်ခိုက် ကွန်မြူနစ် အစိုးရကို တော်လှန် နေကြတာ မညီညွတ်တော့ မအောင်မြင်တဲ့ အပြင် ရာသီဥတုကဖျက် စစ်ကြောင့် သီးနှံ မစိုက်ပျိုးနိုင်တဲ့ အတွက် အငတ်ဘေးကြီး ဆိုက်ပြီး ငတ်လို့ လူတစ်သန်းကျော် သေဆုံးခဲ့ ရပါတယ်တဲ့။ အဲဒီနောက်မှာ လူမျိုးစု ခေါင်းဆောင် တွေက ကိုယ့်အမှားကို မြင်တော့ အချင်းချင်း မတိုက်တော့ပဲ ညီညွတ်ရေး တည်ဆောက်ပြီး တပ်ပေါင်းစု ဖွဲ့ပြီး ကွန်မြူနစ် အစိုးရတပ်တွေ ဆိုဗီယက်တပ်တွေ ကျုးဘားတပ် တွေကို အနိုင်တိုက်ပြီး ဒီနေ့ အီသီယိုပီးယား ဆိုတာကို တည်ဆောက်ခဲ့ တာပါတဲ့။
အီသီယိုပီးယား ဖယ်ဒရယ် ဥပဒေအရ လူမျိုးကို အခြေခံတဲ့ ပြည်နယ် ၁၀ ခုကို ဖွဲ့စည်းထား ပါတယ်။ ထူးခြားတာက ပြည်နယ် တွေကို အာဏာ သုံးရပ် ခွဲဝေထားပါတယ်။ အာဏာ အရှိဆုံးက ဖယ်ဒရယ် အစိုးရ ဆိုသော်ငြား ၎င်း အစိုးရကို ပြည်နယ်တွေက သီးသန့် လွတ်လပ်စွာ ရွေးကောက်ခံ တက်လာတဲ့ အစိုးရ တွေကနေ ရွေးချယ် ဖွဲ့စည်းထားလို့ အားလုံးကို မျှမျှတတ ကိုယ်စားပြုပါတယ်။ ပိုပြီး ထူးခြားတာက ပြည်နယ် တွေကို ခွဲထွက်ခွင့် ပေးထားသော်လည်း နှစ်ပေါင်း အစိတ် အတွင်းမှာ အီရီထရီးယား တစ်ခုပဲ ခွဲထွက် သွားပါတယ်။
အီသီယိုပီးယား နလန်ထူလာခြင်း အကြောင်းရင်းများ
နံပါတ် တစ် (ညီညွတ်မှု) မငတ်ရေးအတွက် ညီညွတ်ကြ Unity for Hunger ဆိုတဲ့ စိတ်ဓါတ်ပါ။ အီသီယိုပီးယား ကွန်မြူနစ် အာဏာရှင် စနစ်အောက် ကွဲခဲ့ပြဲခဲ့ တိုက်ခိုက်ခဲ့ ကြလို့ လူရှစ်သန်းလောက် ငတ် လူတစ်သန်း လောက် သေခဲ့ရတော့ ဘယ်လောက်ပဲ မတည့်ပစေ မငတ်ရေး အတွက် တော့ အားလုံး ညီညွတ်တယ်ဗျ။
နံပါတ် နှစ် (လာဘ်စားမှု) နည်းတယ် ကမ္ဘာ့လာဘ် စား တဲ့ နိုင်ငံစာရင်း ၁၇၄မှာ အဆင့် ၁၁၀ ရှိတယ် (မြန်မာက ၁၅၆)
နံပါတ်သုံး (ပညာရေး) အီသီယိုပီးယား ရဲ့ GDP ဟာ မြန်မာနဲ့ မတိမ်းမယိမ်း ဖြစ်သော်လည်း ပညာရေး အသုံးစားရိတ်ကို GDP ရဲ့ 5 to 10 % အထိ သုံးပါတယ် (မြန်မာ 1 to 5 %)
ကွာသွားတာ ဒါပါပဲ ခင်ဗျာ။
ပိုပြီးခံပြင်းဖို့ကောင်းတာက ဆွေးနွေးမိတဲ့ အီသီယိုပီးယား တွေ ပြောတာက ငါတို့ ဆီမှာတဲ့ မညီမညွတ် ဖြစ်ကြပြီ ဆိုရင် (တစ်) အရင်တုံးက မညီညွတ်လို့ ငတ်ခဲ့ကြတာ ပြန် သတိပေးတယ် ( နှစ်) မြန်မာပြည်ကိုကြည့် ခုထိ မညီညွတ်လို့ ငါတို့နောက်မှာ ကျန်ခဲ့ပြီလို့ သတိပေးကြ တယ်တဲ့။
သေပြီဆရာ
(တစိခါတစ်လေ စိတ်ပေါက်ပေါက်နဲ့ စဉ်းစားမိတယ် ငါတို့ မြန်မာပြည် ငတ်လို့ မသေဘူးကြ သေးလို့များ ခုထိ မညီညွတ်နိုင် မတိုးတက်နိုင်ပဲ အီသီယိုပီယား နောက် ကျန်ခဲ့တာလား လို့)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...