Thursday, July 2, 2015

အမှန်တရားတော်လှန်ရေး


ကျွန်တော် ရင်ဆိုင်ကြုံတွေ့ခဲ့ရတာတွေကို မပြောပါဘူးလုပ်ထားတာ နှစ်ပေါင်းကြာပါပြီ။ မပြောမပြီး၊ မတီးမမြည် ဆိုတဲ့စကားလည်းရှိနေတော့ ပြောရပါသဗျာ။ ကိုယ်ရည်သွေးလိုခြင်း၊ ဂုဏ်ဖော်ပြီး နာမည်ကောင်းယူလိုခြင်း စိတ်တွေနဲ့ ရေးနေတာတွေ မဟုတ်ပါဘူး။ ကိုယ့်ညီငယ်၊ ညီမငယ် ဆရာ ဆရာမတွေကို မတရားတဲ့ အမိန့်တွေ၊ စနစ်တွေ၊ လူတွေကို တရားသဖြင့် ဘယ်လို ရင်ဆိုင်တိုက်ခိုက်လို့ရတယ်ဆိုတာ စဉ်းစားနိုင်အောင် ရေးပေး နေခြင်းဖြစ်ပါတယ်။
ကျွန်တော့် ဆရာဘ၀တောက်လျှောက် မတရားဘူးထင်တာတွေကို အမြဲတိုက်တယ်။ အဲဒီလို တိုက်နိုင်ဖို့ ကိုယ့်ဘက်က အမြဲမှန်နေအောင် ကြိုးစားတယ်။ ဆိုရှယ်လစ်အစိုးရနဲ့ စစ်အစိုးထောင်ချောက်ထဲမရောက် အောင်နေတယ်။ အလုပ်ကို သူများတွေထက်ပိုလုပ်တယ်။ ဘယ်နေရာရောက်ရောက် အကောင်းဆုံးလုပ်တယ်။ ရပ်ကွက်ကျေးရွာကို ကိုယ်နဲ့တစ်သားတည်း၊ တစ်သွေးတည်းဖြစ်အောင်နေတယ်။ ရွာတွေက သူတို့ရွာသား မဟုတ်ပေမယ့် သူတို့ ရွာသားတွေထက်တောင် ချစ်ခင်တဲ့ ဆရာဖြစ်အောင် လုပ်တယ်။ အဲဒီလို လုပ်ဖို့ဆိုတာ မလွယ်ဘူး။ ခင်ဗျားတို့ ကျောင်းပေါ်မှာ အမိန့်သားထိုင်နေလို့ မရဘူး။

ကျွန်တော်ဆိုရင် ကိုယ့်ကျောင်းမှာလာတက်နေတဲ့ ကျောင်းသားတွေရဲ့ ရွာတိုင်းကိုရောက်ဖူးတယ်။ လယ်ကွင်း တွေထဲ အိပ်ဖူးတယ်။ သူတို့နဲ့ ဖားရိုက်၊ ကြွက်ထိုး၊ အမဲလိုက်၊ ငါးရှာ အားလုံးလိုက်လုပ်ဖူးတယ်။ တစ်ခုပဲရှိတယ် သူတို့ အရက်သောက်သလိုတော့ လိုက်မသောက်ဘူး။ အရက်မသောက်ဘူး၊ ဖဲမရိုက်ဘူး၊ မိန်းမမရှုပ်ဘူး၊ ငွေကြေးဆိုင်ရာ မဟုတ်တာ တစ်ခုမှ မလုပ်ဘူး။ ပိုက်ဆံရလာရင် ရွာကအဖွဲ့ကို အပ်တယ်။ ငွေကြေးကိစ္စ စာရင်းလောက်ပဲ ကိုယ်ကစစ်တယ်။ ရွာက သူတို့လက်ထဲမှာ ပိုက်ဆံတွေရှိနေတော့ ကျွန်တော့်အပေါ် မယုံကြည်တာမရှိဘူး။
နေပူပူ၊ မိုးရွာရွာ ကျောင်းထဲမှာ လုပ်စရာရှိတာလုပ်တယ်။ ကိုယ်တိုင် မြက်ရှင်းတယ်၊ တံမြက်လှဲတယ်၊ မီးရှို့တယ်။ ဆရာတွေ ဆရာမတွေကိုလည်း စည်းကမ်းနဲ့ နေတတ်အောင်လုပ်တယ်။ မုန်းသူတွေရှိတယ်။ ချစ်သူတွေ ရှိတယ်။ ဒါပေမဲ့ နောက်ပိုင်း အားလုံးတက်ညီလက်ညီဖြစ်သွားကြတာပဲ။
ကျွန်တော့်ဝါဒက ဘယ်သူ့ကိုမဆို "အဲဒါလုပ်" လို့ အမိန့်မပေးဘူး။ တစ်ခုခုကို လုပ်စေချင်ရင် ကိုယ်တိုင်ရှေ့က လုပ်ပြတယ်။ မနေနိုင်ရင် နောက်ကအားလုံးပါလာ တာပဲ။ ကျောင်းက တစ်နှစ်တစ်ခါ မိုးရတယ်။ ကျောင်းမိုးရမယ့် အချိန် ဘယ်သူမှ ရောက်မလာရင် ခေါင်ပေါ်ကို ကိုယ်တိုင်တက်ပြီး ဓားခါးထိုးဖျက်လိုက်တာပဲ။ အဲဒီ အချိန်ကျမှ "ဟာ ဆရာကြီး ပြုတ်ကျတော့မှာပဲ" ဆိုပြီးရောက်လာကြ၊ ၀ိုင်းလုပ်ကြတာ။
ကျွန်တော့်ဝါဒက မကြောက်ဘူး။ မကြောက်ရအောင် အမှန်ဆုံးနေပြ။ ကိုယ်တိုင်ခေါင်းဆောင်၊ ရှေ့ကထွက်ပြ၊ မတရားတာမှန်သမျှ ရသလိုတိုက်ခိုက်ပြဖို့ပဲ။
ကျွန်တော်ဒီလိုတွေ လုပ်ခဲ့တာ ဂုဏ်ထူးဆောင်ဆုတွေ မက်လို့မဟုတ်ဘူး။ ဘာဂုဏ်မှ အပြုခံချင်လို့လည်း မဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်တာ ဘာလုပ်လုပ် အကောင်းဆုံးလုပ်မယ်။ ကိုယ်လုပ်တာ ကိုယ့်သမိုင်းပဲ လို့ ခံယူပြီးလုပ်နေတာ။ အဲဒါကြောင့် ကျွန်တော့်တစ်သက် အစိုးရဆိုတဲ့ဟာတွေက ဂုဏ်ပြုမှာထက်၊ ရွာသူ ရွာသားတွေ သောက်မြင်မကပ်ဖို့ အရေးကြီးတယ်ထင်ပြီး ကိုယ့်အလုပ် အရိုးသားဆုံးလုပ်တာပါ။
ခေတ်က အကြောက်တရားနဲ့ ကျွန်တော်တို့ကို ထိန်းချုပ်ပြီး လွှမ်းမိုးအနိုင်ယူထားခြင်းခံရတဲ့ခေတ်။ ကျွန်တော်တို့မှာ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ အလုပ်ဖြုတ်မယ်၊ အလုပ်ပြုတ်မယ်၊ အရေးယူမယ်၊ ပြောင်းရွှေ့မယ်ဆိုတာတွေကို စစ်တပ်က သူ့လက်ပါးစေတွေမွေးပြီး ဖိအားတွေပေးနေတယ်။ အကြောက်တရား တွေနဲ့ လောကကြီးမှာ နေထိုင်နေရပါလားဆိုပြီး စိုးမိုးထားတယ်။ စိတ်တွေကို ချုပ်ကိုင်ထားတယ်။ ဆရာတို့ ဆရာမတို့ရေ မှန်အောင်နေပြတာကလည်း မတရားတဲ့ ဖိနှိပ်အုပ်ချုပ်သူတွေကို တော်လှန်နေတာပါလားလို့ ခံယူကြည့်လိုက်ပါ။
၁.၇.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...