Thursday, July 16, 2015

"တာမွေ နဲ့ ရွာသာကြီး အမေအိုမေတ္တာကြောင့်နီးပါတယ်" "ရှစ်ဆယ့်ငါးနှစ်ကျော် အဘွားအိုရဲ့ မဆုံးနိုင်တဲ့ မေတ္တာ"


စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး) အမျိုးသားလူနာဆောင်တစ်ခုရဲ့ လူနာတွေကြည့်ဖို့နေရာပေးထားတဲ့ နေရာလွတ်တွေမှာ ဟိုတစ်စု ဒီတစ်စု လူနာလာကြည့်တဲ့ သူတွေနဲ့ ဆေးရုံဝန်ထမ်းတွေသွားလာလှုပ်ရှားနေပါတယ်။ သူတို့ရဲ့အနောက်ဖက်မှာတော့ သံပန်းနဲ့ကာရံထားတဲ့ အခန်းလေးတွေထဲမှာ အရွယ်စုံလူ (၅၀) ကျော်ဟာ သံဇကာတွေရဲ့ အပြင်ဖက်ကိုလှမ်းမျှော်ကြည့်ရင်း မိသားစုဝင်တွေကိုလှမ်းမျှော်ကြည့်နေကြပါတယ်။

လှေကားထစ်လေးတွေပေါ်ကို အသက် (၈၀) ကျော်အရွယ်ပိန်ပိန်ပါးပါး အဘွားအိုတစ်ယောက် တရွေ့ ရွေ့ တက်လာတယ်။ ဆံထုံးသေးသေးမှာဖြူဖွေးနေတဲ့ ဆံပင်လေးတွေစုစည်းထားတယ်။အညိုရောင်ထမိန် အင်္ကျီအဖြူလက်တိုလေးဝတ်ဆင်ထားတဲ့အဘွားအိုဟာခန္ဓာကိုယ် တ၀က် ခန့်ကို တောင်ကျော်ပြီး ကုန်းနေတဲ့ကျောပြင်ကိုတောင်ဝှေးတစ် ချောင်းနဲ့ထောက်ကန်ကာ ကျွတ်ကျွတ်အိတ်တစ်လုံးကို တစ်ဖက်က ဆွဲလာတယ်။
သူ့ ခန္တာကိုယ်နဲ့ မလိုက်ဖက်တဲ့ အိတ်ကြီးထဲမှာတော့ ကော်ရေပုံးလေး နှစ်ပုံးရှိနေပါတယ်။ အပေါ်ထပ်ကိုရောက်ချိန်မှာတော့ ဘေးဘီကိုတစ်ချက်ဝှေ့ကြည့်ပြီး လူနာကြည့်သူတွေထိုင်ရမယ့် ထိုင်ခုံလေးပေါ်ကို ခပ်ဖြေးဖြေးထိုင်ချလိုက်ပါတယ်။
နှစ်မိနစ်ခန့်အနားယူပြီးချိန်မှာတော့ ပါလာတဲ့အိတ်ထဲကပုံးလေးတွေကို အပြင်ထုတ်ပြီးဖွင့်လိုက်တယ်။ ပုံးတစ်ပုံးထဲမှာတော့ ကော်ဘူးဝိုင်းအသေးစားလေးတွေနဲ့ထည့်လာတဲ့ ဖက်ကြမ်း (၅) လိပ်ခန့်ပါတဲ့ဘူး ကွမ်းယာလေးတွေ အစီအရီထည့်ထားတဲ့ တစ်ဘူး၊ ဂျင်းနှပ်ပြီးထည့်ထားတဲ့ဘူးလေးတစ်ဘူး လက်ဖက်နှပ်ထည့်ထားတဲ့ဘူးလေးတစ်ဘူး၊အပါအ၀င် ကော်ဖီမစ်ထုတ် မိုင်လိုထုပ်အသေးစားလေးနှစ်ထုပ်ထည့်ထားပါတယ်။ နောက်ထပ်ကော်ဘူးလေးမျာတော့ ထမင်းထည့်ထားတဲ့ ထမင်းချိုင်တစ်ဆင့်ချိုင့်တစ်လုံး၊ ဖန်ခွက်တစ်လုံး၊ ကော်ခွက်တစ်လုံး၊ ပုံဂံပြားတစ်ပြား၊ ဟင်းထည့်ထားတဲ့ချိုင့်အသေးလေး နှစ်ချိုင့်ပါဝင်ပါတယ်။ ပုဆိုး အကျီ စွပ်ကျယ်တွေထည့်ထားတဲ့ အ၀တ်တစ်ထုပ်၊ သရက်သီးမှည့်တွေကို ခွဲစိတ်ပြီးထည့်ထားတဲ့ ဘူးကလေးတစ်ဘူးပါဝင်ပါတယ်။
ပါလာတဲ့ပစ္စည်းတွေကို ဧည့်သည်တွေထိုင်ဖို့ထားထားတဲ့ခုံလေးပေါ်သို့အစီအရီစီပြီးတာနဲ့ တစ်ပြိုင်နက်အဖွားအိုဟာ တောက်ပတဲ့မျက်ဝန်းတွေနဲ့ ဆရာဝန်တွေ သူနာပြုဆရာမတွေနားနေတဲ့အခန်းကလေးထဲသို့ဝင်သွားပါတယ်။ ထို့နောက်ဓါတ်ဘူးတစ်လုံးကိုင်ဆောင်ပြီးပြန်လည်ထွက်ခွာလာပါတယ်။ ဒီအချိန်မှာပဲဆေးရုံဝန်ထမ်းတစ်ဦးကလူနာတွေထားတဲ့ အခန်းဝမှနေပြီးအထဲကိုလှမ်းပြီးပြောလိုက်ပါတယ်။မောင်ဦး မင်းအမေရောက်ပြီထွက်ခဲ့တော့ ဟူဆိုကာ ခတ်ထားတဲ့သော့ကိုဖွင့်လိုက်ပါတယ်။
ငါ့အမေလာပြီ
အခန်းထဲမှ အရက် ၅ ပေ၈ လက်မခန့် အသက်(၄၅) နှစ်ကျော်အရွယ်ရှိသူတစ်ဦးထွက်လာပြီး အားကိုးရောက်လာပြီဆိုတဲ့ အကြည့်နဲ့ အခန်းထဲမှာရှိတဲ့ ဘ၀တူ စိတ်မကျန်းမာဖြစ်နေတဲ့သူတွေက်ုလှမ်းပြီးပြောလိုက်ပါတယ်။ 'ငါ့အမေရောက်လာပြီ ငါအပြင်ထွက်ဦးမယ် တာ့တာ"ဆိုပြီး ခုနက အဘွားအိုရှိရာနေရာလေးကို လျောက်လာပါတယ်။
အဖွားအိုဟာ သားဖြစ်သူရဲ့မျက်နှာကို တွေ့လိုက်တာနဲ့ သား စားမင်းကြိုက်တဲ့ကော်ပြန့်ကြော်အမေ၀ယ်လာတယ်။ ဟင်းကလဲကြက်သားဟင်း လာစားချေလူလေး လို့ကြင်ကြင်နာနာနဲ့ပြောလိုက်ပါတယ်။
သားဖြစ်သူကလဲမိခင်ဖြစ်သူပြင်ဆင်ထားတဲ့ စားသောက်ဖွယ်ရာတွေကို မြိန်ရည်ယှက်ရည်စားသောက်နေပါတယ်။ စားပြီးနောက် သားဖြစ်သူဟာ ပါလာတဲ့ကော်ပြန့်ကြော်လေးကို ယူစားပြီး ပူလဲမပူတော့ဘူး၊ အမေ့ဟာကအေးနေပြီ လို့ပြောပြီးကော်ပြန့်ကြော်နှစ်ခုကိုဆက်တိုက်ကောက်စားလိုက်ပါတယ်။
အဖွားအ်ုက သားဖြစ်သူကို ကြည့်ပြီးမှ မင့်နှယ်ကွယ် တာမွေကနေဒီအထိ နှစ်နာရီကျော်ကားစီးလာရတာလေ အေးကုန်ပြီးပေါ့လို့ ပြန်ပြောလိုက်ပါတယ်။
မိခင်ဖြစ်သူက ပါလာတဲ့ အ၀တ်ထုတ်ထဲမှ အ၀တ်တစ်စုံထုတ်လိုက်ပါတယ်။ပြီးနောက် ရှေ့ကို ညွှတ်ကိုင်းနေပြီ ဖြစ်တဲ့ ခန္ဒာကိုယ်ကို တောင်ဝှေးမပါဘဲ သားဖြစ်သူနားကိုကပ်လိုက်ပြီး အ၀တ်တွေပေနေပြီသားရယ် လဲရအောင်နော်လို့ ပြောလိုက်ပါတယ်။ သားဖြစ်သူရဲ့ ခန္ဒာကိုယ်ရဲ့ တစ်ဝက်မက နိမ့်ပါးနေပေမယ့် သားဖြစ်သူကို အကfျီချွတ်ပေးပါတယ်။ သားဖြစ်သူက အ၀တ်မလဲချင်ဘူး ကော်ဖီအရင်ဖျော်ပေးမိုင်လိုနဲ့ရောဖျော်နော် ဒါသောက်ပီးမှ အ၀တ်လဲမယ်လို့ ပူဆာပါတယ်။
မိခင်ဖြစ်တဲ့ အဖွားအိုဟာ ချက်ချင်းပင်နောက်ပြန်လှည့်လိုက်ပြီးပါလာတဲ့ ကော်ဖီမစ် အထုတ်သေးတစ်ထုပ် မိုင်လိုထုပ်တစ်ထုပ်ကိုဖောက်ပြီး ခွက်ထဲကိုထည့် ရေနွေးထည့်ပြီး သေးကွေးတဲ့လက်နဲ့ တစ်ဖက်တစ်ချက်စီကို ခွက်ကလေးကိုင်ကာလက်ဖက်ရည်ဆိုင်မှာဖျော်ပေးနေတဲ့ အဖျော်ဆရာတစ်ယောက်လို ဒီခွက်ထဲကကော်ဖီကို အခြားတစ်ခွက် သို့ ရ ကြိမ် ၈ ကြိမ်ခန့်ပြောင်းလိုက်နဲ့ အအေးခံပေးပြီးမှ ကော်ဖီခွက်ကိုသူ့သားလက်ထဲကိုထည့်လိုက်ပါတယ်။
ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ ဒုတိယ ရဲ့ အပြင်ဘက် ဧည့်တွေ့တဲ့နေရာမှာ ဒီမြင်ကွင်းကို နေ့စဉ် မြင်တွေ့နေသူတွေ ဟာ အဖွားအိုကို ဂရုဏာသက်ကြပါတယ်။
နေ့ စဉ်မပျက်
မမြင်ဘူးတဲ့သူတွေကတော့ အထူးအဆန်းလို ကြည့်တာခံရပေမယ့်ဆေးရုံမှ ဆရာဝန်တွေနဲ့ ၀န်ထမ်းတွေက တော့ အဆန်းတကျယ်လုပ်ပြီးကြည့်မနေတော့ပဲ ရောက်ပြီလား အဖွားလို့ ပြန်လည် နှုတ်ဆက်ပြီးလုပ်စရာရှိတာကို သမရိုးကျလုပ်နေတဲ့ အလုပ်တစ်ခုလိုပဲနှုတ်ဆက်ကြပါတယ်
အဖွားအို သူ့သားကိုတနေ့မှ မပျက်ကွက်ဘဲ လာတွေ့တာ အနှစ် ၂၀ ကျော်ရှိပြီဖြစ်တယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးဖြစ်သူကပြောပါတယ်။
သူက အဖွားအိုက သားဖြစ်တဲ့သူစိတ်ရောဂါခံစားနေရတဲ့သူ့ကို ညနေတိုင်း ထမင်းလာရောက်ကျွေးနေကြပါ" ရွာသားကြီးမဖွင့်ခင် တံတားလေးမှာကတည်းက သားဖြစ်သူကို တစ်ရက်မပျက်ထမင်းလာ ကျွေးနေတဲ့ မိခင်တဦးဖြစ်တယ်လို့ပြောပါတယ်။
ကျွန်တော် ဒီဆေးရုံမှာ တာဝန်ထမ်းဆောင်နေတာ နှစ်ပေါင်း ၂၅ နှစ်ရှိပြီ ကျွန်တော်ရောက်ပြီး မကြာခင်မှာပဲ သူတို့ သားအမိကိုစသိတာပါ သားဖြစ်တဲ့သူက အရက်လွန်ပြီးကြောင်သွားလို့ ဒီနေရာကို မိခင်ဖြစ်သူကိုယ်တိုင်လာရောက်အပ်နှံ ခဲ့ရတာလို့ပြောပါတယ်။
သားဖြစ်သူဟာ အသက်လေးဆယ်ကျော်ပြီဖြစ်ပြီး ဆေးရုံကပြန်ဆင်းရင်လည်း အရင်ပုံစံမျိုးပဲပြန်ဖြစ်လာတယ်။ အရက်ကြောင်ပြီးစိတ်ဖောက်ပြန်တာတွေ အိမ်ရှိပစ္စည်းတွေကို ရိုက်ခွဲတာ ပတ်ဝန်းကျင်ကိုရန်ရှာတာ မိခင်ဖြစ်သူကို ရန်ပြုလာတယ် စိတ်ရိုင်းတွေဝင်လာခဲ့တာကြောင့် အိမ်မှာထားလို့မရတာကြောင့် စိတ်ကျန်းမာရေးဆေးရုံမှာပဲ နေထိုင်နေရတာဖြစ်ပါတယ်။
အသက်ရှစ်ဆယ်ငါးနှစ်နီးပါးရှိပြီဖြစ်တဲ့ အဖွားအိုမှာ သားနှစ်ယောက်ရှိပြီး ခင်ပွန်းဖြစ်သူဆုံးသွားတာ အနှစ် ၂၀ ကျော်ကြာပြီ၊ သားတစ်ယောက်ကလည်းဆုံးပါးသွားလို့ သူဒီမှာ သားတစ်ယောက်တည်းတွယ်တာ စရာရှိတယ်။ စိတ်မကျန်းမမာဖြစ်နေတဲ့ သားဖြစ်သူကို နေ့စဉ်ကျောက်မြောင်းတာမွေ မှနေပြီးရွာသာကြီးဆေးရုံကို နေ့စဉ်လာရောက်ထမင်းကျွေးပါတယ်။သူ့အတွက်တော့ နေ့စဉ် ကားသုံးဆင့်စီးပြီးလာရတဲ့ ခရီးဟာ သားမျက်နှာကိုမြင်တွေ့ ရလို့ မမောဘူးဆိုတာကို အရေးအကြောင်းတွေ ထနေပေမယ့် ကြည်လင်နေတဲ့ မျက်နှာကဖော်ပြနေပါတယ်။
အနာဂတ်အစီအမံ
တာမွေဈေးပိုင်းမနက်ပိုင်းဈေးရောင်းပြီး ရသမျှ စုဆောင်းပြီး သူ့သေဆုံးသွားတဲ့ အခါမှာသူ့သားကို ဆေးရုံ ဆက်ပြီး စောင့်ရှောက်နိုင်အောင်လို့ ဆေးရုံ ကိုလှူဒါန်းထားပါတယ်။မနက်ပိုင်းဈေးရောင်းပြီး ရတဲ့ ငွေနဲ့ အိမ်ပြန်ထမင်းချက်ပြီးတာနဲ့ သူ့သားရှိရာ ရွာသာကြီးဆေးရုံကိုနေ့စဉ် သွားပါတယ်။ကျောက်မြောင်းမှာ သူ့တူမနဲ့နေတယ်လို့ပြောပေမယ့် သူ့နဲ့အတူ ဆေးရုံကိုလာတာ တစ်ခါမှ ဘယ်သူမှမတွေ့ဖူးပါဘူး။
သားဖြစ်သူကပါလာတဲ့အစားအသောက်တွေကို စားသောက်ပြီးတာနဲ့ ဖျော်ပေးထားတဲ့ ကော်ဖီကိုသောက် အ၀တ်လဲပြီးနောက် အမေဆေးလိပ်ကော လို့လှမ်းပြောလိုက်ပါတယ်။ မိခင်ဖြစ်တဲ့ အဖွားအိုဟာ ဆေးလိပ်ကိုလှမ်းပေးရင်း ချွတ်ထားတဲ့ အ၀တ်ဟောင်းလေးတွေကို ကျွတ်ကျွတ်အိတ်နဲ့ခေါက်ထည့်နေပါတယ်။ ပြီးနောက် ရော့ သရက်သီးလေးစားအုန်း စိန်တလုံးသရက်သီးလေး ချိုနေတာပဲလို့ပြောပြီးသားဖြစ်သူကို ကျွေးပါတယ်။
သားဖြစ်တဲ့သူက မစားချင်ဘူး မချစ်စုသရက်သီးပဲကြိုက်တာ မစားဘူး လို့ပြောလိုက်ပါတယ်။
မိခင်ဖြစ်တဲ့သူက တစ်လုံး ၅၀၀ တောင်ပေးရတာ စားပါသားရဲ့ ရာသီပေါ်တဲ့ အချိန်မှ စားရတာ စားပါလို့ ချော့ပြီးကျွေးနေပါတယ်။
ဒီအခါမှ သားဖြစ်သူက ၁၀ နှစ်သားလေးလို အငမ်းမရစားသောက်ပြီး ရော့ကုန်ပြီဆိုပြီး ထည့်ထားတဲ့ ဘူးလေးကိုလှမ်းပေးလိုက်ပါတယ်။
မိခင်ဖြစ်တဲ့ အဘွားအိုဟာ သားဖြစ်သူ စားသောက်ပြီး ချိုင့်တွေကို သေချာဆင့်ပြီူနောက်ပါလာတဲ့ဘူးတွေကိုပြန်ပိတ်ပြီး ထည့်လာတဲ့ ကော်ပုံးထဲကို တစ်ခုခြင်းစနစ်တကျပြန်ထည့်နေပါတယ်။ ပြီးနောက်ဝန်ထမ်းတွေနားနေတဲ့ အခန်းဘက်ကို ဓါတ်ဘူး လေးကိုင်ဆောင်ကာသာမန်ထက်ပိုကုန်းနေတဲ့ ခန္ဒာကိုယ်လေးနဲ့ တစ်ရွေ့ရွေ့ထွက်ခွာလာပါတယ်။
ဒီမြင်ကွင်းကိုကြည့်နေတဲ့ အခြားလူနာရှင်အမျိုးသမီးတစ်ဦးက အဖွားပေး ကျွန်မလုပ်ပေးမယ်လို့လှမ်းပြီးတော့ပြောလိုက်ပါတယ်။
အဖွားအိုက မလိုပ်ါဘူးအေ၊ ကျုပ်ဒီလိုလုပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်မကတော့ဘူး လုပ်နေကြပါ ကိုယ့်လူနာကို ဂရုစိုက်ကြပါ။ ဒီနေရာကို ဘယ်သူမှ မရောက်ချင်ကြဘူးလေ သူတို့ကိုပဲဂရုစိုက်လိုက်ပါလို့ ပြောပြီး အခုနက ယူဆောင်လာတဲ့ ဓါတ်ဘူးလေးကို ၀န်ထမ်းတွေနားနေရာအခန်းလေးဆီသို့ တရွေ့ရွေ့သွားနေပါတယ်။
ပြီးနောက်ဆေးကြောစရာရှိတာတွေကို ကိုယ်တိုင်ကိုယ်ကျ ဆေးကြောပြီးနောက် လူနာဆောင်ဖက်ကို တစ်ချက်ဝေ့ကြည့်လိုက် ပါတယ်။ သားဖြစ်သူကလည်း စားသောက်ပြီး ဆေးလိပ်၂ လိပ်ခန့်ကိုသောက်ပြီးချိန်မှာ လက်ထဲမှာ နောက်နေ့မနက်သောက်မယ့် ဆေးလိပ်နဲ့ကွမ်းယာထုပ်ကလေးကို ကိုင်ကာ မိခင်ဖြစ်တဲ့သူရှိရာသို့ရောက်လာပါတယ်။
မနက်ဖြန်ဘာစားမလဲ
ကဲ အမေပြန်မယ်သား နောက်ကျရင် လိုင်းကားတွေက သိပ်ခက်တယ်။ ကားမရလို့ တိုင်စီ စီးမယ်ဆိုရင် မသက်သာဘူး၊ မနက်ဖြန်ဘာစားမလဲ လို့ ကြင်နာစွာနဲ့မေးမြန်းနေပါတယ်။
လူနာလာပို့တဲ့ ဧည့်သည်တွေဟာ အရွယ်နဲ့မမျှအောင် သားဖြစ်သူကို နေ့စဉ်ဘယ်လို လာကြည့်တာလဲ မေးမြန်းပါတယ်။
သူက” ငါမိဘတာဝန်ကျေချင်တယ် သူ့မှာ အားကိုးစရာ ငါတစ်ယောက်ပဲရှိတယ်။ ကလေးကို ငါမသေခင်ပဲလုပ်ပေးရတာ၊ သူ့ခမြာ သနားစရာအေ ဒီလိုနေရာမျိုးမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် နေနေရတာ ပြင်ပကိုလဲ ထိတွေ့မှုမရှိဘူး၊ ငါမလာတွေ့ရင် နေ့တိုင်းသူဟို အခန်းထဲမှာပဲ နေရမှာ” လို့ပြောပါတယ်။
သူ့ကျွှတ်ကျွှတ်တွေကို သိမ်းပြီးတာနဲ့ သူသားသူ့အမေကို မနူတ်ဆက်ဘဲ သူ့ရဲ့ ဆေးရုံအခန်းထဲကို ပြန်ဝင်သွားပါတယ်။
အဖွားအိုဟာ ညနေစောင်းတာနဲ့ ပါလာတဲ့ ကျွတ်ကျွတ်အိတ်ကလေးကို စွဲလျက်တောင်ဝှေးလေးကို ကိုင်ကာ ဆေးရုံလှေကားလေး စီသို့ ဖြေးဖြေးချင်းဆင်းသွားပါတယ်။
ဆေးရုံအဆောက်အဦးရဲ့ ရှေ့ရောက်တဲ့ အချိန်မှာတော့ အသင့်စောင့်ကြိုနေတဲ့ ဆိုင်ကယ် တိုင်စီ သမားလေးက အထုပ် ကလေးကိုလှမ်းယူလိုက်ပါတယ်။ ပြီးတာနဲ့ အဖွားအို ကို ဆိုင်ကယ်ပေါ်ပွေ့ချီပြီးတင်လိုက်ပါတယ်။
ဆေးရုံဝင်းထဲ ကနေ ဆိုင်ကယ်ကို မောင်းထွက်ပြီး ကားဂိတ်ရှိရာ ကို မောင်းနှင်ထွက်ခွာလာပါတယ်။ ဆေးရုံဝင်းနဲ့ ကားဂိတ်ဟာ အတော် အတန်လှမ်းပြီး ကားစီးပါက ၇ မှတ်တိုင် လောက်ဆိုင်ကယ် စီးနေရပါတယ်။
ဆိုင်ကယ်က လေးထောင့်ကန်လမ်းမကြီး သပြေခြံမှတ်တိုင်ရောက်တဲ့ နေရာမှာ ရပ်တန့်ပြီး အဖွားအိုကို ဆိုင်ကယ်ပေါ်မှ ပွေ့ချလျက် အနားမှာရှိတဲ့ နေရာလွတ်တစ်ခုပေါ်သို့ချလိုက်ပါတယ်။
ဒီအချိန်မှာ မိုးကတစ်ဖွဲဖွဲကျနေတာကြောင့် အဖွားအိုဟာ ပါလာတဲ့ မိုးကာအင်းကျီလေးကို ကောက်ဝတ်ပြီး လှည်းကူးဘက်မှ လာတဲ့ ကားတွေကိုမျှော်နေပါတယ်။
ဒီအချိန်မှာပဲ ဘေးမှာရှိနေတဲ့ အဌားယာဉ်မောင်သူတစ်ဦးက အဖွားကားမရှိတော့ဘူးနဲ့တူတယ် တက်စီ ငှားပြန်လိုက်ပါလား လို့ပြောတော့
“တတ်စီးစီးလိုက်ရင် နောက်နေ့သားအတွက် ကြက်သားဟင်းမချက်နိုင်တော့ပဲနေမယ်’လို့ မိုးရေထဲမှာရပ်နေတဲ့ အဖွားအိုက ခပ်ဖြေးဖြေးပြန်ပြောပါတယ်။
ကုန်းနေတဲ့ ခန္ဒာကိုယ် အသေးလေးနဲ့ မလိုက်ဖက်စွာ အထုပ်ကို ကောက်ပြီး လမ်းဘက်ကိုမျှော်ကြည့်လိုက်ပါတယ်။ ထိုအချိန်မှာပဲ လေးထောင့်ကန်လမ်းဘက်မှ လာတဲ ခရီးသည်တင်ဒိုင်နာကားတစ်စီး ဟာရပ်စောင့်နေတဲ့ ခရီးသည်တွေရဲ့ရှေ့မှာ ထိုးရပ်လိုက်ပါတယ်.
ကားပေါ်တက်ပြီ
အဖွားအိုဟာ အထုပ်ကိုကောက်ပြီး တက်ဖို့ကြိုးစားရာမှာ ကားနဲ့ ခန္ဒာကိုယ်ဟာ မမျှတပဲဖြစ်နေပါတယ်။ ကားရဲ့တက်မဲ့ခြေနင်းခုံဟာ ကုန်းနေတဲ့သူ့ဦးခေါင်းနဲ့ ညီမျှတဲ့အမြင့် ရှိနေလို့ပါ။ဒီအချိန်မှာပဲ ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ သူတစ်ယောက်က ခန္ဒာကိုယ်ကို ပွေ့တင်ပြီး ကားပေါ်တင်ပေးလိုက်ပါတယ်။ ထို့နောက်အဖွားအို ဟာ သူရဲ့ လက်စွဲတော် တောင်ဝှေးကို ကားထိုင်ခုံအောက်မှာ ပါလာတဲ့ အထုပ်ကို ခြေထောက်အနီးမှာ ချပြီးသေးကွေးနေတဲ့လက်တစ်ဖက်ကို ကားဘေးနားက တန်းကို တင်းကျပ်စွာကိုင်ထားပြီး စပယ်ယာကို ခဏ စောင့်လိုက်ပါဦး ဆေးရုံထဲမှာ ပြန်မယ့် လူနာတွေရှိနေသေးတယ်။ ကားတစ်စီးနဲ့တစ်စီးကသိပ်ကြာတော့ သူတို့ကိုမှီစေချင်တယ်လို့ ပြောနေပါတယ်။
ကားစပယ်ယာကတော့ လူတွေကိုဝှေ့ပတ်ကြည့်ပြီးတော့ ဆွဲတော့ ဆရာ ဆိုပြီး မောင်းသွားပါတော့တယ်။ ကားက လေးထောင့်ကန်လမ်းမကြီးအတိုင်း မောင်းနေပါတယ်။ သင်္ဃန်းကျွန်း စံပြဈေးမှတ်တိုင်ရှေ့ရောက်ချိန်မှာတော့ ကားဟာ ဂိတ်ဆုံးသွားခဲ့ပါပြီ၊ လူတစ်ယောက်မှ မကျန်တော့မှ အဖွားအိုဟာ ကားပေါ်မှ ဆင်းဖို့ရွေ့လျားလာနေပါတယ်။ စပယ်ယာက သူ့ကိုပွေ့ချလိုက်ပါတယ်။ ထို့နောက် သူဟာ တောင်ဝှေးကို အားပြုပြီး အိမ်ပြန်ဖို့ နောက်ထပ်ကားတစ်ဆင့်စီးဖို့ပြင်ဆင်နေပါတယ်။ လုံချည်ကိုတင်းကျပ်စွာဝတ်ပြီး တုတ်ကိုမြေပြင်ပေါ်မှာ တစ်ဒေါက်ဒေါက်ထောက်လျက် စံပြဈေးမှ တာမွေသွားမယ့် ဘတ်စ်ကားဂိတ်ကို တရွေ့ရွေ့ထွက်ခွာသွားနေပါတော့တယ်။
Author အေးအေးအောင်

၁၄.၇.၂၀၁၅ ထုတ် ကုမုဒြာဂျာနယ် မှ ဆောင်းပါး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...