Thursday, July 2, 2015

ကျောင်းသားအရေး


၁၉၈၈ အရေးအခင်းပြီးတော့ ကျောင်းတွေပြန်ဖွင့်ချိန်ဖြစ်ပါတယ်။ မူလက ၈ တန်းကျောင်းသား ၅၀ လောက် ရှိရာက ကျောင်းဖွင့်တော့ ၃၅ ယောက်လောက်ပဲ လာတက်တော့တယ်။ ၁၅ ယောက်လောက် တောထဲရောက် ကုန်ကြတယ်။ တောခိုတာပြောတာမဟုတ်ဘူး။ ၀ါးသွားခုတ်စားနေကြတာကိုပြောတာ။
ဒီလိုနဲ့ ၈ တန်းအောင်ချက်ကောင်းအောင်လုပ်ချင်တော့ ကိုယ်တိုင်လည်းကြိုးစား၊ ဆရာဆရာမတွေကိုလည်း စည်းရုံးရတယ်။ တောကျောင်းက ကလေးတွေက ထုံထိုင်းတွေများတယ်။ သူတို့ကို တတ်အောင်သင်ရတာ ကိုက ကျွန်တော်တို့ဆရာတွေမှာ နှစ်ဆလောက်ပိုပင်ပန်းတယ်။ ဒါပေမဲ့ ဆရာ ဆရာမတွေကို ချစ်ကြောက် ရိုသေတော့ သင်ရတာအမောပြေပါရဲ့။ ၃၅ ယောက်ထဲကလည်း ၂ ယောက်ထွက်ပြေးပြန်တော့ နောက်ဆုံး ၃၃ ယောက်ပဲကျန်တယ်။
အစိုးရစစ်ဖြစ်တော့ ကျွန်တော်တို့ရွာမှာ စာစစ်စင်တာ မဖွင့်ပေးထားဘူး။ ဒါကြောင့် မိုင် ၅၀ လောက်ဝေးတဲ့ ပဲခူးမြို့ကိုလာတက်ဖြေရတယ်။ ကျောင်းသား ၃၃ ယောက်၊ တစ်ယောက် သေတ္တာတစ်လုံး၊ အိပ်ယာလိပ် တစ်လိပ်နဲ့ လှည်းလမ်းပေါ်ကားမောင်းပြီး ဖုန်တွေကြားထဲလာရတာပါ။

ကားကလည်း သစ်တောဌာနကို အကူအညီတောင်းတော့ တီအီးကားကြီးတစ်စီးပေးတယ်။ သေတ္တာတွေ အိပ်ယာလိပ်တွေကို အောက်ကထားပြီး ဆရာဆရာမတွေနဲ့ အမိုးဖွင့်ကားကြီးပေါ်မှာ ဇာတ်သဘင်အဖွဲ့ နယ်လှဲ့လာတဲ့ ကားပုံစံကိုသာ မြင်ကြည့်လိုက်ပါတော့။
ကားခေါင်းခန်းထဲမှာ တဘက်ကြီးခေါင်းပေါင်းထားတဲ့ကျွန်တော့်ကို ဆရာမတွေက မကြားတကြား "ဇာတ်ဆရာ" လို့ နောက်ကြတယ်။ မြို့ကို တစ်ပတ်လောက်ကြိုပြီး တက်လာရတယ်။ တည်းခိုတဲ့ကျောင်းမှာ ကလေးတွေရဲ့ ကျန်းမာရေးအထာကျအောင် မနည်းလုပ်ထားရတယ်။ ရွာမှာကတည်းက တစ်လလောက် ကျောင်းမှာညအိပ် မောင်းထားတော့ စာအတွက်က စိုးရိမ်စရာမရှိဘူး။ ငှက်ဖျားရုပ်တွေကို ငှက်ဖျားထပြီး စာမေးပွဲ မဖြေနိုင်မှာပဲ ကြောက်ရတာ။
ဒီလိုနဲ့ စာမေးပွဲစစ်တဲ့ရက် ရောက်လာတော့ ကျွန်တော်က ကလေး ၃၃ ဦးကို ဦးဆောင်ပြီး နှစ်ယောက်တစ်တွဲ တန်းစီကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ကနေ ဖြတ်လျှောက်လာတယ်။ တည်းခိုတဲ့ ကျောင်းနဲ့ စာမေးပွဲ ဖြေရတဲ့ ကျောင်းက နည်းနည်းဝေးတယ်။ မြို့ထဲကိုဖြတ်လျှောက်ရတာဆိုတော့ လူတွေ လန့်ကုန်ကြတယ်။ စစ်အုပ်ချုပ်ရေးကလည်း သိမ်းသေးတာမဟုတ်ဘူး။ စီတန်းလှည့်လည်တာကို ပိတ်ပင်ထားတဲ့ အချိန်မှာ လမ်းမကြီးတစ်လျှောက် ကလေး ၃၃ ယောက်ရှေ့ကနေ ပင်နီတိုက်ပုံ၊ ကျောင်းစိမ်းပုဆိုး ဒူးလောက်ဝတ်ထားတဲ့ ဆရာတစ်ယောက် ဦးဆောင်လာတဲ့ ကျောင်းသားတန်းကို တစ်မြို့လုံးက၀ိုင်းကြည့်ပြီး ဆန္ဒပြလာတယ် ထင်ကြ တယ်။
အုပ်ချုပ်ရေးမှူးရုံးရှေ့ရောက်တော့ လူတစ်ယောက်ကပြေးထွက်လာပြီး
"ဆရာ … ဆရာ .. ဗိုလ်ကြီးက ဆရာ့ကို လာတွေ့ပါလို့ ပြောခိုင်းလိုက်လို့" ဆိုပြီးကြောက်ကြောက်နဲ့ လာပြောတယ်။ ကျွန်တော်ကလည်း
"ငါ ကလေးတွေနဲ့ စာမေးပွဲ သွားဖြေဖို့ ထွက်လာတာ။ မင်းတို့ဗိုလ်ကြီးကို ငါ့နဲ့လာတွေ့ခိုင်းလိုက်။ ငါ့ကလေးတွေ စာမေးပွဲခန်းရောက်ဖို့ အရေးကြီးတယ်" လို့ပြန်ပြောပြီး ဆက်ထွက်ခဲ့တယ်။
စီတန်းလမ်းလျှောက်တာပိတ်ထားချိန်ဆိုတော့ လူတွေက ၀ိုင်းကြည့်ကြတယ်။ အချို့ကလည်း ဘုမသိ ဘမသိ လက်ခုပ်တွေတီးကြတယ်။
သက်ဆိုင်ရာ စာဖြေဌာနကျောင်းရောက်ပြီး ကလေးတွေကို သူ့အခန်းလိုက် ပို့ပေးပြီးလို့ ကျောင်းပြင်က စိန်ပန်း ပင်လေးအောက်မှာ ထိုင်နေတုန်း စစ်ကားတစ်စီးရောက်လာတယ်။ ကားပေါ်က ဗိုလ်ကြီးတစ်ယောက်ဆင်း လာပြီး ကျွန်တော့်ကို ဘယ်ကျောင်းကလဲ။ ကျောင်းသား ဘယ်နှယောက်လဲမေးပြီးတော့
"ဆရာကြီး နေ့တိုင်း ဒီလို မြို့ထဲတန်းစီပြီလာမှာလား"
"ဟုတ်တယ် .. ပြန်လည်း ဒီအတိုင်းပြန်ရမှာ"
"ကျွန်တော်တစ်ခုခုစဉ်းစားပြီး အကောင်းဆုံး စီစဉ်ပေးပါ့မယ်ဆရာကြီး" လို့ပြောပြီး ပြန်သွားတယ်။
နောက်တစ်နေ့ မနက် မိုးလင်းကတည်းက ကျွန်တော်တို့တည်းခိုနေတဲ့ ကျောင်းရှေ့မှာ ဘတ်စ်ကားနှစ်စီးရပ် ထားပြီး ဘတ်စ်ကားသမားတွေက ကျောင်းသားတွေကို စာမေးပွဲစစ်တဲ့ကျောင်းအရောက် အကြိုအပို့ တာဝန် ပေးထားလို့ဆိုပြီး လာသတင်းပို့ကြတယ်။
ဘာပြောပြော ကျွန်တော့်ကလေးတွေ စာမေးပွဲကို သက်သောင့်သက်သာ သွားရဖို့ အရေးကြီးတယ်။ အာဏာပိုင်တွေကလည်း စေတနာရှိလို့တော့ မဟုတ်ပါဘူး။ ကျောင်းသား ၃၃ ယောက်ကို တန်းစီပြီး ဆန္ဒပြသလို လမ်းလျှောက်ခိုင်းလာတဲ့ ကျွန်တော့်ကို မပြောသာလို့သာနေမှာ။
သူတို့မပြောသာတာလည်း အကြောင်းရှိတယ်။ ၈၈ အရေးအခင်းတုန်းက ကျောင်းဆရာသပိတ်၊ အလုပ်သမား သပိတ်ရှေ့က ဦးဆောင်ပြီး တက်ခဲ့တဲ့ အတွင်းရေးမှူး ကျောင်းဆရာဆိုတာကလည်း ကျွန်တော်ပဲဖြစ်နေ တာကိုး။
၁.၇.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...