Tuesday, June 2, 2015

ကျွန်တော်သာ ရပ်ကွက် အုပ်/မှူး ဖြစ်ခဲ့လျှင်


တစ်ခါတစ်ရံ ကျွန်တော်စဉ်းစားတယ်။ လူအချို့ဟာ ငွေကြေးနဲ့ အာဏာသာ ရသွားခဲ့ရင် မြင်းကို ချိုတပ်လိုက်သလိုကိုဖြစ်ပြီး ဘယ်လိုမှ ထိန်း မနိုင် သိမ်းမရ ဖြစ်သွားတတ်ပါကလားလို့။ ဟုတ်ပါ တယ်။ အဲဒီစကားရပ်အမှန်ပါပဲ။
ဘာလို့လဲဆိုတော့ ကျွန်တော်လေ့လာသုတေသန ပြုခဲ့မိသမျှသော ရပ်ကွက် အုပ်၊မှူးအချို့ဟာ စိတ်ဓာတ် နဲ့ အကျင့်ကလွဲရင် ပြောစရာမရှိတဲ့ လူတွေချည်းပါပဲ။ ဆိုလိုတာက ကောင်းတဲ့သူရှားတယ်။
(၈၈) ရှေ့ပိုင်း၊ ကောင်စီခေတ်တုန်းက လူကောင်း၊ သူကောင်းတွေရှိခဲ့ ဖူးတာတော့ကြုံဖူးတယ်။ ရပ်ကွက်ရဲ့ ဆန္ဒမဲနဲ့ တောင်းဆို မှုအရ သုံးလေးကြိမ် ဥက္ကဋ္ဌ ဆက်လုပ်ရသူတွေ၊ အဂတိ ကင်းကင်းနဲ့ ရပ်ကွက်ကောင်းကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီးတော့ ''စံပြ'' ဖြစ်ခဲ့သူတွေ တွေ့ကြုံခဲ့ သလို စကားပြောခွင့်လည်းရခဲ့ပါတယ်။ ခုခေတ်အုပ်/မှူး အချို့ကတော့ ကြုံရင် ကြုံသလိုစား၊ အမြီးကျက် အမြီး စား၊ ခေါင်းကျက်ခေါင်းစားကြတာများတယ်။
ဒီမိုကရေစီပြောင်းလဲမှုနောက်ပိုင်း ၂ဝ၁၃-၂ဝ၁၄ လောက်မှာ တန်ဖိုးနည်းဖုန်းတွေ စတင်ချထားပေးမှုဟာ ဘယ်သူတွေကို အဓိက တိုက်ရိုက်အကျိုးပြုခဲ့သလဲဆို တော့ ရပ်ကွက်အုပ်/မှူးဆိုသူတွေသာ ချက်ချင်း နတ် ရေကန်ထဲ ချလိုက်သလိုကို ဆိုင်ကယ်၊ ဆွဲကြိုးနဲ့ ဟန်း ချိန်းနဲ့ကို ဘဝပြောင်းခဲ့ကြပါတယ်။
ဒီလိုတန်ဖိုးနည်းဖုန်းတွေ မဲနှိုက်ပေးရာကနေ အုပ်၊ မှူးနဲ့ အပေါင်းအပါများတစ်စု ရပ်ကွက်တိုင်း၊ ရုံးတိုင်း မှာ ဖုန်းခိုးနေကြတာ ဘယ်သူမှ မသိလို့လားဆိုတော့ တစ်နိုင်ငံလုံး၊ အားလုံး သိသိချည်းပဲ။ တချို့များဆို ပေါ် တင်ပဲ။ ''မင်းလဲသိ၊ ငါလဲသိ ဒါပေမဲ့ အေးဆေးပဲနေ၊ ငါ့ညီ'' ဆိုပြီး ခြိမ်းခြောက်တာကရှိသေး။ မတိုင်ဘူး လားဆိုတော့၊ ဘယ်ကို သွားတိုင်မှာလဲ။ သူတို့သူတို့ မ.ယ.ကနဲ့ ပင်းစားနေကြတာ။ မ.ယ.ကတိုင်စာပို့ လည်း ဘာထူးသေးလဲ။ တစ်ကျိတ်ထဲ တစ်ဥာဏ်ထဲမို့ ကိုယ့်မုန်းတာပဲ အဖတ်တင်မှာပေါ့။ မ.ယ.ကမှာထဲ ကိုက တစ်ယောက်ဘယ်နှလုံးယူဆိုတာ အပေးအယူ အချိတ်အဆက်က ရှိပြီးသား။
အရင်တုန်းက မိမိဟာ ဖုန်းသတင်းတွေကို အထူးပြုပြီး လိုက်ခဲ့တယ်။ တရားဝင် သတင်းပေးသူတွေ ဒုနဲ့ဒေးရှိခဲ့တယ်။ အုပ်/မှူးတွေကို လည်း လိုက်မေးတယ်။ ရပ်ကွက်ထဲမှာလည်း မေးရတယ်။ လစဉ်၊ လတိုင်း စုံစမ်းခဲ့တယ်။
ဆက်သွယ်ရေးထဲက တရားဝင်ချထားပေးတဲ့ ခြောက်လပတ်စာရင်းနဲ့ ရပ်ကွက် မှာ အမှန်တကယ် မဲနှိုက်တဲ့စာရင်းဟာ ရပ်ကွက် တစ်ခုကို ဖုန်း ၁ဝလုံးကနေ ၁၅လုံးလောက်အထိ ကွာဟ နေတတ်တယ်။ ဒါမျိုးကျတော့ ဘယ်သူမှ အရေးမယူ ကြဘူး။ ကျွန်တော်တို့ဆို သိသိလျက်နဲ့ ဘာမှလုပ်မပေး နိုင်ခဲ့ဘူး။
သူများအိမ်နောက်ဖေးတက်ခိုးတဲ့ သူခိုးကိုတော့ ဥပဒေအရ အရေးယူလို့ရပေမယ့် ခုလိုအိမ်ထဲမှာတင်၊ ရုံးမှာတင် ထိုင်ခိုးနေတဲ့ သူခိုးကိုတော့ ဥပဒေအရ ဘာမှလုပ်ပေးလို့ မရဘူးတဲ့လား။ ကျွန်တော်သာ အုပ်/ မှူးဖြစ်ခဲ့ရင် ခိုးတဲ့ ဒီအချက်ကိုပြင်ဆင်ချင်တယ်။ အုပ်/ မှူးကိုလည်း စောင့်ကြည့်တဲ့ ရပ်ကွက် လျှို့ဝှက်အဖွဲ့ဆို တာ ရှိသင့်တယ်လို့ ကျွန်တော်ထင်တယ်။
ဒါက ပြဿ နာ နံပါတ်(၁)။
နောက်တစ်ချက်က ဧည့်စာရင်းမှုပြဿ နာ(၂)။
မြန်မာနိုင်ငံမှာ ခေတ်အစားဆုံးက ကိုယ့်မြို့၊ ကိုယ့်ရပ် ကွက်မှာ ငှားနေတာတောင်မှ တစ်လတစ်ကြိမ် ဧည့်စာ ရင်းသွားသွားတိုင်နေရတယ် ဆိုတဲ့ ကိစ္စပဲ။ စဉ်းစား ကြည့်လေ၊ အမေရိကန်လို နိုင်ငံမျိုးမှာဆိုရင် ပြည်နယ်၊ ဒါမှမဟုတ် မြို့နယ်တူသူ တစ်ယောက်ဟာ ကိုယ့်မြို့ထဲ မှာပဲ အိမ်ငှားနေရင် ဧည့်စာရင်းတိုင်စရာ (လုံးဝ) မလို ပါဘူး။ ဒါက ခဏခဏတိုင်နေရတယ် ဆိုတဲ့အချက်ကို မရှင်းလို့။ ဒီစားပေါက်ကြီးက နှစ်ပေါင်းများစွာ ရိုးရှင်း ခဲ့ပါတယ်။ နောက်အများကြားမှာ ပြောစမှတ်တွင်တဲ့ စကားတစ်ခွန်းတောင်ရှိပါတယ်။
''မင်းဟာက ဧည့်စာ ရင်းမှုနဲ့ ပုံစံထိုင်ခိုင်းပြီး၊ ရိုက်စစ်နေသလား အောင့်မေ့ရ'' ဆိုတာလို စစ်ဆေးလို့ မိသွားရင်လည်း အပြစ်သားလို သူတို့ ဘာကြောင့်ဆက်ဆံတတ်ကြသလဲ။ ဧည့်စာရင်း မတိုင်ခြင်းဟာ ရာဇဝတ်မှုမြောက်စေသလား။
နောက် လာစစ်တဲ့ပုံစံလည်း မေးဦး။ ညကြီးသန်းခေါင်အချိန် မတော်ကြီးမှာ အော်ကြီးဟစ်ကျယ်နဲ့ တံခါးကို ထုနှက် ပါလိမ့်မယ်။ အုပ်၊မှူးမှန်းသိအောင် အာဏာပြချင်တာ လည်း ပါမှာပေါ့။
ကျွန်တော်သာ အုပ်/မှူး ဖြစ်ခဲ့ရင် ဧည့်စာရင်း ကိစ္စကို ပြင်ဆင်စေချင်တယ်။ သူတို့သောက်မြင်ကပ်တဲ့ အိမ်နဲ့ အဆင်မပြေ၊ အမြင်မကြည်တဲ့ အိမ်ကိုမှ ရွေးစစ် တတ်တာကိုး။ ဧည့်စာရင်း မစစ်ခင် အိမ်ရှင်ကလည်း သူတို့ကို ပြန်စစ်ဆေးခွင့်ရှိပါတယ်။ သက်ဆိုင်ရာ လူကြီး တွေရဲ့ လက်ထဲ၊ အိတ်ကပ်ထဲမှာ ကြိုတင်ယူလာတဲ့ အထုပ်တွေ။ စာရွက် စာတမ်းတွေ ရှိသလား။ ရိုးသား ရဲ့လားဆိုတာ အိမ်ရှင်ဘက်က စစ်ဆေးရမယ့် တာဝန် ပါ။ တချို့များဆို ဧည့်စာရင်းစစ်ရင်းနဲ့ ဆေးမှုနဲ့ မိသွား တာ၊ နိုင်ငံရေးမှုနဲ့ ပျောက်သွားတာတွေ အများကြီးပဲ သမိုင်းသက်သေတွေ ရှိခဲ့ကြတယ်။
နောက်၊ ရပ်ကွက် ထောက်ခံစာ ပြဿ နာ(၃)
ထောက်ခံစာရဲ့ အသက်က တစ်ပတ်နဲ့တစ်လကြားမှာမို့ ရက်ကျော်သွားရင် အသုံးမဝင်တော့ပါဘူး။ ဒါလေးက အုပ်/မှူးတွေအတွက် အသက်ရှုချောင်စေမယ့် စား ပေါက် လေးတစ်ခုပေါ့။ တစ်စောင်ကို ကျပ် ၁ဝဝဝပဲ ထားဦး။ တစ်ရက်ကို ၁ဝ ယောက်လာခဲ့ရင်ပဲ နေ့စား ကိုက်နေပြီ။ တစ်နေ့ အယောက် ၁ဝဝ လောက်လာရင် ပိုပြီးတော့တောင်ကြိုက်သေး။ လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းက တစ်အိမ်လုံး လူကြီးလုပ်စာနဲ့ ထိုင်စားတဲ့ ရပ် ကွက်လူကြီးမိသားစု တွေ့ဖူးတယ်။ သူ့ဇနီးသည်က ဘာမှ မလုပ်တတ်ဘူး။ ရပ်ကွက်ထောက်ခံစာနဲ့ ဧည့်စာ ရင်းကို သူတို့အိမ်မှာပဲ ဒိုင်ခံရေးတာ။ အရင်းက ဘာရှိလို့ လဲ။ ရုံးတံဆိပ်တုံးနဲ့ ဘောက်ချာစာရွက်ဖိုးပဲရှိမှာပေါ့။ ပြီးတော့ ရပ်ရွာကောင်းကျိုးလည်း ဘာမှပြန်မလုပ်ဘူး။
နောက် ရုံးဝင်ငွေ၊ ထွက်ငွေကိစ္စ ပြဿ နာ(၄)။
ဒီရုံးတစ်ရုံးရဲ့ အသုံးစရိတ်ကို ရပ်ကွက်နေ ပြည်သူ။ပြည်သားတွေနဲ့ စိတ်ဝင်စားသူ သတင်းသမားနဲ့ မည်သူ မဆို(အခမဲ့) သိခွင့်ကြည့်ခွင့် ရှိရပါမယ်။ အုပ်/မှူးတစ် ယောက်ဟာ နိုင်ငံတော်ရဲ့လစာကို စားပြီး တာဝန်ကျေ မကျေဆိုတာနဲ့ တခြားဘေးပေါက်တွေ ရှာမရှာဆိုတဲ့ ကိစ္စတွေကို ကျုပ်တို့အလေးအနက်ထားသင့်တယ်။ ကျွန် တော် တောင်ကြီးရပ်ကွက်တွေမှာ လေ့လာမိသမျှက တော့ ချမ်းမြသာစည်ရပ်ကွက်ရုံးအောက်က ဆိုင်ခန်းတွေ နဲ့ ရုံးဘေးနားက ဆိုင်ခန်းတွေဟာ လစာဝင်ငွေတွေ သိန်းကို ဆယ်နဲ့ချီပြီး ရှိနေပါတယ်။ ထားပါတော့ ၁ဝ သိန်းအထက်။ ဒီငွေတွေကို ဥက္ကဋ္ဌဆိုသူက စားသောက် ပစ်နေတာနဲ့ပဲ ပြီးရောလား။ ရပ်ကွက်ကောင်းကျိုးတွေ မလုပ်ပေးတော့ဘူးလား။ ရပ်ကွက်နေပြည်သူတွေကလည်း ဒါကို သိသိလျက်နဲ့ လျစ်လျူရှုထားတာလား။ အမုန်းမခံ ရဲကြတာလား။ အမုန်းခံရင် တစ်ခါပဲအမုန်းခံရပြီး၊ ပျက် စီးရင်တော့ တစ်သက်တာပတ်လုံးပျက်စီးနေမှာပါပဲ။
နောက်ပြီး လမ်းပန်းကိစ္စ။ ရပ်ရွာအေးချမ်းသာ ယာရေး ဆိုသလို ရပ်ရွာတွေမှာရှိတဲ့ လမ်းတွေ ကောင်း မကောင်း အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုရင် တော့အုပ်/မှူးပါပဲ။ ဒီတာဝန်လေးကိုမှ မယူနိုင်ရင် အုပ်/မှူး လုပ်စားမနေပါနဲ့တော့လို့ ပြောချင်ပါတယ်။ ရပ်ကွက်ထဲမှာ လမ်းတွေကောင်းရဲ့လား။ ဘယ်နေရာ လမ်းပျက်နေသလဲဆိုတာ လူကြီးတစ်ယောက်အနေနဲ့ အမြဲတမ်း စစ်ဆေးနေရမှာ သူတို့ တာဝန်ပါပဲ။
နောက်အချက်က မဟောသဓာထုံးကို နှလုံးမူပြီး ''ကြီးသောမှုငယ်စေ၊ ငယ်သောအမှု ပပျောက်စေ'' ဆိုသလို စိတ်ကောင်းစေတနာကောင်းထားပြီး ဆောင် ရွက်သင့်တယ်။ ဒီလိုမှမဟုတ်ဘဲ ''ငါနဲ့ မတည့်တိုင်း ထိပ်တုံး'' ဆိုတိုင်း လူမုန်းများပြီး တစ်နေ့ ကျရှုံးခြင်းဆိုတဲ့ ဝဋ်လည်လာမှာ မလွဲမသွေပါ။
ပြီးခဲ့တဲ့နှစ် သင်္ကြန်တုန်း က တောင်ကြီးမြို့ အေးသာယာမှာ ရဲနဲ့အရပ်သားရန်ဖြစ် ပြီး နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့တယ်။ ဒီဖြစ်စဉ်ရဲ့ အကျဉ်းကို ဖော်ပြရမယ်ဆိုရင် အုပ်/မှူး လုပ်သူက ရုံးဘေးနားမှဆိုင်ခန်းထဲမှာ အိပ်နေသူ တစ်ယောက်ကို ကန်နှိုးလိုက်ရာက စပြီးတော့ စကားတွေကျွံကုန်ပြီး၊ အုပ်၊ မှူးက ရဲခေါ်ပြီး နှိပ်စက်ခိုင်းတော့၊ ကာယကံရှင်ကလည်း ဘလိုင်းကြီး အတွယ်ခံနေရလို့ ပြန်လုပ်ရာကနေ သုံး လောင်းပြိုင်လူသတ်မှု ဖြစ်ခဲ့ဖူးပါတယ်။
ဒီဖြစ်စဉ်ကို သတ္တုချကြည့်တဲ့အခါ အုပ်/မှူး တစ်ယောက်ရဲ့ လုပ်ပုံ လုပ်နည်းနဲ့မညီ မသမာတဲ့လုပ်ရပ်ကို မြင်နိုင်ပါတယ်။
နောက်ဆုံးပြဿ နာတစ်ခုကတော့ မြေယာကိစ္စ။ အချို့အုပ်/မှူး မြေခိုးဖူးကြပါမယ်။ ဒါပေမဲ့ မြေတွေ ခိုးရောင်းတာ၊ ဇနီးနာမည်(ဒါမှမဟုတ်) အမျိုးတစ် ယောက်ယောက်ရဲ့နာမည်နဲ့ ပိုင်ဆိုင်မှုအသွင်ပြောင်းတာမျိုး၊ သူ့လျှို့ဝှက်ချက်တွေ ပေါ်သွားမှာစိုးလို့ နှုတ် ပိတ်ခအနေနဲ့ မြေတစ်ကွက်ထိုးကျွေးလိုက်တာမျိုးတွေ၊ ရွာကတက်လာသူတွေကို ဥက္ကဋ္ဌအမိန့်နဲ့ လက်ညှိုးထိုး မြေရောင်းစားတာမျိုးတွေ အများကြီးပေါ့။
မြို့ပေါ်မှာ ကတော့ ဂရန်ပေါက်တဲ့အတွက် ဒီပြဿ နာနည်းနိုင် ပေမယ့် ချောင်ကျတဲ့ရပ်ကွက်တွေ၊ မြို့ပြင်ပိုင်းရပ် ကွက်နဲ့ မြို့သစ်နဲ့ စက်မှုဇုန်တို့လိုမှာဆိုရင် မြေယာ ပြဿ နာအများကြီးကြုံနေရပါတယ်။ ဒါ ဘယ်သူ့ကို သွားတိုင်မလဲ။ အထက်ကိုတက်ပြောလည်း အထက်က ထောင်းတာနဲ့ အောက်အထိ အတွဲလိုက် အကုန်ပါတာ မို့ ဘယ်သူမှလည်း အရေးမယူရဲဘူး။ အရေးယူလည်း အရင်တုန်းက စားထားတာ တွေကော၊ အရင်လူတွေ ကော တစ်ပြုံလုံးပါနေတာမို့ အားလုံးလက်ရှောင်ကြ မှာ မလွဲမသွေပါပဲ။
ပြောသာပြောရတယ်။ ကျွန်တော်သာရပ်ကွက်ဥက္ကဋ္ဌ ဖြစ်ခဲ့ရင်လည်း သူတို့လိုပဲ လုပ်မိဦးမလား မသိ။ ။
မောင်ထီး တောင်ကြီး
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...