Tuesday, June 16, 2015

ချွေးကျွန်နဲ့ ကြွေးကျွန်


ကျွန်တော်က ဆိုရှယ်လစ်ခေတ် ခေါ် မဆလခေတ်ကိုမီတော့ အဲဒီခေတ်ရဲ့ ဆိုးရွားမှုတွေကို ကောင်းကောင်း သိပါတယ်။ ရပ်ကွက်ထဲမှာကလည်း ပါတီမ၀င်၊ အဖွဲ့အစည်းမ၀င် အေးအေးပဲနေတော့ စည်းအပြင်ကလူလို ပြဿနာကောင်ဖြစ်နေရတော့တာပဲ။
မဆလခေတ်က ကျွန်တော်တို့ ပဲခူးမှာ ကန်တစ်ရာတွေ ခြံတစ်ရာတွေ ခေတ်စားသွားတာ မှတ်မိကြဦးမှာပေါ့။ အဲဒီခေတ်မှာ ချွေးတပ်အဆွဲခံရတဲ့အထဲ ကျွန်တော် ထိပ်ဆုံးကပါတယ်။ ကန်တစ်ရာစီမံကိန်း တစ်အိမ်ကို မြေသုံးကျင်းတူးရမည်။ မတူးပါက "မိမိတာဝန်" တဲ့ဗျာ။ အဲဒီခေတ်က မိမိတာဝန်ဆိုတာ ဆိုရှယ်လစ်ခေတ် ခြိမ်းခြောက်မှုပေါ့။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ဖျက်ဆီးတယ်ဆိုတဲ့ ပုဒ်မနဲ့လည်း သောက်မြင်ကပ်ပုဒ်မတပ်ပြီး ဖမ်းထည့်တာတွေရှိနေတော့ လုပ်အားပေးဆိုရင် လိုက်ရတော့တာပဲဗျ။

မဆလခေတ်ကလည်း သမ၀ါယမဆိုပြီး "သားဝမယားဝ" လုပ်သွားကြတဲ့ အထဲမှာ အဲဒီ ကန်တစ်ရာ၊ ခြံတစ်ရာ စီမံကိန်းတွေဟာ အထင်ရှားဆုံး ပြည်သူကို ဖိနှိပ်ပြီး အနိုင်ကျင့်သွားတဲ့ သမ၀ါယမ စီမံကိန်းကြီးတစ်ခုပေါ့ဗျာ။
ကန်တစ်ရာစီမံကိန်းအတွက် ပြည်သူတွေကို တစ်အိမ် သုံးကျင်းမြေတူးရမယ်ဆိုတာ ၁၀ ပေ ပတ်လည် အကျယ်၊ တစ်ကျင်းကို တစ်ပေဆိုတော့ အနက် သုံးပေတူးပေးရတာ။ တူးပေးရုံသက်သက် မဟုတ်ဘူး။ တူးထားတဲ့ မြေကြီးတွေကို ကန်ဘောင်ပေါ်ထမ်းပြီး ပို့ပေးရသေးတယ်။ ကျွန်တော်အဲဒီခေတ်မှာ အနက် သုံးပေ အကျယ်ပတ်လည် ၁၀ ပေကျင်းကို တူးရုံမက တောင်းလေးနဲ့ရွက်ပြီး ကန်ဘောင်ပေါ်ထမ်းတင်ပေးခဲ့ရပါ တယ်ဗျာ။
လုပ်အား မပေးနိုင်ရင်ဘာလုပ်လို့ရသလဲဆိုတော့ တစ်ကျင်း ၂၀၀၀ ကျပ်နဲ့ သုံးကျင်း ၆၀၀၀ ကျပ် ရပ်ကွက် ထဲက အလုပ်ခေါင်းလူကြီး ဂက်စ်တာပိုကို ပေးလိုက်ရင်ရတယ်။ အဲဒီခေတ်က ငွေ ၆၀၀၀ ဆိုတာနည်းတာ မှတ်လို့။ ဖယ်မလီယာကားတစ်စီးမှ ၂၀၀၀၀ ကျပ်လောက်ပဲရှိတာ စဉ်းစားသာကြည့်ပေါ့။
ပဲခူးပတ်လည် ကန်တစ်ရာတွေလုပ်လိုက်၊ ခြံတစ်ရာတွေ အကောင်အထည်ဖော်လိုက် ပြည်သူတွေ ဘယ်သူမှ အဲဒီအကျိုးတရားကို ခံစားကြရတာ မဟုတ်ပါဘူး။ သူတို့လူတစ်စုကောင်းစားဖို့အတွက် ပြည်သူလူထုက ချွေးနဲ့ ရင်းပြီး ပေးဆပ်ခဲ့ကြရတာပါ။ နောက်ဆုံး အဲဒီစီမံချက်တွေကြောင့် တိုက်ဆောက်၊ ကားစီးသွားတဲ့ ပါတီထွက်၊ ဘောင်းဘီချွတ်တွေ အများကြီးကြားမှာ ပြည်သူတွေက သူတို့ ဘာတစ်ခုမှ မခံစားရပဲ ချွေးပေါင်းများစွာကို ကန်ပေါင်း ၁၀၀ ထဲကို ညှစ်ချခဲ့ရပါတယ်။
ခေတ်က ကွာသွားပါပြီဗျာ။ မဆလခေတ်နဲ့ ဒီမိုကရေစီခေတ်ပေါ့။ ဒီမိုကရေစီဆိုတော့ မဆလခေတ်ကလို အတင်းအဓမ္မ ချွေးတပ်ဆွဲတာတွေပေါ်ပေါ်ထင်ထင်တော့ မလုပ်တော့ဘူးပေါ့ဗျာ။ လူ့အခွင့်အရေးဆိုတာတွေက ကျယ်ကျယ်လောင်လောင်ဖြစ်လာတာကိုး။
တစ်နေ့ ကျွန်တော့်ကို လူငယ်တစ်ဦးက ဆိုရှယ်လစ်ခေတ်နဲ့ ဒီမိုကရေစီခေတ် ဘာကွာသွားသလဲလို့ မေးလာပါတယ်။ သူက တကယ်သိချင်လို့ မေးတာဆိုတော့လည်း ကျွန်တော်ကို တိုတိုပြတ်ပြတ်ပဲ ဖြေလိုက်မိ ပါတယ်။
"ဆိုရှယ်လစ်ခေတ်က ပြည်သူတွေက ချွေးနဲ့ ပေးဆပ်နေကြရလို့ ချွေးကျွန်၊ ဒီမိုကရေစီခေတ်ကျတော့ ပြည်သူတွေက သူတို့မသိလိုက်တဲ့ အကြွေးတွေနဲ့ ကျွန်ဖြစ်ကြရတာကြောင့် ကြွေးကျွန် ဒါပဲကွာတယ်" လို့ ပြော လိုက်မိပါတယ်။
၁၅.၆.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...