Sunday, May 24, 2015

ဇော်ထွန်း (သို့မဟုတ်) ယုံကြည်ချက် ကြယ်စင် (၄) (၅) နဲ့ နိဂုံး.. (၆)

အပိုင်း (၄)

ဝတောင်ပိုင်း ဌာနချုပ်က ဆမ်လိုရောင်း ၃၆၁ တောင်ကုန်း နဲ့ သူ့ နား တ၀ိုက်မှာ တည်ထားတာ၊ အဆောက်အဦ အတော်အများများက အသစ်တွေလိုတွေ့ရသမို့ ဒီစခန်းသက်တမ်းက အလွန်ဆုံး ရှိလှ တနှစ်လောက်ပဲ ရှိဦးမယ့်ပုံပါ။ဒီရေဒီမြေက အပင်တွေ က ကျနော်တို့နေဘူးတဲ့ မြန်မာပြည် တောင်ပိုင်းက မိုးရေများများနဲ့စိမ်းရင့်နေတဲ့ မုတ်သုန်တော က အပင်တွေ နဲ့ မတူပေမယ့် စိမ်းနုတခါ ရင့်ချီတလှည့် တောတွေ၊တောင်တွေ က တော့ မီးခိုးပြာရောင်မှိုင်းဝေတဲ့ တောင်ခိုး တွေကို ရှေ့ကထားရင်း လှိုင်းတွေ လှိုင်းတွေ ဆင့်ကာ ဆင့်ကာ ပြေးလာသလို ပြေးလာနေကြတာ ကတော့ တူမြဲ တူဆဲပါ။

တောင်နိမ့်၊ တောင်လတ်၊တောင်မြင့် ၊ အဲဒီ တောင်တွေ တောင်တွေ အပေါ်မှာ တောင်ထိပ်တွေ ကို ပြန့်သွားအောင် တိကနဲ့ဖြတ်ချထားပြီး ရဲဘော်တွေ အတွက် ဘားတိုက်တွေ၊ ကလေးတွေ အတွက် စာသင်ကျောင်း၊
ဆရာ၊ဆရာမတွေ အတွက် အဆောင်၊ အခမ်းအနားတွေ လုပ်လို့ ရအောင် ကျယ်တဲ့ ခန်းမ၊ အရာရှိရိပ်သာ၊ ဆက်သွယ်ရေးဌာန ၊ ဈေးဆိုင်၊ ခေါင်းဆောင် ကေဒါ တချို့ ရဲ့ အိမ်တွေ၊ လက်လုပ်ဗုံးနဲ့ မိုင်းထုတ်တဲ့စက်ရုံ၊ ကျနော်တို့ အလုပ်လုပ်ရမယ့် ဆေးရုံ စတဲ့စတဲ့ အဆောက်အဦ တွေ က တောင်ထိပ် တွေပေါ်မှာအစီအရီ တင်ထားသလိုပါ။ ကျနော်တို့ အလုပ်လုပ်ရမယ့် ဆေးရုံကတော့ ဘေးနံ တလျောက် မြင့်တဲ့တောင်တွေ က အလုံခြုံဆုံး ကာ ထားပေးသလို၊ လူတွေလည်း အလွယ်ဆုံးလည်း လာနိုင်ဖို့  တောင်နိမ့်နိမ့် လေး တခုပေါ်မှာပါ။


တောထဲစခန်း ဆိုတော့အဆောက်အဦ တွေက ပျဉ်ခင်း၊ပျဉ်ကာ၊သွပ်မိုး တတ်နိုင်တဲ့ အဆောက်အဦ တွေ လည်းပါပေမယ့် ၀ါး(သဲပွတ်)ကို ခင်းလည်းခင်း၊ ကာလည်းကာ၊ သက်ကယ်မိုးပြီး ဆောက်ထားတဲ့ အဆောင်တွေ က အများစု ပါ။ နောက်ပိုင်းမှသိလာ ရတဲ့ ဟို တောင်ကုန်း တလုံး ပေါ် က ဘန်ဂလိုပုံစံ တိုက်လေးတလုံးမှာတော့ ဒီ ၀တောင်ပိုင်းဌာနချုပ် ရဲ့ အကြီးအကဲ တာဆမ်ချင်း  နဲ့ သူ့ဇနီးနေသတဲ့။

ရက်ပိုင်း အတွင်းမှာပဲတပ်ရင်းမှူး ကိုညီပလု (သူက ၀ရိုးရာ အစဉ်အလာ ခေါင်းဆောင်မျိုးနွယ် ထဲက တယောက်) ၊ တခါစစ်ကိုင်း ရွာသစ်ကြီး တိုင်းရင်းသား သိပ္ပံ ကျောင်းဆင်း ကိုအိုက်သောင်း တို့ ကိုဆမ်လော့တို့အပါအ၀င် နိုင်ငံရေးဌာနဘက်၊ စီမံခန့်ခွဲရေး ဌာနဘက်က ရဲဘော်ကြီးတွေ၊ ဆေးရုံက ဆေးဝန်ထမ်းတွေရဲဘော်တွေ နဲ့ ဇော်ထွန်း တို့ ဆရာတို့ မိတ်ဆက် ပေးရာက တဆင့် ခင်မင်သွားကြပါပြီ။ ၀ရဲဘော်တွေ အများစု က ဗမာ စကား မတတ် ကြပေမယ့် တတ်တဲ့ သူတိုင်း က ကျနော် တို့ နဲ့ စကားဖွဲ့ ကြ၊မိတ်ဆက်ကြ နဲ့ နေရာသစ် တခု က ရဲဘော်တွေ ရဲ့ နွေးထွေးမှု ကြောင့် အချိန်တိုလေး တခုအတွင်းမှာပဲကျနော်တို့ ဟာ လူစိမ်းတွေ မဟုတ်ကြ တော့။

ဆေးရုံက တော့ လူနာ၄၀ လောက် ဆန့်တယ် (တခါတလေ လည်း တိုက်ပွဲ သံညံလို့ လူနာ များတဲ့အခါ ၆၀ - ၇၀  လောက်လည်း ၀င်သွားတာ ပါပဲ)။ သူလည်း ၀ါး သဲပွတ်ကာ၊ သက်ကယ်မိုး ပေါ့။  ဒဏ်ရာရတဲ့ သူတွေ အတွက်ခွဲတာစိတ်တာ အနည်းအပါး လုပ်နိုင်အောင် တော့ ပျဉ်ခင်း ပျဉ်ကာ အဆောင်လေး တခုတော့ ရှိရဲ့။ဇော်ထွန်း က ဆေးရုံ လုပ်ငန်း လည်ပတ်ပုံ အနေအထား တွေ မိတ်ဆက်ပေးရင်း ဒီ အခန်းလေး ထဲမှာပဲ သူ ဆရာပါကျင် နဲ့အတူ မိုင်းထိ တဲ့ လူနာ တယောက် ခြေထောက် ဖြတ်ပြီး ကုသ ပေးဘူးတဲ့အကြောင်းပြန်ပြောပြတော့ စိတ်လှုပ်ရှားမိ၊ အားကျမိခဲ့ပေါ့။ ဆရာ ဒေါက်တာ ပါကျင် က ကျနော်တို့ ရောက်ရောက်ချင်းပြန်မသွားသေးပါဘူး။ အခြေအနေ တွေ မိတ်ဆက်ပေးရင်း သီတင်း ၂ ပတ် လောက် နေပေးပါတယ်။ သူ့အတွက်အပြန်စီစဉ် တာလည်း စောင့်ရင်းပေါ့။ တိုက်ပွဲ ဒဏ်ရာတွေ ကုပေးတာ၊ အနာကို သန့်ရှင်းအောင်ဆေးကြောရမှာ အတော်အသုံးဝင်တဲ့ Nerve Block (အာရုံကြောတွေ ကို ထုံဆေးသုံးပြီး ပိတ်တဲ့နည်း) လုပ်နည်းတွေ ဆရာသင်ပြပေးလို့ ကျနော်တို့ အတော်ရ လိုက်ကြတယ်။ သူ စကားလုံး တလုံးမှမသုံးပဲ ကျနော်တို့ကို သင်ပေး သွားတာကတော့ သူ့ရဲ့ နှိမ့်ချတတ်တဲ့၊ ကြီးငယ် မဟူ တလေးတစားပြောတတ်တဲ့ သူ့ရဲ့ အမူအကျင့်တွေပါ။
………….

အပိုင်း (၅)
ဆေးရုံ နဲ့ ဆမ်လိုရောင်း တောင်တန်း မှာ ကျနော်တို့ရဲ့နေ့ရက်တွေ ဟာ  သတင်း အသစ်၊ အဖြစ် အသစ် တွေ နဲ့ပျော်ဝင် နေကျ ဆိုတော့ ကျနော်တို့အဖို့ဒီ ဝန်းကျင် ကို နှစ်ခြိုက်စွာနဲ့ ခုံမင်လို့ပါ။

အလုပ်ခွင် ဖြစ်တဲ့ ဆေးရုံကိုပဲကြည့် ဆေးကုရတာ၊ ဒဏ်ရာရ လူနာတွေကိုတော့ အနာ သန့်ရှင်းရေးနဲ့ ဆေးထည့်တာတွေက ကျနော်တို့ အဓိက အလုပ်တွေ။ ဇော်ထွန်းနဲ့ ကိုထွန်းခင်က တခြား ၀ ဆေးရဲဘော် တွေ နဲ့အတူ တဖွဲ့ ကို ဦးဆောင်လုပ်။ ကျနော်၊ ကိုပိန် နဲ့ တခြားဆေးရဲဘော်တွေ က တဖွဲ့ ပေါ့။ ကျနော် တို့ အဲဒီလို အဖွဲ့ခွဲ ပြီး အဆိုင်းခွဲလို့ လုပ်ကြတယ်။ဆေးရုံရောက်လာတဲ့ လူနာ အများစု က ငှက်ဖျားရောဂါ၊ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်တဲ့ပြဿနာ၊ သန့်ရှင်းမှုချို့တဲ့လို့ ဖြစ်လာတဲ့ အရေပြားဆိုင်ရာ ရောဂါတွေဖြစ်တာ ပဲများပါတယ်။ဒီ စခန်းမှာ ရဲဘော် တွေ ရဲ့  အိမ်ထောင်သည် မိသားစုတွေကလည်း အနည်းအပါးသာ၊ အနီးအနား ရွာနီးချုပ်စပ်ဆိုလို့လည်း သိပ်မရှိတော့ ဆေးရုံလာတဲ့ လူနာတွေက ရဲဘော်လူနာ တွေပါပဲ။ နေ့တ၀က် ခရီးအကွာလောက်က တောင်ကုန်းတွေ မှာ တိုက်ပွဲတွေ ဖြစ်ပြီဆိုရင်တော့ ဒဏ်ရာရ လူနာတွေ ပုံကျ လာတတ်သပေါ့။ဆေးရုံလေး က လူဟောင်းတွေ ဆင်းလို့ နည်းသွားလိုက် လူသစ်တွေ တက်လာလို့ များလာလိုက် နဲ့မို့ ဆေးရုံလေး က ဖောင်းသွားလိုက် ပိန်သွားလိုက် နဲ့ သူ့စည်းချက် သူ့သံစဉ် နဲ့ပါ။

နွေကုန်လို့ မိုးကြိုတဲ့ ရာသီ မှာ ၁၉၉၀ မေလ ရွေးကောက်ပွဲသတင်းက ကျနော် တို့ အတွက် ရင်ခုန် စိတ်ဝင်စားစရာ။ ဒါပေမယ့် ဒီ တောင်တန်းပေါ်မှာ တော့ဒီသတင်း ကို စိတ်ဝင်စား သူက ကျနော် တို့ ၄ ယောက် အပြင် နောက်ထပ် ရေကြည့်လို့ လက်ဆယ်ချောင်းပြည့်ရုံလောက် အရေအတွက် ရှိတဲ့ တပ်မှူး တချို့ ၊ ကေဒါ တချို့ လောက်သာ။ တနေ့ တော့ ကျနော်တို့ တွေ ဘာသာပြန်ကတဆင့် ဆေးရုံတက် နေတဲ့ ဝ ရဲဘော် တချို့ ကို အင်တာဗျူး ကြည့်ကြတယ်။ဒေါ်အောင်ဆန်းစုကြည် ကို သိသလား၊ အခု ရွေးကောက်ပွဲ လုပ်နေတာ သိသလား ပေါ့၊ ကျနော် တို့မေးမိသလောက် သိတဲ့သူ တယောက်မှ မတွေ့ ရ။ ဒါကလည်း ကျနော် တို့ အတွက် စိတ်ဝင်စား စရာ အံ့သြစရာသတင်းတခု လေ။ သတင်းစာမရှိ၊ ရေဒီယိုမရှိ၊အဲဒါတွေ ရှိရင်လည်း ဘာသာစကား က အခက်အခဲ။ ဒီတော့ သူတို့အတွက် အဓိက သတင်း အချက်အလက် စီးဆင်းရာလမ်းကြောင်း က တဆင့်စကား တဆင့်နား ပဲဆိုတော့ မြန်မာပြည် အတွင်း မှီတင်း နေထိုင်ကြသူများ ဆိုပေမယ့် သတင်းတခု သူတို့ဆီရောက်ဖို့ ဖြတ်ရမယ့် အကန့် အကန့် တွေ က အများ သား။

ညရောက်လာရင် ရေနံဆီမီးအိမ် ထွန်းလို့ ၊ ရေဒီယိုလေးနားထောင်လို့၊ရှိနေတဲ့ စာအုပ်တွေ က လည်း ဆေးစာအုပ်တွေရယ် ပဲဆိုတော့ အဲဒါတွေပဲ ဖတ်နေကြလို့ ပေါ့။ညတိုင်း ညတိုင်း ကို ဒါတွေ နဲ့ ပဲကြိုရမယ် ဆိုရင် ကိုယ်တွေဆီ အရောက်လှမ်း လာတဲ့ ချမ်းမြမြ ညလေး သူ ပျင်းရှာမှာပေါ့။ အဲလို  အေးဆေး လေးပင်တာတွေနဲ့ ထပ်တလဲလဲနဲ့  ချုပ်ညရီ ကို မကြိုချင် ကြတော့။ (ကက်ဆက် မရှိ၊ သီချင်းမရှိ၊အဲဒီ ခေတ် က အွန်လိုင်းတို့ အမ်ပီ သရီး တို့ အိုင်ပေါ့ တို့ ဆိုတာတွေက စကားလုံး အနေနဲ့တောင် မပေါ်သေး၊ ၄ ယောက်လုံး က လည်း လေတောင် ဖြောင့်အောင် မချွန်နိုင်တဲ့ ကောင်တွေချည်း)ဒီတော့ ကျနော်ရယ် ကိုပိန်ရယ် ကတော့ တောင်ကုန်းထိပ် က ဈေးဆိုင်လေးမှာ ရတတ်တဲ့ ရှမ်းတောအရက်ပဲ ဖြစ်ဖြစ်၊ ထိုင်းတော အရက် ပဲဖြစ်ဖြစ် မှီဝဲလို့ ညတချို့ ကို ရီဝေေ၀နဲ့ အကြို ထောက်ကြတယ်။ကိုထွန်းခင် နဲ့ ဇော်ထွန်း တို့ ၂ယောက်သား ဒိုင်ယာလက်တစ် ၊ ဒိုင်ယာလက်တစ် နဲ့ လရောင်အောက်မှာ တခါတခါ ခေါင်းချင်းရိုက် နေကျ တာ ကို ကျနော် တို့ က ၀င်သောရင်း စလိုက် နောက်လိုက်နဲ့ ကျနော် တို့ ၄ ယောက်သား ရဲ့  ရှမ်း တောင်တန်း က ည တွေ က ကြည်လို့ စင်လို့ ပါ။ တိုင်းရင်းသားလူမျိုးစုံ တို့ စစ်ဖိနပ်အောက် ကလွတ်မြောက်ပြီး ဒီမိုကရေစီ ရပြီဆိုပါတော့။ တိုင်းရင်းသားတွေဗမာ တိုင်းရင်းသား တွေ နဲ့ အတူ ညီမျှစွာ တန်းတူရေး ရပြီဆိုပါတော့။ အနာဂတ် ဒီမိုကရက်တစ်ပြည်ထောင်စု မြန်မာနိုင်ငံ ပုံရိပ် ကျနော် တို့ တခါတခါ မှန်းဆ တွေးကြည့် ကြသည်။ လူဆင်းရဲတို့က ဆင်းရဲမြဲဆင်းရဲ နေကြမယ့် မြန်မာ့ လူ့ဘောင် ကို ကျနော်တို့ မလိုလားကြ၊ ဆင်းရဲသူကအရမ်းနိမ့်ကျ ဆင်းရဲ၊ ချမ်းသာ တဲ့ သူက ထားစရာ မရှိအောင် ချမ်းသာ နေသော ကွာဟမှု ကြီးမားသည့်မြန်မာပြည်ကို ကျနော်တို့ မမြင်လိုကြ။ နိုင်ငံရဲ့ ဓန ခွဲဝေ ခံစားရနိုင်မှု က မျှတဖို့မလိုဘူးလား။ လူတိုင်းအားလုံး ရသင့်တဲ့ အခွင့်အလမ်း တွေဖြစ်တဲ့ ပညာရေး အခွင့် အလမ်း၊ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီနိုင်တဲ့ အခွင့်အလမ်း တို့ က နိုင်ငံသား အားလုံးအတွက်အညီအမျှ ရှိရမည်သာ။ ကျနော်တို့အတွေးများ က လက်ဝဲနဲ့ နီးသလား။ ဆိုရှယ် ဒီမိုကရက် တွေလား၊လက်ဝဲယိမ်း ဗဟို ၀ါဒီတွေ လား။ကိုယ့်ကိုကိုယ် တခါမှ မဆန်းစစ်ကြသလို၊ သူက ဘာအရောင် နဲ့ လဲ ဆိုတာ သိပ်ခွဲမကြည့်၊ ကြည့်စရာလည်းမလိုလို့ ကျနော်တို့ မြင်ကြသည်သာ။ ဒီမိုကရေစီရေး အမျိုးသားရေး တိုက်ပွဲဝင်ရဲဘော်တိုင်းကိုကိုယ်က အလေးထားချစ်ခင် ကြသလို သူတို့ ကလည်း အလားတူ တုန့်ပြန် မှာ မလွဲ လို့ပင် မြင်ခဲ့ကြသည်သာ။ပန်းတိုင်းပွင့်နိုင်တဲ့ အချိန်အခါမှသာ သူလည်း သူယုံကြည်တဲ့ ပါတီဝင်၊ ဒါမှမဟုတ် သူ့ပါတီသူထောင်ပေါ့။ အဲ…နိုင်ငံရေး ထဲ ခြေစုံပစ်လို့ အပြတ် ၀င်ကြ တော့မှာ လားဆိုတော့ လဲ..တကယ်တမ်း ကြတော့ အဲဒီအရွယ်က ရေရာ ပိုင်းဖြတ်ကြ သေးတာ မဟုတ်။  ၉၀ ခုနှစ် ရွေးကောက်ပွဲ ကလည်း အောင်ပွဲရနေပြီ။ အခုနေများNLD အစိုးရ ဖွဲ့နိုင်လို့ ဒီမိုကရေစီ ရေး၊ တိုင်းရင်းသားရေးတွေ အတွက် မျှော်လင့်နိုင်ပြီဆိုရင် ကျနော်တို့ အားလုံးရဲ့ ရှေ့လုပ်ငန်းစဉ် အတွေးက ကျောင်းပြန်တက် ရေး ပင်။

ဟိုနေ့ က အဖြစ်မျိုးဆိုရင်လည်းငါတို့ ဆရာဝန်ဖြစ်တဲ့အထိ ပညာဆုံးခန်းတိုင်ခဲ့ကြရင် ပိုကောင်း မှာ လို့ ၂ ယောက်သား တွေးမိကြသေး။အဲဒီနေ့ က ညနေခင်း အိမ်ထောင်သည်တွေ လည်း ရှိတတ်တဲ့ တောင်ကုန်းတွေ ဘက် ကျနော်တို့ အုပ်စုလမ်းအလျှောက်လာ အမျိုးသား တယောက် ကလိုက်ခေါ်ပါတယ်။ ကျနော် တို့ လည်း သူပြောတာ အကုန်နားမလည်ပေမယ့်အရေးတကြီး လာခေါ်နေတာ ရိပ်မိလို့ သူနဲ့ အတူလိုက်သွားတော့၊ သူ့အိမ်ကိုရောက်၊ အဲဒီမှာသူ့အမျိုးသမီးက ကလေးမွေးပြီးပြီးချင်း သွေးတွေ ဆင်းနေတာ တွေ့လိုက်ရတော့တာပါပဲ။ သွေးဆင်းတာကို ကျနော်တို့ပထမဆုံး မြင်ဘူးခြင်းပါပဲ။ ရေပိုက်ထဲက ရေတွေ ထွက်ကျလာသလို သွေးရောင် လွှမ်းနေတဲ့ အရည်တွေက သူ့သားအိမ်ထဲကနေ တဝေါဝေါ စီးထွက်နေတာပါ။ အမျိုးသမီးငယ် ဟာ မျက်ဖြူတောင် လန်နေပါပြီ။လက်တွေ အေးစက်၊ သွေးခုန်နှုန်း က ဖျော့ဖျော့ပဲစမ်းလို့ရနဲ့။ ကျနော် တို့ ကမန်းကတန်းပဲ ရတဲ့အ၀တ်တွေ နဲ့ သွေးဆင်းတဲ့နေရာ ဆို့ထား၊ သွေးလိုပြီဆိုတာ အချက်ပြနေတော့ ကိုပိန်က အိုသွေး၊ သူ ကလည်း ပေးဖို့ အဆင်သင့်။ ကိုထွန်းခင် က သွေးမခဲ ဆေးရည်ထည့်ထားတဲ့ အိတ်တွေ၊ဆေလိုင်း ဘူးတွေ ဆေးရုံ ကိုပြန်ပြေးယူနဲ့၊ ကျနော်တို့ စိတ်လှုပ်လှုပ်ရှားရှား နဲ့ ချွေးတွေတောင်ပျံမိကြသေးတော့။ ကိုပိန့် သွေးတအိတ် သွင်း ပြီးတဲ့နောက်မှာတော့ သွေးဆင်းတာလည်း မဆိုစလောက်လေးဖြစ်သွား သလို၊ လူနာလည်း သွေးခုန်နှုန်း ပြန်တက်လာပါပြီ။ တကယ့်ဆေးရုံတွေမှာ ဆိုရင်တော့သွေးဆင်းလာစေခဲ့တဲ့ အကြောင်းရင်းက သူ့သားအိမ်ထဲ အချင်းစ ကပ်ကျန်နေသလား စမ်းသတ်ပြီး၊အဲဒီအချင်းစတွေ ခွာခြစ်ထုတ်ရမှာပါ၊ ကျနော်တို့ အဲဒီလောက် မလုပ်နိုင်ကြ၊ သွေးဆက်မဆင်းဖို့သာ ဆုတောင်းရင်း စောင့်ကြနဲ့။ မိန်းကလေးငယ် က အသက် ၂၀ တောင် မပြည့်သေးပုံပါ။ သူ ကံကောင်းပါတယ်။မနက် ကျတော့ သွေးမဆင်းတော့သလို အတော်လန်း လာနေပါပြီ။ သူ့ကလေးကို ရင်ခွင်ထဲ ပွေ့ နို့တိုက်ရင်းကျနော် တို့ကို လှမ်းကြည့်ကာ ပြုံးပြတဲ့အပြုံး ကို ကျနော်တို့ အားလုံး မမေ့နိုင်ကြတော့။

တခါတလေတော့ လည်း ကျနော်တို့၂ ယောက် ကျောင်းတုန်း က အကြောင်းတွေ ရောက်တတ် ရာရာ ပြောရင်း တခါက ဇော်ထွန်းပြောတာ မှတ်မိနေသေးတော့။
…ငါ့ကွာ… ဘောလုံးကန်တော့လည်းဇော်ဟိန်း…ညီ….ဇော်ဟိန်း…ညီ…တဲ့။ နိုင်ငံရေး လုပ်တော့ လည်း…ဇော်မင်း..ညီ…ဇော်မင်း…ညီ..တဲ့…ဟားဟ….
သူ့အကို လူထက် လူကျော်တွေ အကြား သူ့ဘာသာသူ ဇော်ထွန်း ပုံ ဇော်ထွန်း ဟန် နဲ့ ဇော်ထွန်း ပဲ ဆိုတာ ဖြစ်ချင်တဲ့သူက…သူ့အပေါ်အဲလိုပဲ မြင်တဲ့ လူတွေကို သရော်ချင်တဲ့အပြုံးနဲ့။ သူ့ အကို ကိုဇော်ဟိန်း က ဆေး ၂ လက်ရွေးစင်ဘောလုံးသမား၊ သူ့ အကို ဒေါက်တာ ဇော်မင်း က န၀တ ထုတ် သူတို့ ရန်သူတော် စာရင်း စာအုပ်(အနီ)ထဲမှာ ပါသူ တယောက်။

ကျောင်းတုန်းက သူငယ်ချင်းတွေကြားနောက်တတ် ပြောင်တတ်တဲ့ ဇော်ထွန်း တယောက် တောထဲတောင်ထဲ တော်လှန်ရေး နယ်ထဲမှာတော့ အဲဒါတွေကို မေ့ထားရပုံပါ။ ဒါပေမယ့် တခါမှာတော့……. အချိန် က ရွေးကောက်ပွဲမှာ NLD တောင်ပြိုကမ်းပြိုအနိုင်ရထားပြီ လို့ ကြေညာထားပြီ၊ ကျနော်တို့လည်း ပြည်တွင်း နိုင်ငံရေး ဘာတွေများ ဖြစ်လာမလဲလို့ နားတစွင့်စွင့် ဖြစ်နေတဲ့အချိန်၊ အဲဒီနေ့က ကျနော်ရယ် ကိုပိန်ရယ် လူနာတွေ ဆေးထည့်အလှည့်မို့ ည ၈နာရီ ကျော်လောက် ဆေးထည့်နေတဲ့အချိန် ဇော်ထွန်းရယ်၊ ကိုထွန်းခင်ရယ် ရေဒီယိုကိုင်ပြီး ဆေးခန်းထဲပြေးဝင်လာပါရော၊ ၂ယောက်လုံး တပြုံးပြုံးနဲ့၊ ဇော်ထွန်းက ….ဟေ့ရောင်တွေဟေ့ရောင်တွေ ဒေါ်စု လွတ်ပြီ ကွ…. ဒီမှာ သူ့မိန့်ခွန်း လာနေတယ်..လို့ဆိုပြီး ကျနော်တို့ကြားလောက်အောင် ရေဒီယို ကိုလည်း အသံချဲ့ပေး နဲ့၊ ဟုတ်ပါတယ်၊ ဒေါ်စုရဲ့ အသံ ကြည်ကြည်လင်လင် နဲ့ ကြားလိုက်ရပါပြီ။ ကျနော် တို့ ၂ယောက်လည်း ဝေး ကနဲ ထအော်၊ ကျနော်တို့ ဆေးထည့်ပေးနေတဲ့ ကုတင်ပေါ်က လူနာက ကျနော် တို့ ဘာဖြစ်မှန်းမသိ တအံတသြ ဖြစ်နေတုန်း ကိုပိန် က ….ဒေါ်စုလွတ်လာပြီဗျ၊ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား သိလား၊ သူလွတ်လာပြီဗျ နဲ့ ပျော်တပြုံးပြုံးပြော….လူနာက ဘာမှ နားမလည်နိုင်သလို ပြန်ကြည့်နဲ့၊ အဲဒီမှာ ဇော်ထွန်း က…. အေး အဲဒါ ငါတို့လာပြောတာ….ဆိုပြီး ဒေါ်စု မိန့်ခွန်း အသံမဆုံးခင် အခန်းထဲက သူတို့ ပြန်ထွက်သွားပါရော။ ကျနော်လည်း အဲဒီမှာ ဇော်ထွန်း က နောက်တတ်တဲ့သူ၊ ဒေါ်စု အခုန ပြောတဲ့ ရေဒီယိုမှာ ပြောတဲ့ စကားမျိုး ကလည်း အရင်က ကြားဘူးနေသလို ဆိုပြီး နဲနဲ တော့ ဖြတ်ကနဲ တွေးမိသေးတယ်။ ဒါပေမယ့်ကျနော့် ရင်ထဲက တစုံတရာ က ဘာကြောင့်မှန်းမသိ အဲဒီ မသင်္ကာစိတ် ကို ချက်ချင်း ဖယ်ချပြီးအဲဒီ သတင်းကို အကြွင်းမဲ့ ကို ယုံပစ် လိုက်တော့တယ်။ ဒေါ်စုလွတ်လာပြီ၊ ဒေါ်စုလွတ်ပြီ၊ဒေါ်စုလွတ်ပြီ၊ ဒေါ်စုလွတ်ပြီ၊ ဒေါ်စုလွတ်ပြီ၊ ဒေါ်စုလွတ်ပြီ၊ ဒေါ်စုလွတ်ပြီ………………………..

ဒေါ်စုလွတ်မြောက်တာဟာ နိုင်ငံရေးအခြေအနေ ကောင်း လာတာ၊ များပြားလှတဲ့မြန်မာပြည် ပြဿနာတွေ ရှင်းနိုင်တော့ဖို့ ဖြစ်လာတော့မှာ၊ ကျနော်တို့ အိမ်ပြန်နိုင်ဖို့နီးလာတာတွေ ဟာ တဆက်တစပ်တည်း မဟုတ်ပါလား။ ကျနော်တို့ ၂ယောက်လည်း အလုပ်တွေ ခပ်သွက်သွက်လက်စသတ်၊ အဆောင်ပြန်ရောက်တာနဲ့ ..တို့ တွေ ဒေါ်စု လွတ်လာတာ Celebrate လုပ် (အောင်ပွဲခံ) ရအောင်၊ အရက်နဲ့တော့မလုပ်ချင်ဘူးကွာ၊ ကော်ဖီမှုန့်ထုပ် တွေ မုန့်ထုပ်တွေ သွားဝယ်မယ်… ပြောရင်း၊ဆိုရင်း ကျနော်တို့၂ ယောက် က တောင်ကုန်းထိပ် က ဈေးဆိုင်ကို တက်၊ ဈေးသွားဝယ်နဲ့။ အဆောင်ပြန်ရောက်တော့လည်းကျနော်နဲ့ ကိုပိန် က ရေနွေးကြို၊ ကော်ဖီဖျော်ရင်း နိုင်ငံရေး က ဘာတွေ ဖြစ်လာတော့မယ်၊မှန်းဆ ပြောလိုက်၊ ပျော်လိုက်နဲ့၊  ၂ ယောက်လုံးကရန်ကင်း ကမို့ ရန်ကင်း လမ်းမ ကို ညနေအေးမှာ ဘယ်လိုအရသာခံပြီး လျှောက် လိုက်ဦးမယ် ပြောလိုက်နဲ့ တ၀ါးဝါး။ အဲသလို ကျနော် တို့ ဖြစ်နေပေမယ့် စားပွဲ ဟိုဘက် မှာ ထိုင်နေတဲ့ ဇော်ထွန်းတို့ ၂ ယောက်သား က ငြိမ်ကုပ်ပြီး မပျော်မရွှင်တဲ့ ပုံ ဖြစ်နေလို့၊ ကိုပိန် က ..မင်းတို့၂ ယောက် က ဘာဖြစ်နေတာလဲ မပြုံးမရွှင်နဲ့…. လို့ လှမ်းဆိုလိုက်တော့ ဇော်ထွန်း က …..ငါတို့တောင်းပန် ပါတယ်ကွာ၊ ဒေါ်စု မလွတ်ပါဘူး။ အခုန ရေဒီယို က လာတာ၊ သူ့မိန့်ခွန်း ဟောင်း၊မင်းတို့ ပျော်တာ မြင်တော့၊ ငါတို့ လည်း ဒီသတင်း အဟုတ်လိုပဲ သဘောထားပြီး အစ က လိုက်ပျော်ချင်တယ်။ ဒါပေမယ့် ခဏ ကြာတော့ တကယ့် အစစ် က အဲလိုမှ မဟုတ်တာဆိုပြီး အတော် စိတ်မကောင်းဖြစ်သွားတယ်ကွာ…. တဲ့။  ကိုထွန်းခင်ကလည်း….ခင်ဗျားတို့ အပျော်က ကျနော်တို့ ကိုတောင် လာရိုက်ခတ်ခဲ့တယ်။ ကျနော်တို့လည်း ခင်ဗျားတို့ပျော်သလို ပျော်ချင် လိုက်တာ။ တကယ်မဟုတ်တာကို သိနေတော့ စိတ်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းကို မသိ တော့ဘူး….တဲ့။ သူတို့ စကား အဆုံးမှာတော့ ၄ ယောက်လုံး စားပွဲ က ထ၊ ကိုယ့် ကုတင်မှာကိုယ်စီ လှဲချလိုက်ရင်း၊ တိတ်လို့ ဆိတ်လို့… ဘာသံမှ မထွက် နိုင်ကြတော့။

ကျနော် တို့ အဲဒီမနက် က အိပ်ယာထ နောက်ကျပေမယ့် ဒေါ်စု မလွတ်တာ၊ လွတ်တာ သိပ်အရေးမထားတဲ့ ဆမ်လိုရောင်းရဲ့ မနက် တွေ က တော့ ပုံမှန်အတိုင်း။

တခါတလေ တော့ လည်း ရှေ့တန်းမှာ အလုပ်ပါးလို့ ကိုညီပလုတို့၊ကိုအိုက်သောင်းတို့ ဆမ်လိုရောင်း စခန်း ပြန်ဆင်း လာကြတဲ့နေ့တွေ နဲ့ ဆုံရပါတယ်။ ၀ ဒေသလူထု ရဲ့ နိမ့်ကျလှတဲ့ ဘ၀ တွေ ကို တစေ့တစောင်း သိရ နိုင်တဲ့ သူတို့ နဲ့ စကားဝိုင်းတွေကိုကြုံရတဲ့ညတွေ၊ ကိုအိုက်သောင်း ရဲ့ ဟာသ ဇာတ်လမ်းတွေနဲ့ ဟဒယရွှင်ရတဲ့ ညတွေလည်းရှိခဲ့ကြ။ကြည့်လေ၊ သူပြောခဲ့တဲ့ ဇာတ်လမ်းတွေ ထဲက တပုဒ်.. တခါက သူတို့ စစ်ကိုင်းရွာသစ်ကြီး ကတိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုးရေး သိပ္ပံ မှာ(နောက်ဆုံးနှစ် ထင် တယ်) ဆရာမ က နောက်နေ့တွေ ကျရင်  ကျောင်းသူ ကျောင်းသားတွေ ရဲ့ တိုင်းရင်းသားတွေ အလိုက် ရိုးရာ ကလေးကစားနည်းတွေ ပြောပြရမယ်ပေါ့။ အဲဒါ ကိုအိုက်သောင်း ကိုလည်း ၀ရိုးရာကလေး ကစားနည်း က ဘာတွေရှိလဲ၊ တခု ပြင်ခဲ့ပေါ့လေ။ ကိုအိုက်သောင်း ကလည်း ပြင်သွားပါတယ်။သူ့အလှည့်လည်း ကျရော၊ ဝ မိန်းမလို ၀တ်ထားတဲ့ အရုပ်တရုပ်ရယ်၊ ဝ  ယောက်ကျားလို ၀တ်ထားတဲ့အရုပ်တရုပ် ရယ် ပြပြီး ..ကျနော် တို့ ၀ကလေး တွေ ကစားကြတာ ကတော့ ဒီလိုပါခင်ဗျ ….လို့ အစချီရင်း အရုပ်တွေ လည်းလှုပ်ရှားပြ၊ နှုတ်က လည်း ပြောရင်းပေါ့လေ။ … သူတို့ ၂ယောက် က သူငယ်ချင်း တွေ လို့ ကလေးတွေကစ အသိ အမှတ်ပြုလိုက်ပါတယ်တဲ့…၊ အဲဒါနဲ့ သူတို့ ၂ ယောက် အတူတူ သွား တဲ့ ပုံမျိုး ပေါ့လေ၊အဲလို ကလေးတွေ က အရုပ်တွေ နဲ့ ဆော့ကြတယ်တဲ့။ နောက် တော့ သူတို့ ၂ ယောက် ရင်းနှီးသွားကြပြီ ဆိုပြီး လက်ချင်းချိတ် လမ်းလျှောက်တာ၊ ပခုံးလေးဖက်ပြီး လမ်းလျှောက်တာမျိုး တွေလုပ်ပြီး ကလေးတွေ က ဆော့ကြ တယ် ပေါ့။ သူတို့ ချစ်သူ ဖြစ်သွားပြီဆိုတဲ့ သဘော ပေါ့လေ။နောက် တဆင့်ကျတော့၊ အဲဒီမှာ ခြုံပုတ်ပုံ လုပ်ထားတဲ့ အရုပ်ကလည်း ပါလာပြီ။ အဲဒီ ချစ်သူ၂ ယောက် ကို ခြုံပုတ်လေး နောက်မှာ ကလေးတွေ က သွားသွား ထားသတဲ့။ တခါ ထားလိုက် ခဏနေလိုက်၊တခါထားလိုက် ခဏ နေလိုက်၊ ကိုအိုက်သောင်း ရဲ့  ၀ ရိုးရာ ကလေးကစားနည်း ကတော့ ကြည့်နေတဲ့ကျောင်းသူ ကျောင်းသား တွေ လည်း  ရီတဲ့ အသံမထွက်အောင်အောင့်နေကြရသလို အတန်းထိပ် က ဆရာမ လည်း မျက်နှာက နီနီ လာပါပြီ။ ကိုအိုက်သောင်း ကတော့ဆရာမ ဘက် ကို လုံးဝ မကြည့်။ အဲ… ကလေးတွေ တတိယ အကြိမ် ခြုံပုတ် ထဲက အရုပ်တွေ ကို ထုတ်ပြီးတဲ့နောက်မှာတော့ ကလေးတွေ ဟာ မိန်းကလေး အရုပ်ရဲ့ ရှေ့ဖက် ကို အခုလို ပိတ်စလေးတွေ နဲ့ ပိုးပတ်ပေးရင်း…..အဲဒီမှာ ပဲ ဆရာမ က ….အိုက်သောင်း…. နင့် ၀ ကစားနည်း ကို အခုရပ်၊ အခုရပ်….လို့ ပြော။ကိုအိုက်သောင်း ကလည်း ခပ်တည်တည် နဲ့ ဆရာမ ခင်ဗျား … ကျနော်တို့ ၀ ကလေးတွေ ရဲ့ အခု ကစားနည်းက အဆုံးမရောက်သေးပါဘူး၊ သူ ကလေးမွေးပြီးမှာ ကစားနည်း က ပြီးမှာပါ၊ သူ ကလေးမွေးတဲ့အချိန်ခြုံပုတ် ထဲကို နောက်တခါ ကလေးတွေ က သွားထားကြရဦးမှာ ..လို့ ပြောနဲ့၊ လူကို တွေ့လိုက်ရကတည်းက မျက်နှာပြဲပြဲ ပျော်စရာရုပ်နဲ့ ဒီလူကြီး ရုပ်တည်ကြီး နဲ့ တကယ်လုပ်ခဲ့မယ် ဆိုတာကိုကျနော် တို့ တတွေ ပုံဖော်တွေးရင်း တဟားဟားနဲ့။ လူပျော်ကြီး၊ လူရွတ်ကြီး ကိုအိုက်သောင်းက ကျနော် တို့ ရဲ့ အချစ်တော် ရဲဘော်ကြီး တယောက်ဖြစ်ခဲ့ပေါ့။

….ရွာသစ်ကြီး ကကော ဘာတွေ သင်ပေးလဲဗျ….လို့ ကျနော် တို့မေးတုန်းက ..အေးဗျာ.. သူတို့ သင်ပေးတာတွေ က အပြင်မှာ ဖြစ်နေတာ တွေ နဲ့ တခြားစီ ဖြစ်ဖြစ်နေတော့ သူတို့ ဆီ သင်တန်း သွားတက်မှ ပဲ သူပုန် ဖြစ်ချစ်စိတ် က ပေါက်သွားတာ။ စစ်ကိုင်းရွာသစ်ကြီးဆင်းလာတဲ့ တိုင်းရင်းသား တွေ သူပုန်ဖြစ်သွားတာ များတယ်…. လို့ ကိုအိုက် က ဖြေပါတယ်။

ဝ တောင်ပိုင်း ဌာနချုပ် ဦးစီး တာဆမ်ချင်း က တရုတ်နွယ်ဖွား(သူ့ကို ဝေ ညီအကိုတွေ ထဲက ဝေဆူကန်း လို့လဲဆိုကြတယ်။ ကျနော်တို့ အဲဒီတုန်းက တွေ့ဘူးတဲ့သူ့ပုံ နဲ့ အခု အင်တာနက် မှာ သူ့နာမည် ရိုက်လိုက်ရင် ပေါ်လာတတ်တဲ့ ဝေဆူကန်း ပုံနဲ့တော့ကွက်တိ မတူ၊ သူဟာ နောက်ပိုင်း အမေရိကန် က သူ့ကိုဖမ်းပေးနိုင်ရင် ဒေါ်လာ ၂ သန်းတောင်ပေးတဲ့အထိ နာမည်ဆိုးနဲ့ ကျော်သူ တယောက်ဖြစ်သွားတယ်)။ သူနဲ့ လည်း စကားဝိုင်းဖွဲ့ ပြောဖို့ကြုံရတဲ့နေ့လည်းရှိဘူးတယ်။

ဖြစ်ပုံက ဒီလို၊ မနက်ခင်း စောစောဆို ကျနော်နဲ့ ကိုပိန်တို့ ၂ယောက် က အိပ်ကောင်းတုန်း ဇော်ထွန်း နဲ့  ကိုထွန်းခင် က ကျန်းမာရေး အတွက် ဆိုပြီးဘောင်းဘီတိုနဲ့  ဆေးရုံ အနီးတ၀ိုက် တောင်ဆင်း လမ်း အတိုင်း ထ ထ ပြေး၊ အဲဒီမှာ နာလန်ထစ လူနာတွေ ကလည်း သူတို့ နောက် က လိုက်လိုက်ပြေး၊ ရှေ့ က တိုင်သလို ….ဘယ်ညာ၊ ဘယ်ညာ၊ဘာလုပ်နေလဲ၊ လေ့ကျင့်နေ တယ်၊ ဘာလုပ်ဖို့ လဲ တိုက်ပွဲ ၀င်ဖို့ …. အတိုင်အဖောက် တွေ နဲ့၊လူနာရဲဘော် တွေ ကလည်း ပထမတော့ ၁ ယောက်စ ၂ ယောက်စ လိုက်ပြေးရာကနေ၊ တဖြည်းဖြည်း တရက်တရက် နဲ့ ၁၀ ယောက် ၁၅ ယောက် လောက် ဖြစ်လာတော့ ဆေးရုံ တ၀ိုက် မနက်ခင်း က လှုပ်လှုပ်ရှားရှားနဲ့ အသံတွေ ထွက် နေရော။ အဲဒီအချိန် ကလည်း တိုက်ပွဲကြီးတွေ ဖြစ်ပြီး လူနာတွေ ပုံလာတဲ့နောက် သီတင်း ၂ ပတ် ၊ ၃ ပတ် လောက်ဆိုတော့ နာလန်ထ လူနာတွေ ကလည်း ဆေးရုံမှာ အယောက် ၄၀လောက်ကိုရှိနေတတ် တာ။ တိုက်ဆိုင်တာလား မသ၊ိ တာဆမ်ချင်း ရဲ့  အကူ ရဲဘော် အဖိုးကြီး တယောက်ဗိုက်အောင့်တာ အကြောင်းပြ ကျနော် တို့နေတဲ့ အဆောင် ဘေး က အခန်းမှာ လာနေပြီး ဆေးရုံလာတက်ပါရော။ သူတို့ကလည်း လှုပ်လှုပ်လှုပ်လှုပ် ဆို သတိထားပုံ ရပါတယ်။ ၁ ရက်၊ ၂ ရက်၊ ၃ ရက် သူ့ဗိုက်အောင့် ကလည်း ကျနော်တို့ ဆေးတွေ သာပေး၊ ပျောက်တယ် မရှိတော့။ ကျနော် တို့လည်း အချင်းချင်းတိုင်ပင်ပြီး ဇော်ထွန်းတို့ မနက်ခင်း အားကစား ခဏနား ထားလိုက်တော့မှ ပဲ ဟိုအဖိုးကြီးတယောက်ဗိုက်အောင့်တာ ပျောက်ပြီး သူ့နေရာ သူ ပြန်သွား ပါတော့တယ်။ အဲ သိပ်မကြာပါဘူး။ နောက်တပတ် လောက်ထင်တယ်။ ထမင်းကျွေးချိန်မှာ လူနာတယောက် က သူ့ ထမင်း ပန်းကန် ကို လွှင့်ပစ်ရင်းဝ စကားနဲ့ အော်လိုက် ဟစ်လိုက်နဲ့ ။ တခြား ရဲဘော် တွေ က သူ့ကို ဖြောင်းဖြ ထိန်းပေါ့လေ။ကျနော် တို့လည်း ဘာပြဿနာ ဖြစ်လဲ၊ သူ ဘာအော်တာလဲ စုံစမ်းကြည့်တော့ …..ငါတို့ တိုက်လို့ကျတဲ့သွေးတွေ အများကြီး၊ ဒါတောင် စားရတဲ့အစားအသောက် က ဒီလောက် ညံ့ရလား…. လို့ ပြောတာ၊ပေါက်ကွဲထွက်တာပါ။ ဟုတ်ပါတယ်။ ဆေးရုံ အစားအသောက် က ခပ်ညံ့ညံ့ပါ။ (ရှေ့တန်း တောင်ကုန်းတွေမှာ ကော အစား အသောက် ကကောင်း သလားဆိုတော့ လဲ ခပ်ညံ့ညံ့ပါ လို့ဖြေရမှာပါ။ တော်တော်ကွာတာကတော့ ဒီနား က ၅ မိနစ်လောက် တက်ရမယ့် တောင်ကုန်းတခု က ပေါ် အရာရှိရိပ်သာမှာ ကျွေးတာနဲ့ပါ။ ကျနော် တို့ရောက်စက အဲဒီ ရိပ်သာမှာ ကြုံလို့ တခါ ၂ခါ  စားဘူးတယ်။ ထိုင်းမြို့လေး တမြို့ က စားသောက်ဆိုင်လောက်မှာ ရတတ်တဲ့ ဟင်းတွေ၊ အကြော်အလှော်တွေ လိုမျိုး တွေနဲ့ မို့ အတော် စားကောင်း တယ်။ကျနော်တို့ အနေနဲ့လည်း အဲဒီမှာ နေ့တိုင်း သွားစားခွင့်ရှိပါတယ်။ ဒါပေမယ့် ဆရာပါကျင်က ဆေးရုံက လူနာ တွေ ကျွေးတာမျိုးပဲ အတူစားမယ်လို့ ဆိုတော့၊ ကျနော်တို့လည်း သူပြန် သွားပေမယ့် သူ့မူအတိုင်း အပေါ်က ရိပ်သာမှာ တက်မစားကြ) ဒါပေမယ့် ကျနော်တို့ သိရသလောက် ဆေးရုံမှာဟင်း ရာရှင် က လူနာတယောက် တနေ့ကို ထိုင်းဘတ် ၅ ဘတ်နှုန်း စားရိတ် ထုတ်ပေး ပါတယ်။ ဒါဟာသေသေချာချာ စီမံရင် အတော်အသင့် ကောင်းတဲ့ အသားငါး ပါတဲ့ ဟင်းလျာတွေ နေ့တိုင်း မဟုတ်တောင်တပတ် မှာ ၂ နပ် ၃ နပ်လောက်တော့ စားနိုင်မယ့် အနေအထားလို့ အားလုံး တွက်ကြပါတယ်။ အခုကတခါလာလည်း ရေလုံပြုတ်၊ နောက်တခါ လည်း ရေလုံပြုတ် ဆိုတော့ ဆေးရုံ ရိက္ခာမှူး ကို လူနာတွေမကျေနပ် ကြတဲ့ပုံပါ။ လူမျိုးရေး လည်း ပါနိုင်ပါတယ်။ လူနာ ရဲဘော်တွေ အားလုံးနီးပါး က၀၊ ဆေးရုံ ရိက္ခာမှူး က တရုတ် နွယ်ဖွား။ သူတို့ ဒီကိစ္စ ဘယ်လိုများ ရှင်းကြမလဲ မသိ၊ ရှင်းရလောက်တဲ့အရေးတခုလို့လည်း အပေါ် က တာဝန် ရှိသူ တွေ စဉ်းစားပါ့မလား မသိ၊ ဒီအတိုင်းပဲ ရက်ကြာရင် သူ့ဘာသာသူအေးသွားမလား မသိ၊ ကျနော် တို့က တော့ ကိုယ်နဲတိုက်ရိုက်ဆိုင်တာ မဟုတ်သလို၊ သူတို့ စီမံမှုတွေ ထဲမပါချင် တော့ ကိုယ်တွေ နဲ့ ဒီကိစ္စ ခပ်ခွာခွာသာ ထား စဉ်းစားမယ် လို့ သာ တိုင်ပင်ကြပါတယ်။

အဲဒီ အဖြစ်နဲ့ ရက်သိပ်မကြာခင်မှာ ပဲ တာဆမ်ချင်း က ကျနော်တို့ ကို တညနေခင်း ၀ ဆန်ပြုတ် အတူသောက်ကြရအောင် ဆိုပြီး ဖိတ်ပါရော။ ၀ တို့ထုံးစံ အရဆန်ပြုတ် သောက်ဖို့ ဖိတ်တာဟာ ဧည့်ကောင်းစောင်ကောင်းတွေ ကို ပြုစုကျွေးမွေးချင်တဲ့ သဘောထားနဲ့ဖိတ်တာပါ။ ဆန်ပြုတ် ဆိုတာ ကလည်း တတ်နိုင်ရင် တတ်နိုင်သလောက် အသားတွေ ၊ ကလီဇာတွေ နိုင်းချင်းနဲ့မို့ (တောထဲမှာ တော့) ၀ ဆန်ပြုတ်ဟာ အတော့် ကို ကောင်းတဲ့ စားဖွယ်ပါပဲ။ သူတို့အိမ်ကလေးက ထိုင်းမြို့တွင်း က လူလတ်တန်းစား အိမ်တခုလို ပရိဘောဂ တွေ အတော် အစုံအလင် နဲ့  သားသားနားနား ပါ။ တာဆမ်ချင်း က အသားဖြူဖြူ၊ လူပုံသွယ်သွယ် အရပ်ရှည်ရှည်နဲ့ပါ၊  အဖြူရောင်ကဲတဲ့ စပို့ရှပ် နဲ့ ကာကီရောင် ဘောင်းဘီရှည်နဲ့ ဆိုတော့ သူ့ ကြည့်ရတာ  ဂေါက်ကွင်း တခုသွားတော့ မယ့် ကုမ္ပဏီပိုင်ရှင် သူဌေးတယောက်နဲ့ သာ တူနေ သေးရော့။ ဆန်ပြုတ် သောက်ပြီး အိမ်ရှေ့ကွင်းပြင်က ခုံတွေ မှာ ထိုင်တော့ တာဆမ်ချင်း ဇနီး က လဘက်ရည်ကြမ်း လာချပေးပြီး ဧည့်ခံပါတယ်။ သူ့ အမျိုးသမီး က မျက်နှာပြည့်ပြည့်၊အပြုံးပွင့်ပွင့်နဲ့၊ သူ့ကို ကြည့်လိုက်ရင်ချင်းမိုင် မြို့လည်မှာ ဈေးဝယ်ထွက် နေတဲ့ လူကုံတန် အမျိုးသမီး တယောက် လို ပေါ့ပေါ့ပါးပါးနဲ့ ကြော့ကြော့ မော့မော့ ၀တ်စားလို့၊ သူ ၀တ်ထားတဲ့ စိန်နားကပ် စိန်လက်စွပ်တွေ နဲ့လည်းအရောင်ထွက် လိုက်ဖက် လှပလို့ပါ။ တာဆမ်ချင်း ရော သူ့အမျိုးသမီး ပါ ဗမာ စကား၊ ဝစကား မတတ်တာလား၊ မပြောတာလား တော့ မသိ၊ တရုတ် လိုက လွဲလို့ သူတို့ တခြားစကား ပြောတာမကြားရ။ အိမ်ရှေ့ကွင်းပြင် က ခုံတွေ မှာ စကားပြောကြတော့ သူ့အမျိုးသမီး က ၀င်မထိုင်ပါ။ အိမ်ထဲ ပြန်ဝင်သွားပါတယ်။တာဆမ်ချင်း က စကားပြန် ကနေ တဆင့် ကျနော် တို့နဲ့စကားပြောတော့ သာကြောင်း မာကြောင်း မေးတာပြောတာ တွေ ကနေ ရုတ်ချည်း ဆိုသလို ပဲ သူ့လေသံ အေးအေး နဲ့ ဆေးရုံမှာ အစားအသောက် နဲ့ပတ်သက်ပြီး လူနာရဲဘော် တွေ မကျေနပ် တာ သူကြားရလို့ စိတ်မကောင်းတဲ့ အကြောင်းနဲ့ အဲဒီအတွက် ဖြေရှင်းနိုင်ရေး အဖြေ တခုခု ရှိနေရင် သူ့ကို ပေးစေချင်တဲ့ အကြောင်း ကျနော် တို့ကိုဆွေးနွေးပါတော့တယ်။ အဲဒီ ကိစ္စ ၀င်မပါချင် တဲ့ ကျနော် တို့ အတွက် နဲနဲ တော့ မမျှော်လင့်တဲ့မေးခွန်း တခု ဖြစ်သွားပါတယ်။ ကျနော် တို့ အလွန်ဆုံးထင်တာ က ပြဿနာ က ဘာတွေ ဖြစ်နေတာလဲလို့ သိမ်သိမ်မွေ့မွေ့ ကျနော် တို့ဆီ က စုံစမ်းမယ်လို့ ပဲ အလွန်ဆုံးထင်ထားတာ။ ကျနော်တို့ ကို သူတို့ ယန္တရား ထဲက ကိစ္စ တခုကို အဖြေပါပေးဖို့ အကြံတောင်းတဲ့အထိ ကျနော် တို့မှန်းမထားခဲ့ကြ၊ကျနော်တို့လည်း တယောက် မျက်နှာ တယောက် ခပ်တိတ်တိတ် ဖတ် ကြည့်ရင်း ကျနော့်စိတ်ထဲ ဖြတ်ကနဲစိတ်ကူးတခု ရလာပါတယ်။ ကျနော် တို့ မိခင် ကျောင်းတော် ဆေး ၂ အမျိုးသားဆောင် က စားဖိုရိက္ခာကိစ္စ ရှင်းတဲ့ပုံ ပါ။ အဆောင်မှာ ကျနော် မနေပေမယ့် ဆေး ၂ အဆောင် က သူငယ်ချင်းတွေအခန်းမှာ ကျနော် ခဏခဏ သွားသွား အိပ်နေကျ ဆိုတော့ သူတို့စားဖို ကိစ္စ ဘယ်လိုရှင်းကြတယ်ဆိုတာ နည်းနည်း သိထားတယ်။ အဲဒီမှာ စားဖိုလုပ်တဲ့ဝန်ထမ်းတွေ အဆောင်ရိက္ခာ ငွေကြေး နဲ့အမှန် ၀ယ်မ၀ယ်၊ သုံးမသုံး ကျောင်းသားတွေ ကျေနပ်အောင် စောင့်ကြည့်စေနိုင်တဲ့ စနစ် တခုရှိတယ်လို့ ကျနော် ထင်တယ်။ အဲဒါက ဘာလဲဆိုတော့ မနက်တိုင်း အဲဒီ ၀န်ထမ်းတွေ ဈေးဝယ်ရင် ကျောင်းသားတွေထဲ က တယောက် ၂ ယောက် ကို (အလှည့်ကျ) ခေါ်သွားကြသလို ၀ယ်လာတဲ့ ဟင်းလျာတွေ ခုတ်ထစ်ချက်ပြုတ်ချိန်မှာ လည်း ကျောင်းသားတွေ လာကြည့် လို့ရတယ်။ နောက်ဆုံး ဟင်းဝေချိန် အထိ စစ်ဆေးခွင့်ပြုထားတယ်။အဲဒီ ပုံ နဲ့ ထပ်လို့ ရှင်း ပြပြီး ရိက္ခာမှူး ဈေးဝယ်ထွက်ရင် လူနာရဲဘော် တွေ ထဲက နာလန်ထနေသူ တယောက် လောက် လိုက်သွားပေါ့။ အဲဒါဆို သူတို့ လူ ကိုယ်စားလှယ် လည်း ပါတော့၊ ရိက္ခာတွေပေးတာ ပုံမှန် ဟုတ်မဟုတ် ကိစ္စ ရှင်းရောပေါ့ လို့ အကြံပေးလိုက် ပါတယ်။ အဲဒီ ဖြေရှင်းပုံကို တာဆမ်ချင်း က သဘောကျပုံရတယ်။ (ဒါမှမဟုတ် ကျနော် တို့ ဘက်က ဘာပြောပြော သူ သဘောကျပြလိုက်မယ် လို့များ ကြိုပြင်ထားသလားတော့ မသိပါဘူး)၊ ကျနော် တို့လည်း ကျနော် တို့ ၀င်မပါရေးမူအရ သဘောကျ ပေါ့လေ။ နောက်ပိုင်းတော့ အဲဒီ စနစ် တခု ဆေးရုံရိက္ခာ ၀ယ်ယူရေး မှာ ကျသွားတော့တယ်။ရိက္ခာမှူး ထိုင်းဘက် ဈေးဝယ်ထွက်ရင် နာလန်ထရဲဘော် တယောက် လိုက်လိုက် သွားတတ်တယ်။ ထူးတော့ထူးတယ်။အဲဒီလို လိုက်သွား လို့လား။ ဆေးရုံရိက္ခာငွေများ နဲနဲ ပိုတိုးလိုက်လေသလား တော့ မသိ၊ဆေးရုံ ဟင်းတွေမှာ အသားနဲနဲ ပါလာတာ၊ ဆီ နဲ့ ပြားနဲ့ ဖြစ်လာတာတော့ ကျနော် တို့ သတိထားမိလာပါတယ်။ဆေးရုံး ဟင်းထမင်း စားရတဲ့ ကျနော် တို့ တသိုက်လည်း ဟို ထဆူ တဲ့ ဝ ရဲဘော်ကျေးဇူးကြောင့်အူလေးနဲနဲ စိုရ သပေါ့။ ပြဿနာ တခုလည်း အေးငြိမ်း ပေါ့လေ။

တာဆမ်ချင်း အိမ် ကအပြန် ထူးထူးခြားခြား ကျနော် တို ၄ ယောက်သား ငြိမ်သက်လို့ သူ့ကုန်း ကနေ ပြန်ဆင်း လာကြတယ်။ဆေးရုံပြန်ရောက်တော့ ရှေ့ကွင်းပြင် မှာ ထိုင်ကြရင်း ကြယ်တွေ ကြယ်တွေ ပြိုးပြက်လင်းနေတဲ့ညကောင်းကင် ကို ငေးကြတယ်။ ကျနော် တို့တတွေ ငေးရင်း ပြောရင်း၊ တွေးရင်း ပြောရင်း……………………


တာဆမ်ချင်း တို့ သူတို့တပ်ကိုဂရုထားပုံ၊ ကျနော် တို့ ကျောင်းသားတွေ ရှိနေတုန်း (အဲဒီ တုန်း ကာလ ကတော့ ၈၈၈၈ တိုက်ပွဲအဟန့် က သိပ်ကြီးတော့ ကျောင်းသားတပ်ကဆိုရင် နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသားတပ်တွေ အဖို့တန်ဖိုးရှိတဲ့ ဥစ္စာပစ္စည်း (Asset) တခုလို သဘောထားသေး တဲ့အချိန်ပါ) အလေးထားတဲ့ပုံနဲ့ဖြေရှင်းနည်း တောင် အကြံတောင်းလိုက်သေးပုံ၊ ဒါတွေ တွေ့ရပေမယ့်လည်း ကျနော် တို့ ငြိမ်းမရတဲ့မီးတောက်မီးလျှံများ (ဗမာပြည် ကွန်မြူနစ် ပါတီ ဗကပရဲ့ ၀ါဒဖြန့် ရုပ်ရှင်ကား) ထဲက ၀တပ်ကြီးဟာ ပြည်သူ့တပ်မတော် ဘဝ ကနေ နေရာတခုဆီ ကိုရွေ့နေပြီ ဆိုတာ ကျနော် တို့ ကောင်းကောင်းသတိထားမိလာပါတယ်။ အမျိုးသားရေး နဲ့ပဲ ဒီတပ်ကို မောင်းနှင်တော့မယ်၊ သူတို့ ဒေသကွက်ကွက်လေး ကိုပဲကြည့်တော့မယ့် တပ်တခုလို ဖြစ်လာနေတာ ကို တွေ့လာ ရပါတယ်။ မြန်မာပြည်ကွန်မြူနစ် ပါတီက ဘာလို့ ပုန်ကန် ခွဲထွက် လိုက်တာ လဲ ဆိုတဲ့ အမေး ကို နဲနဲ ရင်းနှီးလာတဲ့ ကိုအိုက်သောင်းတို့လို ရဲဘော်ကြီးတွေ ကို မေးကြည့်တော့ နှစ်တွေ ကြာလာတော့ ကျနော် တို့ ၀ မိသားစု လေးစုမှာတစုလောက်က သားဖြစ်ဖြစ် အဖေဖြစ်ဖြစ် တယောက် လောက် က တိုက်ပွဲတခုမှာ ကျပြီးခဲ့ပြီတဲ့။ဒီတော့ အပစ်ရပ်မယ်၊ လက်နက် ဆက်ကိုင် ထားမယ်၊ ဒေသဖွံ့ဖြိုးရေး ပဲ အခုအဆင့်မှာ ဦးစားပေးတော့မယ် လို့ ဆုံးဖြတ်ချက်မှာ ညီသွားတဲ့ သဘောပြောပြတယ်။

ကျနော်တို့ ABSDFရဲ့ ၀ ပရော့ဂျက် အစီအစဉ် က ကျနော်တို့ ဆေးအဖွဲ့ ၄-၅ ယောက် ရဲ့ ဇာတ်လမ်း တင် မဟုတ်။(ကျနော်တို့ သိရသလောက်) ဒီ ၀သပ နယ်မြေ လမ်းကြောင်း ကနေ ဖြတ်တက်ပြီး ပလောင်နယ် ကို ဆင်းဖို့ကြိုးစားတဲ့ ကျနော်တို့ တပ်ဖွဲ့ တွေ ရှိခဲ့တယ်။ အဲဒီမှာ လည်း အပစ်ရပ် လှိုင်းက ရောက်နေတာမို့အပစ်မရပ် သေးတဲ့ ကချင်ဘက် ထိ အဲဒီတပ်ဖွဲ့ ထောင်လို့ တက်သွားရ ပါတယ်။ နောက် ပညာရေး အဖွဲ့ဆိုတာကလည်း သင်ပေးရမယ့်လူ သိပ်မရှိ လို့ တလ လောက်နဲ့ ဒီ ဆမ်လိုရောင်း က ခွာခဲ့ပါပြီ။ကျနော်တို့ ဆေးအဖွဲ့ ကတော့ အာမခံခဲ့တဲ့ ၆ လတာ ကာလမှာ ဆေးကု ပေးတဲ့အပိုင်း အောင်မြင်စွာပြီးဆုံးပြီ လို့ဆိုနိုင်ပေမယ့် ဆေးသင်တန်းပေးဖို့ ကျတော့ ရှိတဲ့ ဆေးမှူး လေး တယောက်စ၂ ယောက်စ က ရှေ့တန်းမှာမို့ မအား၊ ကျနော်တို့ နဲ့ဆေးရုံမှာ အတူရှိနေတဲ့ ရဲဘော်လေးတွေကျတော့ လည်း မြန်မာစကား က ပေါက်တယ်ဆိုရုံလောက်သာ ပေါက်တာမို့ အလုပ်မဖြစ်ခဲ့။ ဒီ ၀ ပရော့ဂျက်ကို ကျနော်တို့ ၄ ယောက် ကတော့ အောင်မြင် သင့်သလောက် အောင်မြင် ပါတယ် လို့ ပဲ နိဂုံးချုပ်လိုက်တာပါပဲ။ ကျိန်းသေပေါက် အကျိုးရှိတဲ့ သူတွေလည်း ရှိတာပေါ့လေ။ ဒီပရော့ဂျက် ကို စီမံတဲ့ဗဟို ကော်မီတီဝင် တယောက် က ၀သပ ဆီက ABSDF အတွက် အေကေ လက်နက် အလက် ၂၀ လောက် အကူအညီ တောင်းပါတယ်၊ရတော့ သူ့မူရင်းတပ် ကို အဲဒီ လက်နက်တွေ ပြန်ချ ပေးအောင်လည်း သူက စွမ်းဆောင်နိုင် ပါတယ်။ABSDF မှာ ဗဟိုကော်မီတီဝင် ဆိုတာ သူ့ မူရင်းတပ် က ရွေးတင်မှ နောက်တကြိမ် ညီလာခံ သက်တမ်းအတွက် လုပ်ရဖို့ အာမခံနိုင်တာမို့ သူ့အတွက်တော့ ကျိန်းသေ အောင်မြင်တယ် လို့ တွက်ရမှာပါ။

ဒီလိုနဲ့ တို့တိုင်းပြည်ကိုဆေးကုဖို့ထွက်လာတဲ့ ကျနော်တို့ လက်တွေ့ ဖြစ်နေတာတွေ လေ့လာရင်း လေ့လာရင်း နဲ့ ပဲ အချိန်တွေက ရှမ်းတောင်တန်း တွေ ပေါ် မှာ (ကျနော် တို့ အဖို့) မြန်မြန် ခရီးနှင်ခဲ့လို့ပေါ့။ သြဂုတ်လဆန်း ပိုင်း ကျနော်တို့ ပြန်ခါနီးချိန် နှုတ်ဆက် ကြတော့၊ ဆေးရုံ တ၀ိုက် စိတ်မကောင်းဖြစ်နေကြတဲ့ရပ်ဝန်း ကို ကျနော်တို့ အတော် ကြိုးစား မျက်နှာလွှဲခဲ့ရ ပါတော့တယ်။ ကိုအိုက်က အသံ တုန်တုန်ခါခါ နဲ့ ..အေးဗျာ..ခင်ဗျားတို့ က ကျနော့် ကို ထားသွား ခဲ့ပြီပေါ့…တဲ့

……………….

အပိုင်း (၆)

၁၉၉၁ မိုးဦးကျ ချိန်၊ကျနော် မယ်နပလော က ကျနော်တို့တပ်ဖွဲ့ နေတဲ့ ယာယီ အဆောင် ကို ပြန်အရောက်…… ကိုဇော်ထွန်းပျောက်နေတယ်…ဆိုတဲ့ သတင်း ကို ရဲဘော်တချို့ က သတင်းပေး လာပါတယ်။ ဘယ်ကလာတဲ့ သတင်းလဲဆိုတာတော့ သူတို့ ရေရေရာရာ မသိကြ။ သူတို့ သိသ လောက် က ဒီ မာနယ်ပလော ကနေ တောင်ပိုင်းက KNU တပ်မဟာ (၆) ခွင် (ကြာအင်းဆိပ်ကြီး နယ်မြေဘက်) မှာ သူ့မိတ်ဆွေ KNU ကေဒါ တယောက်ဆီကသူ့ကို ပေးဖို့ ကတိရှိထားတဲ့ ကာဘိုင် သေနတ် တလက်သွားယူဖို့ ထွက်သွားတာ၊ သူထွက်သွားတာက အခုဆိုတလ ကျော် နေပြီ ဆိုတဲ့ သတင်းအစအန လောက်သာ။ ဘယ်နေ့ က သွားတာလဲ။ ဘယ်လှေ နဲ့ ဘယ်အချိန်လောက် က ထွက်သွားတာလဲ။ ဘယ်သူမှ မသိကြ။ မယ်နပလော က နေ အဲဒီ တပ်မဟာ (၆)ခွင် ကို သွားဖို့ဆိုရင် သောင်ရင်း ကို ဆန်တက်တဲ့ လှေ တနာရီ လောက်စီး၊ မဲတဝေါမရောက်ခင် သောင်ရင်း ကမ်းနားကနေ တောလမ်းဖြတ်ပြီး မဲဆောက်တက်မယ့် ကား ကို တနာရီ လောက်စီး ပြီးမှ မဲတဝေါ ဟိုဘက်ခြမ်းက ထိုင်းမြို့ နားက မြို့လမ်းပေါ် ကို ရောက်၊ အဲဒီ ကနေ ၂ နာရီ ခွဲ - ၃ နာရီ လောက် ထပ်သွားမှမဲဆောက် ကို ရောက်တာပါ။ မဲဆောက် ကနေ အဲဒီ တပ်မဟာ (၆)ခွင်ထဲ ရောက်ဖို့ က တခါ ၄နာရီ -၅ နာရီ လောက် ကားစီးမှ ရောက်တာပါ။ မယ်နပလော ကနေ အဲဒီ ထိုင်း ဘက်ခြမ်း ကို သွားတဲ့ ကားလမ်းပေါက်တဲ့သောင်ရင်းမြစ်ကမ်းနား စပ် ရောက်တဲ့အထိ က တော့ သောင်ရင်းမှာ ပြေးနေတဲ့ ပုဂ္ဂလိကပိုင်လှေတွေနဲ့ဖြစ်စေ၊ KNU ဌာန တခုခု က ပိုင်တဲ့ လှေတွေ နဲ့ဖြစ်စေ သွားနိုင်ပေမယ့် အဲဒီတောလမ်းနဲ့ထိုင်းဘက်အထွက်မှာ သွားနေတဲ့ ကားတွေ ကတော့ KNU က ကားတွေပါ၊ အဲဒီကားတွေ ကားကြုံလိုက်စီးရတာပါ။

ဇော်ထွန်း အကြောင်းABSDF ဗဟိုကော်မီတီ ထဲက တချို့ ကို အကြောင်းကြား လိုက်တယ်။ ဒီမှာ ကလည်း ကျနော်တို့ကတောင်ပိုင်း (မွန်ခွင်) က နေ ရွှေ့လာတာ လပိုင်း လောက်သာရှိသေးတော့ နယ်မြေခံ KNU ခေါင်းဆောင်တွေနဲ့ သိပ်မရင်းနှီးသေး။ သတင်းအစအန သိပ်မရှိပဲ ပျောက်တယ် ဆိုတာ ကို ဘယ်လောက်အထိ ဆောင်ရွက်နိုင်မလဲဆိုတာ ကို ကျနော်တို့ လည်း ရေရေ ရာရာ မသိ။ ABSDF ဗဟိုကော်မီတီ ကလည်း ဒီအရေး ကို သူတို့နဲ့နီးစပ်တဲ့ KNU ခေါင်းဆောင် တချို့ ကို ပြောတာ အကူအညီတောင်းတာ က လွဲလို့ တခြား လုပ်နိုင်ပုံမမြင်။မဲဆောက် ဘက် က လာတဲ့ သတင်းကလည်း မကောင်း၊ မဲဆောက်ရောက်တိုင်း ဇော်ထွန်း ၀င်တည်းနေကျအိမ် က သူတွေ က သူတို့ ဆီ ကို ဇော်ထွန်း မရောက်လာခဲ့ပါတဲ့။ အစပိုင်းလောက်ကလေး တုန်းကတော့ ဟိုးမြောက်ဘက် ပင်လောင်းနယ် ဘက် က သူနဲ့ သိတဲ့ တပ်တချို့ နဲ့ အတူ ချိတ်ဆက် ပါသွားလေသလား လို့ မရေမရာ တွေးမိသေးတယ်။ ဒါပေမယ့် တကယ် ကတော့ အချိန်ကြာ လာတာ နဲ့ အမျှ ..ဇော်ထွန်းကို မမြင်ရသော လက်တို့ က ဆွဲငင်လို့ သူ့ကို သေရွာသို့ ပို့ခဲ့ကြ လေပြီ…. လို့ပဲ ကြေကြေကွဲကွဲလက်ခံ လိုက်ရ ပါတော့တယ်။

ဝ တောင်ပိုင်း က ပြန်လာတဲ့ကာလတွေ အတွင်း ကျနော်တို့ ဖြတ်ခဲ့ရတဲ့ ပုံရိပ်တွေ ပြန်ဖမ်းရင် လည်း လက်သည်က ဘယ်သူဆိုတာကို ဖော်ဖို့ အတိအကျ မဖြစ်နိုင်ခဲ့။ ကျနော် တို့ (၁၉၉၀ သြဂုတ်လ) မယ်နပလော ကို ပြန်အလာအဲဒီဘက်မှာ ထိုင်နေတဲ့ ABSDF တပ်ရင်း တခု နဲ့ အတူ ဇော်ထွန်း ကျန်ခဲ့တယ်၊ အဲဒီတုန်းက ကျနော်တို့ မူရင်းတပ် က မွန်ပြည်သစ် ပါတီ ရဲ့ ခွင် ဟိုး တောင်ပိုင်းမှာ သာ။ အဲဒီအထိ သူ ပြန်လိုက်မလာတော့။ အဲဒီ ကာလမှာ ကတည်းက အပစ်ရပ်စဲ ရေး လုပ်တဲ့ လှိုင်းကို စမ်းစီးကြည့်ဖို့ KNU ခေါင်းဆောင်ပိုင်းထဲက တချို့ နဲ့ အထူးသဖြင့် ကျနော်တို့ နဲ့ တိုက်ရိုက်ဆိုင်တဲ့ABSDF က ဗဟိုကော်မီတီဝင်ပိုင်း တချို့ က ပြင်နေ ကြတယ် ဆိုတယ် သတင်း ကလည်း (အတိအကျ အတည်မပြုနိုင်ပေမယ့်)အတော်ပျံ့ပါတယ်။ ABSDF ဆိုတာက ခေါင်းဆောင် အစုအဖွဲ့ တစု က စပြီး စည်းရုံးလို့ ဖြစ်လာတဲ့အဖွဲ့ တခု၊ တပ်တခု မဟုတ်ပဲ၊ တောခိုကျောင်းသား ပြည်သူတွေ ပေါင်းစု ကာ တပ်ဖွဲ့ ကြ၊ အဲဒီကနေမှ ကိုယ်စားလှယ် တွေ က ဗဟိုမှာ တက်လုပ်ကြတာ၊ အဖွဲ့အစည်း တခု ဖြစ်လာတဲ့ သက်တမ်း ကလဲ အဲဒီအချိန်  ကမှ ၂ နှစ်သား  ၃ နှစ်သား ဆိုတော့ ဗဟိုဦးဆောင်မှု ဆိုတာက လည်း အတော်လေးစိမ်ခေါ်မှု တွေ နဲ့ပါ။ အဲဒီအချိန် ABSDF ဗဟို ဦးဆောင်မှု ကိုအားမရတဲ့ တပ်တွေ ကလည်း ရှိတာအမှန်။ ဇော်ထွန်းနေခဲ့တဲ့ တပ်ကို ဦးဆောင်သူ က ABSDF ခေါင်းဆောင်မှု ကို ပြင်ဖွဲ့ ချင်တဲ့ဆန္ဒရှိသူပါ။ ဇော်ထွန်းတို့၊ ကျနော်တို့ ကို တိုင်ပင် ပါတယ်။ ကျနော် ကတော့ မူအရ သဘောတူပါတယ်။ပိုကောင်းတဲ့ ခေါင်းဆောင်မှု ရှိတာကောင်းတာ ပေါ့။ အခု သတင်းတွေ ထွက်နေတဲ့ အတိုင်းဆိုရင်သူတို့ လုပ်ဆောင်နေတာတွေ တပ်တွေကို ချမပြ၊ မတိုင်ပင်တာလည်း မကောင်းဘူးပေါ့၊ တချို့တပ်ရင်းတွေ ထဲမှာလဲ အခု ဗဟိုကော်မီတီဝင် တချိုထက် နိုင်ငံရေး အရည်အသွေး၊ ဦးဆောင်မှုအရည်အသွေး ရှိတဲ့ သူတွေ တွေ့နေရတော့ အပြောင်းအလဲ လုပ်ဖို့ ကောင်းတာပေါ့။ ဒါပေမယ့်ABSDF မှာက ဒီလို ခေါင်းဆောင် ရွေးချယ်မှုတွေ ကို ညီလာခံ ၂ နှစ် သက်တမ်းမှ လုပ်တာ။ ကြားထဲမှာအရေးပေါ်ညီလာခံ ခေါ်စေချင်လည်း အနည်းဆုံး တပ်ရင်း ၂ ခု က ထောက်ခံမှ ခေါ်လို့ရတဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ ဆိုတော့ တပ်ရင်း ၂ ရင်း ၃ ရင်းလောက် စည်းရုံးပြီး အရေးပေါ် ညီလာခံအတွက်တောင်းဆိုဖို့ ကျနော်က အကြံပေးပါတယ်။ သူတို့ ဘက်က လက်မခံ၊ သူတို့ လုပ်ချင်တဲ့ပုံ ကိုကျနော် သဘောမကျ။ ကျနော် ကတော့ ရှင်းရှင်းပြောပြီး ကျနော် ခင်ဗျားတို့ လှုပ်ရှားမှု ထဲမပါတော့ လို့ ဆိုကာ ထွက်လာပါတယ်။ ဇော်ထွန်း က သူတို့နဲ့ ဆက်လှုပ်ရှားချင် တော့ အဲဒီမှာတင်သောင်တင် ကျန်ရစ် ပါရော။ နောက်ပိုင်း သူတို့ က တော်လှန်ကော်မီတီ လို့ ခေါ်တဲ့ ကော်မီတီတခုဖွဲ့၊ သူတို့ နဲ့ မီတာ ၄၀၀၊ ၅၀၀ လောက် အကွာ က ABSDF ဗဟိုကော်မီတီ ဌာနချုပ်နဲ့ ထိပ်တိုက်တွေတွေ့ နဲ့ ဖြစ်နေကျချိန်မှာ၊ ကျနော် တို့ တောင်ပိုင်းမှာ လည်း မွန်ပြည်သစ် ပါတီ က သူတို့ဌာနချုပ် တ၀ိုက် ဒေသတွေ က နေ ကျောင်းသားတပ်တွေ ကို ဟိုး သူတို့ခွင် အစွန်အဖျား နတ်အိမ်ထောင်ဘက် ရွှေ့ခိုင်းတာနဲ့ကြုံ နေရ။ သူတို့ အကြောင်းပြတာ က ထိုင်းအာဏာပိုင် တွေ ကလို့ ဆိုပေမယ့်ကျနော် တို့ တွေး တာ ကတော့ သူတို့ အစိုးရ နဲ့  အပစ်ရပ်ရင် ကြားထဲက ခိုးလို့ခုလု ဖြစ်နေမယ့်ကျနော် တို့ တပ်တွေ ကို နေရာရွှေ့ စေတာ လို့ တွေးမိ ပါတယ်။ အဲဒီတော့ ကျနော် တို့လည်းဟိုဘက် တော့ မရွှေ့တော့ဘူး ဆိုပြီး မယ်နာပလော ဘက် တက်လာဖို့ ပြင်ရ ပါတော့တယ်။

ဇော်ထွန်း နဲ့ ၉၁နှစ်ဆန်းပိုင်း ပြန်ဆုံတော့ သူတို့ တော်လှန်ကော်မီတီ ထဲလည်း ကွဲနေ ပါပြီ။ ဇော်ထွန်းနဲ့ အခုန တပ် ကခေါင်းဆောင် ဆိုသူနဲ့လည်း သဘောချင်း မတိုက်ဆိုင် တော့။ ကျနော် က ဇော်ထွန်း..မင်း အဲလို တယောက်တည်းလို နေမနေနဲ့ ငါတို့ ဆီ ပြန်လာခဲ့…လို့ ခေါ်ပြောပြီး ၂ ယောက်သားစကားပြောတဲ့ နောက်ရက်ပိုင်း အတွင်းပဲ ကျနော်က ရှေ့တန်းခွင် တခု ထွက်သွား ရတယ်။ ပြန်လာတော့အခုန သတင်းဆိုး က စောင့်ဆိုင်းလို့……..

ဟိုးတချိန် ဖြစ်ရပ်တွေက မှတ်တမ်းရုပ်ရှင်ကား အနှေးပြကွက်တွေ လို အခုအချိန် ထိ လတ်ဆတ် ပြေးဝင် လာနေဆဲ… အဲဒီဒေသအဲဒီ ခွင် က မမြင်ရတဲ့လက် ရဲ့ လက်ချက် နဲ့ ဇော်ထွန်း တိမ်းပါးခဲ့ရပြီ…. လို့ အဆုံးသတ်ဖြစ်တာထက်စာရင် အဲဒီ မမြင်ရတဲ့ လက်ကို ဘယ်သူ က အသုံးချ သွားလဲ……...ဘာ့ကြောင့်လဲ….. ဆိုတဲ့အမေးတွေ ကို မေးနေဆဲ ပင်။

ဇော်ထွန်း လို စစ်အာဏာရှင်စနစ် ကို ဖြိုချနေတဲ့ လူငယ် ခေါင်းဆောင် တယောက် အကာ အကွယ်မဲ့ချိန်၊ သင်းကွဲချိန်အရောက်သူ့ ရဲ့ ဇီဝိန် ကို ခြွေဖို့ စောင့်နေ သူတို့ လက်ဦး သွားခဲ့လေပြီ။

ဒါပေမယ့် ဆေး ၂ ကျောင်းဝင်းမှသည် ၈၈ လမ်းမတို့ အလယ် အရှေ့ဘက်တောင်တန်း တွေ အထိ  သူ့ စိတ်ဓာတ် သူ့ ခြေရာတွေ ကိုတော့ သူတို့ လိုက်မဖျက်နိုင်ခဲ့။ ယုံကြည်ချက် ကြယ်စင် တစင်း က ကြည့်တတ်ကြသူတွေအတွက် လင်းမြဲ လင်းလျှက် ရှိမည်သာပင်။


ဝင်းနိုင်ဦး (ဆေး၂)

ပြီး၊ ၁၇ မေလ ၂၀၁၅

အပိုင်း (၃)

https://www.facebook.com/notes/win-naing-oo/%E1%80%B1%E1%80%87%E1%80%AC%E1%80%B9%E1%80%91%E1%80%BC%E1%80%94%E1%80%B9%E1%80%B8-%E1%80%9E%E1%80%AD%E1%80%AF%E1%82%94%E1%80%99%E1%80%9F%E1%80%AF%E1%80%90%E1%80%B9-%E1%80%9A%E1%80%AF%E1%80%B6%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9-%E1%81%BE%E1%80%80%E1%80%9A%E1%80%B9%E1%80%85%E1%80%84%E1%80%B9-%E1%81%83/10153118424756085?pnref=lhc

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...