Saturday, May 9, 2015

ပြောင်းပြန်နိုင်ငံတော် [ သရ၀ဏ်(ပြည်)]


နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနှံ့အပြားလိုက်ပြရင်း မြစ်ကမ်းနဖူးမှ မြို့ရွာများကိုရောက်သောအခါ သူတို့အံ့သြ ကြသည်။ အံ့သြရသည့်အကြောင်းမှာ မြစ်ရှုခင်းမှာအလွန် လှပပါသည်။ သို့သော်နိုင်ငံတကာတွင် မြစ်ကမ်းနဖူးစသည့် အလွန်ရှု ခင်းသာယာသောနေရာများတွင် အိမ်များ သည် မြစ်ကမ်းဘက်သို့လှည့်ကာ ဆောက်ထားလေ့ရှိသော်လည်း ကျွန်တော်တို့မြန်မာနိုင်ငံတွင် အိမ်တော်တော် များများသည် မည်မျှပင်မြစ်ရှုခင်းသာယာလှပပါသော်လည်း မြစ်ကမ်းကို မျက်နှာမူ ကာ ဆောက်ထားသောအိမ် မရှိသလောက်ရှားပြီး အများစုမှာ မြစ်ကိုကျောပေးပြီး ဆောက် ထားကြသောကြောင့်ဖြစ်သည်။
မြန်မာတော်တော်များများသည် မြစ်ကိုအပေါ့အလေးသွားရာ အိမ်သာဆောက်လုပ်ရန် အဓိကရွေးချယ်လေ့ရှိကြသည်။ ရှုခင်းကို ပဓာနထားလေ့မရှိပါပေ။ ဒီလောက်လှသော မြစ်ရှုခင်းကို ဘာကြောင့် ကျော ပေးထားသလဲဟု နိုင်ငံခြားသားများက အမြဲလိုပင်မေးကြပါသည်။ ဘာကြောင့်လဲဟု နိုင်ငံခြားသားများကမေးလာသောအခါ မည်မည်ရရ ဖြေစရာ ကျွန်တော်တို့မှာမရှိပါ။ သူများတွေ မြစ်ဘက်ကို ကျောပေး၊ အတွင်းဘက်ကို မျက်နှာမူဆောက်ကြသဖြင့် အများလုပ်သည်ကို ကန့်လန့်မတိုက်လိုသဖြင့် ရောယောင်ဆောက်ကြခြင်းဖြစ်သည်ဟုပဲ ဖြေရပါသည်။ နိုင်ငံတကာနှင့်ယှဉ်လျှင် ပြောင်းပြန်ဖြစ်နေသောကိစ္စ ဖြစ်ပါသည်။ ဟိုတယ်ကြီးများတွင် River View, Lake View ဟူသော မြစ်ရှုခင်း၊ ကန်ရှုခင်းကောင်းသည့် ဟိုတယ်အခန်းများမှာ သာမန်အခန်းများထက် ပို၍ဈေးကြီးပေးကြရပါသည်။ နောက်ထပ် ပြောင်းပြန် ဖြစ်နေသောကိစ္စတခုမှာ တိုက်ခန်းများရောင်းကြ၀ယ်ကြရာတွင် နိုင်ငံတကာတွင်တိုက်ခန်းသည် အပေါ်သို့အထပ်မြင့်လာလေလေ၊ တိုက်ခန်း တန်ဖိုးကြီးလေလေဖြစ်သည်။ မြန်မာနိုင်ငံမှာတော့ ပြောင်းပြန်ဖြစ်သည်။ မြေညီထပ်သည် ဈေးအကြီးဆုံးဖြစ်သည်။ အပေါ်ထပ်သို့ တက်လေလေ ဈေးသက်သာလေလေ ဖြစ်သည်။ အောက်ထပ်တွင် ဈေးရောင်း၍ ရသောကြောင့်ဖြစ်မည်။ အပေါ်ထပ်သို့တက်ရန် ဓာတ်လှေကား ဘာညာ လုံလုံလောက်လောက်မရှိတာလည်း ပါမည်။ အောက်ထပ်သည် ပိုကောင်းသည်ဟု တသက်လုံးအရိုးစွဲနေတာလည်း ပါပေမည်။ ကျွန်တော်တို့နိုင်ငံတွင် ပြောင်းပြန်ကိစ္စ တော်တော်များ၏။
ကြက်အသည်းအမြစ်အပါအ၀င် တိရစ္ဆာန်ကလီစာများကို နိုင်ငံတကာတွင် Pet Food ဟုခေါ်၏။ လူတို့မစားပေ။ ခွေး၊ ကြောင် စ သော အိမ်မွေးတိရစ္ဆာန်များကို ကျွေးသောအစာအဖြစ် သတ်မှတ်ထား ကြသည်။ အဘယ့်ကြောင့်ဆိုသော တိရစ္ဆာန်တို့၏ အဆုတ်၊ အသည်း၊ နှလုံး၊ အစာအိမ်၊ အူ စသည်တို့မှာ ရောဂါပိုးမွှားများပါနိုင်သည်။ ကျန်းမာရေးအတွက် စားသုံးရန်မသင့်ဟု ယူဆထားကြသောကြောင့် ဖြစ်သည်။ မြန်မာပြည်တွင်တော့ အသည်းအမြစ်နှင့် ကလီစာသည် ဈေးအကြီးဆုံး၊ အမွန်မြတ်ဆုံး အစားအစာဖြစ်နေပါသည်။ ကြက်အသည်း အမြစ်သည် အကောင်းတကာ့ အကောင်းဆုံး အစားအစာ စာရင်းဝင် သည်။ ငါးရံ့အူသည် အလွန်ရှားပါးသော အစားအစာ။ ဆိတ်ကလီစာ သည် အလွန်ဈေးကြီးသည်။ ၀က်သားတုတ်ထိုးဆိုင်တွင် အူမကြီး၊ အသည်း၊ အဆုတ်၊ ကလီစာများကို လူတွေကြိတ်ကြိတ်တိုး စားသုံးကြ သည်။ အမဲဝမ်းတွင်းသားသည် အလွန်အရသာရှိလှသည်။ နိုင်ငံတကာတွင် ဆီများများစားလျှင် ကျန်းမာရေးနှင့်မညီဟုဆိုလေ့ရှိသည်။ မြန်မာနိုင်ငံတွင်မူ ဆီများများထည့်လေ အရသာရှိလေဟု မှတ်ယူကြသည်။ ပြောင်းပြန်ပင်ဖြစ်သည်။
မီးအဖွင့်အပိတ်ခလုတ်များကို နိုင်ငံတကာတွင် အောက်မှအပေါ်သို့ တင်ကြ၏။ နိုင်ငံခြားမှလာသောအသံချဲ့စက်များ၊ Breaker များ၊ Main Switch ခလုတ်တော်တော်များများမှာ ထိုနည်းအတိုင်း ဖြစ်ကြသည်။ မြန်မာသည် ပြောင်းပြန်ဖြစ်သည်။ ခလုပ်မှန်သမျှ အပေါ်မှအောက်သို့ သာနှိပ်ကြ၏။ မည်သည့်နိုင်ငံမှမလုပ်သော ဓလေ့ဆန်းတခုလည်း ကျွန်တော်တို့နိုင်ငံမှာ ရှိသေးသည်။ မည်သည့်နိုင်ငံမှာမဆို Waste Paper ခေါ် အိမ်သာသုံးစက္ကူများမှာ အိမ်သာထဲတွင် အညစ်အကြေးသန့်စင်ရာ ၌သာ သုံးကြစမြဲဖြစ်သည်။ စားသောက်သည့်နေရာတွင် ပါးစပ်သုတ်သည့် လက်သုတ်ပ၀ါအဖြစ်ကား မြန်မာနိုင်ငံတွင်မှ ထူးခြားစွာသုံးကြ ခြင်းဖြစ်ပေါ်လာလေသည်။ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံ လက်ဖက်ရည်ဆိုင်များတွင် ထိုအိမ်သာသုံးစက္ကူများကို ပါးစပ်သုတ်ရန်ချပေးစဉ်က လက်ဦးတွင်မ၀ံ့မရဲ၊ မသတီသလိုလို ဘာလိုလိုခံစားကြရသေးသည်။ နောက်တော့ မြန်မာ့နည်းမြန်မာ့ဟန် ပြောင်းပြန်ကိစ္စကို အသားကျသွားသောအခါ ရဲရဲသုတ်ကြတော့သည်။ နိုင်ငံတကာတွင် မီးဖို ချောင်ထဲ၌ ထားသောရေခဲသေတ္တာများကို မြန်မာနိုင်ငံ၌ အိမ်ရှေ့ခန်း၊ ဧည့်ခန်းများတွင် မိန့်မိန့်ကြီး ဟန်ရေးပြထားတတ်ပြန်သည်။ အချို့က အ၀တ်လျှော်စက်များကိုပင် ရေချိုးခန်းထဲ၌မထားဘဲ အိမ်ရှေ့ခန်း၌ ထုတ် ဖော်ပြသထားပေ၏။ ကျွန်တော်တို့နိုင်ငံတွင် တိုင်းသူပြည်သားများကသာ ပြောင်းပြန်လုပ်သည်မဟုတ်။ အစိုးရကလည်း ပြောင်းပြန်ဖြစ်သည်။ မြို့သစ်တမြို့ကို စတင်အကွက်ရိုက်တည်ဆောက်မည်ဆိုပါလျှင် နိုင်ငံတကာတွင် ရေဆင်းမြောင်းများ၊ မိလ္လာပိုက်လိုင်းများ၊ ရေပေးဝေရေးလိုင်းများ၊ လျှပ်စစ်ဓာတ်အားပေးလိုင်းများ၊ တယ်လီဖုန်းကြိုးများ၊ လမ်းများကို အရင်ဆုံးစတင်တည်ဆောက်၏။ ထိုအရာများ ပြည့်စုံပြီဆိုပါမှ လူနေအိမ်များ၊ ပန်းခြံများ၊ ဈေးဆိုင်များ၊ စာသင်ကျောင်း၊ ရုပ်ရှင်ရုံ၊ အားကစားကွင်းများကို တဆင့်ချင်းတည်ဆောက်ကြ၏။ ကျွန်တော်တို့ နိုင်ငံတွင် သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရွှေပြည်သာ၊ ရွှေပေါက္ကံ၊ လှိုင်သာယာအပါအ၀င် စစ်အစိုးရလက်ထက်တည်ဆောက်ခဲ့သော မြန်မာပြည် တနံတလျားမှ မြို့သစ်များကိုကြည့်လိုက်လျှင် လူနေအိမ်ခြေများအတွက် မြေကွက်ရိုက်ခြင်းကို အရင်ဆုံးအလောတကြီး စတင်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရမည်။ ထို့နောက်မြေကွက်များကို ရောင်းစားကြသည်။ နီးစပ်ရာတို့ ခွဲဝေယူကြသည်။
နိုင်ငံတကာတွင် အရင်ဆုံးဆောင်ရွက်ကြသော မိလ္လာစနစ်၊ ရေမြောင်းစနစ်များမှာ ဘာတခုမှ အစီစဉ်တကျမဆောင်ရွက်ခဲ့တာတွေ့ရမည်။ ထို့ကြောင့် ရေဆိုးများသည် ရပ်ကွက်အတွင်းအမြဲဝပ်နေသည်။ ရေများသည် ဘယ်ဆီသို့စီးဆင်းမည်ဟူသည့် တိကျသည့်ရည်ရွယ်ချက် မရှိ။ ဟိုဘက်စီးမလိုလို၊ သည်ဘက်စီးမလိုလိုဖြင့် ခြင်များ၊ ပိုးလောက် လန်းများ အဆမတန်ပေါက်ပွားကြသည်။ သောက်သုံးရေ ရေရသည့် နေရာတွင်ရသည်။ မရသည့်နေရာတွင်မရ။ အများအားဖြင့် ကိုယ့်အိမ် အတွက် ကိုယ်ပိုင်မြေအောက်အ၀ီစိရေကို ကိုယ့်ပိုက်ဆံဖြင့် တူးကြရ သည်။ မိလ္လာကို ကိုယ့်ဘာသာကျွင်းတူး၍ မြေကြီးထဲသို့ရောက်သွား စေရသည်။ နိုင်ငံတကာတွင် အရေးအကြီးဆုံးဟုယူဆကာ အရင်ဆုံး လုပ်ခဲ့သမျှသည် ကျွန်တော်တို့နိုင်ငံတွင် အရေးမကြီးဆုံးနောက်ဆုံးမှ လုပ်ရသည့်အရာများ (၀ါ) လုံးဝမလုပ်ကြသည့်အရာများ ဖြစ်နေပါသည်။
နောက် ၁၀ နှစ်၊ နှစ်၂၀ ကြာလာ၍ မိုးတွင်းရေမြုပ်ကာ ရေစီးရေလာမကောင်းတော့မှ ဟိုမြောင်းကိုဖော်မလိုလို၊ ဟိုပြွန်ပေါက်ကို ဖောက်မလိုလို၊ ဟိုချောင်းကို တူးတော့မလိုလို လုပ်မလိုလို အယောင်ပြ ကြသည်။ အစိုးရထံမှဘတ်ဂျက်တောင်းကာ နည်းနည်းလုပ် များများခိုးစနစ်ဖြင့် စခန်းသွားကြသည်။ နိုင်ငံခြားတိုင်းပြည်များတွင် လမ်းများကို ချဲ့ ကြသလို ပြည်သူလူထု လမ်းလျှောက်သူများအတွက် ပလက်ဖောင်း (Pavement)များကို ကျယ်ပြန့်စွာ ဆောက်လုပ်ပေးထားကြသည်။ ထိုမှသာ အလုပ်သွားအလုပ်ပြန် စည်ကားသောအချိန်များတွင် လူများရာနှင့် ထောင်နှင့်ချီ၍ ပလက်ဖောင်းပေါ်တွင်သွားလာနိုင်ပေမည်။ ကျွန်တော်တို့နိုင်ငံတွင် ကားများအတွက် ယာဉ်ကြောချဲ့ဖို့တခုပဲစဉ်းစားကာ လမ်းလျှောက်သူများပိုင်ဆိုင်သော ပလက်ဖောင်းများကို လုယူကြသည်။ လမ်းချဲ့ရန်ပလက်ဖောင်းကို ကျဉ်းပစ်လိုက်ကြသည်။ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းစသော အဓိကလမ်းမကြီးများပေါ်မှ လူသွားစင်္ကြံသည် အချို့နေရာတွင်တပေ၊ တပေခွဲလောက်သာရှိတော့တာ အံ့သြဖွယ်တွေ့ရသည်။ အင်္ဂလိပ်လက်ထက်ကတည်းက တည်ဆောက်ပေးထားခဲ့သော ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓူလလမ်း၊ ကုန်သည်လမ်း စသောလမ်းမကြီးများပေါ်မှ ပလက်ဖောင်းများကို ဖြိုချကျဉ်းမြောင်းပစ်လိုက်ကြသည်။ ထိုသို့ ပြောင်းပြန်ဆောင်ရွက်ကြသဖြင့် ယာဉ်ကြောလည်းချောင်မလာ၊ ခြေကျင်လျှောက်သူများအတွက်လည်း ပလက်ဖောင်း မလုံလောက်သဖြင့် လမ်းပေါ်တက်လျှောက်ကြသော ပြဿနာများ ပေါ်လာသည်။
မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတော့မည်ဟု ဗြိတိသျှအစိုးရက သဘောတူသောအခါ လွတ်လပ်သောမြန်မာနိုင်ငံအတွက် ကြိုတင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကို ဗြိတိသျှအစိုးရက ဘာမှဝင်ရောက် စွက်ဖက်ခြင်းမရှိ။ ၁၉၄၇ ဧပြီလ ၉ ရက်တွင် ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖ-ဆ-ပ-လ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်များကိုသာ ဖွဲ့စည်းပုံအခြေခံဥပဒေ စိတ်တိုင်းကျ ရေးဆွဲစေခဲ့သည်။ ရွေးကောက်ပွဲတွင် လွတ်တော်မဲဆန္ဒနယ် ၁၈၂ နေရာ ရှိသည့်အနက် သခင်သိန်းဖေမြင့်၊ သခင်သန်းထွန်းတို့၏ (သိန်းသန်း ကွန်မြူနစ်ပါတီက) ၇ နေရာရရှိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖဆပလမှ ကျန်နေရာအားလုံးကို အနိုင်ရရှိခဲ့သည်။ ထိုသို့လွှတ်တော်အမတ်များ စိတ်တိုင်းကျရေးဆွဲခဲ့သဖြင့် ၁၉၄၇ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို ရေးဆွဲရေးတာဝန်မှာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်သာဖြစ်သည်ဆိုခြင်းကို နယ်ချဲ့ ဗြိတိသျှအပါအ၀င် တကမ္ဘာလုံးက လက်ခံခဲ့သော အလေ့အထဖြစ်သည်။ ၁၉၉၀ တွင် ရွေးကောက်ပွဲပြုလုပ်ပြီး NLD ပါတီမှ အမတ်နေရာအများစု အနိုင်ရသောအခါ ထိုစဉ်က တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်က -
''တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲမှာ မဟုတ်ဘူး၊ ကျုပ်တို့ သမိုင်းတရားခံအဖြစ်မခံနိုင်ဘူး၊ ဖွဲ့စည်းပုံဥပဒေကို ရွေးကောက်ပွဲ အနိုင်ရတဲ့ လွှတ်တော်အမတ်တွေ ဆွဲကြပါစေ။ ကျုပ်တို့တပ်မတော်ဟာ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားကိုပြန်မယ်''ဟု ပြောခဲ့သည်။ တနည်းအားဖြင့် ဗိုလ်ချုပ်မှူးကြီးစောမောင်သည် နိုင်ငံတကာက လက်ခံကျင့် သုံးသောစနစ်တခုကို လက်ခံလိုက်နာရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သို့သော် မြန်မာ့နည်းမြန်မာ့ဟန်ပြောင်းပြန်လုပ်ချင်သော စစ်ဗိုလ်ချုပ်များ က ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ထုတ်ဖြုတ်ချလိုက်ပြီးသောအခါ ရွေးကောက်ပွဲနိုင်သူများလည်း ဖွဲ့စည်းပုံဥပဒေ ရေးဆွဲခွင့်မရှိသော ပြောင်းပြန်လုပ်ထုံးလုပ်နည်းများပေါ်လာပါသည်။ ထိုစဉ်က NLD ပါတီကို ဖြတ်လမ်းမှအာဏာရယူရေးကြိုးပမ်းနေသည်ဟု န၀တ/နအဖ စစ်အစိုးရက စွပ်စွဲခဲ့ရာ ပြောင်းပြန်ဖြစ်နေပါသည်။ လူထုကရွေးကောက် တင်မြှောက်လိုက်သောပါတီသည် ဖြတ်လမ်းမှအာဏာယူခြင်းမဟုတ်၊ ၁၉၈၈ တွင် အာဏာသိမ်းကာတက်လာပြီး ရွေးကောက်ပွဲပြီးသော်လည်း အာဏာလွှဲမပေးချင်သော စစ်အစိုးရကသာ အာဏာကိုဖြတ်လမ်းမှ ယူထားခြင်းဖြစ်ရာ သူတို့စွပ်စွဲချက်မှာပြောင်းပြန်ဖြစ်နေပါသည်။ ဒီမိုကရေစီ နိုင်ငံအတော်များများတွင် မကျင့်သုံးတော့သော တပ်မတော်က အနာဂတ် နိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင် ပါဝင်ရေးဆိုသော ပြောင်းပြန်ကိစ္စတခု ပေါ်ပေါက်လာပါသည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးကိုသာမက နိုင်ငံရေးတွင်လည်းဝင်ပါသော၊ စီးပွားရေးတွင်လည်း ၀င်ပါသော၊ ဥပဒေပြုရေးတွင်လည်း ၀င်ပါသော နိုင်ငံတကာတွင်မရှိသည့် ပြောင်းပြန်ကိစ္စတခုကို စတင်တီထွင်လာပေသည်။ ထိုသို့ဖြင့် တပ်မတော်သည် စစ်လည်းတိုက်သည်၊ နိုင်ငံရေးလည်းလုပ်သည်၊ အုပ်ချုပ်ရေးတွင်လည်းပါသည်၊ စီးပွားရေးလည်းလုပ်သည်ဟူသော စစ်မျက်နှာလေးဘက်ဖွင့်သည့် အကွက်ဆန်းတခု ပေါ်ပေါက်လာပါတော့သည်။
အင်္ဂလန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီအပါအ၀င် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးများတွင်ရှိသည်ကား အရပ်ဖက်၏ အုပ်ချုပ်မှုကို စစ်ဖက်ကလိုက်နာဆောင်ရွက်ရသော ဓလေ့ထုံးစံဖြစ်ပြီး စစ်ဘက်၏အုပ်ချုပ်မှုကို အရပ်ဘက် အစိုးရကလိုက်နာဆောင်ရွက်ရသော ဓလေ့မှာ အင်ဒိုနီးရှားနိုင်ငံတွင်ပင် ယခုအခါမကျင့်သုံးတော့သော ပြောင်းပြန်မူ တခုဖြစ်ပါသည်။ စစ်တပ်ကို လွှတ်တော်အတွင်းသို့ ပို့ထားခြင်းသည် အ၀တ်လျှော်စက်ကို အိမ်ဦးခန်းတွင် နေရာချထားသည်နှင့် တူနေပါသည်။ သူ့တန်ဖိုးနှင့်သူအသုံးဝင်သော်လည်း နေရာမှားရောက်နေသောအခါ ကမောက်ကမ ဖြစ်ရပေ၏။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်လည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် ဘုရားစူး အနည်းငယ်သာပါရှိပြီး NLD ပါတီနှင့် NLD ပါတီမှ လွှတ် တော်ကိုယ်စားလှယ်အများစုမပါဝင်ခဲ့ပေ။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေသည် အနိုင်ရလွှတ်တော်အမတ်အများစု၏ ဆန္ဒမပါဝင်ဘဲ မဆိုင်သည့်သူအများစုက ၀င်ရောက်ရေးဆွဲထားသည့် ပြောင်းပြန်ဥပဒေတခုဖြစ်ပါသည် (ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး၊ ညောင်နှစ်ပင် အမျိုးသားညီလာခံတွင် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့ပင် ပါ လိုက်သေးသည်)။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြည်သူလူထုက ဆန္ဒခံယူပွဲတွင် ၉၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အတည်ပြုထားသည့်ဥပဒေဟု စစ်အစိုးရက စန်းတင်ကြေညာခဲ့သော်လည်း ထိုသို့ ၉၂ ဒသမ ၄ ရာခိုင်နှုန်း မဲရေတွက်ရခြင်းမှာ မည်သည့်အဖွဲ့အစည်းရှေ့တွင် ရေတွက်ခဲ့သနည်း၊ မည်သည့် လွတ်လပ်သောရွေးကောက်ပွဲကော်မရှင် ရှိခဲ့သနည်း၊ မည်သည့် လွတ်လပ်သော ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့များရှိခဲ့သနည်းဟုမေးလျှင် ဆန္ဒခံယူပွဲလုပ်တာလည်း ငါတို့အဖွဲ့၊ မဲရေတွက်တာလည်း ငါတို့အဖွဲ့၊ ၉၂ ဒသမ ၄ ထောက်ခံမဲရသည်ဟု ကြေညာတာလည်း ငါတို့အဖွဲ့သာဖြစ်နေကြောင်း တွေ့ရမည်။ ထိုရလဒ်မှ တကယ်ဟုတ်မဟုတ် ပြည်သူလူထုကအပြန်အလှန် စစ်ဆေးခွင့် (Chech and balance) မလုပ်နိုင်ခဲ့ပါ။ ထို့ကြောင့် ပြည်သူလူထု ၉၂ ဒသမ ၄ က ထောက်ခံခဲ့သည်ဆိုခြင်းမှာလည်း မြန်မာနည်းမြန်မာ့ဟန် ပြောင်းပြန်လုပ်ရပ်ဟုသာ ယူဆရမလိုရှိပေသည်။ ကိုယ့်ဘာကိုယ် ကုလားဖန်ထိုး၊ ကိုယ့်ဘာသာကိုယ်ချိုး၊ ကိုယ့်ဘာသာဝေ၊ ထို့နောက် ဂျိုကာ သုံးလုံးကျ ပါပြီဟု ကိုယ့်ဘာသာကျေညာသလို ရှိလေသည်။ အံ့ဖွယ်သရဲရှိလှပါ၏။ မြန်မာနိုင်ငံ၏ပြောင်းပြန်ကိစ္စများအားလုံးထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးမှာ ပြောင်းပြန်အဖြစ်ဆုံးကိစ္စကြီး ဖြစ်သည်။ ထိုပြောင်းပြန်ကို အတည့်ဖြစ်အောင် ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်အောင် ပြန်လည်ပြင်ဆင်ဖို့အရေးသည် တပ်မတော်နှင့် စစ်ဗိုလ်ချုပ် ဟောင်းများ၏ သမိုင်းပေးတာဝန် ဖြစ်သည်။ ထိုတာဝန်ကိုမကျေမချင်း တိုင်းပြည်အပေါ်တွင် ကပြောင်းကပြန်ပြုလုပ်ထားမှုသည် အကြွေးတင်သလို တင်ရှိနေပေလိမ့်မည်။
၁၉၇၄ ခုနှစ်ကလည်း မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်ဝါဒ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်)ဆိုသည်ကို စစ်ဗိုလ်ချုပ်များက အကောင်အထည်ဖော်ခဲ့ဖူးသည်။ အမှန်စင်စစ် ထိုဝါဒသည် ကွန်မြူနစ်ဝါဒအစစ်လည်းမဟုတ်၊ ဆိုရှယ်လစ်ဝါဒအစစ်လည်းမဟုတ်သော အာဏာရှင် ပြောင်းပြန်ဝါဒတခုသာ ဖြစ်သည်။ ထိုပြောင်းပြန်စနစ်တခုကြောင့်ပင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံတခုမှ ကမ္ဘာ့အဆင်းရဲဆုံးသောနိုင်ငံတခုအဖြစ်သို့ အချိန်တိုအတွင်း ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ အလွဲတကာ့အလွဲထဲတွင် မူဝါဒအလွဲသည် အဆိုးရွားဆုံးဖြစ်သည်။ ကျင့်သုံးသောစနစ်တခု ခေတ်နှင့် မလျော်ညီဘဲ ပြောင်းပြန်ဖြစ်နေပါက မည်သို့မျှ ရှေ့သို့ရောက်နိုင်မည် မဟုတ်ပေ။ ကရွတ်ကင်း လျှောက်သလိုသွားနေပါက မည်သည့်အခါမှရှေ့သို့မရောက်တော့ဘဲ တနေရာထဲတွင် တ၀ဲလည်လည်ဖြစ်နေမည်သာ ဖြစ်သည်။
ကျွန်တော်တို့သည် နိုင်ငံတကာအလေ့အထများနှင့် ပြောင်းပြန်ပြုလုပ်သောအခါ အိမ်သာစက္ကူကို လက်သုတ်ပ၀ါလုပ်ခြင်းစသော သေးဖွဲသည့်ကိစ္စများတွင် ပြောင်းပြန်လုပ်မိခြင်းသည် အမြင်မတော်သည်မှတပါး ထူးထူးခြားခြား နစ်နာစရာမရှိ၊ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းစသော နိုင်ငံအတွက် အသက်တမျှအရေးကြီးသောကိစ္စမျိုးတွင် ပြောင်းပြန် ဇောက်ထိုးပြုလုပ်မိပါက တိုင်းပြည်သည် ငါးပါးသာမက သံဃာစင်ပင် မှောက်လိမ့်မည်။ နိုင်ငံရေးတွင် စစ်တပ်က ၀င်ရောက်ခြယ်လှယ်နေခြင်း၊ လွှတ်တော်တွင် ရွေးကောက်ခံမဟုတ်သော တပ်မတော်သားများ နှစ် အကန့်အသတ်မရှိ၊ အချိန် အကန့်အသတ်မရှိ ၀င်ရောက်ပါဝင်စွက်ဖက်နေခြင်း၊ လက်နက်ကိုင်ထားသောအဖွဲ့အစည်းတခုမှ လက်နက်မဲ့ ပြည်သူ များနှင့်အပြိုင် စီးပွားရေးယှဉ်ပြိုင်လုပ်ကိုင်နေခြင်း၊ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုက ရွေးကောက်ထားသော လွှတ်တော်အမတ်များ အားလုံး၏ဆန္ဒကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဗီတိုအာဏာနှင့်ပယ်ချနိုင်ခြင်းတို့မှာ မည်သည့်နိုင်ငံနှင့်မျှမတူဘဲ ပြောင်းပြန်ဖြစ်နေသောကိစ္စ ဖြစ်သည်။ ကျွန်တော်တို့နိုင်ငံသည် ပြောင်းပြန်နိုင်ငံတော်ဖြစ်သည်။ အသေးအမွှား ပြောင်းပြန်ကိစ္စကား အကြောင်းမဟုတ်။ အခြေခံဥပဒေကဲ့သို့ ကြီးမားသော ပြောင်းပြန်ကိစ္စကြီးများမှာမူကား တနိုင်ငံလုံးနှင့်ဆိုင်သဖြင့် လူတစု၊ အဖွဲ့အစည်းတခုကသာ လက်ဝါးကြီးအုပ်ဆုံးဖြတ်လုပ်ကိုင်နေခြင်းမှာ မည်သို့မျှကောင်းလာစရာမရှိဘဲ အမြင်မတော် ဆင်တော်နှင့်ခလောက်ကဲ့သို့ ရှိနေပါကြောင်း။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...