Sunday, May 31, 2015

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ သမိုင်းဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်ပြောပြခြင်း


ဘိုးသိမ်း (ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ဆရာကြီး ဒေါက်တာမင်းသိမ်း)
၂၀၁၅ ခု မေလ ၂၂ ရက် (သောကြာ) နေ့ထုတ် Daily Eleven သတင်းစာမှာ လွှတ်တော်သို့ လာရောက်လေ့လာသည့် သန်လျင်နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့စုံတဲ့သတင်း ဖတ်ရပါတယ်။

အဲဒီ တွေ့စုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က " အခုအချိန်မှာ ဒီသမဂ္ဂကိစ္စဆိုရင် အများကြီးပြောကြတယ်။ အန်တီတို့ကတော့ အမြဲပဲ ပြောပါတယ်။ ကျောင်းသူကျောင်းသားများဟာ တန်းတူညီတူ အခွင့်အရေး ရှိရမယ်။ အဲဒါဆိုတော့ သမဂ္ဂဝင်မှ မဟုတ်ဘူး။ သမဂ္ဂဝင်ကို အခွင့်အရေးတစ်မျိုး၊ သမဂ္ဂဝင် မဟုတ်တဲ့သူကို အခွင့်အရေးတစ်မျိုး၊ အဲဒီလို လုပ်လို့ မရဘူး။ အဲဒါဆိုရင် ဒီမိုကရေစီ စံနှုံးစံထားနဲ့ မကိုက်ညီဘူး။ တကယ်ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့တောင် မကိုက်ညီဘူး။ အဲဒါကိုလည်း မမေ့ကြနဲ့ "လို့ ပြောကြားသွားပါတယ်။
ဒီပြောဆိုချက်နဲ့ ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့အမြင်ကို သူသိသလောက် သူပြောသွားတာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဘာမှ မဝေဖန်လိုပါဘူး။
အဲဒီသတင်းကို ကျွန်တော် ဖတ်ရှုလိုက်ရတဲ့အချိန်မှာ ချက်ချင်းလိုပဲ၊ ကျွန်တော့ခေါင်းထဲမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ သမိုင်းဖြစ်ရပ်မှန်လေး တစ်ခုကို ပြန်လည်မြင်ယောင်လာပါတယ်။
အဲဒီ သမိုင်းဖြစ်ရပ်မှန်လေးဟာ နှစ်ပေါင်း ၆၃ နှစ်က ဖြစ်ပျက်ခဲ့တာဆိုတော့ မှီလိုက်သူတစ်ချို့လောက်ပဲ ရှိပါတော့မယ်။ ဒါကြောင့် အဲဒီ သမိုင်းဖြစ်ရပ်မှန်လေးကိုတော့ အများပြည်သူများ၊ ကျောင်းသားများ၊ လူငယ်များ သိအောင် တင်ပြချင်ပါတယ်။

၁၉၃၁ ခုနှစ် ဇန္နဝါရီလ (၉) ရက် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်းတဲ့ အချိန်က စတင်ပြီး ၁၉၅၃-၅၄ စာသင်နှစ်အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားအားလုံးဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ မဟုတ်ကြပါဘူး။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ချင်တဲ့ ကျောင်းသားများဟာ သမဂ္ဂဝင်ခွင့် လျှောက်လွှာပုံစံများကို ဖြည့်သွင်းပြီး ကျောင်းသားသမဂ္ဂဝင်ကြေး တစ်ကျပ်ပေးသွင်းခါ သမဂ္ဂဝင်အဖြစ် ခံယူကြရပါတယ်။ တစ်ချို့ ကျောင်းသားအနည်းစုကတော့ သမဂ္ဂမဝင်ကြပါ။
၁၉၅၃-၅၄ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်ရွေးကောက်ပွဲမှာ မဲခိုးတဲ့ ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။ စတင် ဖြစ်ပွားတာကတော့ ဒီလိုပါ။


အဲဒီအချိန်က အစိုးရအာဏာရရှိနေတဲ့ ဆိုရှယ်လစ်ပါတီနဲ့ နီးစပ်တဲ့ ကိုကိုကြီးက ၁၉၅၂-၅၃ ပညာသင်နှစ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌအဖြစ် တာဝန်ယူနေပါတယ်။ ကိုကိုကြီးဟာ ဆိုရှယ်လစ်ပါတီနဲ့ နီးစပ်တဲ့ ဒီအက်(စ်)အိုအဖွဲ့ (D.S.O) ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဒီအက်(စ်)အိုအဖွဲ့ဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားထုအတွင်း စည်းရုံးရေး ကျဆင်းတဲ့ အချိန် ဖြစ်ပါတယ်။ ဘာကြောင့် စည်းရုံးရေးကျဆင်းတယ်ဆိုတာကိုတော့ ရှည်မှာစိုးလို့ မရေးတော့ပါဘူး။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေအရ ၁၉၅၂-၅၃ ပညာသင်နှစ် တကသဥက္ကဌက ၁၉၅၃-၅၄ ပညာသင်နှစ်အတွက်၊ တကသ အမှုဆောင်ရွေးကောက်ပွဲကို "ရွေးကောက်ပွဲအရာရှိ" အဖြစ် တာဝန်ယူပြီး ကျင်းပပေးရပါတယ်။
အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဟုတ်သေးတဲ့အတွက် တကသ ရွေးကောက်ပွဲမှာ တက္ကသိုလ်ကျောင်းသားတိုင်း မဲဆန္ဒပေးခွင့် မရှိပါဘူး။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကတ်ပြား ကိုင်ထားသူများသာ မဲဆန္ဒပေးခွင့်ရပါတယ်။
၁၉၅၃-၅၄ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ပထမအသုတ် အမှုဆောင်ရွေးကောက်ပွဲကို ၁၉၅၃ ခုနှစ် ဩဂုတ်လ (၂၈) ရက်နေ့မှာ ကျင်းပပြုလုပ်ပါတယ်။
အစိုးရ အာဏာရ ဆိုရှယ်လစ်တွေနဲ့ နီးစပ်တဲ့ ဒီအက်(စ်)အိုအဖွဲ့အနေနဲ့ ကျောင်းသားထုအတွင်း ကျဆင်းနေချိန်ဖြစ်သဖြင့် ရွေးကောက်ပွဲအရာရှိ ဒီအက်(စ်)အိုအဖွဲ့ ခေါင်းဆောင် ကိုကိုကြီးအနေနဲ့ တကသအမှုဆောင်ရွေးကောက်ပွဲမှာ ဒီအက်(စ်)အိုအဖွဲ့ ရှုံးနိမ့်သွားမှာကို အလွန်စိုးရိမ်နေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအရာရှိ ကိုကိုကြီးဟာ တကသမှုဆောင် ရွေးကောက်ပွဲမှာ မသမာမှုတွေ ပြုလုပ်ပါတယ်။
ပြုလုပ်ပုံက ဒီလိုပါ။
အဲဒီအချိန်မှာ လွတ်လပ်ရေးရပြီးမှ အသစ်ဖွင့်လှစ်တဲ့ အစိုးရဌာနများ - ဥပမာ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့၊ လယ်ယာနှင့် ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (ARDC) ၊ စက်မှုတိုးတက်ရေး ကော်ပိုရေးရှင်း (IDC) မှာ ဆိုရှယ်လစ်ပါတီဝင်များကို ဝန်ထမ်းအဖြစ် ခန့်ထားပါတယ်။
အဲဒီအစိုးရဌာနများက တက္ကသိုလ်ကျောင်းသားအရွယ် ဆိုရှယ်လစ်ပါတီဝင် ဝန်ထမ်းများကို တကသရွေးကောက်ပွဲ အရာရှိ ကိုကိုကြီးက တက္ကသိုလ်ကျောင်းသားသမဂ္ဂဝင်ကတ်ပြားများ ထုတ်ပေးပြီး တက္ကသိုလ်ကျောင်းသားအယောင်ဆောင်ခါ ဒီအက်(စ်)အိုအဖွဲ့ကို မဲထည့်ခိုင်းပါတယ်။
အမှန်တကယ် မဲထည့်ရန်လာတဲ့ တက္ကသိုလ်ကျောင်းသားများ မဲထည့်ရန် မဲရုံ ( အဲဒီအချိန်က တကသအဆောက်အအုံ အပေါ်ထပ်ရှိ အစည်းအဝေးခန်းမကြီးကို မဲရုံအဖြစ် ပြုလုပ်ထားပါတယ်) သို့ ရောက်ရှိသောအခါ မဲစာရင်းရှိ အဲဒီကျောင်းသားအမည်များမှာ မဲထည့်ပြီး ဖြစ်နေကြောင်း တွေ့ရသဖြင့် အဲဒီကျောင်းသားတချို့နဲ့ ပြဿနာတက်နေကြပါတယ်။
အဲဒီအချိန်မှာ ကိုတင်ထွန်းအမည်ဖြင့် လူတစ်ယောက် မဲပြား လာထုတ်ပါတယ်။
ကံဆိုးချင်တော့ မဲအမှန်တကယ် ထည့်ခွင့်ရှိတဲ့ တက္ကသိုလ်ကျောင်းသား ကိုတင်ထွန်းအစစ်အမှန်မှာ တကသ ရွေးကောက်ပွဲမှာ သန့်ရှင်းအဖွဲ့က အရွေးခံတဲ့ ကိုအုန်းခိုင်နဲ့ အခန်းတစ်ခန်းထဲနေတဲ့ အခန်းဖော်ကျောင်းသား ဖြစ်နေပါတယ်။
ကိုတင်ထွန်းအမည်နဲ့ မဲပြားထုတ်ယူချိန်မှာ ကိုအုန်းခိုင်က " ခင်ဗျား ကိုတင်ထွန်း မဟုတ်ဘူး" ဆိုပြီး ဝင်ဖမ်းကာ ထိုသူအား ရွေးကောက်ပွဲအရာရှိ ကိုကိုကြီးထံ ခေါ်ဆောင်သွားပါတယ်။
နဂိုက သူတို့အမည်နဲ့ လူစားထိုး မဲထည့်ခံထားရလို့ မကျေမနပ်ဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေက " မဲသူခိုးမိပြီဟေ့ " လို့ အောဟစ်ဆူပူကြပါတယ်။ နောက်တော့ ကျောင်းသားထုအတွင်းက " မတရားသော ရွေးကောက်ပွဲ အလိုမရှိ" ဆိုတဲ့ အသံတွေ ပေါ်ထွက်လာပါတယ်။
အဲဒီအချိန်မှာ ရွေးကောက်ပွဲအရာရှိ ကိုကိုကြီးက ကမာရွတ်ရဲစခန်းကို ဖုံးဆက်လိုက်ပုံရပါတယ်။ ရဲကားတွေ တကသ အဆောက်အအုံရှေ့ကို ရောက်ရှိလာပြီး ရဲသားတစ်ချို့ တကသ အဆောက်အအုံအပေါ်ထပ်ကို ပြေးတက်လာပါတယ်။
ရဲတွေတက်လာတဲ့ အချိန်မှာ ကျောင်းသားတစ်ချို့က " မဲပုံးကို ရဲလက်တွေ မအပ်ဘူး" ဟုအော်ဟစ်ကာ တကသအဆောက်အအုံအပေါ်ထပ်မှ ကတ္တရာလမ်းပေါ် ပစ်ချလိုက်ပါတယ်။ မဲပုံး ကတ္တရာလမ်းပေါ်ကျသည့် အချိန်မှာ မဲပုံးကွဲအက်ပြီး မဲပြားများ မဲပုံး ဘေး ကတ္တရာလမ်းပေါ်သို့ လွင့်စင်သွားပါတယ်။ ကတ္တရာလမ်းပေါ်မှာ ရှိတဲ့ ကျောင်းသားတစ်ချို့က " မတရားတဲ့ ရွေးကောက်ပွဲ " ဟု အော်ဟစ်ရင်း လွင့်စင်လာတဲ့ မဲပြားများကို ဆုတ်ဖြဲကြပါတယ်။
အဲဒီလိုနဲ့ တကသအမှုဆောင် ရွေးကောက်ပွဲဟာ ပျက်သွားပါတယ်။
နောက်တစ်နေ့ နေ့စဉ်သတင်းစာတွေမှာ ကွဲအက်နေတဲ့ မဲပုံးကြီးနဲ့ ဘေးကို လွင့်စင်နေတဲ့ မဲပြားတွေကို အနီးကပ် (Close Up) ရိုက်ထားတဲ့ ဓာတ်ပုံကို သတင်းစာမျက်နှာဖုံးမှာ အသားပေးဖော်ပြထားကြပါတယ်။ အဲဒီလိုနဲ့ တကသအမှုဆောင် ရွေးကောက်ပွဲမှာ ဒီအက်(စ်)အိုတွေ မဲခိုးတဲ့ သတင်းဟာ တတိုင်းပြည်လုံး ဟိုးလေးတကျော် ဖြစ်သွားပါတယ်။
၁၉၅၃-၅၄ ပညာသင်နှစ်မှာ တက္ကသိုလ်အာဏာပိုင်တွေက တကသအမှုဆောင် ရွေးကောက်ပွဲအသစ် ပြုလုပ်ခွင့် မပေးတော့ပါဘူး။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်သမဂ္ဂသမိုင်းမှာ ၁၉၅၃-၅၄ ပညာသင်နှစ်မှာ တကသအမှုဆောင်အဖွဲ့ မရှိပါဘူး။
၁၉၅၄-၅၅ စာသင်နှစ်မှာတော့ ကျောင်းသားခေါင်းဆောင်းများနဲ့ တက္ကသိုလ်အာဏာပိုင်များ ဆွေးနွေးတိုင်ပင်ကြပြီး ၁၉၅၃-၅၄ တကသအမှုဆောင် ရွေးကောက်ပွဲလို အဖြစ်မျိုး ထပ်မံမပေါ်ပေါက်အောင် အစိအစဉ်တွေ ရေးဆွဲကြပါတယ်။
တကသဖွဲ့စည်းပုံစည်းမျဉ်း ဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း တကသရွေးကောက်ပွဲ အရာရှိအဖြစ် တကသဥက္ကဌဟောင်းကပဲ ဆောင်ရွက်ရပါတယ်။ မဲပြားထုတ်ပေးခြင်း၊ မဲရေတွက်ခြင်း လုပ်ငန်းများကို ကြီးကြပ်ရန်အတွက် ရန်ကုန်တက္ကသိုလ်ကောင်စီက ပါမောက္ခကြီးများ ပါဝင်သော တကသရွေးကောက်ပွဲ ကြီးကြပ်ရေး အဖွဲ့ကို ဖွဲ့စည်းပေးပါတယ်။
မဲပြားတိုင်းမှာ ရွေးကောက်ပွဲအရာရှိလက်မှတ်နဲ့ တကသရွေးကောက်ပွဲ ကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ပါမောက္ခကြီးရဲ့ လက်မှတ်၊ လက်မှတ် ၂ ခု စလုံး ပါရှိရပါတယ်။ မဲပြားထုတ်ပေးတဲ့ အချိန်မှာလဲ တက္ကသိုလ်သမဂ္ဂအဖွဲ့ဝင်ကတ်ပြားနဲ့ ထုတ်ယူခွင့် မပြုတော့ပဲ ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းကို ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီး ရန်ကုန် တက္ကသိုလ်ကျောင်းသားကဒ် (Identity Card)ကို ပြပြီး မဲပြားထုတ်ယူရပါတယ်။ မဲပြားထုတ်ပေးပြီးတာနဲ့ ကျောင်းသားကဒ်ပြားပေါ်မှာ မဲပေးပြီး (Voted) ဆိုတဲ့ တံဆိပ်တုံးကို ရိုက်ပေးလိုက်ပါတယ်။ နောက် .. မဲပြားကို မဲပုံးထဲကို တစ်ခါထဲထည့်ခဲ့ရပါတယ်။ မဲရုံကိုတော့ တကသအဆောက်အအုံမှာ မပြုလုပ်တော့ပဲ၊ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမကြီး (ဂျက်ဆင်ခန်းမကြီး)မှာ ပြုလုပ်ပါတယ်။ အဲဒီနည်းနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ မဲတစ်ပြားသာ ထုတ်ယူခွင့်ရရှိပြီး မဲပြားကိုလည်း မဲရုံးခန်းမ အပြင်ဘက်ကို ယူဆောင်သွားလို့ မရပါဘူး။
ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်း ကျောင်းသားသမဂ္ဂဝင်အဖြစ် အသိအမှတ်ပြုနိုင်ရန်အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းဝင်ခွင့် လျှောက်လွှာတင်စဉ်အချိန်က ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကြေး တစ်ကျပ်ကို တက္ကသိုလ်ငွေစာရင်းဌာနက တက္ကသိုလ်ကျောင်းဝင်ကြေးနဲ့အတူ ကောက်ခံပေးပါတယ်။
နိုင်ငံသားတွေအနေနဲ့ အသက် ၁၈ နှစ်ပြည့်တာနဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့် ရရှိသွားသလို အဲဒီလိုနည်းနဲ့ တက္ကသိုလ်ကျောင်းသားတိုင်းဟာ တက္ကသိုလ်ကျောင်းသားဖြစ်တာနဲ့ တကသရွေးကောက်ပွဲမှာ မဲပေးနိုင်ခွင့်နဲ့ ဝင်ရောက်အရွေးချယ်ခံနိုင်တဲ့ အခွင့်အရေးတွေ ရရှိသွားပါတယ်။
အဲဒီလို စီစဉ်လိုက်တဲ့အတွက် ကျောင်းသားသမဂ္ဂဝင် ကျောင်းသားတစ်စုက မဲထည့်ပြီး ရွေးချယ်လိုက်တဲ့ တကသအမှုဆောင်အဖွဲ့ မဟုတ်တော့ပဲ တက္ကသိုလ်ကျောင်းသားအားလုံးက လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ပေးတဲ့ တကသအမှုဆောင်အဖွဲ့ ဖြစ်သွားပါတယ်။ ဒါကြောင့် တကသအမှုဆောင်အဖွဲ့အနေနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားထုတရပ်လုံးရဲ့ ကိုယ်စားလှယ်ဖြစ်သွားပါတယ်။ ကိုယ်စားပြုမှုနယ် ကျယ်ပြန့်သွားပါတယ်။
နှစ်ပေါင်း ၆၀ ကျော်က ကျောင်းသားခေါင်းဆောင်ဟောင်းကြီးများနဲ့ တက္ကသိုလ်အာဏာပိုင်များ ညှိနိုင်းဆွေးနွေးပြီး အမြော်အမြင်ကြီးကြီးနဲ့ စီစဉ်ဆောင်ရွက်ခဲ့တဲ့ အစီအစဉ်ဟာ ကျောင်းသားများအတွက်ရော၊ တက္ကသိုလ်အာဏာပိုင်များအတွက်ပါ နှစ်ဦးနှစ်ဘက် အဆင်ပြေချောမွေ့ခဲ့ပါတယ်။
ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားထုတရပ်လုံးရဲ့ ကိုယ်စားလှယ်အဖြစ် အစိုးရ၊ တက္ကသိုလ်အာဏာပိုင်များ အပါအဝင် အဖွဲ့အစည်းအားလုံးက အသိအမှတ်ပြုကြပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရွေးကောက်ပွဲကို ၁၉၅၄-၅၅ စာသင်နှစ်က စတင်ပြီး ၁၉၆၁-၆၂ စာသင်နှစ်အထိ (၈) နှစ်တိုင်တိုင် အထက်ဖော်ပြပါနည်းဖြင့် တက္ကသိုလ်ပါမောက္ခကြီးများကိုယ်တိုင် ကြီးကြပ်ကျင်းပပေးခဲ့ပါတယ်။ ဒါကြောင့် အဲဒီအချိန်ကာလတုန်းက ကျင်းပပြုလုပ်ခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရွေးကောက်ပွဲများကို မြန်မာနိုင်ငံမှာ အသန့်ရှင်းဆုံး ရွေးကောက်ပွဲများအဖြစ် သတင်းစာများက ဖော်ပြရေးသားခဲ့ကြပါတယ်။
ကျွန်တော် ဒီသမိုင်းအဖြစ်အပျက်လေးကို ပြန်လည်တင်ပြတာက " ၁၉၅၄-၅၅ ပညာသင်နှစ်က စတင်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဖြစ်ခဲ့ကြပြီး မဲပေးခွင့် ၊ ရွေးချယ်ခံခွင့် စသည့် အခွင့်အရေးများကို တန်းတူညီမျှ ခံစားခွင့် ရရှိခဲ့ကြပါတယ်" ဆိုတဲ့ အချက်ကို အများပြည်သူများ၊ ကျောင်းသားကျောင်းသူများ၊ လူငယ်များ ရှင်းရှင်းလင်းလင်း သဘောပေါက်စေရန် ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားအားလုံးဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ဖြစ်တဲ့အတွက် ရန်ကုန်တက္ကသိုလ်မှာ သမဂ္ဂဝင်မဟုတ်တဲ့ ကျောင်းသားတစ်ယောက်မှ မရှိပါဘူး။ ဒါကြောင့် " သမဂ္ဂဝင်ကို အခွင့်အရေး တစ်မျိုး၊ သမဂ္ဂဝင် မဟုတ်သူကို အခွင့်အရေး တစ်မျိုး အခွင့်အရေးပေးတဲ့ ပြဿနာကလည်း ရန်ကုန်တက္ကသိုလ်မှာ မပေါ်ပေါက်ခဲ့ပါဘူး။ "
ယခု လွှတ်တော်မှာ ဆွေးနွေးနေတဲ့ " အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ" ထုတ်ပြန်ပြီး ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရတယ်ဆိုရင်လဲ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကို ၁၉၅၄ ခုနှစ်မှာ စတင် ကျင်းပခဲ့သလို၊ ရွေးကောက်ပွဲအရာရှိနဲ့ တက္ကသိုလ်ပါမောက္ခများ ပါဝင်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကြီးကြပ်ရေး ကော်မတီတို့ ပူးတွဲကြီးကြပ်ပေးကြမယ်လို့ ယုံကြည်ယူဆထားပါတယ်။
အဲဒီလို အစီအစဉ်အတိုင်းသာ ပြုလုပ်မယ်ဆိုရင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင် အဖွဲ့ဟာ တက္ကသိုလ်ကျောင်းသားထုတစ်ရပ်လုံးရဲ့ ကိုယ်စားလှယ်ဖြစ်သွားတဲ့ အတွက် တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့က ရာထားရွေးချယ်ပေးတဲ့ တက္ကသိုလ်ကောင်စီလူကြီးဟာလည်း ကျောင်းသားထုတစ်ရပ်လုံးရဲ့ ကိုယ်စားလှယ်ပဲ ဖြစ်သွားပါတယ်။
ဒါကြောင့် " အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ" မှာ " ကျောင်းသားသမဂ္ဂကိုယ်စားလှယ်" လို့ ထည့်လိုက်တဲ့ အတွက် ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီစရာ မရှိပါဘူး။ ဒီမိုကရေစီ စံနှုန်းဆိုတာလဲ အနောက်တိုင်းနဲ့ အရှေ့တိုင်း မတူတာလေးတွေ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လဲ မကိုက်ညီစရာ မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ပြောကြားချက်ထဲမှာ " ကျောင်းသားကိုယ်စားလှယ် ရွေးတယ်ဆိုရင် သမဂ္ဂ မဟုတ်တဲ့ လူကလည်း အရွေးခံပိုင်ခွင့် ရှိရမယ်။ သမဂ္ဂဝင်ကလည်း အရွေးခံပိုင်ခွင့် ရှိရမယ်။ အများကြိုက်တဲ့သူက ရမှာပဲပေါ့" လို့ ပါရှိတာ ဖတ်လိုက်ရပါတယ်။
ဒီပြောဆိုချက်နဲ့ ပက်သက်တာကိုတော့ ကျွန်တော့်အနေနဲ့ အနည်းငယ် ပြန်လည်ဆွေးနွေးချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိပ္ပါယ်ကောက်ယူမှု တစ်ခုခုများ လွဲချော်နေသလားလို့ စဉ်းစားရမိပါတယ်။ ဒါမှမဟုတ် သေသေချာချာ လေ့လာမှု မရှိပဲ ပြောဆိုတာလဲ ဖြစ်နိုင်ပါတယ်။
ဒီနေ့ ကျောင်းသားတွေ တောင်းဆိုနေတဲ့ " ကျောင်းသားသမဂ္ဂကိုယ်စားလှယ်က တက္ကသိုလ်ကောင်စီ သို့မဟုတ် တခြားပညာနေးနဲ့ ပက်သက်တဲ့ ကော်မတီတွေမှာ ပါဝင်ရေး" ဆိုတာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်တွေ ကိုယ်တိုင် ကိုယ်စားလှယ်အဖြစ် ပါဝင်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျောင်းသားသမဂ္ဂက ရွေးချယ်တဲ့ (Norminate လုပ်တဲ့) ကျောင်းသား မဟုတ်တဲ့ ဘွဲ့ရတစ်ဦး ပါဝင်ရေးကိုတောင်းဆိုပြီနေတာ ဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့် မရဘဲ၊ ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အဆိုတင်သွင်းသလို၊ " ကျောင်းသားများက ရွေးချယ်သော ကိုယ်စားလှယ်" အဖြစ် ပါဝင်ခွင့် ရမယ်ဆိုရင်လဲ၊ အဲဒီကျောင်းသားကိုယ်စားလှယ်ကို တက္ကသိုလ်အာဏာပိုင်များက ရွေးကောက်ပွဲတစ်ခု ပြုလုပ်ပြီး ကျောင်းသားများကို ရွေးချယ်ခိုင်းရမှာ ဖြစ်ပါတယ်။
အဲဒီရွေးချယ်ပွဲမှာလဲ " ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ကိုယ်တိုင်ပါဝင် ရွေးချယ်ခံဘို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။
အဲဒီနေရာမှာ အထက်က ဖော်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်က " ကျောင်းသားကိုယ်စားလှယ် ရွေးတယ်ဆိုရင် သမဂ္ဂ မဟုတ်တဲ့ လူကလည်း အရွေးခံပိုင်ခွင့် ရှိရမယ်။ သမဂ္ဂဝင်ကလည်း အရွေးခံပိုင်ခွင့် ရှိရမယ်။ " လို့ ပြောသွားပါတယ်။
အမှန်တကယ် ကျောင်းသားကိုယ်စားလှယ် ရွေးတဲ့အခါမှာ သမဂ္ဂဝင်မဟုတ်တဲ့ ကျောင်းသားလဲ အရွေးခံခွင့် မရှိဘူး။ သမဂ္ဂဝင် ကျောင်းသားလဲ အရွေးခံခွင့် မရှိဘူး။
ဒါကြောင့် ကျွန်တော် အဲဒီအချက်ကို ထောက်ပြတာ ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် ကောင်စီမှာ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ပါဝင်ခွင့် ရခဲ့တာက ၁၉၃၉ ဇွန်လ (၁၅) ရက်နေ့မှာ အတည်ဖြစ်ခဲ့တဲ့ ၁၉၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ဒုတိယအကြိမ် ပြင်ဆင်ချက်အရ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီ ပြင်ဆင်ဥပဒေကို ၁၉၃၉ ခုနှစ် အက်ဥပဒေ အမှတ် (၂၀) အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီဥပဒေအရ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ပထမဆုံး ကိုယ်စားလှယ် ၊ တက္ကသိုလ် ကောင်စီဝင်လူကြီးဟာ မောင်အောင်ဆန်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မောင်အောင်ဆန်းဟာ ကျောင်းသား မဟုတ်တော့ပါဘူး။ နိုင်ငံရေးလောကထဲ ရောက်ရှိနေပါပြီ။
၁၉၅၇ ခုနှစ် မန္တလေး တက္ကသိုလ်အက်ဥပဒေအရ ၁၉၅၈ ခုနှစ်ထဲမှာ မန္တလေးယူနီဗာစတီကောလိပ်ကို မန္တလေးတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ " မန္တလေးတက္ကသိုလ် ကောင်စီ" ဆိုတာလဲ ပေါ်လာပါတယ်။
၁၉၅၇ ခု မန္တလေးတက္ကသိုလ်အက်ဥပဒေ၊ ပုဒ်မ ၁၁ အပိုဒ်ခွဲ (ဋ) အရ၊ မန္တလေးတက္ကသိုလ် ကောင်စီမှာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက အဆိုပြုတဲ့ ကိုယ်စားလှယ်တစ်ဦး ပါဝင်ခွင့် ရရှိခဲ့ပါတယ်။
မန္တလေးတက္ကသိုလ်အက်ဥပဒေ၊ ပုဒ်မ ၁၁ အပိုဒ်ခွဲ (ဋ) မှာ " မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ အမှုဆောင် အဖွဲ့က အမည်စာရင်းတင်သွင်းသော၊ တက္ကသိုလ်အရာထမ်း၊ အမှုထမ်းလည်း မဟုတ်၊ တက္ကသိုလ်ကျောင်းသားလည်း မဟုတ်သော တက္ကသိုလ်ဘွဲ့ရတစ်ဦး"လို့ ဖော်ပြထားပါတယ်။
ရန်ကုန်တက္ကသိုလ်အက်ဥပဒေမှာတော့ မန္တလေးတက္ကသိုလ်အက်ဥပဒေမှာ ဖော်ပြထားတဲ့ အတိုင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတာမို့ ဒီဆောင်းပါးမှာ မဖော်ပြတော့ပါဘူး။ ကိုယ်စားလှယ် (၁) ဦးနေရာမှာ (၂)ဦးလို့ ရေးသားထားတာပဲ ကွာခြားပါတယ်။
ယခု ဆွေးနွေးနေတဲ့ " အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ" မှာ ထည့်သွင်းပေးရန် ကျောင်းသားတွေ တောင်းဆိုနေတာလဲ တက္ကသိုလ် ကောင်စီမှာ ကျောင်းသားတွေ ကိုယ်တိုင် ပါဝင်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ မန္တလေးတက္ကသိုလ်အက်ဥပဒေနဲ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေမှာ ဖော်ပြထားသလို တက္ကသိုလ်ဝန်ထမ်းမဟုတ်သော၊ တက္ကသိုလ်ကျောင်းသား မဟုတ်သော ဘွဲ့ရကိုယ်စားလှယ်" ပါဝင်ရေးကိုသာ တောင်းဆိုနေတာပါ။ အဲဒီတောင်းဆိုချက်ကလဲ အသစ်အဆန်း မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကပဲ ရရှိခဲ့တဲ့ အခွင့်အရေးကိုသာ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဒါကြောင့်လဲ ကျောင်းသားကိုယ်စားလှယ် ရွေးတဲ့ အခါမှာ သမဂ္ဂဝင်မဟုတ်တဲ့ ကျောင်းသားလဲ အရွေးခံခွင့် မရှိဘူး။ သမဂ္ဂဝင် ကျောင်းသားလဲ အရွေးခံခွင့် မရှိဘူးလို့ အထက်မှာ ရေးခဲ့တာပါ။
နောက်တစ်ချက် ရှင်းပြစရာ တစ်ခုကျန်သေးပါတယ်။
၁၉၅၈ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် လွှတ်တော်ထဲမှာ အာဏာလွှဲပြောင်း လက်ခံယူပါတယ်။ အာဏာလွှဲပြောင်းရယူပြီး (၄) လအကြာ ၁၉၅၉ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် " ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ပါတယ်။
ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်တာက ယခုကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော် ပြင်ဆင်သလိုပါပဲ။ "ကျောင်းသားသမဂ္ဂကိုယ်စားလှယ်" ဆိုတဲ့ စကားလုံးကို "ကျောင်းသားများကိုယ်စားလှယ်"လို့ ပြင်ဆင်ပါတယ်။
၁၉၅၉ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ချက်အရ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီး (၂) ဦးကို ရန်ကုန်တက္ကသိုလ်ကောင်စီက ထုတ်ပယ်ပစ်ပါတယ်။ ပြင်ဆင်လိုက်တဲ့ တက္ကသိုလ် အက်ဥပဒေအရ ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီး (၂) ဦးကို တက္ကသိုလ်ကျောင်းသားကျောင်းသူများကိုယ်တိုင် မဲဆန္ဒပေးပြီး တိုက်ရိုက်ရွေးချယ်ရမယ်လို့ ဆိုပါတယ်။
ဤကဲ့သို့ တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်လိုက်ခြင်းဟာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ကျောင်းသားကျောင်းသူများ၏ ကိုယ်စားလှယ်အဖြစ် အသိအမှတ် မပြုတဲ့ သဘော ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်ပါတယ်။ တနည်းပြောရရင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ကို မပိတ်ပင်သော်လည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို လူရာမသွင်းဘဲ ထားလိုက်တဲ့ သဘော ဖြစ်ပါတယ်။
ယခုလည်း ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရပြီး ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ရွေးချယ်ခွင့် မရရင် ဒီသဘောဘဲ ဖြစ်ပါတယ်။
"၁၉၅၉ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ချက်အရ" ကျောင်းသားကိုယ်စားလှယ်ကောင်စီဝင် လူကြီး (၂) ဦး ရွေးကောက်ပွဲကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာလလ (၁၇) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲမှာ သန့်ရှင်းဖဆပလအဖွဲ့ (နိုင်ငံရေးပါတီ) အနေနဲ့ ဝန်ကြီးဟောင်း ဦးဝင်းနဲ့ ဝန်ကြီးဟောင်း ဦးရာရှစ်တို့ကို ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီး ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံစေပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် စစ်ကြိုခေတ် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးတီဝမ်း နဲ့ ၁၉၄၉-၅၀ ခုနှစ် တကသဥက္ကဌဟောင်း ဦးမောင်မောင်ကျော်တို့ကို တကသကိုယ်စားလှယ်များ အဖြစ် သတ်မှတ်ပြီး တက္ကသိုလ်ကောင်စီဝင် လူကြီး ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံစေပါတယ်။
ဦးတီဝမ်း နဲ့ ဦးမောင်မောင်ကျော်တို့က ယခင်က ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီးများ ဖြစ်ပြီး တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ချက်အရ တက္ကသိုလ်ကောင်စီဝင် လူကြီး အဖြစ်မှ ထုတ်ပယ်ခံရသူတွေ ဖြစ်ပါတယ်။
အဆိုပါ ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီး (၂)ဦး ရွေးကောက်ပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ကိုယ်စားပြုပြီး အရွေးခံတဲ့ ဦးတီဝမ်း နဲ့ ဦးမောင်မောင်ကျော်တို့ (၂) ဦးကို တက္ကသိုလ်ကျောင်းသားထုက မဲအပြတ်အသတ်ထည့်ပြီး ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်အသိအမှတ်ပြုပေးခဲ့ပါတယ်။
ဗိုလ်ချုပ်နေဝင်းအစိုးရက တကသကို ကျောင်းသားထု ကိုယ်စားလှယ်အဖွဲ့အစည်းတစ်ခု အဖြစ် အသိအမှတ်မပြုရန် ကြိုးပမ်းခဲ့သော်လည်း တကသဟာ ဒီမိုကရေစီနည်းလမ်းအရ တက္ကသိုလ်ကျောင်းသားထုကို အမှန်တကယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကို အဲဒီ ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီး (၂) ဦး ရွေးကောက်ပွဲရလာဒ်က ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ကျွန်တော် ၁၉၅၉ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ " ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီး (၂) ဦး ရွေးကောက်ပွဲ " အကြောင်းကို ပြန်လည်ပြောပြတာက " တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ကို တက္ကသိုလ် ကျောင်းသားထုက ဒီမိုကရေစီနည်းအရ လျှို့ဝှက် မဲပေးစနစ်နဲ့ ရွေးချယ်တင်မြှောက်ထားတယ် ဆိုရင်၊ " ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီး ရွေးကောက်ပွဲ " ဆိုတာ မလိုအပ်ကြောင်း သိရှိနိုင်ရန် ပြောပြခြင်း ဖြစ်ပါတယ်။
အမှန်တကယ်က " ကျောင်းသားသမဂ္ဂကိုယ်စားလှယ် " ဆိုတာထဲက " ကျောင်းသားသမဂ္ဂ " ကို ဖြုတ်ပစ်တာထက်၊ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ကို ဒီမိုကရေစီနည်းအရ ကျောင်းသားထုရဲ့ ကိုယ်စားလှယ် အစစ်အမှန် ဖြစ်အောင် ရွေးကောက်တင်မြှောက်ပေးရေးက ပိုအရေးကြီးကြောင်း တင်ပြအပ်ပါသည်။
ဘိုးသိမ်း
_______________________________________________________________
တက္ကသိုလ်အက်ဥပဒေ အဆင့်ဆင့်ပြင်ဆင်ခြင်း
( မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း - အောင်ထွန်း မှ ကောက်နုတ်ချက် )
ရန်ကုန်တက္ကသိုလ်ကိုတည်ထောင်ပြီးနောက် ၁၉၅၉ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရှစ်ကြိမ် ပြင်ဆင်ခဲ့သည်။ ပထမဦးဆုံး ၁၉၂၄ ခုနှစ်တွင် တကြိမ်၊ ၁၉၃၉ ခုနှစ်တွင် နှစ်ကြိမ်၊ ၁၉၄၉ ခုနှစ်တွင် နှစ်ကြိမ်၊ ၁၉၅၁ ခုနှစ်တွင် တကြိမ်၊ ၁၉၅၃ ခုနှစ်တွင် တကြိမ်နှင့် ၁၉၅၉ ခုနှစ်တွင် တကြိမ်ဖြစ်သည်။
၁၉၂၄ ခုနှစ် ပြင်ဆင်ခြင်း
၁၉၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဝန်ကြီးဦးဘဘေက တက္ကသိုလ်အက်ဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းကို မြန်မာပြည် ဥပဒေပြုကောင်စီသို့ တင်သွင်းခဲ့ရာ ၁၉၂၄ ခုနှစ် ဧပြီလတွင် အတည်ဖြစ်လာခဲ့သည်။ ထိုပြင်ဆင်ချက် ဥပဒေအရ ကောလိပ်သစ်များ ဖွဲ့စည်းနိုင်ရန် အခွင့်အလမ်း ပေါ်ပေါက်လာသဖြင့် မန္တလေးဥပစာကောလိပ်ကို ၁၉၂၅ ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့အပြင် သတ်မှတ်ထားသော အချက်အလက် စည်းကမ်းများနှင့် ညီညွတ်ပါက ပြင်ပကောလိပ်များကိုလည်း အပေါင်းအပါကောလိပ်အဖြစ် အသိအမှတ်ပြုနိုင်သည်။ တက္ကသိုလ်ကောင်စီနှင့် ဆီးနိတ်အဖွဲ့၏ အာဏာကိုလည်း တိုးပေးသည်။ ယခင်က တက္ကသိုလ်ကောင်စီသည် စတက်ကျူဥပဒေကိုလည်းကောင်း၊ ဆီးနိတ်အဖွဲ့သည် စည်းမျဉ်းဥပဒေကိုလည်းကောင်း၊ ဖြည့်စွက် ပြင်ဆင်နိုင်သော်လည်း အဓိပတိ၏သဘောတူညီမှုကို ရယူရသည်။ ယခုမူ ထိုသဘောတူညီမှု မလိုတော့ချေ။ ပုဒ်မ (၄) အရ ပေးထားသော တက္ကသိုလ် အခွင့်အာဏာများကိုလည်း ကောင်စီနှင့် ဆီးနိတ်အဖွဲ့သို့ ခွဲဝေပေးလိုက်သည်။ ကောင်စီတွင်လည်း ပညာရေးဝန်ထမ်း မဟုတ်သူများ ပိုမိုပါဝင်လာစေသည်။ တက္ကသိုလ်ကောင်စီတွင် အဖွဲ့ဝင်ဦးရေကို တိုးချဲ့ခွင့်ပြုသည်။ ဆီးနိတ်အာဏာကို အဓိပတိက ဆက်လက် ထိမ်းသိမ်းထားခဲ့သော်လည်း နောင်သင့်လျော်သော အချိန်တွင် တက္ကသိုလ်အား ပြန်လည် လွှဲအပ်ပေးရန် ပြင်ဆင်ထားသည်။ တက္ကသိုလ်အာဏာပိုင်အဖွဲ့များ၏ အာဏာများကိုလည်း ပိုမိုတိကျစွာ ပြဋ္ဌာန်းထားခဲ့သည်။
၁၉၃၉ ခုနှစ် ပြင်ဆင်ခြင်း
၁၉၃၆ ခုနှစ်၊ မတ်လတွင် ကျင်းပသော မြန်မာပြည် ဥပဒေပြုကောင်စီက ရန်ကုန်တက္ကသိုလ်အက်ဥပဒေ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ အစိုးရသည် ၁၉၃၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် တက္ကသိုလ်အက်ဥပဒေ စုံစမ်းရေးကော်မတီကို ဖွဲ့ခဲ့သည်။ ထိုကော်မတီတွင် ဆာမြဘူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် လပ်ခနောင်း တက္ကသိုလ်၊ ဒုတိယအဓိပတိ ဒေါက်တာ အာရ်-ပီ-ပါရန်ဂ်ျပိုင်၊ ပဲခူးတိုင်းမင်းကြီး ဘီ-ဒဗလျုဆွီဒင်ဗင့်၊ ဂျပ်ဆင်ကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ ဂျီ-အက်စ်-ဂျုရီ၊ ယူနီဗာစီတီ ကောလိပ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်၊ ဒေါက်တာဘဟန်၊ ဦးသိန်းမောင်၊ ဦးပေါ်ထွန်း၊ ဒေါက်တာဒေါ်ရင်မေ၊ ဒေါက်တာ အမ်-အေရော့ဖ်နှင့် အတွင်းရေးမှူးအဖြစ် တက္ကသိုလ်မော်ကွန်းထိန်း အယ်လ်ထင်စီတို့ ပါဝင်ကြသည်။
ဆာမြဘူးခေါင်းဆောင်သော စုံစမ်းရေးကော်မတီသည် အစည်းအဝေး (၄၄) ကြိမ်ကျင်းပ၍ အစီရင်ခံစာကို ၁၉၃၇ ခုနှစ် မတ်လတွင် တင်သွင်းခဲ့သည်။ အစီရင်ခံစာပါ အဓိကအချက်များမှာ တက္ကသိုလ်၏သဘာဝ၊ အဓိပတိနှင့် ဒုတိယအဓိပတိ ခန့်ထားရေး၊ တက္ကသိုလ်ကောင်စီနှင့် ဆီးနိတ်အဖွဲ့ဝင် တိုးချဲ့ခန့်ထားရေး၊ အပေါင်းပါကောလိပ်များ၏ ပြဿနာနှင့် ရှိသင့်သော အုပ်ချုပ်ရေးအဖွဲ့များ၊ ပါမောက္ခခန့်ထားရေး၊ စတက်ကျုဥပဒေ ပြဋ္ဌာန်းရေး ပြဿနာများနှင့် တက္ကသိုလ်စာမေးပွဲ ကိစ္စများကို အကျယ်တဝင့် အစီရင်ခံထားသည်။ အစိုးရက ထိုအစီရင်ခံစာကို တက္ကသိုလ်ကောင်စီ၊ ဆီးနိတ်အဖွဲ့နှင့် အခြားစိတ်ဝင်စားသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ ဝေဖန်မှုနှင့် အကြံပေးချက်များကိုပါ လက်ခံစဉ်းစားနိုင်ရန် ထပ်မံဝေငှခဲ့သည်။ ထိုအကြံပေးချက်များနှင့် အစီရင်ခံစာပါ ထောက်ခံချက်များအပေါ် မှီငြမ်းပြုကာ အစိုးရသည် ပြင်ဆင်ချက်ဥပဒေကြမ်းကို တင်သွင်းခဲ့ရာ ၁၉၃၉ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် အတည်ဖြစ်လာခဲ့သည်။
ဤပြင်ဆင်ချက်ကြောင့် တက္ကသိုလ်အဓိပတိနှင့် ဒုတိယအဓိပတိတို့သည် ရွေးကောက်တင်မြှောက်ရသော ပုဂ္ဂိုလ်များဖြစ်လာကာ တက္ကသိုလ်ကောင်စီဝင်များကိုလည်း တိုးချဲ့ခဲ့သည်။ ပါမောက္ခခန့်ထားရေး အာဏာကို ကောင်စီ၏ အမှုဆောင်ကော်မတီသို့ လွှဲပြောင်းပေးလိုက်သည်။ တက္ကသိုလ်ကောင်စီတွင် ခရစ်ယာန်ဂိုဏ်းချုပ်များနှင့် အခြားခရစ်ယာန် ဘာသာရေးအသင်းအဖွဲ့များ၏ ကိုယ်စားလှယ်များ ပါဝင်ခြင်း မရှိတော့ဘဲ ဟိုက်ကုတ်တရားလွှတ်တော်၊ ရှေ့နေကောင်စီ၊ အိန္ဒိယကုန်သည်ကြီးများအသင်း၊ ရာထူးဝန်အဖွဲ့၊ ပညာရေးအသင်းအဖွဲ့များနှင့် တက္ကသိုလ်သမဂ္ဂတို့မှ ကိုယ်စားလှယ်များ ပါဝင်ကြသည်။ မှတ်ပုံတင်ဘွဲ့ရကိုယ်စားလှယ် ဦးရေလည်း တိုးလာခဲ့သည်။ ဆီးနိတ်အဖွဲ့တွင်လည်း ကောင်စီမှ ကိုယ်စားလှယ်ဦးရေ တိုးလာပြီး ရာထူးဝန်အဖွဲ့နှင့် ပထမပြန်စာမေးပွဲကော်မတီတို့မှ ကိုယ်စားလှယ်များ စေလွှတ်ခွင့် ရရှိလာသည်။
ဆေးကောလိပ်နှင့် စိုက်ပျိုးရေးကောလိပ်တို့သည်လည်း အပေါင်းအပါ ကောလိပ်များဖြစ်လာကာ အခြားအလားတူကောလိပ်တည်ထောင်နိုင်ရန်လည်း လမ်းဖွင့်ပေးထားသည်။ ဤပြင်ဆင်ချက် ဥပဒေအရ အသစ်ဖွဲ့စည်းထားသော တက္ကသိုလ်ကောင်စီသည် ၁၉၃၉ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့တွင် ပထမဆုံးအကြိမ် တွေ့ဆုံစည်းဝေး၍ ဘဏ္ဍာရေးဌာန အတွင်းဝန်ဦးတင်ထွတ်အား အဓိပတိအဖြစ် လည်းကောင်း၊ မြူနီစီပယ်မင်းကြီးဟောင်း ဒေါက်တာဦးဆက်အား ဒုတိယအဓိပတိ အဖြစ်လည်းကောင်း၊ ရွေးကောက်တင်မြှောက်ကြသည်။
၁၉၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ပထမပြင်ဆင်ချက်တွင် အမှားအယွင်းများ ပါရှိသွား၍ ထိုနှစ်မှာပင်ဒုတိယအကြိမ် ထမ်မံပြင်ဆင်ခဲ့ရသည်။ ပထမပြင်ဆင်ချက်မှာ ၁၉၃၉ ခုနှစ်၊ အက်ဥပဒေ အမှတ် (၁၃) ဖြစ်၍ ဒုတိယ ပြင်ဆင်ချက်မှာ အက်ဥပဒေ အမှတ် (၂၀) ဖြစ်သည်။
၁၉၄၉ ခုနှစ် ပြင်ဆင်ခြင်း
၁၉၄၉ ခုနှစ် ပြင်ဆင်ချက်သည် တက္ကသိုလ်ဖွဲ့စည်းပုံကို အထူးပြောင်းလဲစေခဲ့သည်။ စစ်ကြိုခေတ် ကောလိပ်များသည်မဟာဌာနများဖြစ်လာကာ ကျောင်းအုပ်ကြီးများ နေရာတွင် မဟာဌာနမှူးများ ခန့်ထားသည်။ အပေါင်းပါ ကောလိပ်များနှင့် ကောလိပ်အုပ်ချုပ်ရေးအဖွဲ့များကို ဖျက်သိမ်းလိုက်ပြီး ကောင်စီသည် ယခင်က အမှုဆောင်ကော်မတီသို့ လွှဲအပ်ထားသော အုပ်ချုပ်ရေးအာဏာများကို ပြန်လည်ရယူလိုသည်။ ၁၉၃၉ ခုနှစ်က တက္ကသိုလ်အာဏာပိုင်များဟု ကြေညာခဲ့သော ကောင်စီ၏ အမှုဆောင် ကော်မတီနှင့် ဆီးနိတ်အဖွဲ့၏ အမြဲတမ်းကော်မတီတို့သည် ၁၉၄၉ ခုနှစ် ပြင်ဆင်ချက်အရ ပပျောက်သွားသည်။ တက္ကသိုလ်ကောင်စီသည် အဓိကအုပ်ချုပ်ရေးအဖွဲ့ ဖြစ်လာကာ စစ်ကြိုခေတ်ကဲ့သို့ အဖွဲ့ဝင်ဦးရေ (၇၀) ကျော် မပါဝင်တော့ဘဲ (၃၁) ဦးသာ ပါဝင်တော့သည်။ စစ်ကြိုခေတ်ကဲ့သို့ တနှစ်လျှင် (၂) ကြိမ် မဟုတ်တော့ဘဲ တလတကြိမ် စည်းဝေးရမည်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ အဓိပတိကို ရွေးကောက်တင်မြှောက်နိုင်ခွင့် မရှိတော့ဘဲ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရာထူးအရ တက္ကသိုလ်အဓိပတိ ဖြစ်လာသည်။ ဤပြင်ဆင်ချက် အက်ဥပဒေအရ အသစ်ဖွဲ့စည်းခဲ့သော ကောင်စီသည် တရားလွှတ်တော်ချုပ် တရားဝန်ကြီးဖြစ်သူဦးဧမောင်အား ဒုတိယအဓိပတိအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ယာယီပြင်ဆင်ချက်တရပ် ထမ်မံပြုလုပ်ခဲ့သေးသည်။ ထိုပြင်ဆင်ချက်မှာ ကောင်စီသို့ ရွေးချယ်စေလွှတ်သည့် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲ မကျင်းပသေးမီ ယာယီပါလီမန်နှင့် ဆက်လက်စေလွှတ် ခွင့်ပြုခြင်းဖြစ်သည်။
၁၉၅၁ ခုနှစ် ပြင်ဆင်ခြင်း
တက္ကသိုလ်လိုတောင်းကော်မတီ၏ အစီရင်ခံချက်အရ နိုင်ငံတော်အစိုးရသည် ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်အက်ဥပဒေကို ထပ်မံပြင်ဆင်ရပြန်သည်။ ထိုကော်မတီက ချမှတ်သော တက္ကသိုလ်၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းများကို ဤပြင်ဆင်ချက်အရ အက်ဥပဒေတွင် ထည့်သွင်းလိုက်သည်။ အခြားပြင်ဆင်ချက်များမှာ အုပ်ချုပ်ရေးအရာရှိမှ အုပ်ချုပ်ရေးမှူးဖြစ်လာသော ရာထူးကို ပါမောက္ခချုပ် (ျွနခအသမ) ဟု ပြင်ဆင်ပြီး ကောင်စီအဖွဲ့ဝင်များကို အနည်းငယ်တိုးချဲ့ ပြောင်းလဲသည်။ ကောင်စီ အဖွဲ့ဝင် အဓိပတိက ခန့်အပ်သော အဖွဲ့ဝင်တဦး တိုးလာသော ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းဝန်နှင့် ပညာရေးဝန်ကြီးဌာန အတွင်းဝန်တို့မှာ ကောင်စီအဖွဲ့ဝင်များ ဖြစ်လာသည်။ ကျောင်းသားကိုယ်စားလှယ်မှာ ၁၉၄၉ ခုနှစ် ပြင်ဆင်ချက်အရ တက္ကသိုလ်သမဂ္ဂ အသင်းဝင်များက ရွေးကောက်တင်မြှောက်ရသော်လည်း ၁၉၅၁ ခုနှစ် ပြင်ဆင်ချက်အရ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့က ရွေးချယ်စေလွှတ်ခွင့်ပေးသည်။ မန္တလေးမြူနီစီပယ်က ကိုယ်စားလှယ် စေလွှတ်ခွင့်ကိုလည်း ရုတ်သိမ်းခဲ့သည်။ ထို့အပြင် ဆီးနိတ်အဖွဲ့တွင် ပါဝင်သော ပါမောက္ခများ၊ ဧည့်ပါမောက္ခများနှင့် ကွဲပြားစေရန် လက်ရှိတာဝန် ထမ်းဆောင်နေသော ဌာနမှူး ပါမောက္ခများဟု ပြင်ဆင်ခဲ့သည်။ ဤပြင်ဆင်ချက်အက်ဥပဒေအရ ဒေါက်တာထင်အောင်သည် ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခချုပ်ဖြစ်လာခဲ့သည်။
၁၉၅၃ ခုနှစ် ပြင်ဆင်ခြင်း
၁၉၅၃ ခုနှစ်တွင် တက္ကသိုလ်အက်ဥပဒေကို တကြိမ် ထမ်မံပြင်ဆင်ခဲ့သည်။ သို့သော် ဤတကြိမ် ပြင်ဆင်ခြင်းသည် ဗထူးမြို့ရှိ စစ်တက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်၏ အဆက်အသွယ်ပြု ကောလိပ်အဖြစ် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ခြင်းဖြစ်သည်။
၁၉၅၉ ခုနှစ် ပြင်ဆင်ခြင်း
အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ် မတ် (၁၂) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ခဲ့ပြန် သည်။ ဤပြင်ဆင်ချက်အရ ရန်ကုန်မြို့အနီးတွင် အဆက်အသွယ်ပြု ကောလိပ်များ တည်ထောင်နိုင်ရန် တက္ကသိုလ်နယ်နိမိတ်ကို ပယ်ဖျက်လိုက်လေသည်။ အခြားပြင်ဆင်ချက်များမှာ မဟာဌာနမှူးရာထူး ပယ်ဖျက်ခြင်း၊ ကျောင်းသားရေးမှူးနှင့် ကျောင်းဆောင်ရေးမှူးရာထူးများ တီထွင်ခြင်း၊ ဒုတိယအဓိပတိကို ကောင်စီနှင့် ဆီးနိတ်အဖွဲ့၏ သဘာပတိအဖြစ် ဆက်လက်ထားရှိသော်လည်း အမှုဆောင်အရာရှိချုပ်အဖြစ်မှ ပယ်ဖျက်ခြင်း၊ ကောင်စီသို့ ဆီးနိတ်အဖွဲ့မှ ကိုယ်စားလှယ်လွှတ်ပုံ ပြင်ဆင်ခြင်း၊ ကျောင်းသားကိုယ်စားလှယ်ကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ လွှတ်နိုင်ခွင့်မရှိတော့ဘဲ ကျောင်းသားထုတရပ်လုံးက ရွေးကောက်တင်မြှောက်ရမည်ဟု ပြင်ဆင်ခဲ့ခြင်း၊ ဆီးနိတ်အဖွဲ့ တိုးချဲ့ခြင်းတို့ဖြစ်သည်။ ဤပြင်ဆင်ချက်အရ တက္ကသိုလ်တွင် ပထမဆုံးအဖြစ် ကျောင်းသားရေးမှူးများ ခန့်ထားခဲ့သည်။ ပါမောက္ခချုပ်အား တက္ကသိုလ်ကျောင်းသားများ၏ နေထိုင်ရေး၊ စည်းကမ်းသေဝပ်ရေး၊ ကျန်းမာရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ကြီးကြပ်ရေးနှင့် အုပ်ချုပ်ရန် တာဝန်ပေးအပ်ခဲ့သည်။ ဆီးနိတ်အဖွဲ့တွင်လည်း အဖွဲ့ဝင်များအဖြစ် ကျောင်းသားရေးမှူးများ၊ စာကြည့်တိုက်မှူး၊ ဘာသာပြန်နှင့် စာအုပ်ထုတ်လုပ်ရေးမှူးတို့ ပါဝင်လာသည်။
Source : သမဂ္ဂ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...