Friday, May 22, 2015

သယံဇာတခွဲဝေရေး ညီမျှဖို့ စိန်ခေါ်ချက်က ဘာလဲ

 
DVB ဒီဘိတ်က ဒီဘိတ်တွေကို စနေနေ့တိုင်း အပတ်စဉ် ရန်ကုန်မှာ ရိုက်ကူးသလို ရန်ကုန်ပြင်ပ မြို့တွေမှာလည်း အလှည့်ကျ ရိုက်ကူး ထုတ်လုပ်နေပါတယ်။ ၂၀၁၅ မေလ ဒုတိယပတ်ကတော့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ သွားရောက် ရိုက်ကူးခဲ့ပါတယ်။ ပထမတစ်ပွဲက ``ဇီဝမျိုးစုံမျိုးကွဲတွေကို ဘယ်လိုထိန်းသိမ်းနိုင်မလဲ`` ဖြစ်ပြီး၊ ဒုတိယပွဲကတော့ ဗဟိုအစိုးရနဲ့ ပြည်နယ်/ တိုင်းအစိုးရတွေကြား၊ ပြည်မနဲ့ တိုင်းရင်းသားတွေကြား သယံဇာတခွဲဝေရေး ညီမျှဖို့ စိန်ခေါ်မှုတွေက ဘာလဲ၊ အဖြေဘယ်လို ရှာနိုင်မလဲဆိုတာကို ဆွေးနွေးကြတာပါ၊ တောင်ကြီးကိုလာတဲ့ တိုင်းရင်းသားတွေက တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြလို့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။



သယံဇာတခွဲဝေရေးဒီဘိတ်မှာ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ခွန်ချန်ကီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်တင်၊ ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့ ဒါရိုက်တာ နော်အိအိမင်းနဲ့ သယံဇာတတူးဖော်ထုတ်လုပ်မှု ပွင့်လင်းမြင်သာရေး လုပ်ငန်းစဉ်ရဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် ကိုမိုးတို့က ပါဝင်ကြပြီး၊ အတွေ့အကြုံနဲ့ ဗဟုသုတများစွာရှိတဲ့ ပရိသတ်များစွာက မေးစရာတွေ မေး၊ ဆွေးနွေးစရာတွေ ဆွေးနွေးနဲ့ ကိုယ့်ရပ်ရွာမှာ လာကျင်းပတဲ့ DVB ဒီဘိတ်မှာ အခွင့်အရေး အရအမိ ယူနိုင်ခဲ့ကြပါတယ်။


နိုင်ငံတော်ဖွဲ့စည်းပုံနဲ့ နိုင်ငံရေးပြဿနာ


သယံဇာတခွဲဝေရေး မညီမမျှဖြစ်တာ (၀ါ) ပြဿနာဖြစ်တာရဲ့ အရင်းခံဟာ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံကြောင့် ဖြစ်တယ်လို့ ခွန်ချန်ကီက စတင် ဆွေးနွေးပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မြေပေါ်မြေအောက် ရေပေါ်ရေအောက်နဲ့ လေထုအတွင်းက သယံဇာတပစ္စည်း အားလုံးကို နိုင်ငံတော်က ပိုင်တယ်လို့ ပြောထားတယ်၊ နိုင်ငံတော်က ဘယ်သူလဲ ကြည့်လိုက်တော့ အစိုးရဖြစ်နေတယ်၊ တစ်ခါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား- ၅ ကို ကြည့်လိုက်တော့ အာဏာခွဲဝေမှုနဲ့ အခွန်ခွဲဝေမှုကိုသာ တွေ့ရပြီး သယံဇာတခွဲဝေမှုကိုတော့ မတွေ့ရဘူးလို့ ခွန်ချန်ကီက ဆက်ပြောပါတယ်။


ရှေးပဝေသဏီကတည်းက ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေခဲ့တဲ့ တိုင်းပြည်တွေ စုပေါင်းပြီး ဒီကနေ့ တစ်ပြည်ထောင်စနစ်ဖြစ်တဲ့ မြန်မာနိုင်ငံ ဖြစ်လာတာပါလို့ စိုင်းမောင်တင်က ပြောပါတယ်။ ရှမ်းပြည်နယ်ထဲမှာလည်း လူမျိုးစုတွေက များတယ်၊ ပင်လုံစာချုပ်အရ တန်းတူညီမျှမှုပေးမယ်လို့ ကတိထားခဲ့ကြပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက်မှာ တိုင်းရင်းသားတွေအနေနဲ့ တန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်စွဲကိုင်တဲ့ နည်းကလွဲလို့ တခြားနည်းမရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။ ဒါ့ကြောင့် ပင်လုံစာချုပ်ဟာ အရင်းခံပြဿနာ၊ နိုင်ငံရေးပြဿနာ ဖြစ်တယ်လို့ စိုင်းမောင်တင်က ကောက်ချက်ဆွဲပြပါတယ်။


တိုင်းရင်းသားတွေဟာ သူတို့ဒေသထွက် သယံဇာတတွေနဲ့ ပတ်သက်ပြီး ခံစားချက်တွေ ကိုယ်စီရှိကြတယ်၊ လျှပ်စစ်မီးနဲ့ လျှပ်စစ်စွမ်းအင်တွေဟာ ထင်ရှားတဲ့ သာဓကတွေဖြစ်တယ်လို့ နော်အိအိမင်းက ပြောပါတယ်။ ရခိုင်ပြည်နယ်သွားတော့ မီးပျက်တယ်၊ မီးက တစ်ရက်ကို ခြောက်နာရီလောက်ပဲ ရတယ်၊ သယံဇာတခံစားခွင့်ဟာ ပြည်သူတွေဆီမှာ တိုက်ရိုက်ရှိမနေဘူး၊ သယံဇာတတွေ ထုတ်ယူသုံးစွဲလို့ ရတဲ့ အကျိုးအမြတ်တွေကို ဘယ်လိုသုံးစွဲပေးပါလို့ ပြည်သူတွေမှာ ပြောခွင့်မရှိဘူး၊ သယံဇာတတွေကို တိုက်ရိုက်ရယူပိုင်ခွင့် မရှိဘူးလို့ နော်အိအိမင်းက သူ့အတွေ့အကြုံကနေ ထုတ်ဖော်ပြောပြပါတယ်။


၂၀၀၈ အခြေခံဥပဒေအရဆိုရင် သယံဇာတတွေကို နိုင်ငံတော်က ပိုင်ဆိုင်တယ်လို့ ကိုမိုးက ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ဆိုတာကို ကြည့်မယ်ဆိုရင် တိုင်းပြည်ရဲ့နယ်နမိတ်၊ အချုပ်အခြာအာဏာ၊ တိုင်းရင်းသားတွေ ပါဝင်တဲ့ ပြည်သူလူထုနဲ့ အဲဒီပြည်သူလူထုကို တာဝန်ခံတဲ့ အစိုးရဆိုတာ ပါရမယ်လို့ သူက ပြောပါတယ်။ ဒါ့ကြောင့် သယံဇာတစီမံခန့်ခွဲမှုမှာ ပြည်သူပါရမယ်လို့ ထောက်ပြပါတယ်။ ပြည်သူတွေနဲ့ တိုင်ပင်ရမယ်၊ ဌာနေတိုင်းရင်းသားတွေဟာ ဘယ်စီမံကိန်းမှာမဆို လွတ်လပ်စွာ ပါဝင် ဆွေးနွေးရမယ်၊ ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ်လို့ ကိုမိုးက ပြောပါတယ်။ ပြည်သူပါရလေအောင် ပြည်သူတွေကလည်း အဲဒီအခွင့်အရေးကိုရအောင် တောင်းဆိုရမယ်လို့ နော်အိအိမင်းကလည်း ထောက်ခံပါတယ်။


ဒီနေရာမှာ ပရိသတ်တစ်ဦးက အခြေခံဥပဒေစာအုပ်ကို ကိုင်ပြီး နိုင်ငံတော်ဆိုတာကို ရွတ်ပြပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၇ မှာ ``နိုင်ငံတော်ဆိုသည်မှာ ရှေ့နောက် စကားရပ်တို့၏ အဓိပ္ပာယ်ကို ထောက်၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုမှုအခွင့်အာဏာကိုလည်းကောင်း၊ အုပ်ချုပ်မှုအခွင့်အာဏာကိုလည်းကောင်း ကျင့်သုံးသော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကို ဆိုလိုသည်`` လို့ ဖော်ပြထားပါတယ်။


လွှတ်တော်မှာ အင်အားနည်းရင် မလုပ်နိုင်ဘူး

နိုင်ငံတော်ဆိုတဲ့နေရာမှာ လွှတ်တော်လည်း ပါပါတယ်၊ ဒါပေမဲ့ လွှတ်တော်ထဲမှာ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့က ဆိုင်ရာပါတီကနေ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတဲ့ အမတ်ဦးရေများများ ရှိဖို့လိုပါတယ်၊ စိုင်းမောင်တင်ကတော့ သူတို့ပါတီဟာ လွှတ်တော်တွင်းမှာ ကိုယ်စားလှယ်အနည်းစု ဖြစ်နေတယ်၊ ဒါ့ကြောင့် ပြည်သူတွေကို အများကြီး ကူညီလို့ မရဘူးလို့ ပွင့်ပွင့်လင်းလင်း အခြေအနေမှန်ကို ပြောပြပါတယ်။ ဒါပေမဲ့ ၀ိုင်းဝန်းလုပ်ကြရမယ်လို့တော့ သူက ပြောပါတယ်။ လားရှိုးမှာ ကုမ္ပဏီတစ်ခုက ကျောက်မီးသွေးတူးတော့ ဒေသခံတွေ လျော်ကြေးရအောင် ကူညီပေးခဲ့ပါတယ်လို့ စိုင်းမောင်တင်က ပြောပါတယ်။


လွှတ်တော်က နိုင်ငံတော်ဆိုရင် သယံဇာတတွေကို လွှတ်တော် (တစ်နည်း) လွှတ်တော်ကိုယ်စားလှယ်တွေက ပိုင်နေတော့ ကောင်းစွာ စီမံခန့်ခွဲဖို့ လိုတယ်၊ မဟုတ်ရင် ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေ မကောင်းလို့ပဲလို့ ပရိသတ်တစ်ဦးကလည်း ပါဝင်ဆွေးနွေးပါတယ်။ အစိုးရကလည်း အကောင်အထည်ဖော်နေတာမှာ သယံဇာတတွေကို ကောင်းစွာ မစီမံမခန့်ခွဲနိုင်ရင် အစိုးရ (တစ်နည်း) အစိုးရ၀န်ထမ်းတွေ ညံ့တာပဲလို့ ကိုမိုးကလည်း ဖြည့်ပြောပါတယ်။


သယံဇာတတွေကို တူးဖော်ထုတ်လုပ်ဖို့ထက် ကန့်သတ်ပိုင်ခွင့်ရှိဖို့က ပိုအရေးကြီးတယ်၊ အဲဒီအခွင့်အရေးက လွှတ်တော်နဲ့ အစိုးရမှာ ရှိတယ်လို့ ခွန်ချန်ကီက ပြောပါတယ်။ သတ္ထုတွင်းဥပဒေမှာ သတ္ထုတွင်းတစ်ခုတူးဖို့က ရပ်ရွာမှာ လူ ၄၀၀/ ၅၀၀ ရှိပေမယ့်လည်း လူ ၁၅ ဦးလောက်က ထောက်ခံချက် လက်မှတ်ထိုးပေးရင်ကို တူးလို့ ရနေတယ်၊ အမှန်က ဒေသခံအားလုံးက လက်ခံ စဉ်းစား ဆုံးဖြတ်ပေးဖို့ လိုတယ်လို့ ကိုမိုးက ပြောပါတယ်။ အခုတော့ လူထုက ခံနေရတယ်၊ သတ္ထုတွေ တူးနေရင်းနဲ့ သောက်စရာရေတောင် မရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ပရိသတ်ထဲက ဒေါက်တာကျော်လွင်ထူးကတော့ ဒေသခံ ၁၀ ဦးလောက် လက်မှတ်ထိုးရုံနဲ့ သတ္ထုတူးလို့ရတယ်ဆို အုပ်ချုပ်ရေးမှူးက သူ့အမျိုးတွေနဲ့ သူ့အဖွဲ့တွေ လက်မှတ်ထိုးပေးလိုက်တာမျိုး ရှိတယ်၊ စမ်းသပ်တွင်းဆိုပြီး သုံးနှစ်လောက် တူးလိုက်တာ တရုတ်ကို သတ္ထုတွေ တန်ပေါင်းများစွာ တင်ပို့တာမျိုး ရှိပါတယ်လို့လည်း ပါဝင် ဆွေးနွေးပါတယ်။


အာချေးနည်းနာအတိုင်း လိုချင်တယ်


ပင်လုံစာချုပ်ကနေ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမှာ ရှမ်းပြည်ကို ကိုယ်စားပြုပြီး ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်ကို ပြောခဲ့တယ်၊ ကတိမတည်လို့ တိုင်းရင်းသားတွေ လက်နက်ကိုင်ခဲ့ရာကနေ အခုထက်ထိ ငြိမ်းချမ်းရေးကို မရသေးဘူး၊ ငြိမ်းချမ်းရေးအတွက် အာဏာခွဲဝေမှုနဲ့ သယံဇာတခွဲဝေမှုကို လုပ်ရမယ်၊ အင်ဒိုနီးရှားနိုင်ငံက အာချေးအထူးဒေသက အာချေးနည်းနာကို ဥပမာပေးချင်တယ်လို့ စိုင်းမောင်တင်က ဆွေးနွေးပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အာချေးသူပုန်တွေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးယူလိုက်တော့ အာချေးမှာက ရွှေနဲ့ ရေနံ စတဲ့ သယံဇာတတွေ ထွက်တယ်၊ အဲဒီမှာ ဒေသထွက် သယံဇာတကို ဗဟိုအစိုးရက ၁၅ ရာခိုင်နှုန်းလောက်ပဲ ယူပြီး အာချေးဒေသကို ၈၅ ရာခိုင်နှုန်း ခွဲဝေခံစားစေတဲ့ မော်ဒယ် (ပုံစံ) ကို ကြိုက်တယ်၊ မြန်မာပြည်မှာလည်း အဲဒီပုံစံမျိုး လိုချင်တယ်လို့ စိုင်းမောင်တင်က ပြောပါတယ်။ (အာချေးအထူးဒေသနဲ့ပတ်သက်တဲ့ ဟယ်ဆင်ကီသဘောတူစာချုပ်မှာတော့ အာချေးက ဒေသထွက် သယံဇာတတွေရဲ့ ၇၀ ရာခိုင်နှုန်းကို အကျိုးခံစားခွင့် ပေးထားတာ တွေ့ရပါတယ်)။


အာချေးဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလို့ တိုးတက်တာဖြစ်တယ်၊ ဓနုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပေမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဆုံးဖြတ်ခွင့် ဘာမှမရှိတော့ အဲဒီလိုတိုးတက်မှု မရှိဘူးလို့ ပရိသတ်တစ်ဦးက ဆွေးနွေးပါတယ်။ လောပိတဓာတ်အားပေးစက်ရုံစီမံကိန်းကို ၁၉၅၈ မှာ စတင်ပြီး၊ ၁၉၆၄ မီးလင်းခဲ့ပေမယ့် အဲဒီစီမံကိန်းကြောင့် စီမံကိန်းဒေသကနေ ထွက်ခွာပေးလိုက်ရပြီး တံငါဖြစ်သွားသူတွေ၊ တောင်ယာလုပ်စားရသူတွေ စသဖြင့် နစ်နာသူတွေကို ဘာမှ မလုပ်ပေးဘူး၊ နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ အဲဒါတွေကိုလည်း စဉ်းစားဖို့ လိုတယ်လို့ ဦးသာဒိုးက ပါဝင်ဆွေးနွေးပါတယ်။


မြန်မာပြည်ဟာ သယံဇာတကျိန်စာသင့်နေတာပါလို့ နော်အိအိမင်းက ပြောပါတယ်။ ပရိသတ်တစ်ဦးကတော့ ငြိမ်းချမ်းရေးလုပ်ပြီး သတ္ထုတူးနေတာတွေကလည်း ရှိပြန်တယ်၊ ပြည်သူတွေမှာတော့ အစိုးရကိုလည်း ကြောက်ရ၊ တိုင်းရင်းသားလက်နက်ကိုင်ကိုလည်း ကြောက်ရ၊ နှစ်ဘက် ကြောက်နေရတယ်လို့ ပြောပါတယ်။ တခြားပရိသတ်တစ်ဦးကတော့ သူတို့ ညောင်ရွှေမှာ သယံဇာတ မထွက်ပေမယ့် သီးနှံတွေ ထွက်တယ်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတယ်၊ အဲဒီနှစ်ခုကနေ ရတဲ့ အခွန်အခတွေကို ညောင်ရွှေမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်သုံးပေးစေချင်တယ်လို့ သူ့ရပ်ရွာအတွက် ပါဝင်ဆွေးနွေးပါတယ်။


ဒေသခံတွေအကျိုးအတွက် သယံဇာတထုတ်ယူရောင်းချတဲ့ ကုမ္ပဏီတွေဟာ လူမှုအကျိုးပြုလုပ်ငန်းတွေအဖြစ် ကျောင်းတွေ၊ ဆေးရုံတွေ ဆောက်ပေးရပါတယ်၊ ဒါပေမဲ့ ဆောက်ဆိုလို့သာ ဆောက်ရတယ်၊ ဆောက်ပြီးတော့ ရေလာလား၊ စာသင်ခုံရှိလား၊ ဆရာမလိုလား ဘာတစ်ခုမှ လှည့်တောင်မကြည့်ဘူးလို့ ခွန်ချန်ကီက ထောက်ပြပါတယ်။ ဒါ့ကြောင့် ဆောက်ဆိုလို့ ဆောက်ပေးတာမျိုး မဟုတ်ဘဲ အကျိုးအမြတ်ရဲ့ ငါးရာခိုင်နှုန်းလောက်ဖြစ်ဖြစ် ဒေသခံကိုပေးရင် ကျောင်းလိုလည်း ကျောင်းဆောက်၊ မမျှော်မှန်းထားတဲ့ ပြဿနာတွေ ဖြစ်လာရင်လည်း အဲဒီပိုက်ဆံနဲ့ ဒေသခံတွေက ကိုယ်တိုင်လုပ်ကိုင် ဆောင်ရွက်နိုင်ကြမယ်လို့ သူက ပြောပါတယ်။ ဟိုပုန်းက နဂါးနီသတ္ထုတွင်းဆို ဒေသခံတွေရဲ့ မြေဧက ၂၀၀ ယူလိုက်တာမှာ နစ်နာကြေး ပေးတဲ့အခါ ပဲစင်းငုံ၊ စပါးစတဲ့ ရာသီသီးနှံတွေ ထွက်ကြေးအပါအ၀င် စုစုပေါင်း လျော်ကြေး သိန်း ၆၀၀ လောက် ပေးရမှာကို သိန်း ၃၀၀ လောက်ပဲ ပေးတာမျိုးကလည်း ရှိသေးတယ်လို့ သူက ဆက်ပြောပါတယ်။


ပရိသတ်ထဲက ဒေါက်တာထွန်းရွှေကတော့ အရင်က ရှမ်းတွေဟာ ကိုယ့်ထီးကိုယ့်နန်းနဲ့နေခဲ့ပြီး မြန်မာဘုရင်တွေရဲ့သြဇာခံရုံသက်သက်ပဲ ဖြစ်တယ်၊ ပဏ္ဍာဆက်ပြီးရင် စော်ဘွားတွေက ကြိုက်သလို စီမံအုပ်ချုပ်ခဲ့ကြတယ်၊ ဒါ့ကြောင့် အခု ပြည်ထောင်စုမှာလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုဖို့လိုပြီး ဖက်ဒရယ်ပြည်ထောင်စုကို လက်ခံဖို့လိုတယ်လို့ ထောက်ပြ ဆွေးနွေးပါတယ်။


ပွင့်လင်းမြင်သာဖို့နဲ့ သုတေသန


သယံဇာတတူးဖော်ထုတ်လုပ်မှု ပွင့်လင်းမြင်သာရေး လုပ်ငန်းစဉ် EITI အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားနေတဲ့ အစိုးရဟာ သယံဇာတတွေ ပဏာမဘယ်လောက် ထုတ်ယူ ရရှိပါတယ်လို့ ဖော်ပြဖို့ စံနှုန်းတစ်ခု ရှိပေမယ့် စံနှုန်းဟာ ခိုင်မာမှု မရှိဘူး၊ မဖြစ်မနေ လိုက်နာ လုပ်ဆောင်ရမယ့် ဥပဒေတစ်ရပ် လိုတယ်လို့ ကိုမိုးက ပြောပါတယ်။ ရှမ်းပြည်မှာ သယံဇာတဘယ်လောက် ထွက်သလဲဆိုတာကို လွှတ်တော်နဲ့ အစိုးရ သိသလားလို့လည်း သူက မေးခွန်းထုတ်ပါတယ်။


ပရိသတ်ထဲက ပါဝင်ဆွေးနွေးသူ ဦးဇော်ထွန်းကတော့ အစိုးရက လိုင်စင် ချထားပေးတဲ့ ကုမ္ပဏီတွေပဲ သတ္ထုတူးတာလား၊ လိုင်စင်မဲ့ တူးနေတာတွေကိုလည်း ဒေသအာဏာပိုင်တွေက မျက်ကွယ်ပြုနေတာ ရှိတယ်လို့ ပြောပါတယ်။ တခြားနိုင်ငံတွေမှာလို သယံဇာတတွေ မထွက်တော့ရင် သုံးဖို့ သယံဇာတရန်ပုံငွေ ရှိသလားလို့လည်း မေးပါတယ်။ ရှမ်းပြည်မှာ သတ္ထုတွင်းတွေ တူးနေတာ အစိုးရက ဘယ်လောက်ပါသလဲလို့ ပရိသတ်တစ်ဦးက မေးခွန်းမေးပါတယ်။ ပင်းပက်သတ္ထုတွင်းရဲ့ပိုင်ရှင် ဘယ်သူလဲဆိုတာ အခုထက်ထိ မသိဘူး၊ အစိုးရက သတင်းထုတ်ပြန်ပေးမလား၊ လွှတ်တော်ကိုယ်စားလှယ်ကနေ သိရမလား၊ ပြည်သူတွေမှာ သိခွင့်ရှိတယ်လို့ ကိုမိုးက ပြောပါတယ်။


ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်လို့ သယံဇာတတွေကို အစိုးရဆီကနေ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်လွှဲပြောင်း စီမံခန့်ခွဲခွင့် ရခဲ့ရင်တောင် သယံဇာတတွေကို ညီညီမျှမျှ ခွဲဝေပေးမယ်ဆိုတဲ့ နိုင်ငံရေး စိတ်ဆန္ဒရှိရမယ်လို့ နော်အိအိမင်းက ပြောပါတယ်။ သယံဇာတခွဲဝေပေးရုံနဲ့ ငြိမ်းချမ်းရေး ရမလား၊ သယံဇာတတွေ ကုန်သွားရင်ရော ဘာဖြစ်မလဲလို့ ပရိသတ်တစ်ဦးကလည်း မေးခွန်းထုတ်ပါတယ်။


သယံဇာတခွဲဝေရေးနဲ့ပတ်သက်လို့ ရုပ်သံကနေ ပါဝင်ဆွေးနွေးတဲ့ မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးစင်တာက ဦးအောင်နိုင်ဦးက ဟားဗတ်တက္ကသိုလ်ရဲ့ စဉ်းစားပုံတစ်ခုကို ပြောပါတယ်၊ အဲဒီမှာ သယံဇာတခွဲဝေရေးမှာ ထွက်တဲ့ဒေသက သုံးပုံတစ်ပုံ၊ ဗဟိုအစိုးရက သုံးပုံတစ်ပုံ၊ သယံဇာတမထွက်တဲ့ဒေသကို သုံးပုံတစ်ပုံ ခွဲဝေခံစားစေတာမျိုးပါ။ အဲဒီဥပမာကို ဒီဘိတ်မှာ လက်မခံကြပါဘူး။ ဘယ်လိုခွဲဝေရမယ်ဆိုတာကို ပြည်သူတွေကသာ ဆုံးဖြတ်ရမယ်လို့ ကိုမိုးက ပြောပါတယ်။ ပြည်သူတွေ ဆွေးနွေးခွင့်ရချိန်မှာ သယံဇာတတွေ ကုန်သွားမှာကို စိုးရိမ်တယ်လို့ နော်အိအိမင်းက ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စားပွဲပေါ်ရောက်အောင်တောင် နှစ်တွေအများကြီး ယူရတယ်လို့ သူက ထောက်ပြပါတယ်။ အခုတော့ သုတေသနတွေ မရှိလို့ ဆုံးရှုံးတာတွေ ရှိနေတယ်လို့ နော်အိအိမင်းက ပြောပါတယ်။


သယံဇာတခွဲဝေရေး ညီမျှဖို့ လူထုပါဝင်ဖို့လို


သယံဇာတခွဲဝေရေးပြဿနာနဲ့ စိန်ခေါ်ချက်တွေမှာ လူထုရဲ့ပါဝင်မှုဟာ အရေးကြီးတယ်လို့ ခွန်ချန်ကီက ရှင်းပြတယ်။ လူထုက ရဲရဲပြောဖို့ဆိုဖို့ ထုတ်ဖော်ဖို့ တောင်းဆိုဖို့ လိုတယ်လို့ သူက ပြောပါတယ်။ လတ်တလောမှာတော့ လူထုဟာ အများကြီး ခံစားထားရတော့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ကြဘူး ဖြစ်နေတယ်၊ ဒါ့ကြောင့် ပြည်သူတွေ ပြောရဲဆိုရဲ ရှိလာအောင် အာဏာပိုင်တွေက နှိုးဆော်ပေးရမယ်လို့ ခွန်ချန်ကီက မှတ်ချက်ပြုပါတယ်။ ပြည်သူတွေ ပြောရဲဆိုရဲရှိအောင် အစိုးရဘက်ကလည်း တာဝန်ခံရဲရမယ်၊ အစိုးရအရာရှိတွေဟာ တာဝန်ခံရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ ပြည်သူတွေဟာ ပြောချင်လွန်းလို့ပါ၊ ပြောခွင့်သာ ရမယ်ဆိုရင် သူတို့ ပြောကြမှာပါ၊ ဒါပေမဲ့ ပြောတဲ့အခါမှာတော့ ချက်နဲ့လက်နဲ့ ပြောတာမျိုး ဖြစ်ရမယ်လို့ နော်အိအိမင်းက ပြောပါတယ်။

ပြည်သူတွေက သူတို့ဘ၀ရဲ့ အရှင်သခင်ဟာ သူတို့ပဲဆိုတာကို နားလည်ရမယ်၊ ပြည်သူကိုတာဝန်ခံတဲ့ အစိုးရဖြစ်ဖို့လည်း လိုတယ်လို့ ကိုမိုးက ပြောပါတယ်။ အဲဒီလိုတွေ ဖြစ်လာအောင်လည်း ပြည်သူက ပါဝင် ဆောင်ရွက်ရမယ်လို့ သူက ပြောပါတယ်။ စိုင်းမောင်တင်ကတော့ သယံဇာတခွဲဝေရေး ညီမျှဖို့ရာက ၂၀၀၈ အခြေခံဥပဒေကို ပြင်မှ ရမယ်လို့ သုံးသပ်ပါတယ်။ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ကြည့်မယ်ဆိုရင် ပြည်နယ်အစိုးရ ၀န်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ မည်ကာမတ္တဖြစ်နေတယ်၊ ဥပမာအားဖြင့် သစ်ပင်သစ်တော ထုတ်ယူသုံးစွဲမှုကိုကြည့်ရင် ၀ါး/ သက်ကယ်ပဲ ထုတ်ယူခွင့် ရှိနေတယ်လို့ ပြောပါတယ်။ တစ်ခါ ပြည်နယ်ဝန်ကြီးချုပ်ရွေးချယ်တာနဲ့ပတ်သက်ပြီး သမ္မတက ရွေးချယ်ခန့်အပ်တာထက် ပြည်သူ့ကိုယ်စားလှယ်တွေက ရွေးချယ်ပြီး သမ္မတက ခန့်အပ်တဲ့ပုံစံမျိုးကို ပြောင်းလဲချင်တယ်လို့ ပြောပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...