Monday, May 4, 2015
ငြိမ်းချမ်းရေး စစ်တမ်း (၁၅)
စာချုပ်အတည်ပြုမူကြမ်းအပေါ် သုံးသပ်ချက် (၁)
ငြိမ်းချမ်းရေးသည် စစ်အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများသာမက  တိုင်းရင်းသား
ပေါင်းစုံလူထုကြီးတရပ်လုံးနှင့် ဆိုင်သော ပြသနာဖြစ်သည်။ စစ်ကြောင့် အခြေခံလယ်သမား၊ အလုပ်သမား၊ တိုင်းရင်း
သားပြည်သူများ၏ သားသမီးများသေကြေနေကြရသည်။ လူထု၏ကျမ္မာရေး၊ ပညာရေး၊ သယ်ယူပို့ ဆောင်ရေး၊ လမ်း
ပမ်း နှင့် အီလက်ထရောနစ်ဆက်သွယ်ရေး၊ နေအိမ်ရာ စီမံကိန်း၊ အလုပ်အကိုင်အခွင့် အလမ်း စသည်များအတွက် အသုံးပြု ရမည့် ငွေကြေးများ အလဟသ ဖြစ်လျှက်ရှိသည်။
စစ်အစိုးရအဆက်ဆက်၏ စီမံခန့် ခွဲရေးညံ့ဖျင်းခြင်း၊ တိုင်းပြည်ဓနချမ်းသာများကို စစ်အာဏာရှင်စနစ်တည်မြဲ
ရေးနှင့် ကိုယ်ကျိုး အတွက်အသုံးချခြင်း၊ လာဘ်ပေးလာဘ်ယူကြီးမားစွာဖြစ်ပွားလျှက်ရှိခြင်းတို့ အပြင် ပြည်တွင်းစစ်
သည် လူထုကြီးတရပ်လုံး ဆင်းရဲတွင်းမှ မထွက်နိုင်စေ ရန် အနာဆိုးကြီးသဖွယ် အမြစ်တွယ်လျှက်ရှိသည်။ ဤသည်ကို အမြန်ဆုံး အဖြေရှာကုစားရန် ပြည်တွင်း စစ်ပြသနာအပေါ် တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံး ယခင်က
ထက်ပို၍ ထဲထဲဝင်ဝင် လေ့လာ၊ လှုပ်ရှား၊ ပါဝင် ဆောင်ရွက်သင့်ပြီဖြစ်သည်။
စစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ၂၀၁၅ ခုနှစ် မတ်လ (၃၁) ရက်နေ့ တွင်သဘော
တူခဲ့ကြသည့် အတည်ပြုစာချုပ် (မူကြမ်း) ဟူသည့်အပေါ်တွင် လက်မှတ်ရေးထိုးချုပ်ဆိုဖြစ်ကြလျှင် ပြည်တွင်းငြိမ်းချမ်း
ရေးကို တကယ်တန်းအထောက်အပံ့ဖြစ်မဖြစ် အပေါ် လူထု၏သဘောထားအမြင်များ ထုတ်ဖေါ်လာကြမည်ဆိုပါက တိုင်းပြည် အတွက် အကျိုးရှိနိုင်ပါမည်။ ဤသည်ကို အထောက်အပံ့ဖြစ်စေရန် စာရေးသူအနေဖြင့် လူ့ အခွင့်အရေး၊
တိုင်းရင်းသားအခွင့်အရေး နှင့် ဥပဒေစိုးမိုးရေးအခြေခံများမှနေ၍ ဆန္ဒစွဲမထား၊ ချစ်ခြင်းမုန်းခြင်းကင်းစွာ နှင့် ပကတိ ကို အရှိအတိုင်း ဆက်လက်သုံးသပ်တင်ပြသွားပါမည်။
ယခုလတ်တလောဆွေးနွေးပွဲများတွင်အရပ်သားအသွင်ယူဦးသိန်းစိန် စစ်အစိုးရဖန်တည်းထားသည့်စာချုပ် နှစ်ခု (၁)the Deed of Commitment (DoC)ပိုင်းဖြတ်ချက် စာချုပ် (၂) တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်း သဘောတူ စာချုပ် (မူကြမ်း) ကို အတည်ပြုစာချုပ် တို့ ၏ ဥပဒေသဘောနှင့် နိုင်ငံရေး အနှစ်သာရသည် မည်သို့ ရှိသနည်း။
            ပိုင်းဖြတ်ချက် စာချုပ်ဟူသည်ကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ တွင် ကရင် အဖွဲ့ အစည်းသုံးဖွဲ့ နှင့် ရှမ်းတဖွဲ့ စတင်လက်မှတ်ထိုးခဲ့သည်။  လက်မှတ်မထိုးရသေးသည့် အခြားတိုင်းရင်းသားအဖွဲ့ များကိုလည်း ဆက်လက် ကြစေရန် စည်းရုံးလျှက်ရှိကြောင်းသိရသည်။ ယင်းစာချုပ်တွင်အနှစ်သာရအရ မည်သည့်အရာမျှ မယ်မယ်ရရမပါရှိပါ။ အစိုးရအနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ကို လက်မှတ် ထိုးမည်၊ နိုင်ငံရေးမူဘောင်ကို ဆွေးနွေး
မည်၊ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပမည်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားမည် ဟူသည်တို့ 
မှာ ယေဘုယျအားဖြင့်ကောင်းမွန်သည့်အရာများဖြစ်သော်လည်း ရှေ့ နောက်ပြောင်းပြန်ဖြစ်၊ တိကျမှုမရှိ၊  ဦးတည်ချက် မရေရာဘဲနှစ်ပေါင်းများစွာ ရှည်ကြာမည့် လုပ်ငန်းစဉ်များနှင့် မျှောထားကြောင်းတွေ့ ရသည်။
            တိုင်းပြည်ငြိမ်းချမ်းရေးကို ထိပါးသည့် အရင်းခံကျသော ပြသနာရပ်ကြီးအချို့ အပေါ်ဆွေးနွေးသဘောတူမှု ကို အရင်ရှာဖွေဘို့ လိုပါမည်။ အသေးစိပ်ကို နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးနိုင်သည်။ ယခုမူ ယင်းသို့ မဟုတ်ဘဲ အကြောင်းရပ် အားလုံးကို မည်သည့် အာမခံချက်မျှမရှိသော နိုင်ငံရေးဆွေးနွေးပွဲသို့ ရွှေ့ လိုက်သည်။ တနိုင်ငံလုံးပစ်
ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်
(NCA)[i]ကို အရင်ဦးစွာလက်မှတ်ရေးထိုးစေသည်။ ယင်းမှာ ရှေ့ နောက်ပြောင်းပြန်
ဖြစ်နေသည်ဟု ဆိုလိုရင်းပင်။ ဤသည်မှာ
စစ်အစိုးရလိုလား အဆိုပြုသည့် လုပ်ငန်းစဉ် ဖြစ်သည်။
၂၀၁၅ ခုနှစ်မတ်လ (၃၁) ရက်နေ့ ကထွက်ပေါ်လာသည့်အတည်ပြုမူကြမ်းအပေါ်တွင်သာ (NCA)ကို လက် မှတ်ထိုးကြပါက စစ်အစိုးရအတွက်သာ နိုင်ငံရေး၊ စီးပွားရေး အမြတ်အကြီးအကျယ် ရဘွယ်ရှိသည်။တိုင်းရင်းသား
ပေါင်းစုံလူထုကြီးတရပ်လုံး နှင့် တိုင်းပြည်အတွက် အကျိုးမရှိနိုင်ပါ။ အဘယ်ကြောင့်နည်း။
            အတည်ပြုစာချုပ်မူကြမ်းအရ (NCA)ကို လက်မှတ်ထိုးလိုက်ကြရုံမျှနှင့် တိုက်ပွဲပြန်လည်မဖြစ်ပွားအောင် တားဆီးနိုင်မည့် အခြေအနေမရှိ၊ ပြန်တိုက်ခြင်း မတိုက်ခြင်းမှာ စစ်အစိုးရလက်ဝယ်တွင်သာ ဆက်လက်တည်လျှက်ရှိ နေ၍ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အဖွဲ့ အစည်းအများစုကြီးက ပြည်ထောင်စု အဆင့်အထိလက်မှတ်ထိုး
ပြီး ကြသည့်အပြင် အဓိကကျသည့် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့  (ကေအိုင်အို) နှင့် လည်း စစ်ရှိန်လျှော့ရန် သဘောတူညီပြီးဖြစ်ပါလျှက် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ တွင် (ကိုးကန့် အရေးမှလွဲ၍) မြန်မာစစ်တပ်ကပင် အဓိကအားဖြင့် စစ်ဆင်တိုက်ခိုက်မှုများ ပြုနေကြောင်းတွေ့ နိုင်သည်။ ငြိမ်းချမ်းမှု အခြေခံကို တကယ်တန်း အုတ်မြစ်ချ
ပေးနိုင်ခြေမရှိသည့် NCA ကို လက်မှတ်ထိုးပြီးနောက်တွင် စစ်အစိုးရက ငြိမ်းချမ်းရေးရသွားပြီ ဟု ကမ္ဘာကို ကြေငြာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့် ဖွံ့ ဖြိုးမှု အကူအညီများကို ဖိတ်ခေါ်၊ တိုင်းရင်းသားပြည်နယ် များရှိ သဘာဝသယံဇာတများ
အား ပို၍တိုးချဲ့ ကာ ထင်သလိုထုတ်ဖေါ်သုံးစွဲ ရောင်းချပါတော့မည်။
            (NCA)ကို အလွယ်တကူလက်မှတ်ထိုးပေးလိုက်ခြင်းမှာ မိမိလက်ဝယ်တွင် အဖိုးမဖြတ်နိုင်အောင် တန်ဘိုးရှိ
သည့် ရတနာတုံးကြီးအား အသပြာတရွေးမျှဖြင့် ရောင်းလိုက်သည့် သဘောဆောင်သည်။မည်သည်တို့ ကို ထည့်
သွင်း ချုပ်ဆိုနိုင်မှသာ စစ်မှန်သည့်ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း လေ့လာသုံးသပ်ရန် လိုအပ်လာပါပြီ။
           ပထမဆုံးအချက်မှာ ပစ်ခတ်တိုက်ခိုက်မှု တကယ်တန်းရပ်စဲရေး၊ ထိုသို့ ရပ်စဲထားမှုကို တဘက်ဘက် က မိမိသဘောဆန္ဒတခုတည်းနှင့် ဖျက်သိမ်းမှု၊ ချိုးဖေါက်မှု မပြုရေး၊ ပြုခဲ့သော် ထိမ်းသိမ်း၊ ဟန့် တား ကာကွယ်ရန်နှင့် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် ခိုင်မာအားကောင်းသည့် ယန္တယား (သို့ မဟုတ်) ကြီးကြပ်မှု အဖွဲ့ 
ဖွဲ့ စည်းရေး၊ ဖြစ်သည်။ အတည်ပြုစာချုပ် မူကြမ်း အခန်း(၄) အပုဒ် ၁၂ အရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ
စောင့်ကြည့် ရေး ကော်မတီကို အောက်ပါအတိုင်းဖွဲ့ စည်းပေးရမည်ဖြစ်ကြောင်းပါရှိသည်။
(က) ဤသဘောတူစာချုပ်အားလိုက်နာရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ” ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် အများယုံကြည်လေးစားသောပုဂ္ဂိုလ်များ
ဖြင့် ဖွဲ့စည်းတာဝန်ပေးရန် သဘောတူသည်။
အထက်ပါ သဘောတူညီချက်အရ ပူးတွဲစောင့်ကြည့်ရေးကော်မတီဖွဲ့ စည်းရာတွင် အားနည်းချက်မှာ ပိပက္ခ
၏ ဘက်နှစ်ဘက်၊ အတိအကျအားဖြင်
စစ်အစိုးရကတဘက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ က အခြား
တဘက်ဖြင့်သာ အဓိက ဖွဲ့ စည်းခြင်းဖြစ်သည်။ အများယုံကြည်လေးစားသောပုဂ္ဂိုလ်များဟူသည်မှာလည်းတိကျရေ
ရာမှု မရှိ။ မည်သူတွေမှန်းမသိ။ ၄င်းတို့ အပါအ၀င် ပူးတွဲစောင့်ကြည့်ရေးကော်မတီ တခုလုံးတွင်ပါ မည်သည့်အခွင့်
အာဏာ ရှိပြီး မည်သို့ စီမံကွပ်ကဲသွားမည်၊ ဆုံးဖြတ်ချက်များကို မည်သို့ ချမှတ်သွားမည်၊ မည်သို့ လိုက်နာရန် တာဝန် ရှိသည် ဟူသည်တို့ မပါရှိ။ တဘက်ဘက်က (အဖြစ်နိုင်ဆုံးမှာ) စစ်အစိုးရဘက်က တဘက်သတ် ချိုးဖေါက်ပြီး တိုက်ပွဲများပြန်စ၊ထိုးစစ်များပြန်ဆင်လာလျှင် ယင်းကော်မတီသည် တားဆီးနိုင်ခြေမရှိ။
မြန်မာနိုင်ငံပြည်တွင်းစစ်သမိုင်းတွင် ဆွေးနွေးပွဲ ဖြစ်စဉ်သည်ယခုမှစတင်သည့် အသစ်မဟုတ်။ ဗိုလ်ချုပ်နေ
ဝင်းခေါင်းဆောင်ပြီး အာဏာသိမ်းခဲ့သည့် တော်လှန်ရေးကောင်စီ က ၁၉၆၃ ခုနှစ် ဇွန်လ (၁၁) ရက်နေ့ တွင် ကြေငြာ
ချက်ထုတ် ဖိတ်ခေါ်ပြီးနောက် အောက်တိုဘာလ (၈) ရက်နေ့ 
မဒညတနှင့် စတင်ဆွေး နွေးခဲ့ကြသည်။ ထိုစဉ်က မဒညတ ကိုယ်စားလှယ်အဖွဲ့ တွင် ကေအင်ယူ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ချင်းဦးစီး
အဖွဲ့ နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ ပါဝင်ခဲ့ကြသည်။[ii]စစ်အစိုးရက ကချင်လွတ်လပ်ရေးကောင်စီ၊ ရခိုင်ပြည်ကွန်မြူ နစ်ပါတီ တို့ နှင့် သီးခြားဆွေးနွေးခဲ့သည်။[iii]
ထို့ နောက် စစ်အစိုးရက မဒညတနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့ အပေါ်“မရိုးမသား၊ နိုင်ငံရေးအမြတ်ထုတ်
ကာ၊ လူထုနည်းနဲ့ အကြပ်ကိုင်ဘို့ ကြိုးစားခဲ့ကြတယ်။” ဟု စွပ်စွဲပြီး နိုဝင်္ဘာလ ၁၄ ရက်နေ့ တွင် ဆွေးနွေးပွဲကိုတဘက်
သတ်ဖျက်သိမ်းခဲ့သည်။[iv] တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ယခု စာချုပ်အတည်ပြုမူကြမ်း တွင် ယင်းသမိုင်းဖြစ်ရပ်
တွင်ကဲ့သို့  လက်ရှိစစ်အစိုးရအနေဖြင့် ဆွေးနွေးပွဲကို တဘက်သတ်မဖျက်သိမ်းအောင် တားဆီးနိုင်သည့် သဘောတူ
ညီချက် မရှိ။ ငြိမ်းချမ်းရေး လှုပ်ရှားမှုဖြစ်စဉ်တွင် တိုင်းရင်းသားပေါင်းစုံလူထုများသည် လွတ်လပ်သည့် လူထုအသင်း
အဖွဲ့ များမှ တဆင့်သော် လည်းကောင်း၊ မိမိတို့ ကိုယ်တိုင်တိုက်ရိုက် သော်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့ အစည်း
များနှင့် ဆက်စပ်၍သော် လည်းကောင်း ပါဝင်နိုင်ကြမှသာ ငြိမ်းချမ်းရေးလှုပ်ရှားမှုအောင်မြင်နိုင်ခြေရှိသည်။ မျက်မှောက်တွင်အာဖရိကတိုက် ကင်ညာနိုင်ငံ ၏ သာဓက ကိုလေ့လာနိုင်သည်။
ဤကဲ့သို့ လူထုများက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တက်ကြွလှုပ်ရှားကာ အားကောင်းကောင်းနှင့် ပါဝင်လာပါက စစ်အစိုး ရက ဆွေးနွေးပွဲကို တဘက်သတ်ဖျက်သိမ်းမပစ်နိုင်အောင် နှင့် အဆိုပါလူထုများအား တည်ဆဲဥပဒေများကို ကိုင်စွဲ၍ အရေးယူခြင်းမပြုနိုင်အောင် ကာကွယ်ပြဌာန်းချက်ထည့်သွင်းရန် လိုပါမည်။
() ကေအိုင်အိုတပ်ဖွဲ့များ အခြေပြုတပ်စွဲသည့် နေရာဒေသများနှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ အခြား
ရှင်းလင်းရန် လိုအပ်သည့် ကိစ္စရပ် တစ်ခုခု ပေါ်ပေါက်လာလျှင် သော်လည်းကောင်း နှစ်ဦး နှစ်ဖက်
 အတူတကွ ပူးတွဲ ကွင်းဆင်း လေ့လာပြီး ဆွေးနွေးညှိနှိုင်း ဖြေရှင်းသွားရန်။
၁၉၉၄ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တွင် နှစ်ဘက် သဘောတူဖေါ်ဆောင်ခဲ့သည့် “ပူးတွဲ” နှင့် ၂၀၁၅ ခုနှစ် မတ်လ (၃၁) ရက်နေ့ တွင် ပေါ်ထွက်လာသည့် အတည်ပြုမူကြမ်း အရ “ပူးတွဲ” တို့ မှာ အနှစ်သာရ အရ မည်သို့ မျှ
ခြားနားမှုမရှိပါ။ ယခင် “ပူးတွဲ” တွင် န၀တ စစ်အစိုးရနှင့် ကေအိုင်အို တို့ ဖြစ်ခဲ့ကြသည်။ ယခု “ပူးတွဲ” တွင် ဦးသိန်းစိန် စစ်အစိုးရနှင့် (ကေအိုင်အိုအပါအ၀င်) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအများစု ဖြစ်လာခဲ့သည်။ အနည်း
အများသာ ကွာခြားမှုရှိသည်။ တည်ဆောက်မှုမှာအတူတူဖြစ်သည်။ အခွင့် အာဏာ ကင်းမဲ့ပုံ၊ စီမံကွပ်ကဲမှုစနစ် နှင့် လိုက်နာရန် တာဝန် ဖေါ်ပြမထားပုံ တို့ မှာလည်း အတူတူပင် ဖြစ်သည်။ ဆွေးနွေး ညှိနိုင်းသည့် နည်းဖြင့် ဖြေရှင်းကြရ
မည့်အနေအထားမှာလည်း ထူးမခြားနား။ နှစ်ဘက် ဆွေးနွေး ညှိနှိုင်း၍ မရလျှင် တိုက်ပွဲများ ပြန်မဖြစ်အောင်မည်သည့် အဆုံးအဖြတ်ကို မည်သို့ နာခံသွားမည် ဟူ၍ ဖေါ်ပြမထားသည်မှာလည်း တူလွန်းလှသည်။
ယခု “ပူးတွဲ” တွင် နိုင်ငံခြားအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ၏ ကိုယ်စားလှယ်များ က လေ့လာသူ၊ အကြံပေး နှင့် နည်းပညာအထောက်အကူပြုများအဖြစ် သင့်လျော်သလို ပါဝင်နိုင်ခြေရှိကြောင်း ကို ဖေါ်ပြ
ထားသည်။ သို့ ရာတွင် မည်သည့်အခွင့်အာဏာမျှ အပ်နှင်းမထား။ ထူး၍ မဆန်းလှ။ အနှစ်သာရကင်းမဲ့သည့် “ပူးတွဲ” အား အပေါ်ယံဟန်ပြ သနပ်ခါးလိမ်းထားသည့် အဆင့်သာရှိသည်။
ယခင် “ပူးတွဲ” သည် အလုပ်မဖြစ်ခဲ့ကြောင်း သမိုင်းက သက်သေပြခဲ့ပြီ။ ကချင်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) နှင့် စစ်အစိုးရတို့ ၏ အပစ်အခတ်ရပ်စဲရေး သက်တမ်း (၁၇) နှစ်အတွင်းတွင် ကချင်အရပ်သား
အချို့ အပါအ၀င် ကေအိုင်အို စစ်သားများ အစုလိုက် အသတ်ခံခဲ့ကြ ရသည်။ ၂၀၀၁ ခုနှစ်တွင် ၁၁ ဦး၊ ၂၀၀၂ ခုနှစ်
တွင် ၄ ဦး နှင့် ၂၀၀၇ ခုနှစ်တွင် ၆ ဦးတို့ ဖြစ် သည်။ ယင်းသတ်ဖြတ်မှုများကို မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၄ ခုနှစ် စာချုပ်အရ ဖွဲ့ စည်းသည့်
“ပူးတွဲ” သည် ယင်းသတ်ဖြတ်မှုများအပေါ် မည်သို့ မျှ အရေးယူ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိ။
သို့ ရာတွင် ကေအိုင်အို စစ်သားတဦးဖြစ်သူ ဒုတပ်ကြပ် ချမ်းယိမ်းအား မြန်မာ့တပ်မတော်က ထပ်မံ နှိပ်စက်၊ သတ်ဖြတ်ခြင်းပြုပြီးနောက်တွင်မူ ကေအိုင်အိုသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ မှစ၍ ခုခံစစ်ကိုဆင်နွှဲရင်းတိုက်ပွဲ
များ ပြန်လည်ဖြစ်ပွားလာခဲ့သည်။
၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် ကေအိုင်အို တို့ ချုပ်ဆိုခဲ့သည့် အပစ်အခတ်ရပ်စဲရေး စာချုပ်အကယ်၍ ဘက်တဘက်ဘက်၏ အရပ်သားအမှုထမ်းကဖြစ်စေ၊ စစ်သည်တဦးဦးက ဖြစ်စေ၊ တပ်ဖွဲ့ တခုခုက ဖြစ်စေ၊  ပြင်းထန်
သော လူ့ အခွင့်အရေးချိုးဖေါက်မှု သို့ မဟုတ် ပြစ်မှုတခုခုကို ကျူးလွန်ခဲ့သည်ရှိသော် ဥပဒေကြောင်းအရ အရေး ယူ
ဆောင်ရွက်နိုင်ရေး အတွက် နှစ်ဘက်လက်ခံသည့် တရားစီရင်ရေးယန္တယား တခုတည်ဆောက်ထားခြင်း၊ တိုင်တန်း နိုင်သည့် လုပ်ထုံးလုပ်နည်းကို ဖေါ်ပြသဘောတူထားခြင်း မရှိပါ။ စာချုပ်ပါသဘောတူညီချက်ကို ဖေါ်ဆောင်ရန် နှင့် တဘက်ဘက်က မလိုက်နာလျှင် အတင်းအကြပ်ပြုနိုင်သည့် အခွင့်အာဏာရှိသော အဖွဲ့ အစည်းလည်း မပါရှိ။ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို ချိုးဖေါက်လာလျှင် အရေးယူဆောင်ရွက်ရနှ်နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားခြင်းမရှိစေရေး ထိရောက်စွာ ကြီးကြပ်ကွပ်ကဲရန်တို့ အတွက် (အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ပြည်တွင်းစစ်ကို ဖြေရှင်းခဲ့စဉ်က ကဲ့သို့ ) အကြပ်အတည်းစီမံခန့် ခွဲရေးဘုတ်အဖွဲ့ [v]မျိုးကို လည်း စာချုပ် အရ တရားဝင်ဖွဲ့ စည်းတည်ထောင် ထားခြင်း လည်း မရှိပါ။ 
မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ်ကထဲက စတင်ခဲ့သော အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်များအတွင်း ယင်းသို့ သော ဖွဲ့ စည်းတည်ဆောက်မှုများ ကင်းမဲ့ခဲ့သဖြင့် တိုက်ပွဲ များ အလွယ်တကူပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်း (၂၆) နှစ်ကျော်ကြာလာသည့် ယခုအချိန်တွင် ပေါ်ထွက်လာသည့်စာချုပ် အတည်ပြု (မူကြမ်း) တွင်လည်း ဆက်လက် ကင်းမဲ့လျှက် ရှိနေဆဲဖြစ်ကြောင်းတွေ့ ရသည်။
၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့ တွင် ကေအိုင်အိုနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့ပြီးနောက် ဒေသခံ
ကချင် နှင့် အခြားတိုင်းရင်းသားများသည် လူသတ်မှု၊ မုဒိန်းမှု၊ နှိပ်စက်ညှင်းပန်းမှု၊ ရွာများ ဘုရားရှိခိုးကျောင်းများ မီရှို့ ဖျက်ဆီးခံရမှု စသည့် လူ့ အခွင့်အရေးချိုးဖေါက်ပေါင်းများစွာ ကျူးလွန်ခံရသည့်အပြင် ပြည်တွင်းနေရပ် စွန့် ခွာ
တိမ်းရှောင်သူများ (IDP) အရေအတွက် တသိန်းကျော် ရှိ ခဲ့သည်။ ယခုလက်မှတ်ရေးထိုးချုပ်ဆိုမည့် အတည်ပြုမူ
ကြမ်းတွင်ပစ်ခတ်တိုက်ခိုက်မှုပြန်လည် ဖြစ်ပွား ခြင်းမရှိစေရန် ကာကွယ်နိုင်သည့် အခွင့်အာဏာရှိသော ယန္တယား
တစုံတရာမရှိဘဲ လွယ်လင့်တကူ လက်မှတ်ထိုး စာချုပ်ချုပ်ကြ မည် ဆိုလျှင် ၄င်းတို့ သည်မည်သို့ လျှင်နေရင်းရပ်ရွာ
သို့ ပြန်နိုင်ကြမည်နည်း။ စာချုပ်ကို ယုံကြည်၍ ပြန်ကြသူများ ရှိစေဦး လွယ်လင့်တကူလက်မှတ်ထိုး စာချုပ်ချုပ် လိုက်ကြ၊လွယ်လင့်တကူ ပြန်တိုက်လိုက်ကြ ဆိုပါလျှင် လူထုအများ ထိခိုက်နစ်နာဆုံးရှုံးမှုကြီးမားမည် သာမက ဥပဒေစိုးမိုးရေးမှာလည်း လှောင်ပြောင်ရယ်မောဘွယ်သာ ရှိနေပါမည်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁၂) ရက်နေ့ တွင် စစ်အစိုးရ နှင့် ကရင်အမျိုးသားအစည်းအရုံးတို့  ပြည်ထောင်စု အဆင့်မှာပင် လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် သုံးနှစ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း နှစ်ဘက် သဘောတူညီချက် များအနက် မည်သည့်အရာတခုကိုမျှစစ်အစိုးရက မယ်မယ်ရရဖေါ်ဆောင်ပေးခြင်း မရှိသေးပါ။ ဖေါ်ဆောင်ရန် အတင်း အကြပ်ပြုနိုင်သည့် အခွင့်အာဏာရှိသော မည်သည့်အဖွဲ့ အစည်းမျှလည်း ရှိမနေပါ။
စစ်အစိုးရကဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်ဥပဒေစိုးမိုးရေးနှင့်တိုင်းပြည်တည်ငြိမ်ရေးကော်မတီဟူသည်အားမည်သည့်အခွင့်အာဏာနှင့်လုပ်ပိုင်ခွင့်မျှအပ်နှင်းခြင်းမပြုဘဲဖွဲ့စည်းပေးလိုက်သဖြင့်မည်သည့်အရာတခုမျှထိထိရောက်ရောက်မလုပ်နိုင်သည်ကိုသာဓကယူသင့်ပါသည်။ယခုပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီဟူသည်မှာလည်းအလားတူပင်။ဥပဒေစိုးမိုးရေးကော်မတီကထိထိရောက်ရောက်မလုပ်နိုင်သည်မှာမထောင်းတာ။ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင်ညှိနိုင်းရုံအဆင့်မှလွဲ၍မည်သည့်အခွင့်အာဏာမျှမရှိ၊ထိထိရောက်ရောက်လုပ်နိုင်မည် မဟုတ်သဖြင့်စစ်ပွဲကြီးများပြန်လည်ဖြစ်ပွားမည်မုချဖြစ်သည်။
နောက်ထပ် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရေးတားဆီးနိုင်ရန် ကုလသမဂ္ဂ၊နိုင်ငံတကာနှင့်ပြည်တွင်း
လူထုအဖွဲ့အစည်းများပါဝင်စေလျှက်လွတ်လပ်သည့်ကြီးကြပ်ကွပ်ကဲရေးကော်မတီတခုဖွဲ့စည်းစေပြီးယင်း၏ဖွဲ့စည်းပုံနှင့်လုပ်ပိုင်ခွင့်အာဏာများကိုပါထည့်သွင်းချုပ်ဆိုနိုင်ရန်လိုအပ်သည်။ သို့ မှသာ
(NCA) သည်အဓိပ္ပါယ်ရှိပြီးအသက်ဝင်ကာတိုင်းပြည်နှင့်လူထုအတွက်အကျိုးရှိပါမည်။ဤသည်မှာပထမအချက်ဖြစ်သည်။
ကြမ်း
မည်သို့ မျှ မတွေ့ ရ။ အဖြစ်နိုင်ဆုံးမှာ မူဘောင်မှန်သမျှအား ၂၀၀၈ ဖွဲ့ စည်းပုံနှင့် အကြုံးဝင်အောင် ဆွဲထား
သည်ကို အငြင်းမပွားဘဲလက်ခံကာ ဟန်ပြနိုင်ငံရေးဆွေးနွေးပွဲကြီးသို့ ဆက်လက်ချီတက်ကြရုံသာရှိမည်။ အတည်ပြု မူကြမ်း အပုဒ် ၂၁ (ခ) အရ ရက်ပေါင်း (၆၀) အတွင်းဆွေးနွေးသော်လည်း အငြင်းပွားမှုများပေါ်ပေါက်လာမည်ဆိုလျှင် မူဘောင်ကို သဘောမတူနိုင်ပါက စာချုပ်ပျက်ပြယ်ကြောင်း (Sunset Clause) လည်းမပါရှိ။ ၂၀၀၈ ဖွဲ့ စည်းပုံကျောရိုး အပေါ်တွင် အခြေပြုထားသည့် မူဘောင်ကို လက်မခံဘဲ ကျောခိုင်းသွားမည်ဆိုပြန်လျှင်လည်းစာချုပ်ကို စတင်ချိုး
ဖေါက်သည့် ငမိုက်သားအနေဖြင့်လည်းကောင်း၊ ငြိမ်းချမ်းရေးကို မလိုလားသည့် အကြမ်းဘက် အဖွဲ့ အနေဖြင့်လည်း
ကောင်း စွပ်စွဲခံရကာ နိုင်ငံရေးအရအထီးကျန်ပြု၊ စီးပွားရေးအရ ပိတ်ဆို့ ၊ စစ်ရေးအရ အပြတ်အတိုက် ခံ၇မည့်
အန္တရယ် တို့ ကို ရင်ဆိုင်ရဘွယ် ရှိသည်။
လက်ရှိအတည်ပြုမူကြမ်းအရသာ (NCA)ကိုလက်မှတ်ထိုးလိုက်မည်ဆိုပါက ဆီပူအိုးထဲ အထည့်ခံလိုက်ရ
သော ငါးအရှင်တကောင်ကဲ့သို့ ပင်။ ဆီပူလှချည်ရဲ့  ဟူ၍ မီးပုံထဲ ခုန်ဆင်းလျှင်လည်း မီးတွင်းထဲမှာပင် အသက်ဆုံးရှုံး
ပါမည်။
            ဤသည်ကို ကျော်လွှားရန်မှာ နွားကို ထွန်ရှေ့ သို့ ပြန်ပို့ လိုက်ရုံပင်။ ဆိုလိုသည်မှာ ကျောရိုးကျသည့် နိုင်ငံရေး အခြေခံသဘောတူညီချက်အချို့ တို့ အား နိုင်ငံရေးဆွေးနွေးမှု မူဘောင်အနေဖြင့် အလျင်ဦးစွာဆွေးနွေး သဘောတူညီချက်ယူပြီးမှသာ (NCA)ကိုလက်မှတ်ထိုးရန်ဖြစ်သည်။ ယင်းမှာ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
အတွက် နှစ်ပေါင်းများစွာ အဆက်မပြတ်တိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်း
များ တောင်းဆိုရယူသင့်သည့် နိုင်ငံရေးအခွင့်အရေးပင်။ ယင်းသို့ ရရှိလာသည့် ကျောရိုးကျသည့် နိုင်ငံရေး အခြေခံ
သဘောတူညီချက်အချို့ တို့ ကို မထိပါးစေဘဲ အားလုံးပါဝင်ခွင့်ရသည့် နိုင်ငံရေးဆွေးနွေးပွဲတွင် တိုးချဲ့ ပြီး ကျယ်ကျယ် ပြန့် ပြန့် ဆွေးနွေးသဘောတူညီမှုရယူကြမှသာ တိုင်းပြည်နှင့် လူထုအတွက်အကျိုးရှိနိုင်ပါမည်။
            တတိယမှာ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အား အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့် ဆိုင်သည်။ အတည်ပြုမူကြမ်း အခန်း(၁) အပိုဒ် (၁) (က)တွင် “---ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်
ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အ၀ရှိသော ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ နှင့် အညီ တည်ဆောက်သွားရန် --”
ဟူသည်မှာ ၂၀၁၄ ခှုနှစ် စက်တင်္ဘာက ရရှိခဲ့သည့် စတုတ္ထမူကြမ်းအတိုင်း ဖြစ်နေသည်။ ထူးခြားတိုးတက်မှု စိုးစဉ်းမျှမရှိ။ အဘယ်ကြောင့် NCCT ခေါင်းဆောင်များက လက်ခံလိုက်သည်ကို စဉ်းစား၍မရ။ ၂၀၀၈ ဖွဲ့ စည်းပုံသည် ယင်းပြည်ထောင်စုမျိုး ဖြစ်ပြီး နေပြီဖြစ်ကြောင်း ဦးရွှေမန်းက လွှတ်တော်အတွင်းကပြောနေသလို ဦးအောင်မင်းကလည်း လွှတ်တော်အပြင်တွင် အလျှဉ်းသင့်သည့်အခါတိုင်း ပြောကြားလျှက်ရှိသည်။
ယူအန်အက်ဖ်စီ  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သမ္မတဦးသိန်းစိန်ထံ ၂၀၁၅ ခုနှစ်ဇန်န၀ါရီလ ၁၈ ရက်နေ့ကပေးပို့ သည့် ကမ်းလှမ်း စာတွင်“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ
ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အ၀ရှိသည့် အမျိုးသားပြည်နယ်များကိုအခြေခံ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူကြသည်။”
ဟု ထည့်သွင်းချုပ်ဆိုလိုကြောင်း ပါရှိခဲ့သည်။[vi]ခြားနားချက်မှာ အမျိုးသားပြည်နယ်များကို အခြေခံ၍ ဟူသော ဝေါဟာရဖြစ်သည်။ ဗမာ (မြန်မာ) ပြည်နယ်အပါအ၀င် အမျိုးသားပြည်နယ် များကိုအခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စု ကို ဖွဲ့ စည်းသင့်ကြောင်းမှာ တိုင်းရင်းသားအဖွဲ့ အစည်းများက ယခုမှ အသစ်တင်ခြင်းမဟုတ်။ ၁၉၆၁ ခုနှစ်တောင်ကြီးညီလာခံကထဲက အဆိုပြု
ခဲ့သည့် ဖက်ဒ၇ယ်မူ ဖြစ်သည်။ အမျိုးသားပြည်နယ်အားလုံးအကြား တန်းတူရေးကို ဖေါ်ဆောင်ရန် ဦးတည်တောင်း
ဆိုခဲ့ကြခြင်းပင်။
ခုရှုတ်မှ နောင်ရှင်းဆိုသော စကားရှိသည်။ ယင်းအပေါ်တွင် သဘောတူညီချက် တိတိကျကျရမထားပါဘဲ
လျှက် ဖက်ဒရယ်ဟူသော အသံကလေးမြည်ပေးရုံဖြင့်
(NCA)ကိုလက်မှတ်ထိုးကာ နိုင်ငံရေးဆွေးနွေးပွဲဟူသည်သို့ 
ချီတက်ကြမည်ဆိုလျှင် ဒုတိယအကြိမ်အမျိုးသားညီလာခံထက် ပိုနိုင်ဘွယ်မရှိပါ။ ပထမ အကြိမ်က ၁၅ နှစ်မျှကြာခဲ့
သဖြင့် ဒုတိယအကြိမ်တွင်မူ အနည်းဆုံးနှစ်ပေါင်း ၃၀ အချိန်ဆွဲသွားပါမည်။ ယခုအခါ
စစ်အစိုးရသည် ငြိမ်းချမ်းရေး
ကို အကြောင်းပြလျှက် ဥရောပသမဂ္ဂ နှင့် နော်ဝေမှသာမက ဂျပန်နိုင်ငံမှပါ ငွေကြေးအလုံးအရင်း အကူအညီများရ
နေပြီ ဖြစ်သောကြောင့် လူတထောင်ခန့် တက်မည့် ဆွေးနွေးပွဲကြီးအား စားနပ် ရိက္ခာ ကွမ်း ဆေး လက်ဖက်များ ထောက်ပံ့ကာ နှစ်ရှည်ဆွဲပြီး ကျင်းပသွားရန် မခဲယဉ်းတော့ပါ။ ငြိမ်းချမ်းရေးသည် စီးပွားရေးလုပ်ငန်းကြီးတခု သဘွယ် ဖြစ်လာလျှက်ရှိခြေပြီ။
အမျိုးသားပြည်နယ်များကို အခြေခံ၍ ဟူသော ဝေါဟာရပါရှိသည့် စစ်မှန်သော ဖက်ဒရယ်မူ၏ ဖွင့်ဆိုချက် ကို စစ်အစိုးရက မသိကျိုးကျင်ပြုထားလိုက်သောအခါယူအင်န် အက်ဖ်စီ ဒုဥက္ကဌ ဖြစ်ပြီး NCCT ၏ ဥက္ကဌလည်းဖြစ်သူ နိုင်ဟံသာက “ဖက်ဒရယ်ကိုအပေါ်ယံလောက်ဘဲ အစိုးရက လက်ခံတယ် ဆိုတာ ပေါ်သွားပြီ။” ဟု ထောက်ပြခဲ့သည်။ အပေါ်ယံလောက်ဘဲ လက်ခံထားသည့် စတုတ္ထမူကြမ်းပါ စာသားအတိုင်းကိုပင် အတည်ပြုမူကြမ်းအဖြစ် NCCT က လက်ခံလိုက်ပြန်ပြီ ဆိုသောအခါ တိုင်းရင်းသားခေါင်းဆောင်များ၏နိုင်ငံရေးရပ်တည်ချက်ကို စဉ်းစားရခက်လာသည်။
ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဆိုသည်မှာ လာခြင်းကောင်းသော လူကလေးဖြစ်သော်လည်းတိမ်ကြား
မင်းခေါင်အဖြစ် ငှက်ပျောတောထဲ ပြန်ဝင်သွားမှာ စိုးရိမ်ရသည်။အတည်ပြုမူကြမ်း အပုဒ် (၁) (ဂ)တွင် “တိုင်းရင်းသား လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်သော ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေး တွေ့ ဆုံဆွေးနွေးပွဲများ တွင် ထည့်သွင်းဆွေးနွေးသွားရန်” ဟူ၍ဖေါ်ပြထားချက်အရ ဖက်ဒရယ်ဝေါဟာရပျောက်သွားသည့်အပြင်တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ရုံမျှဖြင့် ပြည်ထောင်စုတပ်မတော် ဟု သတ်မှတ်ရတော့မည့် သဘောဆောင်သည်။ “မြန်မာ့တပ်
မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် တပ်မတော်ဖြစ်သည်။” ဟူ၍ ကာချုပ်မင်းအောင်လှိုင် ထပ်ခါ
တလဲလဲ ပြောကြားနေသော စကားစုကို အတည်ပြုမူကြမ်းက ထင်ဟပ်လိုက်ခြင်းမှလွဲ၍ ဖက်ဒရယ်ပြည်ထောင်စုတပ်
မတော် အတွက် မည်သည့်အခြေခံတခုမျှမရ။
ဂေါတမမြတ်စွာဘုရားရှင်သည် ပြည်သူလူထုကို ထင်ဟပ်သည်။ မြန်မာ့တပ်မတော်သည် နန္တောပနန္တနဂါး နှင့် အလားသာန်တူသည်။ ဘုရားရှင်ကိုပင်ရန်ပြုသော နန္တောပနန္တနဂါးအား မေတ္တာသုတ်ရွတ်ရုံဖြင့် ဆုံးမ၍မရ။ တန်ခိုး
တော်တွင်
တဒဂ်ရသောရှင်မောဂ္ဂလန်က နန္တောပနန္တထက်ပိုကြီးသော နဂါးမင်းကြီးအသွင်ဖန်ဆင်းကာ အထက်မှ စီးမိုးပြီး၎င်းထက်သာလွန်သည့် တံခိုးစွမ်းအားပြလိုက်သောအခါမှ နန္တောပနန္တ မာန်စွယ်ကျကာ ငြိမ်ဆင်း သွားရသည်။
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အား နန္တောပနန္တထက်ပို၍ တံခိုးစွမ်းအားမြင့်မားသော နဂါးမင်းကြီး အဖြစ်တည်ဆောက်ရန်လိုပါမည်။ တိုင်းရင်းသားပြည်သူလူထုများ ဘ၀ရပ်တည်မှုပျက်ပြားအောင် လူထု၏မြေအမျိုး
မျိုးကို သိမ်းယူ၊ မြန်မာ့ဦးပိုင်စီးပွားရေးကုမ္ပဏီထောင်ပြီး တိုင်းရင်းသားလူထုပိုင်သဘာဝသယံဇာတများအား နိုင်ငံခြား
ကုမ္ပဏီကြီး များ၊ ပြည်တွင်းမှ ခရိုနီများနှင့် ခွဲဝေခံစား၊ တိုင်းရင်းသားလူထုများအပေါ် စစ်ရာဇ၀တ်မှု နှင့် လူသားဆန့် 
ကျင်ပြစ်မှုများ ဆက်လက်ကျူးလွန်၊ လယ်သမားများနှင့် ကျောင်းသားများအားအကြမ်းဘက်ဖိနှိပ် ထောင်တွင်း ပို့ 
ခြင်းများပြု၍ ကြမ်းခြင်တိုင်း ကြမ်းလျှက်ရှိသော စစ်ခေါင်းဆောင်ဟောင်း သစ်များ မာန်စွယ်ကျိုးသွားအောင် လူထုစွမ်း
အားဖြင့် ဖြိုချရန်ကြိုးပမ်းသည့် အချိန်တွင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်သည် ထိရောက်စွာထောက်ကူပံ့ပိုးပေး
ဘို့ လို ပါမည်။
သို့ ရာတွင် ယခုအတည်ပြုမူကြမ်းကို ထပ်မံပြုပြင်ခြင်းမရှိဘဲ လက်မှတ်ထိုးလိုက်မည် ဆိုပါက ဖက်ဒရယ်
ပြည်ထောင်စု တပ်မတော်သည် နန္တောပနန္တနထက် တန်ခိုးစွမ်းအားပိုမိုမြင့်မားသော နဂါးမင်းကြီးဖြစ်မလာဘဲ တီကောင်ဘ၀သို့ သာ ကျရောက်သွားမည်ကို စိုးရိမ်ရဘွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် NCA ကို လက်မှတ်ထိုး
ပြီးနောက် နှစ်ပေါင်းများ စွာ ကြာအောင်အချိန်ယူတော့မည့် နိုင်ငံရေးဆွေးနွေးပွဲကြီးအတွင်းစစ်မှန်သည့်တိုင်းရင်းသား
တော်လှန်ရေးတပ်များ ရပ်တည်၊ ရှင်သန်၊ ကြီးထွားခွင့်ရစေမည့် မည်သည့်အခြေခံကောင်းတခုမျှ အတည်ပြုမူကြမ်း
တွင် မပါဝင်သောကြောင့်ဖြစ်သည်။ ယခုအတည်ပြုမူကြမ်းသက်သက်အရဆိုလျှင် စစ်မှန်သည့် တိုင်းရင်းသား တော်
လှန်ရေးတပ်များ လုံးပါးပါးသွားစေပြီး ဖေါက်ပြန်သည့် တိုင်းရင်းသားခေါင်းဆောင်များသာ စစ်အစိုးရနှင့် ပေါင်းကာ စီးပွားဖြစ်သွားစေနိုင်သည့် အလားအလာများကို တွေ့ မြင်နေရသည်။
အတည်ပြုမူကြမ်းတွင် လက်မခံသင့်ဆုံး သဘောတူညီချက်နှစ်ပိုဒ်ရှိသည်။ အပုဒ် ၂၀ (စ) အရ နိုင်ငံရေး လမ်းပြမြေပုံကို လည်းကောင်း အပုဒ် ၂၆ အရ ဤစာချုပ်တခုလုံးအားလည်းကောင်း ပြည်ထောင်စု လွှတ်တော်သို့ 
တင်သွင်း၍ အတည်ပြုချက်ယူရမည်ဟု ဆိုသည်။ ၄င်းသဘောတူညီချက်များမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ 
အစည်းများအား ၂၀၀၈ ဖွဲ့ စည်းပုံ၏ ဘောင်အတွင်းသို့ ဆွဲသွင်းလိုက်ခြင်းဖြစ်သည်။ ယင်းတို့ ကိုလက်ခံလိုက်လျှင် ဒီမိုကရေစီ အတုအယောင်သာရပြီး မည်သည့်အခါတွင်မျှ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု မတည် ဆောက်နိုင်
သည့် ၂၀၀၈ ဖွဲ့ စည်းပုံအား အားဖြည့်ပေးလိုက်ရာရောက်သည်။ ပို၍ ဆိုးသည်မှာ မြန်မာစစ်တပ်စစ်ခေါင်းဆောင်များ ပါဝင်ဆွေးနွေးရရှိထားသည့် သဘောတူညီချက်အား မြန်မာစစ်တပ်စစ်ခေါင်းဆောင်များပင် လေးပုံတပုံပါဝင် နေသည့် လွှတ်တော်သို့ ပင် တင်သွင်းပြီး အတည်ပြုချက်တောင်းခံရဦးမည်ဟူသည်မှာ “နှစ်ထပ်ကွမ်း တင်စီးလွန်း” ရာရောက် သည်။
               အဆိုးဆုံးမှာ စာချုပ်၏ ခိုင်မာမှုဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က အတည်မပြုပါက နိုင်ငံရေးလမ်းပြ
မြေပုံရော စာချုပ်တခုလုံးပါ ပျက်ပြယ်တော့မလို ဖြစ်နေသည်။ မြန်မာစစ်ခေါင်းဆောင်များ လက်ခုပ်ထဲက ရေလို ဖြစ်နေသည်။ ဤကဲ့သို့ တိကျသေချာမှု စိုးစဉ်းမျှမရှိသော အတည်ပြုမူကြမ်း ဟူသည်ကို လက်မှတ်ရေးထိုး ချုပ်ဆိုမည် ဆိုပါက စာချုပ်မှာအလွယ်တကူပြန်လည် ပျက်စီး၊ လက်မှတ်ထိုးသော အဖွဲ့ များမှာလည်း သိက္ခာကျ၊ ဥပဒေစိုးမိုးရေး ကိုလည်းထိခိုက်ပါမည်။
သို့ ရာတွင် နိုင်ငံရေးအရ ရိုးသားသောတိုင်းရင်းသားခေါင်းဆောင်များ၏ ကြိုးပမ်းမှုသည် အလဟသ မဖြစ်ပါ။ ၂၀၁၅ ခုနှစ် မတ်လ (၃၁) ရက်နေ့ က ပေါ်ထွက်လာသည့် အတည်ပြုမူကြမ်းတွင် အားနည်းချက်ပေါင်းများစွာတွေ့ ရ
သော်လည်း ၂၀၁၃ ခုနှစ် နိုဝင်္ဘာလ ၄ ရက်နေ့ က စစ်အစိုးရတင်သွင်းလိုက်သော စာချုပ်မူကြမ်းနှင့်နိုင်းယှဉ်လျှင် များစွာ တိုးတက်ကောင်းမွန်လာကြောင်း တွေ့ နိုင်သည်။ဤအတည်ပြုမူကြမ်းကို လက်မှတ်မထိုးသေးဘဲ  နောက် တဆင့် တက်ကာဘက်နှစ်ဘက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခွင့်ရစေရန် ကြိုးပမ်းကြလိမ့်မည်ဟု မြှော်လင့်သည်။
ယင်းတွင် ငြိမ်းချမ်းရေး ဆိုင်ရာ အခြေခံကျောရိုးကျသည့် သဘောတူညီချက်များ အရင်ဦးစွာရအောင် ဖေါ်ဆောင်ပြီး မှ ခိုင်မာသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကိုလက်မှတ်ထိုးချုပ်ဆိုခြင်းဖြင့် နွားက လှည်းကို ဆွဲသည့် လုပ်ငန်းစဉ် မှန် ပေါ်လာကောင်း ပေါ်လာနိုင်ပါသည်။ စောင့်ကြည့်ရပါမည်။
အတည်ပြုမူကြမ်းသည်ပင်လျှင် အားနည်းချက်ပေါင်းများစွာ တွေ့ နေရသည်။ the Deed of Commitment (DoC)ပိုင်းဖြတ်ချက် စာချုပ်ဟူသည်မှာ ဥပဒေအရရော နိုင်ငံရေးအရပါ မည်သည့် အနှစ်သာရမျှ မရှိပါ။ ဥပဒေအရ ဆိုလျှင် ဘက်တဘက်ဘက်မှ မလိုက်နာပါ အတင်းအကြပ်အတည်ပြုနိုင်မည့် စွမ်းအား[vii] လုံးဝကင်းမဲ့ နေ၍ ဖြစ်သည်။ စစ်အစိုးရက သဘောကောင်း၍ ပေးလျှင်ရမည်။ မပေးလျှင် ယင်းစာချုပ်ကို ကိုင်၍ အရေးဆိုနိုင်ဘွယ်မရှိ။ စာချုပ် သည် ဥပဒေအရ စက္ကူစုတ် မျှသာ ဖြစ်ပါမည်။ နိုင်ငံရေးအရ ပင်လုံစာချုပ်ထက် ပိုမိုကောင်းမွန်သည့် ပိုင်းဖြတ်ချက် စာချုပ် မြန်မာနိုင်ငံတွင် နောက်ထပ်ပေါ်နိုင်ဘွယ်မရှိ။ သို့ ဖြစ်၍ ဦးသိန်းစိန်စစ်အစိုးရ ကမကထ ပြုပြီး တဖွဲ့ ပြီးတဖွဲ့ 
လက်မှတ်ထိုး ရန် သွေးဆောင်ကြိုးပမ်းလျှက်ရှိသော ပိုင်းဖြတ်ချက် စာချုပ် ဟူသည်မှာလည်း ပင်လုံစာချုပ်၏ ခြေဖျားမျှပင်မှီနိုင်ဘွယ်မရှိ။ နိုင်ငံရေးတန်ဘိုးအရလည်းသုည သာ ဖြစ်သည်။
ဦးအောင်ထူး (လူ့ အခွင့်အရေးရှေ့ နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ                     
မေလ (၂) ရက် ၂၀၁၅ ခုနှစ်
[i]Nationwide Ceasefire Agreement (NCA)
[ii]၀င်းတင့်ထွန်း၊ အမှောင်ကြားက ဗမာပြည်၊ စာမျက်နှာ ၃၄၇
[iii]၄င်း။ စာမျက်နှာ ၃၅၆
[iv]၄င်း။ စာမျက်နှာ ၃၅၅ နှင့် ၃၅၇
[v]Crisis management board
[vii]Law enforcement power
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...