Friday, May 22, 2015

ဇော်ထွန်း (သို့မဟုတ်)ယုံကြည်ချက် ကြယ်စင် (၁-၂)

(၁)
ဆေးတက္ကသိုလ် (၂) စာသင်ခန်းခန်းမတခုထဲမှာ တာဝန်ကျဆရာလာတော့မယ့် အချိန်လည်း နီးလာနေတော့ ကျောင်းသားတွေ အတော်စုံနေပါပြီ။စုစုပေါင်းမှ တရာကျော်ကျော် လေး လောက် ရှိတဲ့ အတန်းမို့ လူကလည်း သိပ်မများ၊ ၀င်းကျယ်တဲ့ကျောင်းကိုယ်တိုင် ကလည်း လူရာချီ လောက်သာ ရှိတတ်တဲ့ကျောင်းမို့ တိတ်ဆိတ်ခြင်း၊ ငြိမ်းအေးခြင်း၊ပုံမှန်လှုပ်ရှားမှုတွေ နဲ့သာ သက်ဝင်တတ်ခြင်း တို့ က ဒီ ကျောင်းရဲ့ ပြယုဂ်တွေ လို့ ဆိုနိုင်ပါတယ်။စာသင်ခန်းထဲက ဖိုင်နယ် တန်း ကျောင်းသားတွေ ထိုင်နေတဲ့ နေရာတွေအလိုက် အစုဖွဲ့ရင်း ခပ်တိုးတိုးစကားတီးတိုးဖွဲ့ နေကြတဲ့အသံတွေနဲ့ အတူ ကျောင်းရဲ့ နရီ က အပြင်ကနေ တချက်တချက် ခပ်သဲ့သဲ့ လွင့်လာတဲ့ ပုစဉ်း ရင်ကွဲသံ တချို့ ဒီနေ့မှာတိုးလာနေတာ က လွဲလို့ အားလုံး ဟာ  အရင်နေ့တွေက အတိုင်း။ လူကနည်း၊ ဒီကြားထဲ အများစု က အဆောင်တွေမှာ နေရင်း ကျောင်းတက် ကြတာဆိုတော့တို့ထဲက တယောက် (ပုံမှန်မဟုတ်တာ) ဘာလုပ်နေတယ် ဆိုတဲ့ သတင်း တတန်းလုံး ပျံ့ ဖို့ က အလွန်ဆုံးကြာလှတရက် နှစ်ရက် ပေါ့။


စာသင်ခန်းဝင်ပေါက်မှာ လူရိပ်တွေ့တော့ အားလုံးလည်း အသံတွေ တိကနဲဖြတ် အချ၊ ဆရာ လာပြီလားဆိုတဲ့ အကြည့်နဲ့မျက်လုံး တွေ အရွေ့မှာ ၀င်လာတာ က ဇော်ထွန်း နဲ့အတူ  မောင်ကျောင်းသား ၂ ယောက်၊ အဲဒီမှာ နောက်တန်း ဘက်က မောင်ကျောင်းသား တယောက် က တတန်းလုံး ကြားရလောက် တဲ့ အသံ နဲ့  First MB (ပထမနှစ်) က အကိုကြီးတွေ လို့ ဟစ်လိုက်တဲ့ နောက်မှာ တော့ တတန်းလုံး ၀ါး ကနဲ ရယ်သံ က ညံစီ ထွက်သွားပါတော့တယ်။ အခုလပိုင်း တွေကမှ ကျောင်းကို ရောက်လာတဲ့ ဖရက်ရှာ First MB အတန်းဘက် သွား လျှောက်ပြန် သံပေး လုပ်နေရာကနေ သူတို့ ၃ ယောက် အတန်းမီအောင် ခပ်သုတ်သုတ် ပြန်လာတာ လူမိသွား သလိုပေါ့။ ဒီကြားထဲအခုမှ ဆက်စပ် သတင်းစုံစမ်းရတဲ့ ကျောင်းသူတချို့ က သူများတွေ ရယ်ပြီး မှ တခိခိ လုပ်နေကြလို့တတန်းလုံး ထပ်ရယ် ကြရသေးတယ်။ သူတို့ ၃ ယောက်လုံး လည်း ခံလိုက်ရပြီလို့တွေးပုံရပါတယ်၊ပြုံးစိစိ နဲ့၊ အမြဲတမ်း သူများ ကို လက်ဦးအောင် စတတ် နောက်တတ်တဲ့ ဇော်ထွန်း က အခုနသတင်းထုတ်အော်တဲ့ အတန်းဖော် သူငယ်ချင်း နား အရောက် ဟဲဟဲ လုပ်ထားဦး ပေါ့ကွာ ဆိုရင်းသူ့ ထုံးစံအတိုင်း အပြုံးနဲ့ တုန့်ပြန်လို့။

မျက်မှောက်ကျုံ့တာနည်း၊စကားအေးဆေးစွာပြောရင်း မျက်နှာမှာ အမြဲတမ်း အပြုံးချိတ်တတ်တဲ့ ဇော်ထွန်း နဲ့ ကျနော်တို့ ကျောင်းမှာ နေတိုင်း ဆုံ၊ တနှစ်မှတခါ သွားပြေးကန် ကြတဲ့ ကျောင်းတွင်း အတန်းလိုက်ဘောလုံးပွဲတွေ မှာ အသင်းသားတွေ အဖြစ် ဆုံ၊ စာမေးပွဲနီး လို့ စာဝန်ထုပ် ဘယ်လိုပိ ပုံတွေငြီးရင်း ကန်တင်းန မှာ ဆုံ၊ ဒီလိုနဲ့ ၁၉၈၀ နှောင်းပိုင်း နှစ် တွေ ကို အတူ ဖြတ်သန်းကြစဉ် တုန်း က သူရယ်၊ ကျနော် ရယ် ၈၈၈၈ ဒီမိုကရေစီ လမ်းမတွေ ပေါ်မှာ ဆုံ၊ မြန်မာပြည်အရှေ့ပိုင်း က တောင်တန်းတွေ မှာ အတူပြန်ဆုံ ကြရလိမ့်မယ် လို့ ကျနော် စိုးစဉ်းမျှ မတွေးခဲ့ပါပေ။

သူ ကော အဲဒီလို ပြန်ဆုံရမယ်ဆိုတာ ကို ကြိုတွေးထားနိုင်မယ် လို့  မထင်ပါ။
ဒီထက် မက ……

သူ ကျနော် တို့ အားလုံးနဲ့ ထာဝရ မဆုံ နိုင်တော့မယ့် အဖြစ် ကိုကော သူရော ကျနော် ရော ကျနော် တို့အားလုံးရောမတွေးမိခဲ့ကြပေ။
………………………………………………….

 (၂)

နေရာ က All BurmaStudents Democratic Front (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)ဗဟို ရုံးခွဲ ဖွင့်ထားတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆင်ခြေဖုံးဖက်က လုံးချင်း သစ်သားအိမ်လေးတခုထဲမှာ ပါ။ ၁၉၉၀ သင်္ကြန် အလွန် ရက်ပိုင်း ကာလပေါ့။ အဲဒီတုန်း က ကျနော်ရော၊ဇော်ထွန်းရော ၀င်ထားတဲ့ ABSDF ရဲ့  ဥက္ကဌ  ကိုမိုးသီးဇွန်ကအခန်း တခုထဲမှာ ကျနော် နဲ့ ကိုဇော်လွင်စိုး (သူ က နောက်ပိုင်းမှာ ABSDF တပ်ရင်း (၁၀၂)တပ်ရင်းမှူး ဖြစ်လာခဲ့သူ၊ ကျနော်တို့ တော့ သူ့ ကို တရင်းတနှီး နာမည် ဖြစ်တဲ့ ကိုပိန်လို့ ပဲခေါ်ကြတယ်) ကို ၀ နယ်မြေ ဘက် သွားရေး စည်းရုံးရေး စကားတွေ စပျိုးနေခဲ့ပေါ့။
`၀ တပ်တွေ က အင်အားကောင်းတယ်။၂ သောင်း ကျော်တောင်ရှိတာ၊ တိုက်ခိုက်ရေး ကလည်း မင်းတို့သိတဲ့အတိုင်း ရေရေလည်လည် ကောင်းတယ်။သူတို့ တွေ န၀တ ကို ပြန်တိုက် လာရင် သိပ်ကောင်းမယ်၊ ပြန်တိုက်အောင် လည်း တို့ လုပ်ရမယ်၊ဟေ့ရောင်တွေငါတို့ ကြိုးစားရမယ် ထင်တယ်ကွ။ အဲဒါ ငါတို့ ဘက် က စည်းရုံးရေး အဖွဲ့ တွေ လွှတ် တယ်။သူတို့ပညာရေး ဌာန ဘက် မှ တို့တွေ ဆီ က အင်္ဂလိပ်စာ သွားသင်ပေးတာမျိုး၊ နောက်သူတို့ ကျန်းမာရေးဌာနမှာ လည်း တို့အခု ၆ လ စီမံချက် နဲ့ ဆေးမှူးတွေ လွှတ်ထားတယ်။ သူတို့ ဆီမှာ ဆေးမှူးသင်တန်းပေးရင်း သူတို့ ဆေးရုံမှာ ကူရင်း ပေါ့။ အခု ဆရာ ဒေါက်တာ ပါကျင် နဲ့ ဇော်ထွန်း ရောက်နေပြီ။အဲဒါ မင်း တို့လည်း လိုက်သွားစေချင်တယ်`
(အဲဒီတုန်း က ကျနော်တို့အသက်တွေ၂၄ -၂၅ - ၂၆ လောက်တွေပေါ့) ကိုမိုးသီး ကတော့ သူ့ ထုံးစံအတိုင်း ကျောင်းသားတွေ အခုပဲသွားစည်းရုံး လိုက်လို့  ၀ တပ်တွေ သေနတ် ပြန်ပေါက် ပြီး မြန်မာပြည် အရှေ့မြောက် တခွင်တော်လှန်တဲ့ သေနတ်သံတွေ ၀ုန်းဝုန်းပြန်ညံ တော့မယ့် ပုံစံ လို  အားရပါးရ ပြော၊ ကျနော် လည်း သူပြောတဲ့အထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံး စကားလုံး က ၀ တပ် တွေ .. ၀ တပ်တွေ…. ဆိုတာက ငြင်းမရတော့  သူပြောတဲ့ ရည်မှန်းချက်ကြီး ခဏ ခေါင်းထဲ က မေ့ထားရင်းစကားဝိုင်းက သွက်ခဲ့လို့ ပေါ့။

 ၀ တပ် တွေ ဆိုတာက ကျနော်တို့စကားဝိုင်းဖွဲ့နေတဲ့အချိန်နဲ့ဆိုရင် အရင် တနှစ် (၁၉၈၉) က မှ မြန်မာပြည် ကွန်မြူနစ်ပါတီ ကနေ ခွဲထွက်လိုက်တာ၊ခွဲထွက်တယ် ဆိုတာထက် ပုန်ကန် ထွက်လိုက်တာ ဆိုရင် ပိုမှန်မယ်ထင်တယ်။ သူတို့ ပုန်ကန်ပေမယ့်မြန်မာပြည် ကွန်မြူနစ်ပါတီ က ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်ဟောင်းတွေ ကိုတော့ ကိုယ်ထိလက်ရောက်ထိပါးခဲ့တာမျိုးတော့ မရှိခဲ့။ သူတို့ ၀နယ် သွေးစည်း ညီညွတ်ရေးပါတီ (၀သပ) နဲ့  ၀သပ တပ်ဖွဲ့ ကို ထောင်လိုက်ကြ တယ်။ ဒါပေမယ့် အဲဒီတုန်းက တန်ခိုးထွား နေတဲ့ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်တို့နဲ့ ဆက်သွယ်ဆက်စပ်ပြီး အပစ်အခတ်ရပ်စဲရေး လုပ် ပြီးတဲ့အချိန်။ သူတို့ အခေါ်တော့ ငြိမ်းချမ်းရေး အဖွဲ့တွေ ထဲ က တဖွဲ့ပေါ့။ဒါပေမယ့် သူတို့က အင်အားအကြီးဆုံး အဖွဲ့ကြီး၊ ငြိမ်းချမ်းရေး အဖွဲ့တွေတင်ထဲမဟုတ်၊ မြန်မာပြည်တနံတလျားမှာရှိတဲ့ လက်နက်ကိုင် သူပုန်တွေထဲ သူတို့ က အားအကြီးဆုံး။ အရင် မြန်မာပြည်ကွန်မြူနစ်ပါတီက ပြည်သူ့တပ်မတော်မှာ သူတို့ ပါဝင်စဉ်က သူတို့ မြေပြန့်ထဲ ဆင်းမလာနိုင်အောင် အစိုးရစစ်တပ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်တောင် သုံးပြီး ကာရ တဲ့အထိ သတင်းထွက်တဲ့ တပ်ကြီးပါ။ သူတို့ က အခု ဟိုး မြောက်အရပ် က တရုတ်နယ်စပ်ပန်ဆန်း မှာ ဌာနချုပ်တည်ပေမယ့် ထိုင်း ဘက် ကို လည်း နောက်ကျောတခုထားပြီး Logisticsလမ်းတခု ဖွင့်ဖို့ ကြိုးစားကြပုံ ရပါတယ်။ တောင်ပိုင်း ကို တပ်ရင်း တချို့ ဆင်းလာတယ်။သူတို့ နဲ့ ပေါင်းစည်းဖို့ သဘောတူလာတဲ့ တောင်ပိုင်း က တချို့ အဖွဲ့တွေ နဲ့ ဆက်သွယ်ပြီးထိုင်းဘက် လမ်း ကို လာဖွင့်တာပါ။ ထိုင်းဘက် ကဆိုရင် သူတို့ တပ်တွေ ဆီ နယ်စပ် ဘက်က၀င်ပေါက် က ဖန်း မြို့ နဲ့အနီးဆုံး။ မြန်မာပြည်ဘက် အခြမ်းမှာတော့ သူတို့ ထိုင်ထားတဲ့နေရာတွေက မိုင်းတုံ၊ မိုင်းဆတ် မြို့နယ် တွေ ထဲ က နယ်စပ်တောင်တန်း တွေ ပေါ်မှာပါ၊ တိုက်ပွဲတွေက န၀တ နဲ့တော့ မဖြစ်၊ ခွန်ဆာ တပ်တွေ နဲ့ နယ်မြေလု စစ် ဖြစ်နေ။ ဒါတွေ က အဲဒီအချိန် ကကျနော် တို့ သိသလောက် အချက် အလက်။

ဝ တပ်ဖွဲ့ က ဘိန်းတို့မူးယစ်ဆေးဝါးတို့ စတဲ့ ရာဇဝတ်မြောက်တဲ့ ကုန်ကူးတာနဲ့ပတ်သက် သလားဆိုတာကတော့ အဲဒီ ၁၉၉၀နှစ်တွေ တ၀ိုက် မှာတော့ ဒီအမေး က မေးစရာ မလိုသေး၊ သူတို့ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့နာမည်ဆိုးနဲ့ မကျော်သေးပါ။ (ခွန်ဆာရဲ့ ဘိန်းသတင်း ကတော့ အဲဒီအချိန် ကတည်း က ထွက်နေပါပြီ၊အမေရိကန်က ၀သပ ထဲက သူတချို့ ကို ဆုငွေ ထုတ်တဲ့ နှစ် နဲ့အတော့ကို ဝေးပါသေးတယ်)။ ရှမ်းပြည်နယ်နဲ့ ဘိန်းပြဿနာ က လည်း သိကြတဲ့အတိုင်း အခြေခိုင်နေတဲ့ အကြောင်းရင်းမြစ်တွေ က အများအပြားနဲ့ရှုပ်ရှုပ်ထွေးထွေး၊ ဒီအရေးက ငြိမ်းချမ်းရေး ရှိပြီးတာတောင် အတော် ဘက်စုံကနေ တပြိုင်နက်ရှင်းကြမှသာရှင်းနိုင်မယ့် အရေးတခု။
စိတ်ထဲမှာတော့ နယ်သစ်ပယ်သစ်မှာမိတ်ဆွေသစ် ရဲဘော်ရဲဘက်သစ် တိုးပြီး သိလာနိုင်မယ့် ခရီး၊ နောက် ၀ တပ်ဖွဲ့တွေ ဘာလုပ်မှာလဲ၊ဒီအတိုင်းပဲ အပစ်အခတ်ရပ်နေတော့မှာလား၊ သူတို့ အနေအထား တွေ က ဘာလဲ၊ ဘယ်လိုတွေ ဖြစ်လာမှာလဲ၊သိချင်။ ကိုယ်အာမခံ ရမှာ က ဆေးမှူး အဖြစ် ၃ လ သွားနေဖို့၊ ဆေးသင်တန်းပေးဖို့ဆိုတော့လုပ်ရမယ့်တာဝန် က သိပ်အလေး အပင်ကြီးလည်း မဟုတ် ။ နောက် ဆရာ ဒေါက်တာ ပါကျင် နဲ့ ဆိုရင်ဆေးပညာ တောင် တိုးရ နိုင်သေး။

ဒါပေမယ့် ကျနော် ရောကိုပိန်ရော မဲဆောက် ရောက်နေတဲ့ အကြောင်း က ဟိုး ကြာအင်းနယ် မွန်ခွင် က စစ်ကြောင်း အတွက်ရန်ပုံငွေ နဲ့ ရိက္ခာ တက်ရှာတာပါ။ အောက်မှာ စစ်ကြောင်း တာဝန် က တန်းလန်း၊ လွှဲမယ် ဆိုရင်လည်း လွှဲလိုတော့ရပါတယ်။ ဒါပေမယ့်ချိန်ဆရတာ က အများသား ဆိုတော့ လောလောဆယ် ကျနော် ဘာမှ မဆုံးဖြတ်နိုင်ခင်  ဝေ နေတုန်း။ ဒါကို သိတဲ့ ကိုမိုးသီး က

`ဆရာပါကျင် က သူ့မိခင်အဖွဲ့ (Chin National Front) က ကိစ္စရှိလို့ ပြန်ခေါ်တော့ အရင် ၆ လ လောက် ရတယ် ဆိုပေမယ့်၊အခု ၃ လ အပြည့်လောက် မှာ ပြန်လာရတော့မှာ၊ နောက်ပြီး ပညာရေး အဖွဲ့ က လည်း ပြန်လာခဲ့ပြီ၊မင်း လိုက်မသွားရင် ဟိုမှာ ဇော်ထွန်း တယောက်တည်း` လို့  အရှိအရှိ အတိုင်း ထွက်လာတော့မှကျနော်လည်း `အင်း သွားမယ်` လို့ ကျသွားတော့တယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...