Monday, May 18, 2015

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ရေတက်ရေကျ ခင်မောင်ညို (ဘောဂဗေဒ)

Khin Maung Nyo


တစ်ခါတစ်ရံမြန်မာပြည်တွင်း၊ မြန်မာ့အရေးဆွေးနွေးကြရာတွင် မြန်မာတွေကို ရှားရှားပါးပါးတွေ့ရသည်နှင့်ကြုံဖူးပါသည်။ နိုင်ငံခြားသားဆိုပြီး အထင်မသေးပါနှင့်။ မြန်မာရည်လည်လိုက်ပုံများ၊ မြန်မာတွေသြချရသည်။ မြန်မာစကားမပြောတတ်ယောင်ဆောင်ထားတတ်သည်။ အချို့ကိစ္စများတွင် ဒေသခံမြန်မာတွေထက်ပင်သူတို့က သိနေကြသေးသည်။ အဖွဲ့အစည်းတွေက နာမည်မျိုးစုံ၊ ရည်ရွယ်ချက်ကလည်း အမျိုးမျိုး။


          တစ်ခုသောအစည်းအဝေးတွင် အစိုးရမဟုတ်သော အဖွဲ့အစည်း(Non-Government Organization) တွေကို အစိုးမရသောအဖွဲ့အစည်း (Non-Governable Organization) ဟု အမည်ပြောင်ပေးသည်ကို ကြားရဖူးသည်။ အဆိုပါ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေကိုအနောက်နိုင်ငံတွေက အကူအညီအထောက်အပံ့ပေးပြီး၊ သူတို့၏ သြဇာလွှမ်းမိုးသောကြောင့် အာရှနိုင်ငံတွေကလည်းတည်ထောင်သင့်၊ ငွေကြေးအကူအညီပေးသင့်သည်ဟု ဝေဖန်ဆွေးနွေးသံကိုလည်း ကြားဖူးသည်။ တကယ်တော့အာရှမှာလည်း ထိုသို့သောအဖွဲ့အစည်းတွေ ရှိနေပါပြီ။


          ဗဟိုအာရှဒေသအစိုးရတွေက အစိုးရမဟုတ်သောအဖွဲ့အစည်းများသည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသော အဖွဲ့အစည်းများအဖြစ် ရှုမြင်သည်။ တရုတ်နိုင်ငံတွင်လွတ်လပ်သော အဖွဲ့အစည်းများ ထိန်းချုပ်ရေးဥပဒေကြမ်းကို ရေးဆွဲလျက်ရှိသည်။ တက်ကြွလှုပ်ရှားသူတွေကိုအရေးယူလျက်ရှိရာ အမျိုးသမီးတို့၏ ကာယိနြေ္ဒပျက်အောင် နှောက်ယှက်မှုကို ဆန့်ကျင်လှုပ်ရှားသောအမျိုးသမီးငါးဦးသည် တစ်လကျော်ကြာအောင် ထိန်းသိမ်းခြင်းခံရသည်။ ကမ္ဘောဒီယားအစိုးရက နိုင်ငံရေးအရဒုက္ခပေးသော မည်သည့်အဖွဲ့အစည်းကိုမဆို လက်ထိတ်ခတ်မည်ဟု ဆိုသည်။ အာဏာရှင်နိုင်ငံတွေသာမကအတန်အသင့်လွတ်လပ်သော အာရှနိုင်ငံများတွင်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကို ရွံ့ကြသည်။အထူးသဖြင့် အမျိုးသားရေးဝါဒီတွေက အရပ်ဘက်အဖွဲ့အစည်းတွေ၏ အသံကိုမကြားချင်။ သီရိလင်္ကာကာကွယ်ရေးဝန်ကြီးကအစိုးရမဟုတ်သောအဖွဲ့အစည်းတွေကို ထိန်းချုပ်ရန်ကြိုးစားစဉ်၊ မသမာသူတွေရန်မှ ကာကွယ်ရန်လိုအပ်၍ဖြစ်သည်ဟု ဆိုခဲ့သည်။ အိန္ဒိယ၀န်ကြီးချုပ်ကလည်း ကြယ်ငါးပွင့်တက်ကြွလှုပ်ရှားသူတွေက သူ၏နိုင်ငံကိုဆွဲနှစ်နေကြသည်ဟု ဝေဖန်ခဲ့သည်။ အင်ဒိုနီးရှား ဥပဒေသစ်အရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများကနိုင်ငံ၏ တည်ငြိမ်မှုနှင့် ဂုဏ်သိက္ခာကို ထိပါးမှုမပြုနိုင်စေရန်အတွက် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများချမှတ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် သုံးနှစ်ခန့်က ပါကစ္စတန်တွင် Save TheChildren ကို ၀န်ထမ်းများက အကူအညီပေး ၀န်ထမ်းယောင်ဆောင်ကာ သူလျှိုလုပ်၍ဟု စွပ်စွဲပြီးရုံးခန်းကို ပိတ်ပစ်ခဲ့သည်။

          တကယ်တော့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေအပေါ်အမြင်မကြည်လင်ကြခြင်းသည် အသစ်အဆန်းမဟုတ်သလို၊ အာရှဒေသတစ်ခုတည်း၌သာ ဖြစ်နေသည်မဟုတ်ပေ။သို့သော် အာရှဒေသတွင် ပို၍ဆိုးဝါးလာပြီး၊ ဒီမိုကရေစီနိုင်ငံများ၌ပါ တွေ့ကြုံနေရသည်။စည်းမျဉ်းစည်းကမ်းတွေ တင်းကြပ်ရာမှတဆင့် အစိုးရသဘောမကျသော အဖွဲ့အစည်းတွေကို နှိမ်နှင်းမှုများလည်းပေါ်ပေါက်လျက်ရှိသည်။

          ယေဘုယျအားဖြင့် အစိုးရတွေက အရပ်ဘက်အဖွဲ့အစည်းများသည်ဘာသာခြားတွေက လာရောက်သာသနာပြုကြခြင်းဖြစ်သည်ဟု ရှုမြင်ကြခြင်း ဖြစ်သည်။ ဟင်ဒူအမျိုးသားရေးအဖွဲ့အစည်းတွေက ခရစ်ယာန်အဖွဲ့အစည်းတွေကို ဘ၀င်မကျ။ ထင်ရှားသည့် မာသာထရီဆာပင်လျှင် ကာလကတ္တားကဆင်းရဲသားတွေကို ကူညီဖို့ထက် ဘာသာပြောင်းဖို့ ပိုပြီးကြိုးစားသည်ဟု စွပ်စွဲခံရသည်။လွန်ခဲ့သော(၁၀)နှစ်အတွင်း နိုင်ငံခြားမှ ဒေါ်လာ(၁၃)ဘီလီယံမျှ ပြည်တွင်းအဖွဲ့အစည်းများသို့ပေးပို့ခဲ့ရာ ထိပ်တန်းအလှူရှင် (၁၅)ခုအနက် (၁၃)ခုသည် ခရစ်ယာန်အဖွဲ့အစည်းများ ဖြစ်သည်ဟုအိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ ထို့ကြောင့် လူတွေ၏ ဒုက္ခကို ကယ်တင်ရန်ထက် သာသနာပြုရန်ရည်ရွယ်ချက်က ပိုများသည်ဟုဆိုသော စကားမျိုးကို အိန္ဒိယနိုင်ငံတွင် အများဆုံးကြားရသည်။

          အခြားအကြောင်းအရာတစ်ခုမှာ အနောက်တိုင်းတန်ဖိုးများတိုးပွားကျယ်ပြန့်ရေးအတွက် ဆောင်ရွက်ကြခြင်းကြောင့် ဖြစ်သည်။
          ဥပမာအားဖြင့် အာဏာကို အစိုးရကသာ ချုပ်ကိုင်မထားဘဲ၊ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအကြား မျှဝေကာ အမြဲစောင့်ကြည့်သင့်သည်ဟူသော အယူအဆမျိုးဖြန့်ဝေတတ်ကြခြင်းကို ဘ၀င်မကျကြ။ ကာဇက်စတန်တွင် ရွေးကောက်ပွဲစောင့်ကြည့်ရေး၊ လာအိုတွင်လယ်ယာပိုင်ဆိုင်ခွင့်မြှင့်တင်ရေးကဲ့သို့သော သင်တန်းတွေပေးကြသည်။ လိင်တူခြင်းဆက်ဆံခွင့်၊အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး၊ သေဒဏ်ပယ်ဖျက်ရေးတို့အတွက် ပြောဆိုလုပ်ဆောင်သော အဖွဲ့အစည်းတွေကိုအနောက်နိုင်ငံများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်သည်ဟု ရှုမြင်ကြသည်။ ဘင်္ဂလားဒေ့ရှ်တွင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့သည် ပြည်တွင်းရေးတွင် ၀င်ရောက်စွက်ဖက်သည်ဟု စွပ်စွဲကာဥပဒေအရ အရေးယူသည်။

          အစိုးရမဟုတ်သော အဖွဲ့အစည်းများကို စွပ်စွဲသောတတိယအချက်မှာ ထိုအဖွဲ့အစည်းများသည် လက်ဝဲ၀ါဒီများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီများခိုအောင်းကာ အာရှနိုင်ငံများကို အားနည်းစေရန် ဖွံ့ဖြိုးတိုးတက်မှုကို ဒုက္ခပေးရန် ကြံရွယ်သောအဖွဲ့အစည်းများဖြစ်သည်ဟု ရှုမြင်ကြ၍ ဖြစ်သည်။ ပြင်ပသို့ ပေါက်ကြားခဲ့သော အိန္ဒိယထောက်လှမ်းရေးအစီရင်ခံစာတစ်ခုတွင်ကျောက်မီးသွေး၊ အနုမြူနှင့် ရေအားလျှပ်စစ်လုပ်ငန်းများကို ဆန့်ကျင်သည့် “ပြည်သူဗဟိုပြု”ဆိုသည့်လှုပ်ရှားမှုများ၊ ဓာတ်မြေသြဇာသုံး စိုက်ပျိုးရေးဆန့်ကျင်မှုများသည် နိုင်ငံ၏ စီးပွားရေးကိုတစ်နှစ်လျှင် ၂% မှ ၃% အထိ ကျဆင်းစေကြောင်း သုံးသပ်ထားသည်။

          ဇန်န၀ါရီလကလည်း အိန္ဒိယအစိုးရသည် ဗြိတိသျှပါလီမန်တွင်အိန္ဒိယ ကျောက်မီးသွေးတွင်းများအကြောင်း ပြောကြားရန်သွားသည့် Green Peace တက်ကြွလှုပ်ရှားသူတစ်ယောက်ကိုထွက်ခွာခွင့်မပေးဘဲ ထားခဲ့သည်။ အိန္ဒိယ ယခင်ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက နိုင်ငံကြားရန်ပုံငွေအထောက်အပံ့ခံ အဖွဲ့အစည်းလေးသောင်းခွဲ ထိန်းချုပ်သည့်ဥပဒေပြဋ္ဌာန်းရန်ကြိုးစားခဲ့သည်။ အနုမြူဆန့်ကျင်ရေးလှုပ်ရှားမှုများနောက်တွင် အမေရိကန်အဖွဲ့အစည်းများကြိုးကိုင်သည်ဟု စွပ်စွဲခဲ့သည်။

          အရပ်ဘက်အဖွဲ့အစည်းများကို နှိမ်နှင်းရန်ကြိုးပမ်းရာတွင် အားပေးအားမြှောက်လုပ်ပါက နိုင်ငံခြားသြဇာလွှမ်းမိုးမှုကို လိုလိုလားလားလက်ခံကြသည်။ ကာဂျစ်စတန်နှင့် တာဂျီကစ်စတန်တွင် ရုရှပုံစံကို အတုခိုးကာ၊ နိုင်ငံခြားအဖွဲ့အစည်းများနှင့်ပတ်သက်သော ဥပဒေကို ရေးဆွဲပြီး ၂၀၁၂ တွင် ပြဋ္ဌာန်းခဲ့သည်။ တမီးသတင်းထောက်တွေကို သင်တန်းပေးသောအုပ်စုများအား အစိုးရက ဒုက္ခပေးခဲ့သည်။

          ၎င်းတို့ကျင့်သုံးသော ပုံစံသည် တရုတ်တို့က အများပြည်သူဆွေးနွေးပွဲများကိုတားမြစ်သောပုံစံအတိုင်း ဖြစ်သည်။ တရုတ်နိုင်ငံက၊ သီရိလင်္ကာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုကြီးမားလာသောအခါ တရုတ်ရင်းနှီးမြှပ်နှံမှုများအပေါ် လွတ်လပ်သော အုပ်စုများက အနီးကပ်စောင့်ကြည့်စစ်ဆေးမှုကိုအားမပေးဘဲနေခဲ့ရာ အစိုးရပြောင်းသော အခါ၌သာ မူဝါဒပြောင်းလဲတော့သည်။

          အာဏာရှင်များအုပ်စိုးသောအခါ အစိုးရမဟုတ်သောအဖွဲ့အစည်းများသည် တိုက်ခိုက်ခြင်းကိုပင်ခံရသည်။ ကမ္ဘောဒီးယားတွင် နှစ်ပေါင်းသုံးဆယ်ဟွန်ဆန်အုပ်စိုးသောအခါ အာဏာရပါတီကို ဆဲရေးတိုင်းထွာသော အဖွဲ့အစည်းတွေကို သည်းမခံဟုပြောခဲ့သည်။ ဘင်္ဂလားဒေ့ရှ်တွင် ရှိတ်ဟာဆနာအစိုးရ၏ အရာရှိများက လူ့အခွင့်အရေး အဖွဲ့အစည်းတွေကိုသာမကဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေသော ဂရာမင်းဖောင်ဒေးရှင်ကိုပါ ထိပါးခဲ့သည်။မိုဟာမက်ယူနွှတ် နိုင်ငံရေးနယ်ဝင်ရောက်ရန်ကြိုးပမ်းမှုကိုလည်း တားဆီးခဲ့သည်။ အိန္ဒိယတွင် လွန်ခဲ့သောလက အရပ်ဘက်အဖွဲ့အစည်း (၉၀၀၀)ခန့်သည် နိုင်ငံခြားအကူအညီအထောက်အပံ့ ရတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၀၂ ခုနှစ်ကမိုဒီ၏ ပြည်နယ်တွင် မူဆလင်များကို တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ တရားစွဲဆိုရန် ကြိုးစားခဲ့သည့်တက်ကြွလှုပ်ရှားသူတစ်ယောက်ကို ရန်ပုံငွေထောက်ပံ့ခဲ့သော ဖို့ဒ်ဖောင်ဒေးရှင်းသည် အထူးစောင့်ကြပ်ခြင်းခံရသည်။

          အရပ်ဘက်အဖွဲ့အစည်းတွေကို ဒုက္ခပေးခြင်းသည်ထိရောက်ကောင်း ထိရောက်နိုင်သည်။ တစ်ဘက်တွင် ထိုသို့ ဒုက္ခပေးခြင်းကြောင့် အစိုးရ၏ အားနည်းချက်များကိုမီးမောင်းထိုးပြလိုက်သလို ဖြစ်သွားသည်။ ပါကစ္စတန်အစိုးရက သူလျှိုများသည် အကူအညီပေးရေးဝန်ထမ်းများအဖြစ်ယောင်ဆောင်ကြသည်ဟု စွပ်စွဲရာ ပါကစ္စတန်ကိုယ်တိုင်ကလည်း ထိုသို့လုပ်ဆောင်ခဲ့သည်ကို သဘောပေါက်လာခဲ့ကြသည်။လွန်ခဲ့သည့်လေးနှစ်က ပါကစ္စတန်ထောက်လှမ်းရေးသည် အိန္ဒိယ ကက်ရှ်မီးယား လူ့အခွင့်အရေးကိစ္စများကိုဝေဖန်သော ၀ါရှင်တန်အခြေစိုက် လွတ်လပ်သည်ဆိုသော အဖွဲ့အစည်းအား တရားမ၀င်ငွေကြေးထောက်ပံ့ခဲ့သည်။

          ယခုအခါ အိန္ဒိယသည်လည်း နာမည်ပျက်စပြုလာပြီဖြစ်သည်။မေလ (၆) ရက်နေ့တွင် အိန္ဒိယရောက် အမေရိကန်သံအမတ်က အရပ်ဘက်အဖွဲ့အစည်းများကို အိန္ဒိယအစိုးရကကိုးကွယ်မှုနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ကြောင်း ဒီမိုကရေစီကို ဒုက္ခပေးရာရောက်ကြောင်းပြောကြားသည်။

          မိုဒီအစိုးရက ထိုပြောကြားချက်ကို ဂရုစိုက်ကောင်းမှစိုက်မည်။ သို့သော် ထိုသို့သော ဒုက္ခပေးခြင်းမျိုးသည် ရေရှည်တွင် အတိုက်အခံတို့ကို စုစည်းမိသွားစေသည်။
          နိုင်ငံများကြွယ်ဝချမ်းသာလာပြီး ရည်မှန်းချက်တွေမြင့်မားလာသည့်အခါ၊ လူမှုညီမျှရေး၊ အရပ်ဘက်အခွင့်အရေးများ ရရှိမြင့်မားရေးတို့ကို ကူညီရာ၌အရပ်ဘက်အဖွဲ့အစည်းများသည် ပို၍သြဇာကြီးမားလာနိုင်သည်။ သို့ဖြစ်ရာ ယခုအခါ အစိုးရမဟုတ်သောအဖွဲ့အစည်းများကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်မှုကို အားပေးအားမြှောက်ပြုသူများသည် နောင်တရကြမည်ဟုအီကောနောမစ်မဂ္ဂဇင်းကြီးက ဆိုသည်။

အိန္ဒိယတွင် ဟိန္ဒူအမျိုးသားရေးဝါဒီများက ကမ္ဘာပေါ်တွင်အကြီးဆုံးသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းကို လည်ပတ်နေသည်ဟု ဆိုကြသည်။ အမေရိကန်နှင့်အခြားနိုင်ငံများရောက် အိန္ဒိယလူမျိုးများထံမှ အထောက်အပံ့ရကာ၊ ယခင်လကဖြစ်ပွားခဲ့သောနီပေါငလျင်အပါအ၀င်၊ မိမိနိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော်ကာ အကူအညီပေးလျက်ရှိသည်။ အိန္ဒိယတွင်မိုဒီအစိုးရမရှိတော့ပါက ထိုအဖွဲ့အစည်းသည် ထိန်းချုပ်စောင့်ကြည့်ခြင်းခံရမည်ဖြစ်သည်။ထို့ကြောင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် နှစ်ဘက်ချွန်ဖြစ်ကြောင်း အီကောနောမစ်မဂ္ဂဇင်းကသုံးသပ်ထားသည်။

(Who’s afraid of the activist?)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...