Thursday, May 7, 2015

“လေပါတီကမှ အလှူ ပွဲဖြစ်ကြမှာ”

 
          “အဘိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး။ နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး။” တဲ့။ ဟုတ်ပါရဲ့။ ကိုယ်တို့ဆီက ခြောက်ဆယ်ကျော် ခုနစ်ဆယ်တွင်း အဘိုးကြီးအို အမယ်ကြီးအိုများဟာဖြင့် မကြာခင် ရောက်လာတော့မယ့် တန်ဆောင်မုန်း တန်ဆောင်တိုင်မှာ မြိုင်မြိုင်ကြီး ဝင်နွှဲကြဖို့အရေး အားခဲရင်း “သေတဲ့စကားကိုဖြင့် မကြားချင်ဘူးနော်အတည်။” လို့ အတန်တန် သတိပေးနေကြတယ်။ စက်နဲ့ခုန်မှ တုန်ရတဲ့ နှလုံးသားပိုင်ရှင်များကလည်း ပြည်သူ့ဆန္ဒ သွေးဆေးကလေးများ တိုက်လိုက်ရင် “ကန့်လန့်ကာကြီးရယ် နေပါဦး ကလို့ကောင်းနေတုန်း။” ဆို အားပါးတရ ဆက်ကလိုက်ဦးမှာတဲ့။ ဇွဲနဘဲကတော့ သန်သလား မမေးနဲ့။ ရှေ့တန်းက မထွက်နိုင်ရင်တောင် ကန့်လန့်ကာနောက်ကွယ်က အသံကလေးပေးပြီး ရုပ်သေးမင်းသားပဲ လုပ်ရလုပ်ရ လို့ ဆိုတယ်။ ပရိသတ်အတွက် ထားတဲ့ စေတနာတွေကဖြင့် အံ့ချီးမကုန်အောင်ပဲ။ ကျေးဇူးရှင်များ ဖြေလျော့လိုက်လျောခဲ့တဲ့ မေတ္တာတော် အဟုန်ကြောင့် ဟိုတုန်းက တစ်ပါတီ မှ တစ်ပါတီ။
နှစ်ပါတီရှိရင် ချပါတီလုပ်ပလိုက်မယ် ဆိုတဲ့စံနစ်ကနေ အခုတော့ ပါတီတွေ စုံလိုက်စုံလိုက်တာများ ဘာပြောကောင်းမလဲ။ တရားဝင် မှတ်ပုံတင်ထားပြီးသားတောင်မှ ရှစ်ဆယ်ကျော် ကိုးဆယ်နား ကပ်လာပြီ။ မထူးတော့ပါဘူးကွယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း လက်နက်ပြန်အပ်ပြီး တရားဝင် ပါတီတွေ ထောင်လိုက်ကြပါစို့။ လုပ်မယ့်လုပ်မှတော့ ၁၀၁ ပါတီလောက် ပြည့်အောင် ဖြည့်လိုက်စေချင်တယ်။ ဒါမှ ၁၀၁ ပါးသော ထီးဆောင်းမင်းတို့၏အရှင် စကြာဝတေးမင်းဧကရာဇ်ကြီး လုပ်လို့ရမှာပေါ့။ ဆင်ဖြူရတနာတွေကလည်း အဆင်သင့်။ သားတော်လေးတွေ တော်ကောက်ထားတဲ့ အသားဖြူ၊အသားဝါ၊ ဖော်ရိန်နာလှပျိုဖြူများကိုတော့ သမီးကညာ ဆက်လှာခွန်သွင်းတယ် လို့ မှတ်ယူလိုက်မယ်လေ။ မကောင်းဘူးလား။

           အနှစ်နှစ်အလလက တားဆီးပိတ်ပင်ထားတာမို့ အခုချိန်မှာ ပွင့်အံလာတဲ့ Rebound phenomena ပါ လို့ ပြောကြပေမယ့် အမယ်တွေများပြီး အသားမတင်မှာ စိုးတဲ့သူက စိုးကြပါတယ်။ မပူပါနဲ့။ နောင်ကျတော့ တူရာတူရာတွေ စုသွားပြီး ဒေါင်ဒေါင်မြည်မှအိုး၊ သုံးလွန်းတင်မှကြိုးတွေချည့်ပဲ ဆန်ကာတင် ကျန်ခဲ့လိမ့်မယ်လို့ ဆိုတဲ့သူကလည်း ဆိုတယ်။ မေရုဗဟို၊ မြင်းမိုရ်ထိပ်ပန်၊ ဝေယန္တာက၊ ကြင်ယာအများ မိဖုရားအပေါင်းတို့ကတော့ အိမ်ကလူကြီး ထီးလိုမင်းလို ဖြစ်စေဖို့ အင်းအိုင်ခလှဲ့ လက်ဖွဲ့ဝိဇ္ဇာ ယတြာဗေဒင် ပြဲပြဲကိုစင်နေအောင် ခွင်လိုက်ဖမ်းနေကြတဲ့ အချိန်ပေါ့။ ကိုယ်တို့ မြန်မာပြည်သူများကလည်း အသားချင်းထိရင် မချိအောင်ပင် စွဲတော့သည် ဆိုတဲ့ ပဉ္စပါပီလို ဆုတောင်းပြည့်ခဲ့သလား မသိပါဘူး။ ၂၆ နှစ် နှစ်လီ ချစ်ခဲ့ပြီးတဲ့ ဘဘကြီးတွေက နောက်ထပ်ငါးနှစ် ဘောင်းဘီချွတ်လို့ ချစ်ပြီးတာတောင် ချစ်လို့ရယ် ဘယ်မဝနိုင်တော့တယ် ဖြစ်နေတုန်းပဲ။ အကုန်မချစ်ရရင်တောင် တစ်မတ်ဖိုးနဲ့ တစ်သက်လုံး ဆက်ချစ်ဦးမတဲ့။ ဒါပေမယ့်လည်း သူတို့က ချစ်တော့ချစ်တယ် အလိုမလိုက်ဘူးဗျ။ ဒီလောက်ချစ်ရ တော်ရောပေါ့နော်။

            ကိုယ်တို့မြန်မာပြည် နိုင်ငံရေးလောကမှာက အနီကဒ် အဝါကဒ်တွေ ပြမယ့် ဒိုင်လူကြီး မရှိလို့လား မသိပါဘူး။ ပြစ်ဒဏ်ဘော လူကျွံဘောတွေက များလွန်းလှတယ်။ တင်းနစ်ကစားသလို တဘက်လူအမှား ရှာနိုင်ရင် ကိုယ်အမှတ်ရမယ် တွက်တဲ့သူကလည်း တွက်တယ်။ မနေ့တနေ့ကမှ ပါတီကလေး မှတ်ပုံတင်မိပါတယ်။ တမုဆိုး ကိုးခုလပ်တဲ့ ငယ်ကျိုးငယ်နာတွေ အကုန်ဖော်၊ ဆိုင်ဆိုင်မဆိုင်ဆိုင် ဓါတ်တိုင်ပါဆွဲထည့်လို့ လေပုပ်ထုပ်ဆေး အရောင်းခံရတယ်။ သူ့ဝါဒကဘယ်လို သူ့စွမ်းဆောင်ရည်က ဘယ်ပုံ ဘာတစ်ခုမှ စကားထဲ ထည့်မပြောတော့ဘူး။ အိုက်ကောင် ငါသိပါတယ်။ ငယ်ငယ်တုန်းက နှပ်ချေးတွဲလောင်း ဖင်တုံးလုံးနဲ့ပါ ဆိုတာမျိုး မြိန်ရေယှက်ရေပြောချင်တာ။ ဆိုက်ဝါးမာစတာကြီးတွေဆိုတော့ လူတကာအမြင်အတွက် ဗျူဟာတွေဆင်တဲ့အခါ ဝါးရင်းတုတ်တပ်၊ ဒန်ပေါက်တပ်များလိုပဲ ဟိုမိန်းမအသရေဖျက်ရန် အထူးစစ်ဆင်ရေးအဖွဲ့တွေ ဘာတွေများ ဖွဲ့ထားသလားမဆိုနိုင်။ မဟုတ်ကဟုတ်က အောက်လုံးတွေနဲ့ တိုက်ခိုက်ဖို့ကို သည်းသည်းမည်းမည်း အလေးအနက်ထားတယ်။ ကိုယ်စွမ်းကိုယ်စက သည့်ထက် အရောင်တင်လို့မရတဲ့အတူတူ သူများမျက်နှာ အိုးမည်းလိုက်သုတ်နိုင်ရင် အနူတော လူချောဖြစ်ရချည်ရဲ့ အောင့်မေ့ကြတာကိုး။ ကိုယ်တို့ဆီကလူတွေရဲ့ နိုင်ငံရေးရေချိန်က တမျိုးကြီးဖြစ်နေတယ် မထင်ဘူးလား။

           လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက သန်းခေါင်ယံပါတီတစ်ခုမှာ အမေရိကန်တချို့နဲ့ တော်ကီပွားဖူးတယ်။ သူတို့ဆီမယ် ရွေးကောက်ပွဲနီးတဲ့ အချိန်ပေါ့။ သူတို့က ဘီလ်ကလင်တန်ကို ထောက်ခံသတဲ့။ ကိုယ်တွေလို မြန်မာစိတ်နဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်တာလေ။ “သူ့မိန်းမအပေါ်တောင် သစ္စာမတည်တဲ့ လူကြီးတစ်ယောက်က တိုင်းပြည်အပေါ် သစ္စာရှိနိုင်ပါ့မလား။ ကိုယ့်လက်အောက်က ဝန်ထမ်းတစ်ယောက်အပေါ်တောင် အခွင့်ကောင်းယူတတ်တဲ့ အရာရှိဆိုးတစ်ယောက်ကို နင်တို့က မြေတောင်မြှောက်ပေးချင်လို့လား။” လို့ မေးကြည့်မိတယ်။ အဲ့လိုပြောလို့ သူတို့က စိတ်မဆိုးပါဘူး။ ပြုံးပြုံးပဲ။ “ငါတို့က အမေရိကန် ပြည်ထောင်စုအတွက် သမ္မတကို ရွေးနေတာ။ သမ္မတလုပ်မယ့်သူဟာ တိုင်းပြည်အတွက် ဘယ်လောက်စွမ်းဆောင်နိုင်သလဲ ဆိုတဲ့အရည်အချင်းကိုပဲ ကြည့်ဖို့လိုတယ်။ ညကျရင် သူဘယ်သူနဲ့ အိပ်ယာဝင်သလဲဆိုတာ လိုက်ကြည့်စရာမလိုဘူး။ အဲ့ဒါ သူနဲ့ပဲဆိုင်တဲ့ကိစ္စ။” တဲ့။ အမေရိကန်တော်တော်များများမှာ အဲသလိုစိတ်ထားမျိုးရှိလို့သာ သည်ကနေ့သည်အခါ ဟီလာရီကလင်တန်ကြီး ဇာတာစန်းလဂ် တိုင်ထိပ်တက်လာနိုင်တာပေါ့။ ကိုယ်တို့မြန်မာတွေ ယောင်္ကျားအမှုဖြစ်လို့ သူ့ဟာသူနေတဲ့မိန်းမကို အစဆွဲထုတ် သွားပုတ်လေလွင့်ပြောပုံမျိုးနဲ့ဆို ခက်ရချည်ရဲ့။

            အံ့သြစရာကောင်းတာက နိုင်ငံတော်အရေး ပြည်ထောင်စုကြီးအရေးကို ဦးထိပ်ပန်ဆင်ထားတဲ့ နိုင်ငံရေးပါတီအသီးသီးဟာ ရည်ရွယ်ချက်ပန်းတိုင် တစ်ခုတည်းကို ဦးတည်လျှောက်နေကြရင်း တန်ဇောင်းစေးနဲ့ မျက်ချေးဖြစ်နေကြတာ ဘာဖြစ်လို့များပါလိမ့်။ လမ်းတူလို့ လူချင်းသတ်ကုန်ကြတာလား မသိပါဘူး ကိုချောနွယ်ရယ်။ အတိုက်အခံတွေကို အာဏာရကမုန်းတာထက် သူတို့အတိုက်အခံအချင်းချင်း မုန်းတယ်မုန်းတယ် ဖြစ်နေတာက ပိုတောင်ပိုမလားပဲ။ စူဠသုဘဒ္ဒါလောက်ကို အငြိုးကြီးကြတယ်။ (“ဝိုင်းရယ် ချစ်ခဲ့ပြီးမှဝိုင်းရယ်” လို့ ပြန်ချော့ရကောင်းမလား။) ပါတီချင်းငြိမ်းချမ်းရေးတို့ ပါတီတွင်းငြိမ်းချမ်းရေးတို့ကို အရင်တည်ဆောက်ရမလို ဖြစ်နေပြီ။ လောလောဆယ်တော့ဖြင့် ငြိမ်းချမ်းရေးချင်းငြိမ်းချမ်းရေးကို စတည်ဆောက်ဖို့ လိုနေတာ။ အစိုးရဘက်က ဘဘဦးအောင်မင်း ဦးဆောင်တဲ့ Myanmar Peace Center က တိုင်းရင်းသား လက်နက်ကိုင်များနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (မူကြမ်း) လက်မှတ်ထိုးပြီးချိန်မှာ ဝတွေက Union Peace Making Work Committee နဲ့ Nationwide Ceasefire Coordination Team ကို ဖိတ်ပြီး ပန်ဆန်းမှာ တိုင်းရင်းသားညီလာခံ ထလုပ်ကြသတဲ့။ အဲ့ဒီမှာတော့ အစိုးရနဲ့ လက်မှတ်မထိုးတဲ့ ဝ၊ မိုင်းလား၊ RCSS (Shan State Army)၊ နာဂ နဲ့ ABSDF တွေ ပါသတဲ့။ အဲ့ဒါအပြင် လေ့လာသူအနေနဲ့ ခေါ်ထားပြီး Arakan Army၊ MNDAA (ဖုန်ကျားရှင် ကိုးကန့်အဖွဲ့) နဲ့ လားဟူအဖွဲ့ကိုပါ ထပ်ထည့်ချင်သေးသတဲ့။ ဘယ့်နှယ်လုပ်ကြမတုန်း။ “လုလို့က လက်လဲ့ရေးလယ်နော် ဝလို့က ခြီလဲ့ဖျက်လယ်။ ဟောစလို ဟောစလို။” ဆိုတာမျိုး။

           အတိုင်တွေအဖောက်တွေ အကုန်လွဲကုန်တဲ့ အမယ်ဘုတ်ကယ့် သူ့ချည်ခင်ထွေးကြီးထဲမှာ သူ့ဘာသာ အစထွက်လာတဲ့ ချည်ခင်အဆွေးကလေးတစ်စကို ကောက်မိပါတယ်။ အဲ့ဒါကတော့ တချိန်က ချစ်တုံးကြီးဘဝကနေ ကျားသေဘဝကို ပြောင်းသွားတဲ့ တစညပါတီပါပဲ။ ၈၈ တုန်းက သူ့သခင် မာလိန်မှူးကြီးကိုယ်တိုင် စွန့်ခွာသွားတဲ့ သင်္ဘောပျက်ကြီးဟာ အခု ၂၀၁၅ မှာ ဘယ်သူ့အားကိုးနဲ့ ဆက်လက်ရပ်တည်နေပါလိမ့်လို့ စိတ်ဝင်စားလာမိတယ်။ ဦးနေဝင်းကြီးရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီလို့ နံမည်ပြောင်းလိုက်ပြီး အရင်မဆလပါတီက ထိပ်သီးခေါင်းဆောင်တချို့ နဲ့ ဖွဲ့စည်းထားတယ်။ ဒါပေမယ့် စစ်တပ်ကခေါင်းဆောင်တွေတော့ မပါဘူး။ ခွက်ခွက်လန်အောင် ရှုံးခဲ့တယ်။ လူတွေက NLD ကို ထောက်ခံချင်တဲ့စိတ်ထက် သူတို့ကို ကန့်ကွက်ချင်တဲ့ဆန္ဒတွေက သိသာလွန်းနေတဲ့အခါ သည်ကျားသေကြီးကိုတော့ အသက်သွင်းလို့ မရနိုင်တော့မှန်း သဘောပေါက်သွားတယ်။ သည်အခါမှာ ကျားသေကောင်ကြီးကိုစွန့်ပြီး လူမှုရေးအသင်းအဖွဲ့ပါလို့ လူသိရှင်ကြား ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့အဖွဲ့ကြီးကို အတင်း ဖုတ်သွင်းရထား ဆိုက်ခိုင်းပြီး ဘောင်းဘီချွတ်တွေ ခေါင်းပေါင်းပေါင်းကြတော့တယ်။ သည်အထိက လူတိုင်းသိပြီးသား။ မသိလိုက်တာကတော့ အဲသည်ကျားသေကြီးနဲ့ သင်္ဘောပျက်ပေါ် ကျန်ခဲ့တဲ့ တစညဘိုးဘိုးကြီးတွေအကြောင်း။ ဒေါ်စုကြည်ကို ဆန့်ကျင်ဖို့ကလွဲရင် သူတို့အတွက် ရပ်တည်ချက် ခိုင်ခိုင်မာမာ ရှာမရဘူး။ သူတို့ဘာနဲ့ မဲဆွယ်ကြမလဲ စဉ်းစားကြည့်ရအောင်။ “တန်းတူညီမျှ ဝါဒဖြူစင်တဲ့ ဆိုရှယ်လစ်ခေတ်ကြီးကို ပြန်သွားရအောင်လေ” လို့ ပြောပါ့မလား။ ခဲမိုးရွာသွားမှာပေါ့။ “တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးကို သူတို့ပါတီကမှ ဖော်ဆောင်နိုင်မှာ” လို့ ပြောမှာလား။ မနောက်ပါနဲ့ ဦးလေးရယ်။ စိန်အောင်မင်းဇာတ်ထဲမှာ ဦးလေးတို့တစ်ယောက်မှ မတွေ့မိပါဘူး။ မြောက်ကိုရီးယားမှာလို မြေးတော်လေးကို ပွဲထုတ်ကြည့်ပါလား။ အိုပါးဂမ်းနမ်းစတိုင်လေ။ ဝက်ဝက်ကိုကွဲသွားမှာ။ အဲသလိုနဲ့ နိုင်ငံရေးလောကထဲမှာ သူပြောတာလည်း ဘယ်သူကမှ နားမထောင်၊ အရေးတယူလည်း စကားထဲထည့်မပြော၊ အတိတ်က အပြစ်တွေမှန်သမျှ  လက်ညှိုးထိုး စွပ်စွဲဖို့ ထမင်းသုပ်ဟင်းသုပ်နေရာက ဖြည့်ကစားကြလေရဲ့။

            အခုတော့ တစညပါတီကြီးရဲ့လမ်းစဉ်ကို ပကဖပါတီကြီးက လိုက်ရမယ့် အရိပ်အယောင် မြင်နေလို့လား မပြောတတ်ပါဘူး။ စောစောစီးစီးကတည်းက ပလန်ဘီကို ခြေလှမ်းပြင်တယ်။ အကြံပေးကြီးကို မှတ်ပုံတင်ပြီး နေရာတော်ခင်းထားနှင့်သတဲ့။ ဘယ်တောင်ပံ ညာတောင်ပံ နှစ်ဘက်ဖြန့်ကစားမယ့်အကွက် ထင်ပါရဲ့။ “မယုံရင် စောင့်ကြည့်။ နောက်၈ လ လောက်ဆို အားလုံး ဟင်ကနဲ ဟာကနဲ ဖြစ်သွားစေရမယ်” လို့တောင် ကြုံးဝါးထားသေး။ (ခုကတည်းကကြို “ဟင်” ထားပါတယ် ကိုကိုရေ။ “ဟယ်” x တစ်သိန်း။ တော်ပြီလား။) သဘောကတော့ကွယ်။ မဆိုစကောင်းဆိုစကောင်း ပကဖပါတီကြီးက ခွက်ခွက်လန်ခဲ့သည်ရှိသော် ပါတီစွဲ ဝါဒစွဲမထားပဲ တိုင်းပြည်ကောင်းကျိုး တစ်ခုတည်းကိုသာ ရှေးရှုတဲ့ ကိုယ်တို့ဘဘကြီးတွေဟာ အဲသည်ပါတီကြီးကိုလည်း လမ်းစဉ်ပါတီ၊ တစညပါတီနည်းတူ စွန့်ပစ်လိုက်ဖို့ ဝန်မလေးလောက်ဘူး ထင်တာပဲ။ သူတို့က တိုင်းပြည်အတွက် အလုပ်လုပ်နေတာလေ။ ပါတီအတွက်မှ မဟုတ်တာ။ ဟုတ်ဘူးလား။ “နိုင်ငံရေးမှာ ရန်သူမရှိ မိတ်ဆွေသာရှိ၏” လို့ ခံယူထားတာဆိုတော့ သမ္မတသာဖြစ်မယ်ဆိုရင် NLD ကပဲ ဝင်ရွေးရရွေးရ၊ ဘာအရေးလဲ။ ဘုရားပြီးရင် ငြမ်းဖျက်တာက လွယ်လွယ်လေး။ ဘောင်းဘီကနေ ချိတ်လုံချည် ပြောင်းဝတ်ခဲ့ပြီးမှ ပင်နီထပ်ဝတ်ရတာ ဘာမှမခက်ဘူး။ အခုတောင် ဒေါင်းတောင်ကလေးဖြန့်ထားပြီ။

            အရင်တုန်းက တပ်ကလူတွေ အလေးပြုနေရတဲ့ ဗဟိုကော်မတီဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစညပါတီကို နအဖအစိုးရက ဘယ်လိုဆက်ဆံခဲ့သလဲ။ မထီမဲ့မြင်တော့ မပြုပါဘူး။ ဒါပေသိ ပျပ်ဝပ်ကျိုးနွံတော့ မရှိတော့ဘူး မဟုတ်လား။ တပ်မတော်က အရေခွံလဲထားတဲ့ ပကဖပါတီကို လက်ရှိတပ်မတော်က အလေးပြုဆက်ဆံနေတာဟာ သူက အာဏာရပါတီအဖြစ် အစိုးရဖွဲ့ထားလို့သာပေါ့။ တကယ်လို့များ NLD ကို ရှုံးသွားခဲ့ရင် သူတို့လည်း အလိုလို တစညနောက် လိုက်ရလိမ့်မယ်။ နစ်မယ့်လှေကို ဘယ်သူက ဖက်တွယ်နေရစ်ချင်ပါ့မလဲ။ အဲ့ဒါတွေ တွေးမိလေ သွေးပျက်လေပဲ။ မြောင်းဘေးမှာ အမှိုက်လိုက်ကောက်လိုကောက်၊ ဘတ်စကားပေါ် လျက်ဆားတက်ရောင်းလိုရောင်း၊ ခြေမကိုင်မိ လက်မကိုင်မိတွေကို ဖြစ်လို့။ သဘောပေါက်လာတာက တပ်မှာနေရင် ခိုင်တယ်။ ဒါပေမယ့်တပ်က အလေးပြုရတဲ့သူ ဖြစ်ချင်ရင် အာဏာရအောင်လုပ်။ တပ်ဆိုတာ ကာချုပ်ကိုပဲ သစ္စာခံတယ်။ ကာချုပ်က သမ္မတကို သစ္စာခံတယ်။ သမ္မတ ပြုတ်သွားရင် နောက်တက်တဲ့ သမ္မတကို အလေးပြုမှာ။ ဒီအတိုင်းသာဆိုရင် တပ်ထဲကနေ ဘောင်းဘီချွတ်ထားတဲ့သူတွေ အကုန်လုံး နောက်အစိုးရထဲမှာ မပါမှာ အသည်းအသန် စိုးရိမ်နေရပြီ။ ဖောင်ကဖျက်ခဲ့ပြီးသား။ သည်အကိုင်းက ခဏလက်လွှတ်ပြီး နောက်တစ်ကိုင်းကို ကူးရဦးမယ်။ မျောက်သစ်ကိုင်းလွတ်ဖြစ်သွားရင် ကားကနဲကျမှာ။ ဒီအခြေအနေမျိုးကို ကြုံခဲ့ပြီးသူတိုင်း ရင်ထုမနာ ကြုံးဝါးတာ ကြားခဲ့ဖူးတယ်။ “ပြောလိုက်စမ်း။ ငါမသေသေးဘူး။ အသက်ရှင်လျက် ရှိသေးတယ်။” တဲ့။ ဘဟာဘ သေချင်သေ ရှင်ချင်ရှင်ပါဗျာ။ ဘွရှင်မင်းတြားကြီးက ခိုင်းတာမို့ တလမေထော ဆံထုံးထိပ်က လက်ဝတ်တော်တွေ ချွတ်ယူသလိုယူမယ့်သူတွေ ရှိပါတယ်။ ကိုယ်လည်း အရင်က လုပ်လာခဲ့မင့်ဟာ အလှည့်ကျတော့ မနွဲ့စတမ်းပေါ့။ (သေနာလေး။ ကြောက်ပါတယ်ဆိုမှ သူက လာခြောက်နေသေး။)

             လက်စသတ်တော့ ၂၀၁၅ မှာ NLD က အသာစီးနဲ့ ကစားတာပါလား။ သူတို့ဘက်မှာ ဘယ်သူကမှ အာဏာရပြီးသား မရှိဘူး။ အဲ့ဒါကြောင့် ရွေးကောက်ပွဲမှာ ရှုံးခဲ့ရင်တောင် သူ့ဘက်က အမြတ်ထွက်သေးတယ်။ လူတွေက ကရုဏာသက်ပြီး မတရားလုပ်တာ၊ ဘက်လိုက်တာ၊ မဲခိုးတာ လို့ ထင်ကြမယ့်သူချည့်ပဲ။ ဟိုဘက်ကဖြင့် မတော်တဆ နိုင်သွားခဲ့ရင်တောင် အဆဲအဆိုကတော့ မိုးမွှန်နေအောင် ခံရမှာ။ အကုန်လုံး ပြန်နိုင်ပြီး သူတို့လူတွေချည့်ပဲ အစိုးရပြန်ဖွဲ့လို့တော့ ဖြစ်နိုင်မယ် မထင်ဘူး။ တစိတ်တပိုင်းသော ပမာဏ၊ ကံဆိုးရင် တော်တော်များများဟာ ပြုတ်တဲ့အထဲ ပါလိမ့်မယ်။ စားတော်ပြဲပုတ် ပြောင်းဖူးပြုတ်များလို မမှတ်နဲ့။ အမတ်ပြုတ်တဲ့အရသာဟာ ဘာနဲ့မှ မတူဘူး။ ခံစားဖူးတဲ့သူမှ သိမှာ။ မဖြစ်သေးပါဘူး။ ဘူးသီးမယ့်သူဆီ အရီးတော်ထားမှ တော်ကာကျမယ်။ အရင်တုန်းက ဘယ်လောက်ပဲ မုန်းခဲ့မုန်းခဲ့။ လောလောဆယ်တော့ မယ်မင်းကြီးမလည်းပဲ သမ္မတ ဖြစ်သင့်ဖြစ်ထိုက်ပါပေတယ် လို့ ဗေဒင်ဟောသလိုလို၊ နတ်ပူးသလိုလို လေသံကလေးဘာလေး ပစ်ထားဦးမှ။ ကထိန်ပွဲကြီး နီးလာပြီဆိုတော့ ပီယဝါစာ ချစ်ဖွယ်သောစကားများ ဆိုထားမှ ပွဲငှားလာတဲ့သူတွေ အာရုံကျမလေ။

            “တကတည်းကွယ်။ ဘယ်အရာတွေ အားကိုးနဲ့ သည်လောက်သေချာနေမှန်းမသိ။ ခုချိန်ထိ မပြင်နိုင်သေးတဲ့ ခြေ/ဥ နဲ့ မင့်ဘွားတော်ကို ဘာတွေ မျှော်လင့်နေရတာတုန်း” လို့ တွေးတဲ့သူဟာ အင်မတန်မှ ဦးနှောက်မရှိ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး နိုင်ငံရေးမှာ ထွက်ပေါက်ပိတ်နေမယ့် သူတွေသာ ဖြစ်ပါလိမ့်မယ်။ သူတို့ ဘွားတော်ကို အနှစ်နှစ်ဆယ်ကျော်ကြာအောင် ချုပ်ထားခဲ့ဖူးတယ်။ ပြည်တော်ချစ်ကနေ တစ်ကမ္ဘာလုံးချစ်တဲ့ သူရဲကောင်းလုပ်ပေးလိုက်သလို ဖြစ်သွားတယ်။ ဒီပဲယင်းမှာ သတ်ပစ်ဖို့အထိ ကြိုးစားခဲ့သေးတယ်။ (ဦးခင်ညွန့်ကိုယ်တိုင် ဝန်ခံထားတယ်။ ငြင်းမနေနဲ့။) စစ်တပ်ကလူတွေသေရင် အရပ်ဘက်မှာ ငိုမယ့်လူမရှိတဲ့အထိ မေတ္တာတုံးသွားတယ်။ ၂၀၁၀ မှာတောင် ဘွားတော်ကို ချန်ခဲ့လို့မရတဲ့အတွက် ကြားဖြတ်နဲ့ ပြန်ထည့်ယူရတာ။ “သာမန်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ထက် ဘာမှ မပိုပါဘူး”လို့ တဖွဖွပြောနေတဲ့ သူတွေကိုယ်တိုင် ခြောက်ပွင့်ဆိုင်မှာ ကုလားထိုင် မရတော့ဘူး။ ၂၀၁၅မှာ မယ်မယ်မပါ အလက်ရှင်တောင် လုပ်နိုင်ဖို့ မလွယ်ဘူး။ သူပါလာရင် သူ့ကို ဘာမဖြစ်ရဘူး ညာမဖြစ်ရဘူး အတင်းလိုက်ပြီး ပိတ်ပင်နေလို့မရဘူး။ သူက သူနဲ့ ထိုက်တန်တဲ့နေရာကို သူ့ဘာသူ အရယူသွားမယ့် မိန်းမ။ ကဏ္ဍကောစလုပ်တဲ့သူသာ မြောင်းထဲရောက်သွားမှာ။ လူသိရှင်ကြား အတင်းတုပ်မိရင်တောင် မကာမိအောင် တောင်းပန်နေကြရတာ မြင်တဲ့အတိုင်းပဲ။ ၁၃၅ မျိုးသော တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ လွယ်ချင်လွယ်လိမ့်မယ်။ ဒေါ်စုမပါပဲ အလက်ရှင်ဝင်မိရင် သန်း ၅၀ သော နိုင်ငံသားများနဲ့ တစ်သက်လုံး ငြိမ်းချမ်းရေးရတော့မှာ မဟုတ်ဘူး။ အဲ့ဒါ ပြည်တွင်းကလာတဲ့ ဖိအားပဲ ရှိသေးတယ်။

            တကယ်လို့များ လက်ရှိ အာဏာရ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေဟာ အင်ဒိုနီးရှားတို့၊ ထိုင်းတို့လိုမျိုး အာဏာကို ရေရှည်ဆုပ်ကိုင်ထားဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ် ဆိုသလို သည်တစ်ပွဲမှာ လက်ရှောင်ထားပြီး အင်အားစုဆောင်းသင့်တယ်။ ကိုယ့်ကိုတိုင်းပြည်ကချစ်အောင် နံမည်ကောင်းကလေး ယူထားသင့်တယ်။ အထူးသဖြင့် အခုမှ ၆၀ ကျော်ရုံကလေး ရှိတဲ့ ကာချုပ်ကြီးဟာ သူကိုယ်တိုင် နိုင်ငံခေါင်းဆောင် ဖြစ်ချင်တယ်ဆိုရင် ဘယ်သူ့သြဇာအာဏာမှ မခံယူပဲ သူ့လွတ်လပ်ရေးသူ အရင်ယူထားသင့်ပြီ။ ၂၀၁၅ မှာ ဒေါ်စုကို နေရာပေးလိုက်ရင် ဖြစ်နိုင်ချေ နှစ်ခုရှိတယ်။ တစ်မျိုးက တစ်သက်လုံး ပတ်ရှုပ်လာတဲ့ အရှုပ်ထုပ်ကြီးကို သည် ၅ နှစ်အတွင်း သူဘယ်လိုဖြေရှင်းမလဲ။ ရှင်းစမ်းပါလေ့။ သူရှင်းပြီးမှ နောက် ၅ နှစ် ကိုယ်ပြန်ယူလိုက်ရင် အရိုးနွှင်ပြီးသားကလေး အသင့်စားသလို စားရမှာ။ နံမည်ကောင်းလေး ကောက်ယူလိုက်ရုံပဲ။ မရှင်းနိုင်တော့လည်း “တော်ပါပြီ။ မယ်မင်းကြီးမရယ်။ သည်ကိစ္စမျိုးတွေ မင်းမတတ်ပါဘူး။” ဆို ကွကိုယ် ပြန်သိမ်းယူလိုက်။ သူ့နောက်မှာ ထောက်ခံမှု အခုလောက် ရှိတော့မှာ မဟုတ်ဘူး။ သူ့ကို အခုတခေါက်မှာ လွတ်လပ်ခွင့်ပေးလိုက်ခြင်းဖြင့် တသက်လုံးမုန်းနေတဲ့ အငြိုးအတေးတွေ ပြေပျောက်သွားမယ်။ သဘောထားကြီးပါပေတယ် ဆိုတဲ့ နံမည်ကောင်းလေးလည်း ရမယ်။(ဥက္ကဋ္ဌကြီးတွေ ဘာလို့ လေသံပြောင်းသွားသလဲ သဘောပေါက်ပြီလား။)

            အခုခေတ်က မဲဆွယ်ချင်ရင် ထမင်းလည်းကျွေးမယ် နင်းလည်းပေးမယ် နည်းက အသုံးမဝင်တော့ဘူး။ ဒန်ပေါက်ထုပ်တွေဘာဖြစ်ကုန်သလဲ မြင်တယ်ဟုတ်။ “အမကြီး။ နေကောင်းလား။” လို့ နှုတ်ဆက်ပြီး ယောလုံချည်လေး လက်ဆောင်ပေးလိုက်ရင် အလကားနေ အပျင်းပြေတက်ဆဲနေတဲ့ မေတ္တာတုံးကြီးတောင် လက်ခုပ်သြဘာ ထောပနာတွေ
သောင်းသောင်းညံသွားရော။ လူတွေက ဘယ်သူ့ကိုချစ်တယ် ဘယ်သူ့ကိုမုန်းတယ် ဆိုတာလောက်တော့ အကင်းပါးဖို့ ကောင်းတာပေါ့နော်။ လက်ရှိ အနုပညာလောကမှာ နေတိုးလောက် စန်းကောင်းတာ မရှိဘူး။ မာန်အောင်က သူ့အိမ်မှာ ဘာဆိုင်းဘုတ်ကြီး တင်ထားတယ်ဆိုပြီး ဖေ့စ်ဘုတ်ပေါ် တက်လာလို့ ခမျာမှာ ငါးပါးကိုမှောက်သွားတာပဲ မဟုတ်လား။ (ဒါတောင် ဟုတ်မဟုတ် မသေချာသေးဘူး) မခိုင်ကြီးကတော့ ရွေးကောက်ပွဲ မဝင်ပါဘူး အတန်တန်ငြင်းတဲ့ကြားထဲက မဲထည့်မယ်တကဲကဲ။ လေဘယ်ဘက်ကတိုက်သလဲ ရေဘယ်ဘက်က တက်သလဲ နည်းနည်းပါးပါး စနည်းနာကြပါဦး။ လှိုင်းတွေလေတွေလာရင် တားဖို့ဆီးဖို့ချည့် စိတ်မကူးနဲ့။ ပင်ပန်းရတာနဲ့ မကာမိဘူး။ လေဟုန်လှိုင်းကြုံနဲ့အတူ ကိုယ်လိုရာရောက်အောင် စီးနိုင်ဖို့ပဲ လိုတယ်။ နစ်မယ့်လှေ၊ သေမယ့်လမ်းကို အကဲစမ်းမယ့်အစား အခုလာမယ့် ငါးနှစ်သက်တမ်းကလေး ထိုးကျွေးပြီး အခါခါ ကင်းဝင်လိုက်စမ်းပါလေ။ ရှဥ့်လည်း လျှောက်လို့ရပါတယ်။ ပျားလည်း စွဲလို့ရပါတယ်။ တလှည့်စီပေါ့နော့။
(ဒါထက်စကားမစပ် အမေရိကားက ဒေါ်လာရှစ်သိန်းနဲ့ ငှားထားတဲ့အကောင်တွေ လာရင် ပြောလိုက်စမ်းပါကွယ်။ “လော်ဘီဆိုတာ ဟောသလိုလုပ်ရတယ်”လို့စ်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...