Tuesday, May 5, 2015
ရွေးကောက်ပွဲဘတ်ဂျက်သံသရာ ခင်မောင်ညို(ဘောဂဗေဒ)
     Khin Maung Nyo
     ဘာသာရေးဘက်က လာသည်ဟု ယူဆရသည့် “သံသရာ”ဟူသော ဝေါဟာရကို အတော်လေး သဘောကျသည်။ တက်လိုက် ကျလိုက်ဖြစ်တတ်သော သဘောကိုသံသရာလည်သည်ဟု တင်စားသည်။ တစ်ခါတစ်လေ ကိုယ်ကအပေါ်၊ သူကအောက်၊ နောက်တစ်ကြိမ်တွင်ကိုယ်ကအောက်၊ သူကအပေါ် ရောက်တတ်သည့်သဘောကို ဆင်ခြင်လျှင်၊ မြင့်၍လည်းဘ၀င်မြင့်စရာမလို၊ နိမ့်၍လည်း အားငယ်စရာမလို။ ထို့နောက် “စီးပွားရေးသံသရာ” ဟူသောဝေါဟာရကို စန်းပွင့်ခြင်း၊ ကျဆင်းခြင်း၊ အရှိန်မြင့်-အရှိန်ကျခြင်းဟူသောဝေါဟာရများနှင့်တွဲ၍ မှတ်သားဘူးပါသည်။ မကြိုက်လှသော ဝေါဟာရမှာ “ဆိုးသွမ်းသံသရာ”ဖြစ်သည်။ လွယ်လွယ်ပြောရလျှင် “မရှိလို့မလှူ၊ မလှူလို့မရှိ” သည် ဆိုးသွမ်းသံသရာ တစ်ခုဖြစ်သည်။ သူနှင့်ပြောင်းပြန် “မင်္ဂလာသံသရာ” ကတော့ “ချမ်းသာလို့ ငွေဝင်၊ ငွေဝင်လို့ချမ်းသာ” တာမျိုးဖြစ်သည်။
          ထိုဝေါဟာရတွေအပြင်၊ ယခုတလော၌“နိုင်ငံရေးစီးပွားရေးသံသရာ”၊ “ဘတ်ဂျက်စီးပွားရေးသံသရာ” ဟူသောဝေါဟာရအသစ်အဆန်းတွေကိုလည်း လေ့လာမှတ်သားရပါသည်။
          အာဏာရအစိုးရတွေက နိုင်ငံ၏ စီးပွားရေးအခြေအနေကောင်းမွန်လျှင် ပြန်လည် ရွေးကောက်ခံရမည့် အလားအလာများသည်ဟုသဘောပေါက်ကြသည်။ လုပ်ခတွေတိုး၊ အလုပ်တွေရနေလျှင်၊ အလုပ်သမားတွေ ပျော်ကြမည်။ သို့ဖြစ်ရာအစိုးရ အတော်များများက ၎င်းတို့၏ ကုသိုလ်ကံကောင်းစေရန်အတွက် စီးပွားရေးအခြေအနေ မြင့်မားလာစေရန်၊အားထုတ်တတ်ကြသည်။ သို့သော် သုတေသီတွေကမူ၊ နိုင်ငံရေးသမားတွေဘယ်လောက်ကြိုးစားကြိုးစား ထင်တိုင်းမပေါက်နိုင်ဟု သုံးသပ်ကြသည်။
          ၁၉၇၅ ခုနှစ်တွင် ယေးလ်တက္ကသိုလ်က ထုတ်ဝေသောသုတေသနတစ်စောင်၌ “နိုင်ငံရေး၊ စီးပွားရေးသံသရာ” ဟူသော သဘောတရားကို ပထမဆုံးဖော်ထုတ်ခဲ့သည်။ရွေးကောက်ပွဲမတိုင်မီ ကာလများတွင် အစိုးရ၏ အသုံးစရိတ်တွေ တိုးလာတတ်သည်။ အလုပ်လက်မဲ့တွေကိုပေးသော ထောက်ပံ့ကြေးတွေ တိုးသည်။ အခွန်အကောက်တွေ လျော့ချသည်။ ဤနည်းအားဖြင့်ရေတိုတွင် စီးပွားရေးအခြေအနေ ပိုကောင်းလာမည်။ ထိုကုသိုလ်ကောင်းမှုကြောင့်မိမိတို့လည်း ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရရှိမည်ဟု တွက်ဆကြသည်။ ရွေးကောက်ပွဲပြီးပြီဆိုလျှင်ဟိုဘက်တုန်းက သုံးထားသမျှ ပြန်လည်ချွေတာပြီး အရှိန်မြန်နေသောစီးပွားရေးအဆောက်အအုံကို အရှိန်လျှော့ဖို့၊ ပုံနေသော ကြွေးတွေကို ဆပ်ဖို့ပြန်လုပ်ကြသည်။
          လွန်ခဲ့သော အနှစ် (၄၀) ခန့်အတွင်းထိုသဘောတရားကို စီးပွားရေးပညာရှင် အတော်များများက ဖော်ထုတ်၍ သက်သေပြနိုင်ရန်ကြိုးစားခဲ့ကြသည်။ စတန်းဖို့ဒ်တက္ကသိုလ်က ပြုလုပ်ခဲ့သောသုတေသနစာတမ်းတစ်စောင်တွင်လည်း ၁၉၆၀-၁၉၉၂ ကာလအတွင်း၊ ဗြိတိန်၌ ရွေးကောက်ပွဲနှင့်အသုံးစရိတ် ဆက်စပ်မှုကို တွေ့ခဲ့ရသည်ဟု ဆိုပါသည်။ ရွေကောက်ပွဲနီးလာလျှင်ကလေးတွေအတွက် ထောက်ပံ့ကြေးပိုပေးကာ၊ အသုံးစရိတ်တွေ မြှင့်ပြီး မဲဆန္ဒရှင်တွေကို ဆွယ်လေ့ရှိကြသည်။
          ဟားဗဒ်တက္ကသိုလ်၏ လေ့လာမှုတစ်ရပ်တွင်လည်း၂၀၁၁ ခုနှစ်က အီတလီတွင် မြူနီစီပါယ်က ကောက်ခံသော ပိုင်ဆိုင်မှု အခွန်နှုန်းထားကိုအတင်အချလုပ်ကစားကြောင်း၊ ရွေးကောက်ပွဲနီးလာလျှင် အခွန်နှုန်းတွေ လျော့ပေးကြောင်း၊“နိုင်ငံရေးဘတ်ဂျက်သံသရာ” ကို တွေ့ရသည်ဟု ဆိုထားသည်။
          အကယ်၍ ပြိုင်ဘက်တွေနှင့် အကြိတ်အနယ်ပြိုင်ရသော အခြေအနေမျိုးဆိုလျှင် ဘတ်ဂျက်သံသရာက ပို၍ သိသာသည်။ အာဏာရထားသူတွေက ရွေးကောက်ပွဲတွင်ရှုံးနိမ့်မည်ကို စိုးရိမ်ပြီး လူကြိုက်များလာစေရန် လက်ဖွာသည့်မူဝါဒကိုကျင့်သုံးကြသည်။ ဤအခြေအနေကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုပြီး သိသိသာသာတွေ့ရှိရသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ နိမ့်ပြီး၊ အုပ်ချုပ်ရေးယန္တရားကအားကောင်းသည့်အခါ အကျင့်ပျက်နိုင်ငံရေးသမားများက စနစ်ကို မိမိတို့ ကိုယ်ကျိုးအတွက်အသုံးချကြသည်။ အလှူ့လက်ဖက်နှင့် မျက်နှာလုပ်ကြ၊ မတရားသဖြင့် ရထားသော ငွေတွေသုံးကာမဲတွေကို ၀ယ်ကြသည်။
          ပြဿနာမှာ ထိုသို့ အကုန်အကျခံသုံးစွဲသော်လည်းထိရောက်မှုမရှိခြင်း ဖြစ်သည်။ ရွေးကောက်ပွဲမဲဆွယ်ရန် ဦးတည်ပြီးသုံးသောအသုံးစရိတ်တွေက ထင်သလို စီးပွားရေးတိုးတက်မှု ရရှိစေရန် ဆောင်ရွက်မပေးနိုင်။ပရင့်စတန်တက္ကသိုလ်က ချမ်းသာသည့်နိုင်ငံ (၁၆) နိုင်ငံနှင့် ဆင်းရဲသော နိုင်ငံ (၅၆)နိုင်ငံကို (၁၉၇၅) မှ (၂၀၁၂) အတွင်းလေ့လာရာ၌ ရွေးကောက်ပွဲအကြိုကာလများတွင် အစိုးရကဘယ်လောက်သုံးသုံး၊ စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားသည်ကို မတွေ့ရှိရပါဟုသုံးသပ်ထားသည်။
          အဘယ်ကြောင့်ဤသို့ ဖြစ်ရသနည်း။
          မဲဆန္ဒရှင်များက လတ်တလောမသုံးစွဲချွေတာထားကာ၊ အရေးအကြောင်းပေါ်လာမည့်၊ အနာဂတ်အတွက် စုဆောင်းထားခြင်းကြောင့်လည်းဖြစ်နိုင်သည်။ အသုံးစရိတ်မတိုးလျှင် ထုတ်လုပ်မှုလည်း မတိုးနိုင်တော့။ တဖန်အစိုးရတွေ၊ စားသုံးသူတွေက သုံးစွဲမှုပြုကြသည့်တိုင် ရင်းနှီးမြှပ်နှံသူတွေကရင်းနှီးမြှပ်နှံမှုမပြုပဲ နေနေကြ၍လည်း ဖြစ်နိုင်သည်။ ဗြိတိန်ကုမ္ပဏီကြီးများမှအမှုဆောင်အရာရှိချုပ်များကို လေ့လာကြည့်ရာတွင် ရွေးကောက်ပွဲရလဒ် မသေချာသဖြင့်၊စွန့်စားပြီး ရင်းနှီးမြှပ်နှံမှု မလုပ်လိုကြောင်း ဖြေကြသည်။ နှစ်စပိုင်းလောက်ကရင်းနှီးမြှပ်နှံမှုလုပ်လိုသူ လေးပုံသုံးပုံခန့်ရှိသော်လည်းရွေးကောက်ပွဲနီးလာသောအခါ၊ တစ်ဝက်ခန့်သာ ကျန်တော့သည်။
          ၁၉၈၀-၂၀၀၅ ကာလအတွင်း နိုင်ငံပေါင်း (၄၈)နိုင်ငံတို့မှ လုပ်ငန်းပေါင်း (၁)သိန်းတို့ကို လေ့လာခဲ့သည်. ၂၀၁၂ ထုတ် နောက်စာတမ်းတစ်စောင်တွင်လည်းအလားတူ အခြေအနေကို တွေ့ကြုံရသည်။
          ရွေးကောက်ပွဲမရှိသောနှစ်နှင့်နှိုင်းယှဉ်လျှင် ရွေးကောက်ပွဲရှိသော နှစ်များတွင် ရင်းနှီးမြှပ်နှံမှုကို (၄.၈)%လျော့ချတတ်ကြသည်။ အထူးသဖြင့် အနာဂတ်စီးပွားရေးတိုးတက်မှုကို ဦးတည်ဆောင်ရွက်မည့်စရိတ်စခအကုန်အကျကြီးမားသော ရေရည်ရင်းနှီးမြှပ်နှံမှုမျိုးကို လုံးဝမလုပ်တော့ပေ။ထိုလုပ်ငန်းမျိုးတွေက အစပျိုးလိုက်မိပြီဆိုလျှင် ပြန်ဆုတ်ရန် ခက်ခဲ၍ ဖြစ်သည်။ဗာဂျီးနီးယားတက္ကသိုလ်က ဤဖြစ်ရပ်မျိုးကို “ပြောင်းပြန်ရွေးကောက်ပွဲစီးပွားရေးသံသရာ”ဟု ကင်ပွန်းတပ်သည်။ အချို့လုပ်ငန်းတွေဆိုလျှင် ရင်းနှီးမြှပ်နှံမှုကိုအချိန်ကာလရွှေ့ဆိုင်းရုံမျှသာမက အပြီးအပိုင်ပင် ဖျက်သိမ်းပစ်လိုက်တတ်ကြသည်။ထိုသို့ဆိုလျှင် နိုင်ငံ၏ ရေရှည်စီးပွားရေးတိုးတက်မည့် အလားအလာကိုထိခိုက်နိုင်သည်။
          ပုဂ္ဂလိက အတိုင်ပင်ခံလုပ်ငန်းတစ်ခု၏ လေ့လာချက်အရလည်းရွေးကောက်ပွဲမတိုင်မီကာလများတွင် ပုံသေရင်းနှီးမြှပ်နှံမှု တိုးတက်မှုနှုန်းသည် ၁%ခန့်ကျဆင်းသွားတတ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ရွေးကောက်ပွဲမတိုင်မီနှစ်တွင်ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှု ၁၇% ခန့် ကျဆင်းသွားသည်။ အကယ်၍ တစ်ဘက်တွင် အစိုးရကအသုံးစရိတ်တိုးသုံးသော်လည်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကျဆင်းသွားခဲ့လျှင်စီးပွားရေးတိုးတက်မှုနှုန်း ပြောင်းလဲမည် မဟုတ်ပေ။ ရင်းနှီးမြှပ်နှံမှုတွေ မလျော့အောင်၊လက်ရှိအုပ်ချုပ်ရေးနယ်ပယ်က မတတ်နိုင်၊ တစ်ခုရှိသည်က ရွေးကောက်ပွဲရလာဒ်ကိုသေချာပေါက်ကြိုတွက်ထားနိုင်ပြီး နိုင်ငံရေးအရ သေချာရေရာပြီး ရင်းနှီးမြှပ်နှံသူတွေစိုးရိမ်စရာမရှိလျှင် ရင်းနှီးမြှပ်နှံမှုလည်း မလျော့၊ စီးပွားရေးအခြေအနေလည်းကောင်းနေမည်။
တစ်ဖန်၊ နိုင်ငံရေးသမားတွေ အုပ်ချုပ်ရေးသမားတွေဘက်ကမြင်သာထင်သာရှိလျှင် သူတို့ထင်သလို မသုံးစွဲနိုင်အောင် အထိန်းအချုပ်တွေရှိလျှင်ရွေးကောက်ပွဲကာလပင်ဖြစ်စေကာမူ ရင်းနှီးမြှပ်နှံမှုတွေ လျော့ကျစရာအကြောင်းသိပ်မရှိ။မဲဆွယ်ရာ၌ ငွေကုန်ကြေးကျခံသည့်နည်းထက်၊ မြင့်သာထင်သာရှိကာ၊ တာဝန်ယူကာဝန်ခံမှုပိုမိုကောင်းမွန်အောင် ဆောင်ရွက်သောနည်းက ပိုမိုထိရောက်သည်ဟုအီကောနောမစ်စာစောင်ကြီးက သုံးသပ်ပြထားသည်။
ခင်မောင်ညို(ဘောဂဗေဒ)
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...