Thursday, April 16, 2015

“အင်ဒို-ပစိဖိတ်ဒေသအတွင်း ပထဝီဝင်နိုင်ငံရေးဆုံချက် မြန်မာနိုင်ငံ”


 တရုတ်နိုင်ငံ၏တိုးတက်လာမှု၊ အိန္ဒိယနိုင်ငံ၏ကြီးထွားလာမှု၊ ဂျပန်နိုင်ငံ၏ ပြန်လည်နိုးထလာမှုတွေကြောင့် အခြားဒေသတွေထက်စာလျှင် အင်ဒို-ပစိဖိတ် ဒေသဟာ နိုင်ငံတကာရေးရာမှာ မဟာဗျူဟာမြောက် အရေးပါတဲ့ဒေသတစ်ခု ဖြစ်လာပါပြီ။ စစ်အေးကာလအတွင်း ဆယ်စုနှစ်အတော်များများမှာတော့ အင်ဒို-ပစိဖိတ်ဒေသကို အမေရိကန်တို့ လွှမ်းမိုးထားခဲ့ပါတယ်။ အထူးသဖြင့်  ၁၉၆၀ ခုနှစ်နောက်ပိုင်း ဗြိတိသျှတို့ စူးအက် အရှေ့ဒေသတွေကနေ ဆုတ်ခွာပြီးချိန်လောက်က ဖြစ်ပါတယ်။
နှစ်ပေါင်း အတော်ကြာအောင်လစ်လျူရှုထားပြီးတဲ့နောက်မှာတော့ အမေရိကန်တို့ရဲ့ အာရုံစူးစိုက်မှု ဗဟိုချက်ဟာ အနောက်ဘက်ကနေ  အရှေ့ဘက်ကို ရွေ့လျားခဲ့ပါတယ်။ ဒါကြောင့်လည်း အင်ဒို-ပစိဖိတ်ဒေသဟာ ကမ္ဘာတစ်ဝှမ်းက မူဝါဒဆိုင်ရာအဆုံးအဖြတ်ပေးသူတွေရဲ့ အာရုံကျရာ ဖြစ်လာပါတယ်။ ဒီဒေသဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နီးပါးလောက် နေထိုင်တဲ့နေရာဖြစ်ပါတယ်။ သယံဇာတတွေပေါကြွယ်ဝတဲ့နေရာဖြစ်ပြီး၊ အထူးသဖြင့်တော့ ဟိုက်ဒရိုဂျင်နဲ့ ကာဗွန်ဒြပ်ပေါင်းတွေ ထွက်ရှိတဲ့နေရာလည်းဖြစ်တယ်။ ထို့အပြင် ဒီဒေသမှာ ကမ္ဘာ့စစ်ရေး၊ စီးပွားရေး နဲ့ စက်မှု အင်အားကြီးပါဝါတွေရဲ့ ကူးလူးဆက်ဆံရာ မရှိမဖြစ်အရေးပါတဲ့ ပင်လယ်လမ်းကြောင်းတည်ရှိရာလည်း ဖြစ်တဲ့အတွက် အင်းအားကြီးပါဝါတွေနဲ့ အင်းအားကြီးမားလာနေတဲ့ပါဝါတွေရဲ့ မဟာဗျူဟာမြောက်ပြိုင်ဆိုင်မှုကြားမှာ အဓိကကျတဲ့ ဇာတ်ခုံတစ်ခုဖြစ်လာပါတယ်။ မည်သို့ဆိုစေကာမူ အင်ဒို-ပစိဖိတ်ဒေသဟာ မလုံခြုံမှု၊ မဟာဗျူဟာမတည်ငြိမ်မှုတွေနဲ့ နေရာတစ်ခုပါ။ နယ်စပ်ပြဿနာတွေ၊ အကြမ်းဖက်လှုပ်ရှားမှုတွေ၊ ရေပိုင်နက်အငြင်းပွားမှုတွေ စတဲ့ မြောက်များစွာသော ပေါက်ကွဲလုနီးပါးအခြေအနေတွေနဲ့ပြည့်နှက်နေပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဝရုန်းသုန်းကားဖြစ်မှုတွေရဲ့ အဓိကနေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။
 

အင်ဒို-ပစိဖိတ်ဒေသဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်ဝါဒ (Look East) နဲ့ တရုတ်နိုင်ငံရဲ့ အနောက်မျှော်ဝါဒ (Go West) တို့ဆုံရာနေရာလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက သူ့ရဲ့အရှေ့မျှော်ဝါဒ (Look East) ကို ၁၉၉၀ အစောပိုင်းနှစ်များထဲက လက်ကိုင်ပြုခဲ့တာဖြစ်ပါတယ်။ ဒီမူဝါဒဟာ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ သူ့ရဲ့ ဒေသတွင်းပါဝါကို အားဖြည့်ဖို့အတွက်လိုအပ်တဲ့ အရှေ့ဘက်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ စီးပွားရေး၊ မဟာဗျူဟာမြောက်ဆက်ဆံရေးတို့ကို ချဲ့ထွင်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒီမူဝါဒကို ဝန်ကြီးချုပ် နာရာစီမရာရို (P.V. Narasimha Rao) ကအတည်ပြုပေးခဲ့ပြီး နောက်တက်လာတဲ့အစိုးရအဆက်ဆက် လက်ဆင့်ကမ်းကျင့်သုံးခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အိန္ဒိယနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ သူရဲ့ လက်ရှိရေတပ်နဲ့ လေတပ်စွမ်းအားတွေကို မြှင့်တင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ (Tri-service Andaman & Nicobar Command) ကိုတည်ဆောက်ပြီးအားဖြည့်ခဲ့တယ်။ ဒီဖြစ်စဉ်တွေကြောင့် တရုတ်နိုင်ငံကတော့ အိန္ဒိယသမုဒ္ဒရာဟာ အိန္ဒိယနိုင်ငံပိုင်မဟုတ်ဘူးလို့ဝေဖန်ခဲ့တယ်။

  တရုတ်နိုင်ငံကလည်း ၁၉၉၀ အစောပိုင်းနှစ်များကစလို့ အိန္ဒိယသမုဒ္ဒရာထဲမှာ အကျိုးစီးပွားဖြစ်ထွန်းတိုးတက်မှုတွေ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းက ဒေသတွင်းနိုင်ငံတစ်ချို့အပေါ်မှာ တိုးတက်လွှမ်းမိုးလာနိုင်မှု ရုပ်လုံးပေါ်လာခြင်းဟာ အမေရိကန်နဲ့ အခြားဒေသတွင်းနိုင်ငံတွေကို အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။ အနောက်နိုင်ငံက လုံခြုံရေးနဲ့ဆိုင်တဲ့ ဆန်းစစ်သူတွေ၊ အထူးသဖြင့် အမေရိကန်တွေကြားမှာ အင်ဒို-ပစိဖိတ်ဒေသတွင်းမှာရှိတဲ့ တရုတ်ရေတပ်ရဲ့သရုပ်သကန်ကို “String of Pearls” “ပုလဲပုတီးကုံး” မဟာဗျူဟာ ရယ်လို့ ဝေါဟာရတီထွင်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံကလည်း ၂၁ ရာစုအလည်လောက်မှာ “two-ocean maritime power” ဖြစ်လာဖို့အတွက် ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာနှစ်ခုလုံးကို လွှမ်းမိုးဖို့ သူ့နည်းသူ့ဟန်နဲ့ ရည်မှန်းချက်တွေရှိပါတယ်။ အနောက်မျှော်ဝါဒ “Go West” လို့တံဆိပ်ကပ်ထားတဲ့ တရုတ်နိုင်ငံရဲ့ ဒီပလိုမေစီ မဏာမခြေလှမ်းဟာ “a belt and a road” တည်ဆောက်ဖို့ဖြစ်ပါတယ်။ “Silk Road Economic Belt” နဲ့ ၂၁ ရာစုရဲ့ “Martime Silk Road” ကိုရည်ညွှန်းတာဖြစ်ပါတယ်။ သမ္မတ ရှီဂျင်းဖိန် (Xi Jinping) ကတော့ “Belt” နဲ့ “Road” ဟာ နှစ်ဦးနှစ်ဘက် အကျိုးရှိစေမယ့်ပူးပေါင်းဆောင်ရွက်မှု “win-win” ကိုဦးတည်တဲ့ လမ်းကြောင်းဖြစ်တယ်လို့ဆိုပါတယ်။ ကြည့်ရတာတော့ တရုတ်နိုင်ငံရဲ့ အနောက်မျှော်ဝါဒမှာ သူနိုင်ငံအတွက် ပထဝီဝင်နိုင်ငံရေးအရစိုးရိမ်ပူပန်မှုတွေ၊ ဒေသတွင်းလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေက အဓိက မောင်းနှင်အားတွေဖြစ်ပါတယ်။ ဥပမာအားဖြင့် အကြမ်းဖက်ဝါဒလို ကိစ္စမျိုးတွေကို ဆိုလိုတာပါ။ သမ္မတ ရှီဂျင်းဖိန် (Xi Jinping) က Maritime Silk Road (MSR) အယူအဆကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ၊ အင်ဒိုနီးရှားလွှတ်တော်မှာ ပထမဆုံးထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စအောင်မြင်ဖို့အတွက် အရှေ့တောင်အာရှဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ သိသိသာသာကို ပါဝင်နေပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် MSR အတွက် အဓိက သော့ချက်ဖြစ်ပါတယ်။ ယထာဘူတကျကျပြောနိုင်တာက တောင်တရုတ်ပင်လယ်က အားပြိုင်မှုတွေဟာ တရုတ်နိုင်ငံရဲ့ MSR အကောင်အထည်ဖော်မှုအတွက် အခက်အခဲဖြစ်စေပါတယ်။


အင်ဒို-ပစိဖိတ်ဒေသကို စိတ်ဝင်စားကြောင်းပြတဲ့ နောက်နိုင်ငံတစ်ခုကတော့ ဂျပန်နိုင်ငံဖြစ်ပါတယ်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) ရဲ့ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှခရီးစဉ်မှာ ဒီဒေသတွင်းမှာရှိတဲ့ ဂျပန်ရဲ့ မဟာဗျူဟာမြောက်အကျိုးစီးပွားကို ဖော်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်၊ ဂျာကာတာ မှာ ဝန်ကြီးချုပ်အာဘေးက ဂျပန်နိုင်ငံရဲ့ သံခင်းတမန်ခင်း မူအသစ် ၅ ချက် “The Bounty of the Open Seas: Five New Principles for Japanese Diplomacy” ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူ့မိန့်ခွန်းမှာ ပထမအချက်ကတော့ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာ ဆုံရာဒေသမှာ လွတ်လပ်စွာ တွေးတော၊ ရေးသား၊ ပြောဆိုခွင့်တွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။ လူသားတွေရရှိပြီးဖြစ်တဲ့ ဒီကမ္ဘာလုံးဆိုင်ရာတန်ဖိုးတွေဟာ အပြည့်ဝဆုံး ပွင့်လန်းနေရပါမယ်။ ဒုတိယအချက်အနေနဲ့ကတော့ အားလုံးအတွက်အရေးကြီးတဲ့ ဒီပင်လယ်ပြင်တွေမှာ အင်အားနဲ့ထိန်းချုပ်တာ မဟုတ်ဘဲ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ အုပ်ချုပ်ဖို့အတွက် သေချာရေရာဖို့ဖြစ်တယ်။ ဒီ ရည်ရွယ်ချက်နှစ်ခုနဲ့ ဆက်စပ်ပြီး အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ အင်အာချိန်ခွင်လျှာပြန်လည်ထိန်းညှိမှုကို စိတ်ပါလက်ပါ ကြိုဆိုပါတယ်။ တတိယအချက်အနေနဲ့ ဂျပန်သံခင်းတမန်ခင်းရဲ့အစိတ်အပိုင်းအဖြစ် လွတ်လပ်ပြီး ပွင့်လင်းတဲ့ စီးပွားရေး အပြန်အလှန်ဆက်နွယ်မှုကို ဖော်ဆောင်ဖို့ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့နိုင်ငံတစ်ခုချင်းရဲ့ အမျိုးသားစီးပွားရေးကို ပိုမိုရင်းရင်းနှီးနှီးဆောင်ရွက်ခြင်းအားဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ လူထုနဲ့ ကုန်ပစ္စည်းတွေကနေတဆင့် ချိတ်ဆက်မှုကွန်ရက်ရဲ့စွမ်းအားကို ပိုပြီးသေချာအောင်လုပ်ရပါမယ်။ အာရှနဲ့ ဆက်သွယ်မှုကို ပိုမိုတိုးတက်စေဖို့ ဂျပန်နိုင်ငံရဲ့ အကောင်အထည်ဖော်မှုတွေကတော့ မဲခေါင်ဒေသမှာ ခုလက်ရှိ ၎င်းဒေသအတွက်အကျိုးဖြစ်ထွန်းမှုကိုစတင်ဖော်ဆောင်နေတဲ့ တောင်ဘက်စီးပွားရေးစင်္ကြန် “ Southern Economic Corridor” တည်ဆောက်ခြင်းဖြစ်ပါတယ်။ စတုတ္ထကျွန်တော်ဆောင်ရွက်မယ့်အချက်ကတော့ ဒီဒေသမှာရှိတဲ့ ပြည်သူလူထုနဲ့ ဂျပန်လူထုကြားထဲမှာ အမြဲတမ်းအကျိုးဖြစ်ထွန်းစေမယ့် ယဉ်ကျေးမှုအချင်းချင်း အပြန်အလှန်ယှက်နွယ်နှီးနှောမှုကို ဆောာင်ကြဉ်းဖို့ဖြစ်ပါတယ်။ ပဉ္စမနောက်ဆုံးအချက်အနေနဲ့ကတော့ ကျွန်ုပ်တို့နိုင်ငံတွေရဲ့အနာဂတ်ကိုဆက်ခံမယ့် မျိုးဆက်သစ်တွေအချင်းချင်း အပြန်အလှန်ဖလှယ်မှုကို မြှင့်တင်ပေးဖို့ပဲဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။


ပထဝီဝင်အနေအထားအရတော့ အရှေ့တောင်အာရှကျွန်းဆွယ်ဟာ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ပေးထားတဲ့ ပေါင်းကူးတံတားပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း မကြာသေးမီကပညာရပ်ဆိုင်ရာလေ့လာချက်တွေမှာ အင်ဒို-ပစိဖိတ်ဒေသထဲက အရှေ့တောင်အာရှကျွန်းဆွယ်ရဲ့ မဟာဗျူဟာမြောက် အဓိကအချက်အခြာဖြစ်မှုကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသဟာ အခြားအရေးကြီးတဲ့ အချက်တစ်ချို့ကိုလည်း ဆုတ်ကိုင်ထားပါသေးတယ်။ ထင်ရှားတဲ့တစ်ခုကတော့ နိုင်ငံတကာကုန်သွယ်မှုနဲ့ စွမ်းအင်ထောက်ပံ့မှုကို နှောင့်ယှက်နိုင်တဲ့ မလက်ကာရေလက်ကြား (Malacca Strait) ပဲ ဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသကိစ္စရပ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဟာ ဒေသတွင်း အဖွဲ့အစည်းတွေတည်ထောင်ခြင်းနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ကူညီပံ့ပိုးတဲ့ စီမံချက်တွေကနေတဆင့် ဒေသတွင်း မဟာဗျူဟာမြောက်သေချာရေရာမှုကို အားပေးကူညီတဲ့နေရာမှာ တက်ကြွစွာပါဝင်ဆောင်ရွက်သင့်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် စိုးရိမ်မှုတွေကျယ်ပြန့်လာတာနဲ့အမျှ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အနေနဲ့လည်း အင်အားကြီးပါဝါတွေရဲ့ဒေသတွင်း ပထဝီဝင်နိုင်ငံရေးနဲ့ မဟာဗျူဟာမြောက်ပထဝီအနေအထားအတွက် ပြိုင်ဆိုင်မှုတွေမှာ တက်ကြွတဲ့အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်ဖို့လိုအပ်ပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပထဝီအနေအထားအရ အရှေ့တောင်အာရှရဲ့ အနောက်ဖက်စွန်းမှာတည်ရှိပြီး တောင်အာရှ၊ အရှေ့တောင်အာရှနဲ့၊ အရှေ့အာရှဒေသတွေနဲ့ ဆက်စပ်နေပါတယ်။ ခိုင်မာတောင့်တင်းတဲ့ ပင်လယ်ပြင်စိုးမိုးရေးစီမံချက်နဲ့ မဟာဗျူဟာသာ တိုးတက်ဖွံ့ဖြိုးလာမယ်ဆိုရင် နတ်မြစ်ဝကနေ ဘုရင့်နောင်အငူအထိ ကျယ်ပြန်တဲ့ (၂၂၂၈) ကီလိုမီတာရှည်လျားတဲ့ ကမ်းရိုးတန်းဟာ မြန်မာနိုင်ငံရဲ့ ဒေသတွင်း “maritime power” ကိုဆောင်ကြဉ်းပေးနိုင်ပါတယ်။ အိန္ဒိယသမုဒ္ဒရာအတွင်းက ဘင်္ဂလားပင်လယ်အော်နဲ့ မြေထဲပင်လယ်တို့ရဲ့ အရှေ့မြောက်ဘက်မှာ မျက်နှာချင်းဆိုင်ထားတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားဖို့အတွက် နေရာကောင်းဖြစ်ပါတယ်။ သီးသန့်စီးပွားရေးဇုန်တွေပါဝင်တဲ့ မြန်မာနိုင်ငံရဲ့ မြေပေါ်မြေအောက်သယံဇာတတွေနဲ့ ပထဝီတည်နေရာဟာ ပထဝီဝင်နိုင်ငံရေးရဲ့ဆုံချက်ဖြစ်လာမယ့် မြန်မာနိုင်ငံအတွက် အဖိုးတန်ပိုင်ဆိုင်မှုတွေ၊ အရည်အသွေးတွေပဲဖြစ်ပါတယ်။


ဇဘစ်နရီး ဘရင်န်ဇ်စကီ (Zbigniew Brzezinski) ရဲ့ အယူအဆကိုယူပြီး “မဟာဗျူဟာမြောက်ပထဝီဇာတ်ကောင်” (Geostrategic Player) နဲ့ “ပထဝီဝင်နိုင်ငံရေးဆုံချက်” (Geographical Pivot) တို့ရဲ့ အနှစ်သာရကို ရှင်းပြချင်ပါတယ်။ ဘရင်ဇ်စကီ ရဲ့ အလိုအရကတော့ “မဟာဗျူဟာမြောက်ပထဝီဇာတ်ကောင်” ဆိုတာ ပါဝါကိုကိုင်တွယ်နိုင်တဲ့ စွမ်းရည်နဲ့ အမျိုးသားစိတ်ဆန္ဒလည်းရှိပြီး တခြား ပထဝီဝင်နိုင်ငံတွေရဲ့ အရေးကိစ္စတွေကို ပြောင်းလဲနိုင်ဖို့အတွက် သူရဲ့နယ်နမိတ်ကိုဖြတ်ကျော်ပြီး သြဇာလွှမ်းမိုးနိုင်မှုရှိတဲ့ ဇာတ်ကောင်တွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ ပထဝီဝင်နိုင်ငံရေးအရ မတည်ငြိမ်မှု အလားအလာ ပင်ကိုယ်ဗီဇတော့ရှိတယ်လို့  သူကဆိုပါတယ်။ ကမ္ဘာပေါ်မှာ “မဟာဗျူဟာမြောက်ပထဝီဇာတ်ကောင်” လို့ဆုံးဖြတ်နိုင်တဲ့နိုင်ငံတွေ အများကြီးရှိပါတယ်။ သူတို့ထဲက ထင်ရှားတဲ့တစ်ချို့ကတော့ အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယ တို့ပဲ ဖြစ်ပါတယ်။ “ပထဝီဝင်နိုင်ငံရေးဆုံချက်”  ဆိုတာကတော့ ဒီနိုင်ငံတွေရဲ့အရေးပါမှုက သူတို့ရဲ့ကိုယ်ပိုင် စတင်လှုံဆော်မှုနဲ့ပါဝါကနေပြီး ဆင်းသက်လာတာတော့ မဟုတ်ပါဘူး။ ဒီနိုင်ငံတွေရဲ့ အကဲဆတ်တဲ့ တည်နေရာ နဲ့ သူတို့ရဲ့အားနည်းချက် တွေကိုအကြောင်းပြုပြီး မဟာဗျူဟာမြောက်ပထဝီဇာတ်ကောင်တွေရဲ့ ပြုမူလုပ်ဆောင်မှုတွေကြောင့် ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ အကျိုးဆက်ပဲဖြစ်တယ်လို့ ဘရင်န်ဇစကီက ပြောပါတယ်။ အများအားဖြင့် နိုင်ငံတစ်ခုကို ပထဝီဝင်နိုင်ငံရေးဆုံချက်အဖြစ်သတ်မှတ်မယ်ဆိုရင် ဒီနိုင်ငံရဲ့ ပထဝီဝင်အနေအထားအရ အရေးကြီးတဲ့နေရာမှာတည်ရှိမှု၊ ဒါမှမဟုတ် အင်အားကြီးနိုင်ငံတစ်ခုအတွက် အရင်းအမြစ်၊ သယံဇာတတစ်ခုခုကို ပေးဖို့ငြင်းဆန်မှု စတဲ့ကိစ္စရပ်တွေကနေ ဆုံးဖြတ်ပါတယ်။ တချို့ကိစ္စရပ်တွေမှာတော့ ပထဝီဝင်နိုင်ငံရေးဆုံချက်နိုင်ငံဟာ နေရာဒေသတစ်ခုအတွက် ဒါမှမဟုတ် အချက်အချာကျတဲ့နိုင်ငံတစ်ခုအတွက် ကာကွယ်ရေးဒိုင်း သဖွယ်တောင် ဖြစ်နိုင်ချေရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ ပထဝီဝင်နိုင်ငံရေးဆုံချက်တစ်ခုရှိနေခြင်းဟာ တက်ကြွတဲ့ မဟာဗျူဟာမြောက်ပထဝီဝင်အိမ်နီးချင်းနိုင်ငံတစ်ခုရဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုအတွက် အလွန်သိသာထင်ရှားတဲ့ အရေးပါမှု (အကျိုးဆက်) တွေရှိမယ် လို့ ပြောနိုင်ပါတယ်။ ဒါကတော့ ဘရင်န်ဇကီရဲ့ ရှင်းလင်းချက်ဖြစ်ပါတယ်။


အင်ဒို-ပစိဖိတ်ဒေသအတွင်း ကျွန်ုပ်တို့ မြင်နိုင်တဲ့ အဓိကအင်အားကြီးပါဝါတွေကတော့ အမေရိကန်၊ တရုတ်၊ ရုရှား နဲ့ အိန္ဒိယနိုင်ငံတွေပဲဖြစ်ပါတယ်။ မဟာဗျူဟာမြောက်ပထဝီဝင်ဇာတ်ကောင် တွေလို့လဲ ဆုံးဖြတ်နိုင်ပါတယ်။ ရုရှားကတော့ “Near Abroad” လို့သတ်မှတ်တဲ့ ဥရောပဒေသမှာရှိတဲ့ အကျိုးစီးပွားလောက် ဒီဒေသအတွင်းမှာတော့ တက်ကြွတဲ့ဇာတ်ကောင်တစ်ယောက် မဟုတ်ပါဘူး။ တရုတ်ကတော့ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ သူရဲ့ လွှမ်းမိုးနိုင်မှု မသေချာကတည်းက အန္ဒိယသမုဒ္ဒရာအတွင်းမှာ သြဇာတည်ဆောက်ရင်း ဒီဒေသတွင်းမှာ ကြီးမားတဲ့အကျိုးစီးပွားနဲ့ သိသာထင်ရှားတဲ့ မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေးဇာတ်ကောင် ဖြစ်ပါတယ်။ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်ဆာလောင်မွတ်သိပ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသကနေ စွမ်းအင်ရယူဖို့အတွက် အရှေ့တောင်အာရှရဲ့ ပင်လယ်လမ်းကြောင်းကို ကြီးကြီးမားမားမှီခိုနေရပါတယ်။ ဒါအချက်က တရုတ်နိုင်ငံအတွက် အားနည်ချက်ကိုဖြစ်စေတဲ့ (Choke Points) တွေဖြစ်ပါတယ်။ ဥပမာအားဖြင့် မလက်ကာရေလက်ကြား (Malacca Strait) လိုနေရာမျိုးဖြစ်ပါတယ်။ ဒီပြဿနာကိုကိုင်တွယ်နိုင်ဖို့အတွက် တရုတ်က အရှေ့တောင်အာရှရေပြင်ရဲ့ အဓိကနေရာတွေကိုဖြတ်သန်းပြီး လောင်စာဆီနဲ့ ဓာတ်ငွေ့ပိုက်လိုင်းအတော်များများကို တည်ဆောက်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နဲ့နယ်နမိတ်ချင်းထိစပ်နေပြီး အန္ဒိယသမုဒ္ဒရာထွက်ပေါက်ပိုင်ဆိုင်တဲ့ အရှေ့တောင်အာရှရဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။ မကြာသေးမီကပဲ တရုတ်က မြန်မာနိုင်င်ငံရဲ့ အနောက်ဘက်ဆိပ်ကမ်း ကျောက်ဖြူမြို့ကနေ ယူနယ်ပြည်နယ်ထဲက ကူမင်းအထိ လောင်စာဆီနဲ့ ဓာတ်ငွေပိုက်လိုင်းနှစ်ခုလုံး တည်ဆောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကျောက်ဖြူမြို့မှာရှိတဲ့ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံဟာ တရုတ်နိုင်ငံအတွက် အန္ဒိယသမုဒ္ဒရာထဲက မဟာဗျူဟာမြောက်အကျိုးစီးပွားဖြစ်သလို ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့ တရုတ်နိုင်ငံရဲ့ ပင်လယ်ပြင်ဆိုင်ရာ အဖိုးတန်ပိုင်ဆိုင်မှု (China’s Maritme assets) လည်းဖြစ်ပါတယ်။ အန္ဒိယနိုင်ငံအတွက်ကတော့ ဒီပထဝီဝင်နိုင်ငံရေးပြိုင်ဆိုင်မှုမှာ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးလာမှုနဲ့ အရေးပါမှုက အင်ဒို-ပစိဖိတ်ဒေသမှာရှိတဲ့ သူရဲ့ မဟာဗျူဟာမြောက်အကျိုးစီးပွားကို ကျဆင်းစေတာအမှန်ပါပဲ။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်တော်တော်များများက တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကို ခုခံနိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ပြီး မြန်မာနိုင်ငံရဲ့ ပင်လယ်ပြင်ဆိုင်ရာစွမ်းပကားမြှင့်တင်ရာမှာ ကူညီပံ့ပိုးပေးခဲ့ပါတယ်။


ဒီအချက်တွေအားလုံးပေါ်မှာမူတည်ပြီး တရုတ်နဲ့အိန္ဒိယရဲ့ပြိုင်ဆိုင်မှုနဲ့ မြန်မာနိုင်ငံရဲ့ပထဝီဝင်တည်နေရာကို သံသယရှင်းရှင်းနဲ့ ကောက်ချက်ဆွဲနိုင်တာကတော့ မြန်မာနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင်းက မဟာဗျူဟာမြောက်ပထဝီဇာတ်ကောင်တွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ မဟာဗျူဟာမြောက်အကျိုးစီးပွားကို ကိုင်လှုပ်နိုင်တဲ့ “ပထဝီဝင်နိုင်ငံရေးဆုံချက်” နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ဆိုတာပါပဲ။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်တာမူဝါဒတွေဟာ တရုတ်နဲ့ အိန္ဒိယရဲ့ မဟာဗျူဟာမြောက်အားပြိုင်မှုကို အဆုံးအဖြတ်ပေးနိုင်တဲ့ သော့ချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အရေးကြီးတာကတော့ ကိုယ့်နိုင်ငံရဲ့ပထဝီဝင်တည်နေရာကနေ အကောင်းဆုံးအကျိုးကျေးဇူးတွေကိုရယူပြီး မဟာဗျူဟာမြောက် ပထဝီဝင်ဇာတ်ကောင်နှစ်ယောက်ကြားမှာ ချီးကျူးထိုက်တဲ့ “ပထဝီဝင်နိုင်ငံရေးဆုံချက်” နိုင်ငံတစ်ခုဖြစ်ဖို့ပါပဲ။ ကိုယ့်နိုင်ငံရဲ့ ပထဝီဝင်တည်နေရာရဲ့ အားသာချက်ကို ဘာသာပြန်(ထုတ်ယူသုံးစွဲ)နိုင်တဲ့ စိတ်ဆန္ဒနဲ့ စွမ်းအားမရှိရင်တော့ မြန်မာနိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသတွင်းက အင်းအားကြီးပါဝါနှစ်ခုရဲ့ ပြိုင်ဆိုင်မှုကြားမှာ နယ်ရုပ်လေးတစ်ခုသဖွယ် ဖြစ်လာပါလိမ့်မယ်။

                             မောင်အောင်မျိုး

Translated by Ye Phone Kyaw (9/4/2015 /TUE/ 21 00/At IUJ)
(မူရင်းဆောင်းပါး၏ဆိုလိုရင်းနှင့်သွေဖီပြီး လိုအပ်ချက်အားနည်းချက်များရှိခဲ့ရင် ဘာသာပြန်သူ၏လိုအပ်ချက် အားနည်းချက်သာဖြစ်ပါကြောင်း။
မူရင်းဆောင်းပါး-https://www.facebook.com/photo.php?fbid=10205110863268831&set=ms.c.eJxVzcENADEMAsGOIsBOjv4rO35xvqMVEMIm4VNsW168omMXpxQiehpFMOXLTtcjjvSUHLn3Dx7sGPg~-.bps.a.10205110862948823.1073741839.1161534975&type=1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...