Saturday, April 11, 2015

“ပြန်မပြောရင် ပြောချင်တယ်”


ကချင်မလေးတစ်ယောက်နဲ့ သူ့ရဲ့ အမေရိကန် မွေးစားအမေအကြောင်း ဖတ်ရတော့ ကျနော့စိတ်ထဲမှာ တွေးစရာတွေ အများကြီးပေါ်လာတယ်။
ဟိုး မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်က ဒွဲဘူ မရစ်ပ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ဆယ်ကျော်သက်အရွယ်လေးမှာပဲ မလေးရှားကို ခိုးဝင်ပြီး ဘဝကို ရုန်းကန်နေရတယ်။
ကွာလာလမ်ပူက ဂျပန်စားသောက်ဆိုင်တစ်ခုမှာ တရားမဝင် အလုပ်လုပ်ရင်း မြန်မာပြည်ကလာတဲ့ ဘဝတူတွေနဲ့ အတူနေထိုင်ခဲ့တယ်။
တစ်နေ့မှာ သူတို့နေတဲ့ အိမ်ကို မလေးရှားအာဏာပိုင်တွေ ဝင်ဖမ်းတော့ ပိန်ပိန်သေးသေးး ဒွဲဘူက ကုတင်အောက်မှာ ဝင်ပုန်းနေလို့ လွတ်သွားပြီး ကျန်တဲ့လူတွေတော့ အဖမ်းခံသွားရသတဲ့။ ဒီတော့ ဒွဲဘူလည်း ကုလသမဂ္ဂ ဒုက္ခသည်ရုံးမှာ စာရင်းပေးပြီး ခိုလှုံခွင့် လျှောက်ထားလိုက်ရတယ်။
သူ့လို အရွယ်မရောက်သေးတဲ့ တစ်ကောင်ကြွက်လေးတွေကို မွေးစားမယ့်သူ ရှိမှ တစ်ခြားနိုင်ငံကို ပို့ပေးတာဆိုတော့ သူ့ခမျာလည်း ၂ နှစ်ကျော်လောက် တစ်မျှော်မျှော် စောင့်ရရှာတာပေါ့။ ၂၀၀၈ ခုနှစ်၊ အသက် ၁၇ နှစ်မှာ လူသာရင်ခရစ်ယာန်အသင်းက တာဝန်ယူလို့ အမေရိကန် ပြည်ထောင်စုကို မျက်စိသူငယ်နဲ့ ရောက်လာပါတော့တယ်။
သူ့ကို မွေးစားမယ့်သူက ဝါရှင်တန်ပြည်နယ်၊ အဲဗားရက်မြို့က အက်ဒရီယာနာ ဂယ်လက်ဂါဆိုတဲ့ အသက် ၄၃ နှစ်အရွယ် ကျောင်းဆရာမတစ်ယောက်ပါ။ သားသမီးမရှိတဲ့ တစ်ကိုယ်ရေ အမျိုးသမီးအနေနဲ့ လူမျိုးခြား ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ကို ကျွေးမွေးစောင့်ရှောက် မြေတောင်မြှောက်ပေးဖို့ မလွယ်မှန်းသိပေမယ့်လည်း ဒွဲဘူကို မွေးစားမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တယ်တဲ့။
မြန်မာပြည်မှာ ကျောင်းကောင်းကောင်း မတက်ခဲ့ရဘဲ အသက် ၁၇ နှစ်အထိ ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရတဲ့ ဒွဲဘူဟာ အမေရိကားကို ရောက်လာပြီး အဲဗားရက် အထက်တန်းကျောင်းမှာ တက်ရပြီဆိုတော့ သူ့ဘဝလေး အေးချမ်း သာယာသွားလေပြီ ဆိုတဲ့ ပျော်စရာဇာတ်သိမ်းလေး ဖြစ်သွားမှာပဲ။
ဒါပေမယ့်၊ အဲဒီလိုလည်း မဟုတ်သေးဘူး။
သူတို့သားအမိရဲ့ ပြဿနာကို ကြားရင် ကျနော်တို့ မြန်မာတွေ အံ့အားသင့်သွားမှာ အမှန်ပဲ။ ကျောင်းဆရာမအမေနဲ့ တစ်ပြည်သူ မွေးစားသမီးရဲ့ ပြဿနာက ‘မိဘကို ပြန်မပြောတဲ့ကိစ္စ’ ပါတဲ့ဗျာ။
ဒွဲဘူလို မိဘမဲ့ တစ်ကောင်ကြွက်၊ သူများခိုင်းသမျှ လုပ်ပြီး ဘဝကို တစ်ယောက်တည်း ရုန်းကန်လာရသူလေးတစ်ယောက်က ကိုယ့်ကို ကယ်တင်ပြီး ခုလို ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်တဲ့ ကျေးဇူးရှင် အမေကို ခွန်းတုန့်ပြန် ဘယ်ပြောမလဲ။ ကျနော်တို့ အာရှလူမျိုးတွေအနေနဲ့ လူကြီးသူမကို ပြန်ပြောတယ်ဆိုတာ အင်မတန် မိုက်ရိုင်းဆိုးသွမ်းတယ်လို့ ယူဆကြတာ မဟုတ်လား။
ကျနော်တို့ မြန်မာပြည်သူတွေက “ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့” ဆိုတဲ့ စစ်တပ်ပုံသွင်း လူနေမှုစနစ်ထဲမှာ ကြီးပြင်းခဲ့ရတာပါ။
ဒီတော့ ကချင်မလေး ဒွဲဘူဟာ သူ့ ကျေးဇူးရှင်အမေ အက်ဒရီယာနာ ပြောသမျှ ခေါင်းငုံ့ခံတယ်၊ ဘယ်သောအခါမှ ပြန်မပြောဘဲ ငြိမ်ငြိမ်လေး နားထောင်တယ်။ အမေက သူ့ကို ပြောဆိုဆူပူလို့ မကျေနပ်လည်း ငြိမ်ခံတယ်၊ ဝမ်းနည်းရင်လည်း ငြိမ်ခံတယ်၊ စိတ်ဆိုးရင်လည်း ငြိမ်နေတာပဲတဲ့။ အမေပြောရင် ပြောတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာတယ်။ မြန်မာပြည်မှာဆို မိဘစကားကို မြေဝယ်မကျ နားထောင်တဲ့ သမီးအလိမ္မာလေးဆိုပြီး ဖူးဖူးမှုတ် ချစ်မှာပဲ။
ဒါပေမယ့်၊ အမေရိကားမှာတော့ အမေကို ပြန်မပြောရကောင်းလားဆိုပြီး သူ့အမေက မကျေနပ်ဖူး။ ပြဿနာလုပ်တော့တာပဲ။
အဲဒါနဲ့ counseling ဆိုတဲ့ တိုင်ပင်ဆွေးနွေးရေး လုပ်ရတဲ့ အဆင့်ထိရောက်သွားရော။ အမေရိကားမှာ မိဘနဲ့သားသမီး၊ လင်နဲ့မယား၊ ဆရာနဲ့တပည့် အဆင်မပြေရင် အဲဒီ counseling မှာ သက်ဆိုင်ရာ ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး အဖြေရှာ ဖြေရှင်းကြတဲ့ စနစ်ရှိတယ်လေ။
ဒီတော့ အမေ ဖြစ်စေချင်တဲ့ ဆန္ဒကို သမီး ဒွဲဘူနားလည်အောင် ရှင်းပြပေးကြတယ်။ သားသမီးက ခုလို ငြိမ်ပြီး ပြောသမျှ နားထောင်တာမျိုးကို အမေရိကန်မိဘတွေက မလိုချင်ဘူး။ သားသမီးတွေက ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဆန္ဒရှိတာကို ပွင့်ပွင့်လင်းလင်း မိဘကို ပြောရမယ်။ မိဘက လုပ်ခိုင်းပေမယ့် ကိုယ်မလုပ်ချင်ရင်၊ ကိုယ်မကြိုက်ရင် ငြင်းရမယ်တဲ့။ (ကျနော်တို့ မြန်မာပြည်မှာဆို မိဘက ခိုင်းလို့ ဝါသနာ တစ်စက်မှ မပါဘဲ ဆေးကျောင်းတက်ရသူတွေ တစ်ပုံကြီး တွေ့ဖူးကြမှာပဲ။)
ဒီနေရာမှာ မိဘနဲ့ ခွန်းကြီးခွန်းငယ် စကားများ ရန်ဖြစ်တာမျိုး မဟုတ်ဘဲ၊ ကိုယ့်ဖက်က အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ ဆင်ခြေပေးပြီး ရှင်းပြတာမျိုးကို ဆိုလိုတာပါ။
အဲဒီလို သားသမီးက အကျိုးသင့်အကြောင်းသင့် ပြန်ပြောရင်လည်း မိဘက ဇွတ်မလုပ်ခိုင်းဘူး။ (အဲဒါကိုလည်း မြန်မာမိဘတွေ သဘောပေါက် နားလည်ဖို့ ခက်ပါတယ်။ မိဘက ဒါဆို ဒါပဲ၊ ဗူးဆို ဖရုံမသီးတဲ့ မိဘတွေ အများကြီးပါ။)
နောက်ဆုံးတော့ ဒွဲဘူလည်း သူ့အမေရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီး သူ့အမေရဲ့ ဆန္ဒအတိုင်း သူရဲ့ ခံစားချက်တွေ၊ ရည်မှန်းချက်တွေကို အမေနဲ့ ဖွင့်ပြီး တိုင်ပင်ဆွေးနွေးတယ်။ သားအမိချင်း ပိုပြီး ရင်းနှီးပွင့်လင်းစွာ ဆက်ဆံပြီး နီးနီးကပ်ကပ် နွေးထွေးမှု ရှိလာတယ်။
ဒွဲဘူရဲ့ စကားအတိုင်း ပြောရရင်တော့၊ “The greatest thing was learning to speak up,” she said. “That's not something you can adapt to so easily.” (အကြီးဆုံးကိစ္စကတော့ ဖွင့်ပြောတတ်အောင် သင်ယူရတာပါ၊ အဲဒါက သိပ်လွယ်လွယ်နဲ့တော့ လုပ်လို့ ရနိုင်တာ မဟုတ်ပါဘူး) လို့ သူက ပြောတယ်။
ခုတော့ ဒွဲဘူဟာ ကောလိပ်ကျောင်းက AA လို့ခေါ်တဲ့ အငယ်တန်း ဘွဲ့တစ်ခုကို ဓာတုဗေဒအဓိကနဲ့ ဆွတ်ခူးနိုင်ခဲ့ပါပြီ။ ဝါရှင်တန်ပြည်နယ် တက္ကသိုလ်မှာ ဇီဝဓာတုဗေဒ ဘွဲ့ယူဖို့ ပညာသင်နေရင်း သွားဆရာဝန်တစ်ယောက် ဖြစ်ဖို့ ရည်မှန်းချက်နဲ့ ကြိုးစားနေတယ်လို့ သိရပါတယ်။
(ဒီနေရာမှာ သတိပြုသင့်တာ တစ်ခုကို ထောက်ပြချင်ပါသေးတယ်။ မြန်မာပြည်မှာ မယ်မယ်ရရ ကျောင်းမနေခဲ့ရဘဲ မလေးရှားက ဂျပန်စားသောက်ဆိုင်မှာ ရရာအလုပ် လုပ်ခဲ့ရတဲ့ ကချင်မလေးဟာ အမေရိကားရောက်ပြီး အချိန်တိုတို ၇ နှစ်လောက်အတွင်း ဒီလောက်အထိ ပေါက်မြောက်အောင် သင်ယူနိုင်တဲ့ ပညာရေးစနစ်ကို ချီးကျူးသင့်ပါတယ်။ မြန်မာပြည်က ကျောင်းသားလေးတွေ ဆန္ဒပြတောင်းဆိုနေတာလည်း ဒီလို ပညာရေးစနစ်မျိုး လိုချင်ရှာလို့ ဖြစ်မှာပါ။)
အခု အသက် ၄၉ နှစ်ရှိပြီ ဖြစ်တဲ့ မွေးစားအမေ အက်ဒရီယာနာလည်း သူ့သမီးအတွက် အရမ်းဂုဏ်ယူနေပြီလေ။ “ကျွန်မသမီးက ရည်မှန်းချက်ကြီးကြီးနဲ့ ကြိုးစားနေတဲ့သူ ဖြစ်နေပြီ၊ ဘယ်တော့မှ အောက်ခြေဘဝကို ပြန်သွားမှာ မဟုတ်တော့ဘူး” လို့ လက်မထောင်ပြီး ပြောနေတယ်။
သူလိုချင်တာ မိဘပြောသမျှ ခေါင်းငုံ့ နားထောင်တဲ့ သားသမီးမဟုတ်ဖူး။ ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးရဲတဲ့ အနာဂတ်ရဲ့ ကြယ်ပွင့်လေးကို ပြင်ပြင်းပြပြ လိုချင်တာပါ။
(အမေရိကန် မွေးစားမိခင် အက်ဒရီယာနာ ဂယ်လက်ဂါ နဲ့ သမီး ကချင်မလေး ဒွဲဘူတို့ရဲ့ ကြည်နူးစရာ ဓာတ်ပုံလေးပါ။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...