Friday, April 24, 2015

ရင်နင့်စေခဲ့သော


ပြောပြရင် ယုံနိုင်စရာတောင် မရှိဘူးဗျာ။ မျက်စေ့ရှေ့မှာတင် ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့တာတောင်မှ စိတ်ထဲက မယုံချင်ဘူး။ ဒါမဖြစ်နိုင်ဘူး။ ဒီလောက်အခြေအနေထိ ဖြစ်နိုင်မတဲ့လား။ မယုံနိုင်ဘူး။ မယုံချင်ဘူး။ မျက်စေ့အမြင်မှားတာသာ ဖြစ်လိုက်ပါတော့။

.
ဒီကနေ့ ညနေပိုင်းမှာ ကျနော်တို့ တွဲလက်များအဖွဲ့ရယ်, အဖြူရောင်ဧရာဝတီအဖွဲ့ရယ်, မြို့နယ်မီးသတ်တပ်ဖွဲ့ရယ်ပေါင်းပြီး ကျောက်ကွဲကြီးကျေးရွာ မူလတန်း (ခွဲ) ကျောင်းလေးကို သွားကြည့်ဖြစ်ခဲ့ကြတယ်။



လပွတ္တာမြို့ရဲ့အထက်ဘက် ကားလမ်းမအတိုင်း ၁၆ မိုင် ၄ ဖာလုံ သွားလိုက်တဲ့အခါ ကျောက်ကွဲကြီးကျေးရွာကို ဝင်ရမယ့် အဝင်ပေါက်ဆီ ရောက်ပြီ။ အဲဒီကမှ အတွင်းထဲကို ၁ မိုင်လောက် ဆက်ဝင်သွားပါမှ ရွာကလေးကို ရောက်တော့တာ။ ဆိုရရင် ကားလမ်းမရဲ့အတွင်းဘက်မှာ တသီးတခြား တည်ရှိနေတဲ့ရွာလေး။
.
မီးသတ်ဦးစီးမှူးက မောင်းပို့တဲ့ မီးသတ်ကားလေးနဲ့ ရွာလမ်းအတိုင်း ကျနော်တို့် ဝင်သွားကြတယ်ဆိုရင်ပဲ အိမ်ဝန်းကလေးတွေထဲက ရေပုံးလေးတွေ ဆွဲဆွဲပြီး ထွက်လာကြပါရော။

မီးသတ်ရေသယ်ယာဉ်နဲ့ သူတို့ရွာကို သောက်ရေလာလှူတယ်မှတ်ပြီး အားရဝမ်းသာ ထွက်လာကြရှာတာ။ လူငယ်လေးနှစ်ယောက်ကဆိုရင် ရေလိုချင်လို့ ကျောက်စည်ကြီးကိုထမ်းပြီး ကားနားထိ ရောက်လာကြတယ်။ ကျနော်တို့ ရေသွားလှူဖြစ်ဦးမှာပါ။
.
ဒီလိုနဲ့ ရွာလည်လောက်ကို ရောက်တယ်ဆိုရင်ပဲ ... တွေ့ပါပြီ ... ကျနော်တို့ မြင်ချင်တဲ့ စာသင်ကျောင်းလေး။
.
စာသင်ကျောင်းကလေးကို မြင်လိုက်ရတဲ့အခိုက် ကျနော်တို့အားလုံး ရင်ထဲမှာ နင့်ကနဲ ခံစားလိုက်ရတာ ဘာစကားလုံးနဲ့မှ ပြောမပြနိုင်လောက်အောင်ပါပဲ။
.
လယ်လုပ်ငန်းလေး မဖြစ်စလောက်နဲ့ တောင်ကြောတွေပေါ်မှာ ထင်းခုတ်, ဝါးခုတ်ပြီး အသက်မွေးရတဲ့ ရွာကလေးမို့ ပညာသင်အရွယ် ကလေးတွေအဖို့ နွမ်းပါးချို့တဲ့ရှာမှာပဲ ဆိုတဲ့အသိနဲ့ တတ်အားသမျှကူညီဖို့ ကျနော်တို့ သွားကြည့်ခဲ့ကြတာ။
.
တကယ်တော့ ကျနော်တို့ ထင်ထားတာထက် အများကြီး ချို့တဲ့ကြပါတယ်။ စာသင်ကျောင်းကလေးက ၁၅ ပေပတ်လည်လောက်သာ ကျယ်တာလေ။ အဲဒီကျင်းကလုတ်လေးထဲမှာပဲ သူငယ်တန်း, ၁တန်း, ၂တန်း, ၃တန်း, ၄တန်း အကုန်လုံးကို ပြွတ်သိပ်ထိုးထည့်ပြီး ဆရာမလေး ၁ ယောက်တည်းနဲ့ စာသင်ရတယ်။ ပညာရေးဌာနက သင်ကြားမယ့်ဆရာ ချမပေးလို့ ရွာကစုပြီး ငှါးထားရတဲ့ ဆရာမလေးပေါ့။
.
၁၅ ပေ ပတ်လည်လောက်ပဲရှိတယ်ဆိုတဲ့ ကျောင်းဆောင်လေးကလည်း ဝါးနဲ့ဆောက်ထားပြီး ယိုင်နဲ့နဲ့ရယ်။ ဓနိမိုးပြီး စလူဖက်ကာထားတာပေါ့။ ဓနိအမိုးတွေ ပေါက်ပြဲပီး အကာတွေကလည်း ကျိုးပဲ့နေတဲ့ အဲဒီကျောင်းဆောင်လေးမျိုး ကျနော်တို့တစ်သက် တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ရင်ထဲမှာ နင့်နေအောင် စိတ်မကောင်း ဖြစ်ကြရင်းမှာပဲ *ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့* ဆိုတာကို သတိရမိသေး။
.
လာမယ့်စာသင်နှစ်မှာတော့ ကျောင်းအဆောက်အဦးကို ရွာရဲ့စုပေါင်းအားနဲ့ ပြန်ဆောက်ကြမယ်လို့ ရွာလူကြီးက ပြောပါတယ်။
.
ကျနော်တို့ အားလုံးကလည်း ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးကို တတ်အားသမျှ ကူညီလှူဒါန်းပေးဖို့နဲ့ တစ်နှစ်တာ သင်ကြားရေးကုန်ကျစရိတ်များကို တာဝန်ယူပေးကြမယ်လို့ တိုင်ပင်ဖြစ်ခဲ့ကြတယ်။
.
ကိုကြည်နိုင်
၂၂. ၄. ၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...