Wednesday, April 22, 2015

“ရွှေတံခါးကြီး ဖွင့်ပါဦး”

         ငါးကန်ထဲမှာ ပလုံစီထနေအောင် အောက်ဆီဂျင်ပေးပြီး မွေးထားတဲ့ ရွှေငါးကလေးများဟာ မီးပျက်ပြီဆိုတာနဲ့ ပါးစပ်ကလေးတွေ ဟစိဟစိလုပ်ပြီး ရေမျက်နှာပြင်ပေါ် ပေါ်လာသလိုပဲ ကိုယ့်သမီးအလိမ်မာလေးဟာလည်း နွေခေါင်ခေါင် မီးကလေးများ ပျက်မှဖြင့် ပူလှချည်ရဲ့ လောင်လှချည်ရဲ့ဆို ဘယ်အိမ်မှာ မီးလာသလဲ။ မီးလာတဲ့အိမ်ကို ပြေးဖို့ အထုပ်ပြင်တော့တာပါပဲ။ အင်ဗာတာတွေအားကိုးနဲ့ မှောင်မှာကို သည်လောက်မကြောက်သော်ငြားလည်း အဲယားကွန်းဖွင့်လို့မရမှာကိုတော့ မခံစားနိုင်ဘူးတဲ့။ အဲ့လောက်ကြီးလည်း မဟုတ်သေးပါဘူးလေ။ သူ့အဖေ ငယ်ငယ်တုန်းကဆို အဲယားကွန်းကို မဆိုထားနဲ့ ပန်ကာတောင် အိမ်မှာ မရှိလို့ ယပ်တောင်ကလေး တဖြတ်ဖြတ်ခတ်အိပ်ရတာ မဟုတ်လား။ သူကတော့ အံ့သြတကြီး “အဲယားကွန်းကတော့ ထားပါတော့။ ပန်ကာက ဘာလို့မရှိရတာလဲ။ ဈေးလည်း မကြီးပဲနဲ့။” လို့ဆိုတော့ ဟိုးတုန်းက ခေတ်အခါမှာ ပန်ကာဆိုတာတောင် အိမ်တိုင်း မရှိတဲ့အကြောင်း ရှင်းပြရပါတယ်။
ကိုယ့်သားသမီးတွေ ပညာတတ်ကြီးဖြစ်အောင် ဘွဲ့ရအောင် မိဘက အငတ်ခံကျောင်းထားရတဲ့ ရည်ရွယ်ချက်ဟာ သူတို့ကြီးလာရင် နေပူစပ်ခါး ထွက်စရာမလိုပဲ ပန်ကာအောက် ဇိမ်နဲ့ထိုင် အလုပ်လုပ်နိုင်အောင်လို့ ဆိုတာ နောက်ပြောတာ မဟုတ်ဘူး။ အတည်ကြီး။ ပန်ကာအောက်ထိုင် အလုပ်လုပ်တယ်ဆိုတာ အရာရှိကြီးတွေမှ လုပ်နိုင်တာလေ။ ဟိုတုန်းက ပန်ကာ၊ ရေခဲသေတ္တာ၊ တယ်လီဖုန်းဆိုတာ လူသာမန် အရပ်သားတွေနဲ့ လားလားမှ မထိုက်တဲ့ မင်းသုံးတော်ဝင် ဇိမ်ခံပစ္စည်းများပါ။ သမီးစိတ်ထဲမှာ ဟိုတုန်းက မြန်မာတွေဟာ တော်တော်ဆင်းရဲကြတာပဲနော်လို့ ထင်သွားမှာစိုးတဲ့အတွက် အဲ့ဒီတုန်းက အဲ့ဒီပစ္စည်းတွေဟာ ပိုက်ဆံရှိတိုင်းလည်း ဝယ်လို့မရ။ ဆိုရှယ်လစ်စီးပွားရေး ဥပဒေအရ တားမြစ်ကန့်သတ်ထားတဲ့ ပြည်ပပို့ကုန်တွေဖြစ်တဲ့အကြောင်း ရှင်းပြရပါတယ်။ ၉၉ မှာ မွေးတဲ့ သမီးကို ၈၈ မတိုင်ခင်က မြန်မာပြည်ကြီး ဘယ်လိုဘယ်ပုံဖြစ်နေတယ်ဆိုတာ နားလည်နိုင်စေဖို့ အတိတ်က ကိုယ်တို့ကျင်လည်ခဲ့တဲ့ ဆိုရှယ်လစ်ခေတ်ကြီးနဲ့လည်း နည်းနည်းပါးပါး မိတ်ဆက်ပေးဖို့ လိုပြီ ထင်ပါတယ်။

          ဆိုရှယ်လစ်စီးပွားရေးစံနစ်ဆိုတာ တိုင်းပြည်ရဲ့ အဓိကစီးပွားရေးနဲ့ ကုန်ထုတ်လုပ်ငန်းကြီးတွေကို ပုဂ္ဂလိကပိုင် မဟုတ်ပဲ ပြည်သူပိုင်လို့ခေါ်ခေါ် နိုင်ငံပိုင်လို့ခေါ်ခေါ် တကယ်တမ်းတော့ အစိုးရက ပိုင်တဲ့ စံနစ်ဖြစ်ပါတယ်။ အရင်းရှင်စံနစ်မှာ အရင်းရှင်ကပိုင်တယ်ဆိုတဲ့ အရင်းအနှီးကြီးတွေကို အစိုးရက ပြည်သူတွေပိုင်တယ်လို့ ခေါင်းစဉ်တပ်ပြီး သူပိုင်ပစ္စည်းသဖွယ် စီမံခန့်ခွဲတာပါ။ တခြားနိုင်ငံတွေမှာတော့ မပြောတတ်ဘူး။ ကိုယ်တို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကတော့ အဲသည်သဘောအတိုင်း လုပ်ခဲ့တယ်လို့ မြင်ပါတယ်။ အဲသလိုလုပ်ဖို့ ပထမဦးဆုံးလှမ်းရတဲ့ ခြေလှမ်းကတော့ ပြည်သူပိုင်သိမ်းတယ်ဆိုတဲ့အလုပ်ပါပဲ။ ရှိနှင့်ပြီးသား ကြီးကြီးမားမား ပိုင်ဆိုင်မှုကြီးတွေနဲ့ လုပ်ငန်းအကြီးစားတွေကို အစိုးရက ဆိုရှယ်လစ်စီးပွားရေးဥပဒေဆိုတာကြီးနဲ့ ကိုင်တုပ်ပြီး အကုန်သိမ်းယူလိုက်ပါတယ်။ ချင်းချောင်းနန်းတော်ဆိုတာကြီးနဲ့ အနီးအနားဝန်းကျင် ဧကများစွာသောမြေကွက်တွေ၊ အရှေ့တောင်အာရှမှာ အကြီးဆုံးဆိုတဲ့ သမ္မတဟိုတယ်နဲ့ ရုပ်ရှင်ရုံကြီး၊ စိန်ပေါ၊ စိန်ဂျွန်း၊ စိန်ဖလိုးမီးနား၊ စိန်သြဂတ်စတင်း အစရှိတဲ့ သာသနာပြုကျောင်းတွေ၊ ဖဲထီးစက်ရုံ၊ နိုင်လွန်စက်ရုံ၊ ဘီစကစ်စက်ရုံ အစရှိတဲ့ ခဲတံချွန်စက်ထက်ကြီးသမျှ စက်မှုလုပ်ငန်းကြီးတွေ၊ အစစအရာရာ ပြည်သူပိုင်ဆိုတဲ့ ခေါင်းစဉ်အောက်ကို တပေါင်းတစည်းတည်း ရောက်ရှိသွားပါတယ်။ လူတန်းစား ကွဲပြားကွာဟမှု ပပျောက်ဖို့ လူမွဲတွေကို သူဋ္ဌေးဖြစ်အောင် မလုပ်နိုင်သေးခင် သူဋ္ဌေးတွေကို မွဲကုန်အောင် လုပ်ပလိုက်တော့ ဘာပဲပြောပြော တန်းညှိစရာ မလိုတော့ဘူးပေါ့။ ဟုတ်တယ် မဟုတ်လား။

          လူမွဲတွေက နေ့ချင်းညချင်း သူဋ္ဌေးမင်းရဲ့ စည်းစိမ်ဥစ္စာတွေ လက်ဝယ်ပိုင်ပိုင်ရရှိကုန်မှပဲဟာ မချမ်းသာပဲ ဘယ်နေပါ့မလဲ ထင်တယ်ပေါ့။ ရှိသမျှပစ္စည်း လှည်းနဲ့တိုက်ပြီး ဝေပုံကျပြန်ခွဲပေးတာမှ မဟုတ်တာ။ လေယာဉ်ပျံ မျောက်တက်သိမ်းထားတိုင်း မောင်းလို့ရမယ်မှတ်နေ။ အဲ့ဒါကြီးတွေ ပုံမှန်လည်ပတ်ပြီး အမြတ်အစွန်းရရှိဖို့၊ အဲသည်အမြတ်အစွန်းတွေ ပြည်သူလူထု အကျိုးစီးပွားအတွက်ဖြစ်ဖို့ ဆိုတာတွေကို မှန်မှန်ကန်ကန် မဖော်ဆောင်နိုင်ရင် သူတို့ရည်မှန်းတဲ့ ဆိုရှယ်လစ်ပန်းတိုင်မရောက်ပဲ သူခိုးဓါးပြက ရှင်ဘုရင်တက်လုပ်တဲ့ ဘဝကိုပဲရောက်သွားမှာပေါ့။ ကိုယ်တို့တိုင်းပြည်မယ် ဆိုရှယ်လစ်ပန်းတိုင်ဆိုတာကြီး ရွှေပြည်တော်မျှော်တိုင်းဝေးခဲ့ရတာ ဘာဖြစ်လို့လဲဆိုတာကို ဘယ်သူကမှ ပြန်မသုံးသပ်ရဲဘူး။ ငယ်ကျိုးငယ်နာတွေ ပေါ်ကုန်မစိုးလို့ ဦးနေဝင်းခေါင်းပေါ်ပုံချပြီး ပြည်ဖုံးကားချထားကြတယ်။ သူက အဓိကတာဝန်ရှိတာ မှန်တယ်။ ဒါပေမယ့် သူ့တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး။ မလိုတော့ပါဘူးလေ။ တရားခံတွေ့နေမှ။ ငါလည်းပါတယ် ဒိုင်ဗင်ဝင်ပစ်စရာလား။  ဖြစ်သမျှဒဏ် ငဝက်ခံလိမ့်မယ်။ (ဒေါ်လာရှစ်သိန်း ရမလားလို့ လော်ဘီဝင်လုပ်ကြည့်တာပါ။ ခိခိ)

          အဲသည်သိမ်းထားတဲ့ ပြည်သူပိုင်စီးပွားရေးလုပ်ငန်းကြီးတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေလက်အောက်ကို ပို့တန်ပို့၊ ပို့မရရင် သမဝါယမလုပ်ငန်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဌာနဆိုင်ရာတွေက စီမံခန့်ခွဲခဲ့တယ်။ အကျိုးအမြတ်နဲ့ ထွက်ကုန်တွေကို ပြည်တွင်းမှာ ဖြန့်ဝေတဲ့အခါ အောက်ခြေအဆင့်ထိမရောက်ပဲ လူကြီးမကျတကျ နေရာလောက်တော့ ရောက်အောင် ဆင့်ပါးစပ်နှမ်းပက်ခဲ့သားပဲ။ သို့သော်လည်း ဈေးကွက်ကိစ္စမှာ ပြည်ပသွင်းကုန်တွေနဲ့ မယှဉ်နိုင်တာကြောင့်ရော၊ တိုင်းပြည်ကနေ နိုင်ငံခြားငွေ အပြင်မထွက်စေချင်တာကြောင့်ရော၊ ပြည်ပသွင်းကုန် အားလုံးကို တားမြစ်ပိတ်ပင်ပလိုက်တယ်။ အဲ့ဒါကြောင့် ကိုယ်တို့ငယ်ငယ်က သုံးသမျှဟာ မနက်ဆို ပက်ဆိုးဒင့်သွားတိုက်ဆေးနဲ့ သွားတိုက်တယ်။ ကုန်နေလို့ မဝယ်ရသေးရင် ဖွဲပြာနဲ့လည်းရတယ်။ ဆားနဲ့လည်း ရတယ်။ ရေချိုးတော့ ကာဘော်လစ်ဆပ်ပြာ၊ အဝတ်လျှော်တော့ ရွှေဝါဆပ်ပြာ (မှိုတွေကို ဓါးနဲ့ခြစ်ပစ်ပြီးမှ လျှော်လို့ရတယ်)၊ ထမင်းစားတော့ သမိုင်းကထုတ်တဲ့ ကြွေရည်သုတ် ဒန်ပန်းကန်၊ ဒန်ဇလုံ၊ ဧည့်သည်စောင်သည်လာမှ သာယာဝတီ ကြွေပန်းကန်ထုတ်သုံးတာ။ ခုခေတ်သုံးတဲ့ ရွှေရေးပန်းရေး ကြွေပန်းကန်အစုံလိုက်တို့။ စတီးချိုင့်၊ စတီးရေခွက်တို့ဆိုတာ သူဋ္ဌေးအိမ်ဧည့်ခန်းထဲမှာ ရှိုးကေ့စ်နဲ့ လူမြင်အောင် ကြွားတဲ့ ပစ္စည်းတွေ။ လက်ဘက်ရည်ကြမ်းဝိုင်းတည်ရင် ဒန်ခရားလေးနဲ့ တော်လှပေါ့။ ပဒုမ္မာဓါတ်ဗူးဆိုတာ လူကြီးအိမ်မှာမှ သုံးနိုင်တယ်။ ရေခဲရေအေးအေးလေး သောက်ချင်ရုပ်ရှင်ရုံအောက်သွား၊ တစ်ခွက်ဆယ်ပြားနဲ့ဝယ်သောက်။ အအေးသောက်ချင် ဆယ့်ငါးပြား ပြားနှစ်ဆယ်ကုန်မယ်။ ရှာလပတ်ရည်တဲ့။ ပရဆေးဆိုင်က ဆေးသကြားခဲ သေးသေးလေးရယ်၊ အချဉ်မှုန့် အနေတော်လောက်ကလေးရယ် စပ်လိုက်၊ ဘာလီပုံးနဲ့ တစ်ပုံးစာလောက် ရမယ်။ ကိုယ်လိုချင်တဲ့ အရောင် အနီ အဝါ အစိမ်း ကြိုက်တာထည့်။ သံပုရာသီးကလေး နှစ်လုံးလောက် အကွင်းလိုက်လှီးပြီး အဖတ်ပါအောင် ထည့်လိုက်ရင် ရေခဲပဲ လိုတော့တယ်။ ရောင်းစမ်းပါလေ့ မကုန်မချင်း။ လူတိုင်း အဲ့ဒါတွေပဲ သောက်တယ်။ ဘယ်သူ့အိမ်မှာမှ ဝါတာကူလာ ရေခဲသေတ္တာ မရှိဘူး။ တီဗီိဆိုတာ တစ်ရပ်ကွက်လုံးမှ တစ်လုံးပဲ ရှိတယ်။ ကောင်စီရုံးမှာ ထားချင်ထား၊ ပြည်သူ့ဆိုင်မှာ ထားချင်ထား၊ ညဘက် ပြတဲ့အချိန်ကျရင် အစီအစဉ် မစခင်ကတည်းက ကလေးတွေက နေရာဦးထားပြီ။ တစ်ညမှ နှစ်နာရီ သုံးနာရီလောက်ပြတာ။ ဆိုလိုတာက မဆလခေတ်မှာ တစ်နိုင်ငံလုံး ဆင်းရဲတယ်။ ဒါပေသိ သူသူကိုယ်ကိုယ် ပိန်မသာ လိမ်မသာတွေချည့်ပဲမို့ အချင်းချင်း စည်းစည်းလုံးလုံး ပျော်ပျော်ပါးပါးပဲ။ လူကြီးအိမ်တွေတော့ ကိုယ်က မရောက်ဖူးခဲ့လို့ ဘယ်လိုနေတယ် မပြောတတ်ပါဘူး။ အိမ်မှာဖြင့် နိုင်ငံခြားဖြစ်ပစ္စည်းဆိုတာ မူးလို့တောင် ရှူစရာ မရှိသလောက်။ ကိုယ်ငယ်ငယ်က မြန်မာမုန့်ရှိသမျှ ဘာမဆိုစားဖူးတယ်။ ချောကလက် နဲ့ ပန်းသီးတော့ ရုပ်ရှင်ထဲပဲမြင်ဖူးတာ။

          ဦးနေဝင်းခေတ်တုန်းက တရားဝင်တင်သွင်းတာ မဟုတ်ပဲ ခိုးဝင်တဲ့ နိုင်ငံခြားဖြစ်ကုန်ပစ္စည်းတွေ ရှိပါတယ်။ အဲ့ဒါတွေက မထင်ရင် မထင်သလို ဖမ်းလို့ သိမ်းလို့ရတယ်။ မှောင်ခို လို့ ခေါ်တယ်။ အများအားဖြင့် နယ်စပ်ဘက်ကနေ ဝင်လာကြတယ်။ အဲ့ဒါတွေကို သယ်ယူပို့ဆောင် ရောင်းဝယ်ဖောက်ကားတဲ့ကုန်သည်တွေ ကယ်ရီတွေ အများကြီး ရှိတယ်။ သူတို့ကို ရှာဖွေဖမ်းဆီး အရေးယူသိမ်းဆည်းတဲ့သူတွေလည်း အများကြီးပေါ့။ ရှာဖွေရေး လို့ ခေါ်တယ်။ မော်လမြိုင်ရထားကြီးဟာ မှောင်ခိုကယ်ရီတွေနဲ့ပတ်သက်ပြီး ပုံပြင်တွေ တစ်ထောင့်တစ်ည ရှိတယ်။ ရထားပေါ်မှာ မိန်းကလေးပိန်ပိန်ကလေးတွေ အဝတ်တွေ အထပ်ထပ်ပတ်ပြီး ဖက်တီးမကြီး ဖြစ်သွားတာ၊ မျက်မှန်တွေ နာရီတွေ ခဏပတ်ပေးထားစမ်းပါဆိုပြီး ဘူတာကြီးဝင်မှ ပြန်ချွတ်ယူတာ။  ကိုယ်တို့ ဆေးကျောင်းတက်တဲ့အချိန်အထိ မော်လမြိုင်က သူငယ်ချင်း ကျောင်းတက်ဖို့လာရင် ကျောင်းသားကဒ်ပြပြီး ကက်ဆက်တစ်လုံး၊ ဒရင်းဘက်တစ်ခုသယ်လာပေး စားရိတ်ကျေရုံအပြင် သုံးလောက်စွဲလောက်အောင် မုန့်ဖိုးရသတဲ့။ အဲသည်ပစ္စည်းတွေကို သယ်တဲ့သူတွေ လမ်းမှာဖမ်းသော်ငြား ဈေးထဲမှာ ဆိုင်ပေါ်တင်ရောင်းနေတာကျတော့ မသိချင်ယောင်ဆေင်နေကြပြန်ရော။ အံ့သြပ။ အရင်တုန်းက ဂျပန်ဆေးရုံနောက်ကျောမှာ ရှိခဲ့တဲ့ စိန်ဂျွန်းဈေးဆိုတာ မှောင်ခိုဈေးအကြီးစားကြီးပဲ။ သူ့ထက်ကြီးတဲ့ ဈေးမရှိဘူး။ စတိုးဆိုင်၊ ရှော့ပင်းမောတွေလည်း မရှိဘူး။

          သူ့ထက်စွာတဲ့ဈေးတော့ ရှိတယ်။ အဲ့ဒါ စကော့ဈေးပဲ။ ရန်ကုန်မှာ ရှိသမျှ အထက်တန်းလွှာတွေ လာတဲ့ဈေး။ ဈေးမဝယ်လည်း အပျင်းပြေ လာပတ်တဲ့ဈေး။ အဲ့ဒီဈေး အရှေ့ဘက်တန်းကအေရုံ နဲ့ ဘီရုံကို သင်္ဘောတန်း လို့ခေါ်တယ်။ သင်္ဘောသားတွေက ပါလာတဲ့ နိုင်ငံခြားပစ္စည်းတွေ ရောင်းတဲ့နေရာ။ ရေဘင်မျက်မှန်၊ ဂျင်းဘောင်းဘီ၊ လယ်သာရှူးဘိနပ်၊ ရေမွှေး၊ ပိုက်ဆံအိပ်၊အထူးသဖြင့်တော့ အနောက်နိုင်ငံကလာတဲ့ တန်ဖိုးကြီးပစ္စည်းတွေဟာ သင်္ဘောသားတွေမှ သယ်မလာရင် မြန်မာပြည်ထဲကို ရောက်မလာနိုင်ဘူး။ အဲ့ဒါကြောင့် အဲသည်ခေတ်က သင်္ဘောသားအိမ်ဆိုရင် လုပ်ခလစာကြောင့်ချည့် ချမ်းသာတာ မဟုတ်။ မတွေ့ဖူး မမြင်ဖူးတဲ့ အထူးအဆန်းပစ္စည်းတွေ သုံးနိုင်စွဲနိုင်တဲ့သူမို့ တကယ့်ကို လူတွင်ကျယ်ကြီး ဖြစ်တော့တယ်။ ကိုယ့်အဖွားကို သူများလက်ဆောင်ပေးတဲ့ အော်ဒီကလုံးဆိုတဲ့ရေမွှေးကလေးဟာလေ၊ မှန်တင်ခုံပေါ်မှာ ထားတာ မဟုတ်ဘူး။ ဘုရားစင်ပေါ်တင်ထားပြီး မူးတဲ့မော်တဲ့အခါ လက်ကိုင်ပုဝါ အထုံးလေးဆွတ်ပြီး နှာခေါင်းတေ့ဖို့ ထားတာ။ ကိုယ်တိုင်သုံးဖို့တော့ ဘာလုပ်မလဲကွယ်။ မြန်မာပြည်ဖြစ် ရေသူမရေမွှေး၊ သင်းကိုယ်လိမ်းပေါင်ဒါ၊ ဗယ်စလင်းခေါင်းလိမ်းဆီတွေ အရှိသားပဲ။ အဝတ်အစားကတော့ ခေတ်ပေါ် နိုင်လွန်၊ ဖော့ခရစ်၊ ပါတိတ်၊ ပြောင်ပြောင်လက်လက် အသားတွေကို ပွဲလမ်းသဘင်ရှိမှ တခုတ်တရ ဝယ်ဝတ်ကြတယ်။ နေ့စဉ်ပုံမှန်တော့ တက်ထွန်တွေ၊ မာစရိုက်တွေ၊ ကော့တွန်တွေနဲ့ပဲ စခန်းသွားတာ။ လူတိုင်းလူတိုင်း အရွယ်ရောက်လာရင် ညှပ်နေကျ ဆံပင်ညှပ်ဆိုင်နဲ့ ချုပ်နေကျ အပ်ချုပ်ဆိုင် တစ်ခုခု လက်စွဲထားစရာ ရှိမှ။ ကိုယ်တို့ငယ်ငယ်က အလှဖန်တီးရှင်တို့ ဒီဇိုင်းနာတို့ဆိုတာ မပေါ်သေးဘူး။ ခင်သန်းနုတို့ ဆွေဇင်ထိုက်တို့ မင်းသမီးတွေတောင် ကိုယ့်မိတ်ကပ်ကိုယ့်ဘာသာ ပြင်ရတာ။ သူတို့တတွေ အဝတ်အစား ဝယ်ချင်ချုပ်ချင်လည်း စကော့ဈေးပဲ ရှိတာ။ အဲ့ဒါကြောင့် စနေ ပေးဒေး ဗိုလ်ချုပ်ဈေးဆိုတာ ရန်ကုန်က ရေပေါ်ဆီတွေ မလိုင်တက်တဲ့နေရာ။

          ဟော်တယ်တွေအနေနဲ့ဆိုရင်တော့ အင်းယားလိပ်က ထိပ်တန်းပဲ။ သူ့နောက်မှာ သမ္မတ၊ တရဝိက်၊ စထရင်းဟော်တယ် ရှိတယ်။ မုန့်တွေကတော့ သိပ်မထူးပါဘူး။ ဆင်းဒဝစ်ရှ်တစ်ခု၊ ပပ်ဖ်တစ်ခု၊ ကိတ်မုန့်တစ်ချပ်၊ ကော်ဖီ၊ ရေခဲမုန့်၊ ဒါပဲ။ ခန်းမကြီးရဲ့ အဆင်အပြင်ကိုလိုက်ပြီး ဈေးက တော်တော်ကွာသွားတာ။ မင်္ဂလာဆောင်သွားရင် မုန့်လည်းစားရမယ်။ အဆိုတော်တွေကိုလည်း အပြင်မှာ အရှင်လတ်လတ်ကြီး တွေ့ရမယ် မဟုတ်လား။ ဟော်တယ်က အစားအသောက်တွေကို စားသောက်ကုန်နဲ့ အဖျော်ယမကာကော်ပိုရေးရှင်းဆိုတာကြီးက စီမံတယ်။ သူ့လက်အောက်မှာ ကရဝိက်ရေခဲမုန့်ဆိုတာ တော်တော် နံမယ်ရတယ်။ ကရဝိက်ပေါင်မုန့်ဆိုတာလည်း ဒါးနဲ့လှီးပြီးသား အချပ်ပါးပါးလေးတွေမို့ အထူးအဆန်းဖြစ်ခဲ့သေး။ ရှားမီးမုန့်တိုက်ကို ပြည်သူပိုင်သိမ်းထားတဲ့ ပြည်သူ့မုန့်တိုက်မှာ ပလာတာတစ်ချပ်ရဖို့ တန်းစီတိုးစောင့်ရတယ်။ ရှားမီးသကြားလုံးဆိုတာလည်း ယိုးဒယားသကြားလုံးလောက် မကောင်းပေမယ့် ချိုတာချင်းတော့ အတူတူပဲ။ ဒါတွေအားလုံး ဒီ့ထက်ကောင်းတာ မရှိလို့ အကောင်းဆုံး။ ရန်ကုန်မှာမို့ရတာ။ အညာကလူတွေ မင်္ဂလာဆောင်လုပ်ချင်ရင် ရန်ကုန်ကပေါင်မုန့်တွေမှာ၊ ခပ်ထူထူတစ်ချပ်စီလှီး၊ အပေါ်က သကြားရည်ကလေး လောင်းပြီး ကျွေးလိုက်ရင် ဝက်ဝက်ကိုကွဲရော။ သကြားမတတ်နိုင် တညက်ရည်ဆမ်းရတယ်။ သူ့ခေတ်နဲ့သူ့အခါ အကောင်းဆုံးဆိုတာ အခုဟာကို မမီပေမယ့်လည်း အကောင်းဆုံးလို့တော့ ခံစားလို့ရခဲ့တာပါပဲလေ။

          ဆိုရှယ်လစ်ခေတ်ဆိုတာ ကိုယ်မှတ်မိသလောက် ပြန်အကျဉ်းရုံးရရင် အစစအရာရာ တန်းစီတဲ့ခေတ်။ သမဆိုင်မှာလည်း တန်းစီရတယ်။ ရုပ်ရှင်ရုံမှာလည်း တန်းစီရတယ်။ ဓါတ်ဆီဆိုင်မှာလည်း တန်းစီရတယ်။ ဆရာဝန်ဖြစ်ရင်တောင် ဆေးနဲ့ဆေးပစ္စည်း ကုန်သွယ်ရေးမှာ စာအုပ်ထပ်ပြီး တန်းစီရတယ်။ တန်းစီပြီး ဝယ်လို့ရတဲ့ပစ္စည်းကို ဆိုင်ရှေ့မှာတင် ပြန်ရောင်း၊ အမြတ်ရတယ်။ ဘာလို့ဆိုတော့အပြင်ကဈေးထက် သက်သာလို့။ ဆရာဝန်တွေ ဆေးတိုးစားတယ်လို့ အပြောခံရတဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်။ လူကြီးအိမ်တွေမှာ ပဒုမ္မာတို့ မယ့်တွက်တာတို့ဆိုတဲ့ စာအုပ်ကလေးတွေ ရှိတယ်။ သူတို့ကတော့ တန်းစီစရာ မလိုဘူး။ စာအုပ်ကို ကောက်တဲ့ဆီအပ်လိုက်ရင် တစ်လစာ အိမ်အသုံးစားရိတ်တော့ အသာလေးကာမိသတဲ့။ ဒါပေမယ့်လည်း အဲသည်ခေတ်က လူကြီးတွေဟာ အခုခေတ်လူကြီးတွေ ချမ်းသာသလောက်တော့ မချမ်းသာဘူး။ အရာရှိဖြစ်မှ မာဇဒါ ဘီ၆၀၀ ရတယ်။ ညွှန်မှူးဖြစ်မှ မာဇဒါဂျစ်စီးရတယ်။ ဒုဝန်ကြီးလောက်ဆို 323၊ ဝန်ကြီးဖြစ်မှ 929၊ အာဏာကုန်ပဲ။ ဗိုလ်ချုပ်အဆင့်လောက်ဆို သုဝဏ္ဏမှာ မြေကွက်ရတယ်။ အဲ့ဒါကြောင့် ဗိုလ်ချုပ်ရွာ လို့ခေါ်တာ။ မဆလလူကြီးတွေ ချမ်းသာတယ်ဆိုတာ ခုကာလသားသမီးများ ဟားတိုက်ရယ်ကြလိမ့်မယ်။ သူတို့တုန်းက အဖိုးကြီးတစ်ယောက်တည်းသာ လုပ်ချင်တာ လုပ်ခွင့်ရှိတယ်။ ကျန်တဲ့သူ လာဘ်မစားရဲဘူး။ ရွှေနားတော်ပေါက်ကြားသွားရင် အစစ်အဆေး အမေးအမြန်းမရှိ၊ ဖြုတ်လိုက်ဆို ငုတ်တုတ်မေ့ကရောပဲ။ အဖြုတ်ခံရလို့ ရှက်ပြီး သတ်သေတဲ့သူတွေတောင် ရှိတယ်။ နှုတ်မိန့်နဲ့ အရာခပ်သိမ်း ငြိမ်းတယ်။ အဘိုးကြီး မျက်မုန်းကျိုးရင် မြန်မာပြည်နေဖို့ မစဉ်းစားနဲ့။ ဖြစ်တဲ့နည်းနဲ့သာပြေး။ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းဘူး။ (ကိုယ်တွေ့တွေ အများကြီး ရှိကြသပ) အခုခေတ်ကတော့ ရသေ့ရှစ်သောင်းပြောမလား ဟင်္သာကိုးသောင်း ပြောရမလား မသိပါဘူး။ ပြောမကုန်လို့ပြောတော့ဘူး။

         ဦးနေဝင်းခေတ်ရဲ့ အဓိက ပြဿနာကတော့ တံခါးပိတ်ဝါဒပါ။ ပြည်တွင်းကလူတွေကို ပြည်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး သူသိစေချင်သလောက်သာ အသိပေးတဲ့ ပြန်ကြားရေးစံနစ် ကျင့်သုံးပါတယ်။ အစိုးရကိစ္စ နဲ့ မပတ်သက်ရင် ဘယ်သူ့ကိုမှ နိုင်ငံကူးလက်မှတ် ထုတ်မပေးပါဘူး။ သူ့လက်ထက်မှာ လူဖြစ်ခဲ့တဲ့ကိုယ်ဟာ ရန်ကုန်သား ရန်ကုန်ပေါက် ဖြစ်တာတောင် အသက် ၂၈ နှစ်အရွယ် ဆေးကျောင်းပြီးတဲ့အခါကျမှ လေယာဉ်ပျံ စစီးဖူးပါတယ်။ လေဆိပ်ဆိုတာ သင်္ဘောသားတွေ၊ နိုင်ငံခြားပွဲပြိုင်မယ့် အားကစားသမားတွေသာ အရောက်အပေါက်များတဲ့နေရာပါ။ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ ဗိုလ်ကိုဦးတစ်ယောက် တပ်ကထွက်ပြီး သြစတြေးလျကိုအပြန်မှာ တော်လှန်ရေးကောင်စီအစိုးရက မောင်ရင်လာ တံခါးပိတ် ချိတ် လုပ်လိုက်တဲ့အတွက် သူ့ခမျာ ရည်းစားဆီ မပြန်နိုင်ပဲ ရုပ်ရှင်မင်းသား ဝင်းဦး ဖြစ်လာသတဲ့။ သူ့ကုသိုလ်နဲ့သူပေါ့လေ။ သူဟာ မြန်မာပြည်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားလို့ မဆလခေတ်မှာ အင်းယားကန်စောင်း ကော့တစ်ခ်ျတစ်လုံးဝယ်ပြီး ပြိုင်ကားအနီလေးတစ်စီး စီးနိုင်သတဲ့။ သူစီးတဲ့ကားအတွက် လေယာဉ်ဆီမြန်မာပြည်မှာ မရှိလို့ နိုင်ငံခြားကနေ ပီပါလိုက် မှာယူရတယ် လို့တောင် ပြောကြသေး။ ဝဋ်ဆိုတာပါလာရင် ကုန်အောင်ဆပ်ရသပ ကိုကိုဦးရယ်။ မောင်မင်းကြီးသား ဖလန်းဖလန်းထနေတာ ကိုယ်တော်ကြီးဖျား သိတော်မူသွားလို့ အမြတ်တော်ကြေးကောက်လိုက်တာ အိမ်ရောကားရော ရောင်းဆပ်လိုက်ရတဲ့အပြင် လူတောင် ဘားလမ်းက စန္ဒာမဂ္ဂဇင်းတိုက် ထပ်ခိုးလေးပေါ် ပြန်ရောက်သွားသတဲ့။ သူနဲ့အတူ အမှုတွဲပါသွားတာ ကြည်ကြည်ဋ္ဌေးတို့ တွံတေးသိန်းတန်တို့လေ။ ဂျာနယ်ကျော်မမလေးရေးတဲ့ မာလာရီ ပြန်ဖတ်ကြည့်ရင် ဘွားတော်ကြီး အမြတ်တော်ကြေးပိလို့ ကုန်းကောက်စရာမရှိ ဖြစ်သွားတာ ဖတ်ရပါလိမ့်မယ်။ မဆလခေတ်က အခွန်ဥပဒေဆိုတာ ဘယ်လိုဟာမျိုးလဲ သိတဲ့ကြုံတဲ့သူတွေ မေးကြည့်ကြစမ်းပါ။ ကိုယ်မှတ်မိသလောက်တော့ အိမ်ဝယ်ဝယ် ကားဝယ်ဝယ်၊ ဘယ်က ပိုက်ဆံရသလဲ သေသေချာချာ ငွေဖြူမပြနိုင်ရင် ပစ္စည်းတန်ဖိုးရဲ့၅၀% အခွန်စည်းကြပ်ပါတယ်။ ပြနိုင်ရင်လည်း အဲ့သလောက်တော့ ပေးရတာပဲ။ အဲ့သည်ဝင်ငွေတွေအတွက် ဝင်ငွေခွန်မှ မပေးခဲ့ရသေးတာ။ ပေးဆိုပေး။ မပေးရင် သိမ်းမှာ။ ခုခေတ်တော့ ရွှေတိဂုံဖျားကြီးတောင် ငွေဖြူမပြ၊ အခွန်မပေးပဲ ကောက်ဝယ်ကြမလား မသိပါဘူး။ ဝန်ကြီးများရုံးလောက်တော့ သနားတယ်။

         မဆလခေတ်မှာ သူဋ္ဌေးတွေ သိပ်ချမ်းသာလို့ မဖြစ်တာ သဘာဝကျပါတယ်လေ။ တစ်နိုင်ငံလုံးကို သေဆိုသေ ရှင်ဆိုရှင် အုပ်ချုပ်သွားတဲ့ သူတို့ကိုယ်တိုင်တောင် သိပ်မှ မချမ်းသာပဲနဲ့။ (အခုနဲ့ယှဉ်ရင် ပြောတာ) အဲသည်အတိုင်း ၂၆ နှစ်တိတိ အုပ်ချုပ်သွားပြီးတဲ့နောက် ပါတီရယ် ကောင်စီရယ်ကို ပစ်ပြီး အာမီဘက်ကို မိမိရရနင်းပြီး အာဏာသိမ်းလိုက်တာဟာ မအောင်မြင်တဲ့နိုင်ငံရေးလမ်းစဉ်ကို စွန့်လွှတ်ပြီး ဘယ်သူမှ မတွန်းလှန်နိုင်အောင် အစိုးရကိုယ်တိုင်က လက်နက်ကိုင်လမ်းစဉ်ကို ကျင့်သုံးလိုက်တဲ့သဘောပါပဲ။ လက်ထဲက အာဏာကို စွန့်လွှတ်ရမှာစိုးတဲ့အတွက် တပ်မတော်ကို ကာကွယ်ရေးမှာ မသုံးပဲ အုပ်ချုပ်ရေးဘက်မှာ သုံးလိုက်တယ်။ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးဟာ တပ်မတော်ရဲ့ အဓိကတာဝန်ပါ လို့ အတိအလင်း ထုတ်ဖော်ကြော်ငြာတယ်။ နောက်ထပ်၂၆ နှစ် ထပ်အုပ်ချုပ်တယ်။ ကိုယ်တွေ စိတ်ထဲမှာ ပြည်သူတွေ လက်ထဲ အာဏာမရောက်သေးတဲ့အတွက် အရင်လူတွေပဲ ဆက်အုပ်ချုပ်နေတဲ့အတွက် မြန်မာပြည်ကြီးဟာ နိုင်ငံရေးအရ ဘာအပြောင်းအလဲမှမရှိသေးဘူး လို့ တစိုက်မတ်မတ် ယုံကြည်ခဲ့တယ်။ ဒါပေမယ့် အစိုးရအဖွဲ့ထဲကလူတွေသာ မပြောင်းလဲခဲ့တာ။ စံနစ်ကြီးက ပြောင်းသွားတဲ့အတွက် အခုခေတ်မှာမွေးတဲ့ သမီးတို့အရွယ်တွေဟာ သူ့အဖေခေတ်တုန်းက ဘယ်လိုကြီးပြင်းခဲ့ရတယ်ဆိုတာ မယုံကြည်နိုင်လောက်တဲ့အထိ တော်တော်ကြီး ပြောင်းလဲခဲ့ပြီပဲ။

          မဆလခေတ်တုန်းက လူတိုင်းဆင်းရဲတယ်။ အခုခေတ်မှာလည်း လူတွေ ဆင်းရဲတုန်းပါပဲ။ ဆင်းရဲတဲ့ဘက်မှာ ဘာမှ မထူးဘူး။ ချမ်းသာတဲ့ဘက်မှာတော့ ထူးတယ်။ လူတချို့ ချမ်းသာလာနိုင်ပြီ။ လက်တစ်ဆုပ်စာသော နီးစပ်ရာအသိုင်းအဝိုင်းများ မခန့်မှန်းနိုင်လောက်အောင် ချမ်းသာနေပြီ။ အနားယူသွားသော လူကြီးမိသားစုများ ပိုင်ဆိုင်မှု ကုဋေကုဋာတွေ မြန်မာပြည်မှာ ထားဖို့ စိတ်မချလို့ စီးပွားရေးပိတ်ဆို့ထားတဲ့ကြားထဲကတောင် တစ်ကမ္ဘာလုံးအနှံ့ ရင်းနှီးမြှုတ်နှံထားကြပြီ။ စင်္ကာပူဆိုတာလောက်က ခံပွင့်လို မရှိသုံးသုံးတာ။ သူတို့ဥစ္စာတွေ ဟိုဘက်ကိုရောက်ရင် အီးနဲ့တောင်လှည့်မပေါက်ဘူး။ တိုင်းပြည်ထဲမှာတော့ အခွံကြီးပဲ ကျန်တော့တယ်။ မြေပေါ်မြေအောက်တွေတင်မကဘူး။ အဲသည်မြေကွက်ကြီးတွေလည်း မကျန်တော့ဘူး။ တောင်တွေလည်း လက်ညှိုးထိုးရောင်းထားပြီ။ မြစ်တွေလည်း ဈေးဆိုင်စရံယူထားပြီ။ အင်္ဂလိပ် နှစ် ၆၀ အုပ်ချုပ်တာတောင် အရာမယွင်းတဲ့ တိုင်းပြည်ဟာ ကိုယ့်လူမျိုးတွေလက်ထက်ကျမှ ချိုနဲ့သားရေတောင် မကျန်ဘူး။ ဘာပဲပြောပြော ကိုယ့်လူမျိုးတွေ ဖုန်းကလေးတွေကိုယ်စီ သုံးနိုင်ပြီ။ ကိုယ်ပိုင်ကားကလေးတွေ တော်တော်များများ စီးနိုင်ပြီ။ (ညနေတိုင်းလမ်းပိတ်နေတာ၊ ညတိုင်း ကားရပ်စရာ နေရာမရှိတာ ငြင်းလို့ကိုမရ) မိုးပျံတိုက်တာ အိမ်ခြေတွေအလျှိုအလျှို ပေါ်ပေါက်လာပြီ။ (ကိုယ်မနေနိုင်ပေမယ့်လည်း နေနိုင်တဲ့သူ အများအပြားရှိလို့ပေါ့) လေအိပ်ကားကြီးတွေ၊ ဟော်တယ်အကြီးစားကြီးတွေ၊ ပုဂ္ဂလိကလေကြောင်းလိုင်းကြီးတွေ၊ ခေတ်မီအီလက်ထရောနစ် ပစ္စည်းကိရိယာတန်ဆာပလာ အသစ်အဆန်းတွေ၊ ရုပ်ရှင်ရုံ နဲ့ စားသောက်တန်းတွေ ပါတဲ့ ရှော့ပင်းမောအကြီးစားကြီးတွေ၊ သည်ဟာတွေ အားလုံးဟာ မဆလခေတ်နဲ့စာရင် နတ်ဘုံနတ်နန်းတမျှ  ကြီးကျယ်ခမ်းနားခဲ့ပြီ။

          ဘယ်သူတစ်ဦးတစ်ယောက်မှ မထိတွေ့ရသေးတဲ့ လူဦးရေ သန်း ၅၀ကျော် ပါဝင်သော ဈေးကွက်အသစ်စက်စက်ကြီးကို ပြည်ပရင်းနှီးမြှုတ်နှံသူများက စားသုံးသူ သည်းခြေကြိုက် ကုန်ပစ္စည်းကလေးတွေ ရောင်းချပြီး သိသူဖော်စားလုပ်နေကြတယ်။ မြန်မာပြည်တလွှားက အိမ်ပေါက်စေ့လိုက်ကြည့်ရင် ပြည်တွင်းထွက်ကုန်ဟူ၍ မူးလို့တောင် ရှူစရာမရှိပဲ တိုင်းတပါးပစ္စည်းများက အိမ်ဦးကနေ ကြမ်းပြင်အထိ နေရာမလပ် စိုးမိုးထားခဲ့ပြီ။ သည်ဟာတွေ သည်နေရာရောက်နိုင်ဖို့  ရှိပြီးရှိဆဲ ရှိလတ္တံ့သော ငွေကြေးလုပ်အား အရင်းအနှီးများကို ရော့ပတ္တမြား ရော့နဂါး ပေးလို့ လဲလှယ်ခဲ့ရပြီ။ အခုပဲ ကြည့်လေ။ အဲယားကွန်းဖွင့်လို့မရရင် သမီးမှာ အသက်ရှင်နိုင်ဖို့ ခက်ပြီ။ကျောက်သင်ပုန်းတွေ ပထဝီသွင်းလို့မရရင် တစ်နေ့တာလုပ်ငန်းတွေ အခက်တွေ့ပြီ။ ဖုန်းကဒ်ကုန်သွားရင် အခုချက်ခြင်း ဖုန်းကဒ်ဝယ်ခဲ့ဖို့ ဖုန်းဆက်မှာရပြီ မဟုတ်လား။ သေနတ်တစ်ချက် မဖောက်ရပဲ မြေပေါ်တစ်လက်မ မကျူးကျော်ရပဲ စီးပွားရေးအရ ကျွန်ပြုခံထားရတာ ဆိုရှယ်လစ်လို အကာအကွယ်ပေးမယ့်စံနစ်မျိုး မရှိတာကြောင့်လေ။ ဒါပေသိ ကျေးဇူးတောင် တင်နေရသေး။ နို့မို့ဆို တို့တတွေလည်း မြောက်ကိုရီးယားကလူတွေလို အင်တာနက် မရှိ၊ ပြည်ပရုပ်သံ နဲ့ အသံလွှင့်လိုင်းမရှိ၊ ငိုဆိုငိုလိုက်ကြ ရယ်ဆိုရယ်လိုက်ကြ၊ သူတို့ပြောတဲ့ အစုလိုက်အပြုံလိုက် လင်တရူးရောဂါ (Mass Hysteria) ရနေဦးမယ်။

          ကိုယ်တို့ဆီက လူကြီးမင်းများဟာ အင်ဒိုနီးရှား၊ ယိုးဒယားကို အားကျလို့ အာဏာကို ရှေု့တင်ကရော ၊ နောက်ကွယ်ကရော လက်ဆုပ်မဖြေ မိမိရရ ချုပ်ကိုင်ထားဖို့သာ အားခဲနေတာ။ အရေမရ အဖတ်မရ လော်ဘီလုပ်ခိုင်းဖို့များ ဒေါ်လာရှစ်သိန်းပေးငှားသတဲ့။ ကြားထဲက ဝမ်းပျဉ်းသားကြီးကို လူတကာ ဘုဉ္စာဟိလုပ်နေတာကျတော့ ကာကွယ်ရကောင်းမှန်းလည်း မသိဘူး။ ကိုယ့်ဘာသာလည်း ခွဲဝေမယူတတ်ဘူး။ မျောက်အုန်းသီးရသလို လုပ်နေတယ်။ ဆိုရှယ်လစ် မဟုတ်ဘူးဆိုရင်လည်း တခြားစီးပွားရေး မူဝါဒတစ်ခုခု ပီပီပြင်ပြင် ရှိသင့်ပြီ။ ကိုယ့်တိုင်းပြည်မှာ စီးပွားရေးပညာရှင်တွေ အများကြီးပဲဆို။ သူတို့နဲ့တိုင်ပင်ပြီး သူတို့ပြောတဲ့အတိုင်း လုပ်ကြည့်တာ မကောင်းဘူးလား။ ပြီးကျမှ ဟန်ချင်လည်းဟန်၊ မဟန်ချင်လည်း လွယ်လွယ်လေး။ ပြည်သူပိုင် ပြန်သိမ်းပလိုက်ကြတာပေါ့။ ဘယ်မှ မရောက်တဲ့အတူတူတော့ မထူးပါဘူး။ တစ်က ပြန်စမယ်လေ။ သန်းခေါင်ထက် ညဥ့်နက်စရာမှ မရှိပဲ။ ရခိုင်မှာ ပုဇွန်၊ဂဏန်းဖမ်းတော့ ရေတက်ချိန် လယ်ကန်သင်းက ဝင်ပေါက်ကလေး ဖွင့်ပေးလိုက်။ ရေကျရက်ကျတော့ ရေထွက်ပေါက်မှာ ပိုက်ကလေး ခံထားလိုက်၊ ဟန်ကိုကျလို့။ တံခါးဖွင့်တော့ သူများတွေက လာရင်းနှီးမြုတ်နှံလိုက်။ စုမိဆောင်းမိရှိတော့ တိုင်းပြည်ချောက်ထဲကျမှာ ကယ်တင်ဖို့ဆိုပြီး တံခါးပြန်ပိတ်၊ ပြည်သူပိုင်တွေ သိမ်းပလိုက်။ သပိတ်ဝင်အိပ်ဝင်ပဲ။ တရားခံလား။ ရှာနေစရာ မလိုပါဘူး။ ခင်ဗျားတို့ မြှောက်ပေးနေတဲ့ မယ်မင်းကြီးမက ကဏ္ဍကောစ တယ်လုပ်တာကိုး လို့ ပြောလိုက်ရင် တစ်ခွန်းတည်း ပြတ်တယ်။ သူများတွေမုန်းမှာများ အရေးတယူလုပ်လို့ဗျာ။ ခုလည်းပဲ ဘယ်သူက ချစ်တာကျလို့။ ထူးပါဘူး။ နော့။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...