Thursday, April 23, 2015

ထမင်းတစ်စေ့၏ တန်ဖိုး


ပိုနေသောထမင်းအကျန်များအား သွန်ပြစ်ဖို့လုပ်မိလိုက်စဉ် မျက်လုံးထဲသို့ပုံရိပ်တစ်ချို့ ထင်ဟပ်၍ လာလေသည် ။ အစာရေဆာမလုံလောက်ငှ၍ အဟာရချို့တဲ့နေသည့် နိုင်ငံတစ်ခုဆီမှပုံရိပ်များပင် ။ ရုတ်တရက်ကြီးပေါ် လာသည့် မြင်ကွင်းများသည် ကျွန်မ၏ သတိလက်လွှတ်ဖြစ်သွားခြင်းအား သတိပေးလိုက်လေသည် ။
သွန်ပြစ်ရန်ဟန်ရေးပြင်နေသည့် ထမင်းအိုးလေးအားအောက်သို့ ပြန်ချလိုက်မိသည် ။ ထမင်းအိုးအဖုံးအားဖွင့်၍ အပေါ်မှရေအနည်းတောက်ပေးလိုက်ပြီးပေါင်းအိုးထဲပြန်ထည့် ခလုတ်နှိပ်လိုက်ပါတော့သည် ။
မီးဖိုထဲမှထွက်လာပြီး ဆရာမခင်သန္တာရေးသားထားသော ဆောင်းပါးပေါင်းချုပ် စာအုပ်လေးအား ကောက်ကိုင် လိုက်မိသည် ။ တိုက်ဆိုင်လိုက်ပုံများ ဖတ်မိလိုက်သည့် ဆောင်းပါးမှာလည်း ထမင်းတန်ဖိုးအကြောင်း ပင်ဖြစ်နေခဲ့သည် ။ ကျွန်မတို့နေ့စဉ် မနက်တစ်နပ် ညတစ်နပ် ပုံမှန်စားသောက်နေနိုင်ချိန်၌ တစ်ချို့သော လူသားများသည် ဆန်ကိုပင်မမြင်ကြရပေ ။ ကျွန်မတို့တတွေ အလဟဿ ထမင်းစေ့များအား ဖြုန်းတီးပစ်နေချိန် တခြားနေရာဒေသများ၌ အစာရေစာရှားပါးငတ်မွတ်ခြင်းကြောင့်သေဆုံးနေကြရသည် ။ အစာရေဆာ ရှားပါးနေသောနိုင်ငံများ ဒုနဲ့ဒေးရှိနေသေးကြောင်းကို အင်တာနက်ပေါ်၌ မြင်တွေ့နေရသောသတင်းဓာတ်ပုံများမှ သက်သေတည်၍နေလေသည် ။ ကျွန်မတို့နေ့စဉ် ချက်ပြုတ်နေကြသည့်ဆန်ဆိုသည့်အရာအားရရှိနိုင်ရန် ရင်းနှီးမြှပ်နှံရသည့်ငွေကြေးအရင်းနှီး ၊ နွားဆိုသည့်တိရစ္ဆာန်များ၏ ခွန်အားအားလုံးထည့်တွက် စဉ်းစားဖို့လိုအပ်ပါသည် ။ ကိုယ့်ပိုက်ဆံနှင့် ကိုယ်ဝယ်စားကြခြင်းကြောင့် သွန်ချင်လျှင် သွန်မည် ။ စားချင်စားမည်ဆိုသောအတွေးများအားတွေးနေမိပါလျှင် အဝေးဆုံးသို့ ထုတ်ပစ်လိုက်ကြဖို့ တိုက်တွန်းချင်ပါသည် ။
လူတစ်ဦးတစ်ယောက်စီ၏စည်းကမ်းတရှိချွေတာတတ်မှု့သည်အစာရေစာရှားပါးငတ်မွတ်နေသောလူများအတွက် အများကြီးခရီးရောက်စေ၏ ။ ကျွန်မတို့ပေါပေါသီသီစားသုံးနေချိန်၌ရှားပါးနေကြသည့် လူတစ်စုအား မြင်ယောင်၍အလေလွင့်များနှင့် အလဟဿဖြုန်းတီးခြင်းများအားချွေတာကြဖို့ လိုအပ်နေပါပြီ ။ ရေးနေရင်းဖြင့် တခါတုန်းကကြားခဲ့ဖူးသောအကြောင်းအရာလေးအားသတိရမိပါသေးသည် ။ အိမ်မှာအတူတူနေသည့် အစ်ကိုတစ်ယောက်ပြောပြခဲ့ဖူးသည့် အဖြစ်လေးပါ ။
သူ့အရင်အလုပ်လုပ်ခဲ့သောအလုပ်ရှင်သူဌေးကတော်အကြောင်းလေးပါ ။ တစ်နေ့မှာသူတို့အားလုံးကိုသူဌေးဖြစ်သူကသူ့အိမ်မှာထမင်းဖိတ်ကျွေးခဲ့ပါသည် ။ အားလုံးပျော်ပျော်ပါးပါးစားကြတာပေါ့ ။ သူဌေးနှင့် သူဌေးကတော်ပါ အတူတူ ၀င်စားကြသတဲ့လေ ။ ထမင်းစားနေရင်းမှာအလွန်ထူးဆန်းသည့် အဖြစ်တစ်ခုကိုသူတို့တွေ့လိုက်ကြရလေသည် ။ သူဌေးကတော်ဖြစ်သူမှာထမင်းစားနေရင်းသူ့မလက်ထဲမှ ထမင်းလုံးတစ်စေ့အောက်သို့ ပြုတ်ကျသွား၏ ။ ခြေထောက်နားသို့ ကျသွားသည့်ထမင်းလုံးစေ့တစ်စေ့အားချက်ချင်းကောက်ယူ၍ သူမပါးစပ်ထဲသို့ထည့်လိုက်ပါသတဲ့ ။ အဲဒီအဖြစ်ကို မြင်လိုက်ရသည့်အစ်ကိုမှာလည်းတအံ့တသြဖြစ်သွားခဲ့ရသည် ။ *ဟ ဒီအမျိုးသမီးဘယ်နှယ့်လုပ်လိုက်တာတုန်း။ အောက်ကျနေတဲ့ ထမင်းစေံကိုများကောက်စားစရာလား*လို့ တွေးနေစဉ် သူဌေးမဆီမှယခုလိုရှင်းပြသည့် စကားသံအားကြားလိုက်ရပါတော့သည် ။
* မောင်……………ရေ ။ ထမင်းတစေ့တန်ဖိုးကိုလူတွေကပေါ့ပေါ့တန်တန် သဘောထားနေကြတယ် ။ ငါတို့တစ်တွေခုလိုစားနိုင် အဟာရဖြစ်နိုင်ဖို့ နွားတွေဘယ်လောက်ရုန်းကြရသလဲ ။ ခေတ်မှီစက်တွေရှိတယ်ဆိုလည်းဘယ်လောက်ရင်းနှီးကြရသလဲတွေးကြည့်စမ်း ။ စားမယ်ဆိုလည်းလိုသလောက်လေးကိုပဲထည့်စားမယ် ။ ချက်မယ်ဆိုလည်းအတိုင်းအတာလေးနဲ့ ချင့်ချိန်ချက်ကြမယ်ဆိုအပိုအလေအလွင့်ဆိုတာမရှိနိုင်တော့ဘူးလေ ။ အလဟဿ ဖြစ်စရာဘယ်ရှိတော့မလဲ ။ ခုနအောက်ကျသွားတဲ့ ထမင်းလုံးစေ့ကိုငါကောက်စားလိုက်တာမင်းတို့တွေ့တယ်မလား ။ အေးအဲဒါ စည်းကမ်းမရှိလို့ ကိုယ့်ကိုယ်ကိုအပြစ်ပေးလိုက်တာပဲ* လို့ ရှင်းပြသွားခဲ့ပါသည် ။ အဲဒီချိန်တုန်းကအစ်ကိုပြောပြတာကိုနားထောင်နေရင်းထိုအမျိုးသမီးအားပိုရန်ရောဟုကျွန်မတွေးခဲ့မိပါသည် ။
ကျွန်မသေချာပြန်တွေးကြည့်ချိန်မှာသူမသည် အပိုတွေလုပ်ခဲ့တာမဟုတ်ပါလားလို့ သိလိုက်ရပါသည် ။သူမလုပ်ရပ်သည် တန်ဖိုးသိတတ်ခြင်းဟူ၍လည်းမြင်လာမိပါတော့သည် ။ ကျွန်မပင်တခါတခါ သတိထားနေသည့်ကြားမှခပ်လွယ်လွယ်လုပ်ချင်နေပါသေး၏ ။ တန်ဖိုးဆိုသည်မှာလိုအပ်နေသည့်နေရာများတွင် ပို၍ တန်းဖိုးရှိနေတတ်ပါသည် ။ ကျွန်မတို့အတွက်ထမင်းတစ်စေ့သည် တန်ဖိုးရှိချင်မှ ရှိနေပါမည်။ သို့သော် အစာရေစာရှားပါးငတ်မွတ်နေသည့်နေရာဒေသတို့၌ ထမင်းတစ်စေ့ပေါင်းများစွာလိုအပ်နေကြပါသည် ။ ကျွန်မတို့မလိုအပ်ဘဲ အလဟဿဖြုန်းတီးနေခြင်းများသည် ဘယ်သူ့ဘယ်သူကိုမှ အကျိုးမရှိစေပါဘူး ။ မည်သည့်အရာကိုမဆို မိမိတို့အတွက်တစ်ခုတည်း မကြည့်ကြပဲတပါးသူများအတွက်ပါ ထည့်တွက်စဉ်းစားဖို့ လိုအပ်ပါသည် ။ ကိုယ်အတွက် ဘာမှ အကျိုးမထူးသော်လည်း တပါးသောသူများအတွက် အကျိုးကျေးဇူးပေါင်းများစွာ ရှိနေတတ်သည်ကို ကျွန်မတို့အားလုံး သတိထားရင်း ထမင်းတစ်စေ့မှ အစပြု၍ စည်းကမ်းတကျစားသုံးခြင်းဖြင့် အပိုအလဟဿ မဖြစ်အောင် ဆင်ခြင်လိုက်ကြပါစို့ ။
ခိုင်လေး ( ရွှေတောင် )
Women's World Journal မှ ------

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...