Monday, April 6, 2015

ဘကြီးအောင်ညာတယ် (မင်းသုဝဏ်)



“အရှေ့ကျောင်းသား သူတောင်းစား၊ လယ်ပေါ် ကျောင်းသား အကောင်းစား။ ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို။
 
ဟေ့လာမောင်ရို့ဝါး”ဟု အားရပါးရ ဆူညံစွာ အော်ဟစ် ပြေးလွှားလာကြသော ကလေး တစ်စုသည်ကား လယ်ပေါ် ဘုန်းကြီး ကျောင်းသားကလေးများ ဖြစ်ကြ၏။ ယင်းတို့ ကျောဘက် တင်းချ လယ်တစ်ကွက်လောက် အကွာတွင် ချည်လုံချည်ကို ပြာတာကွင်း သိုင်း၍ သင်တိုင်း အင်္ကျီကို လျော့ရိလျော့ရဲ ၀တ်လျက် ခေါင်းငိုက်စိုက်နှင့် တစ်လှမ်းချင်း လာနေသော မောင်ချစ်သည် “ဧ၀ံမေသုတံ ဧကံသမယံ”ဟု တတွတ်တွတ် ရွတ်လျက်ရှိ၏။
 
ဆေးတစ်အိုးကျွမ်းလောက် အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ ကနားဖျင်းထဲ၌ ကျောင်းသား သူငယ်ချင်းများ ၀ိုင်းအုံ နေသည်ကို တွေ့ရလေသည်။ မိမိသည်လည်း အကြောင်းကို သိလိုသောကြောင့် ပြေးသွား တိုးဝင်ကြည့်ရှုလေ၏။


ဦးအောင်ချာသည် ဆင်စွယ် မင်းသမီး ရုပ်ကလေး တစ်ခုကို ထုလျက်ရှိ၏။ ထုလုပ်စ ဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နောင်းဖြူဖွေး ချစ်စရာကလေး ဖြစ်ပေ၏။ အတန်ကြာသော အခါ မောင်ထွေး၊ မောင်ခွေး၊ ဖိုးစံ၊ ဖိုးလှတို့ တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသား ကြည့်လျက်ပင် ရှိသေး၏။


“ဘကြီးအောင် ဒီမင်းသမီး ရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲဟင်”

ဟု မျက်စိကလေး ပေကလတ်လုပ်၍ မေးလေ၏။ ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တိုကို စမ်းနေသော ဦးအောင်ချာက


“ငါ့တူ လိုချင်လို့လား၊ ငွေတစ်ကျပ် ယူခဲ့ရင် ဘကြီးပေးမယ် သိလား”

ဟု အမှတ်မဲ့ ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်း ခေါင်းကုတ်လျက်


“ငွေတစ်ကျပ် ဆိုတာ ဘယ်နှပြားလဲ ဘကြီးအောင်ရဲ့”

ဟု မေးပြန်လေ၏။ ပန်းပု ဆရာကြီးလည်း ဆေးလိပ်ကို ချ၍ လက်ဖ၀ါး နှစ်ဖက်ကို ထောင်ပြလျက်


“ဆယ်ပြား ဆယ်ပြား ခြောက်ခါ၊ နောက်ပြီးတော့ လေးပြားထည့်၊ ပေါင်းခြောက်ဆယ့်နဲ့ လေးပြား၊ အဲသလောက်ကို တစ်ကျပ်ခေါ်တယ်။ ကြားလား”

ဟု ကလေး သူငယ်များကို ချစ်ခင်သော ၀ါသနာ ရှိသည့် အတိုင်း စိတ်ရှည်လက်ရှည် ခြေဟန်လက်ဟန်နှင့် ရှင်းလင်း ပြောပြလေ၏။


“၆၄ ပြားပေးရင် ကျွန်တော် ဒီအရုပ်လေးကို တကယ်ပဲ ရမလား၊ နောက်တော့ မညာနဲ့နော် ဘကြီးအောင်”

ဟု ပြောရင်း သျှောင်ဆံမြိတ်က လေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့ ရွှင်လန်း ၀မ်းမြောက်စွာ ခုန်ပေါက် ပြေးလွှားသွားလေ၏။


မောင်ချစ်သည် နေ့လယ်ချိန် ကျောင်းတွင် မုန့်ဝယ် စားဖို့ရန် မိခင် ပေးလိုက်သော တစ်ပြား၊ တစ်ပြားသော အသပြာကို မသုံးရက်၊ မစွဲရက်ဘဲ အင်္ကျီ သင်ပုန်းခေါင်းတွင် အပေါက် ငယ်ဖောက်၍ စုထားသည်မှာ ခြောက်ပြားမျှရလေ၏။ တစ်ထွှာမျှ ကျယ်သော မိမိဝမ်းခေါင်း သမုဒ္ဒရာ အတွက်မူကား နေ့ဆွမ်းစား ကလတက်ခေါက်တွင် ဘုန်းတော်ကြီး ဦးခေမာ ဝေသော ငှက်ပျောသီး တစ်လုံးနှင့် ကျေနပ် ဖူလုံလျက် ရှိလေ၏။


ဆင်စွယ် ရုပ်ကလေးသည် တစ်နေ့တခြား သားနားကြော့ရှင်း၍ လာ၏။ သွားကလေးများ ပေါ်လု မတတ်ရှိအောင် ပြုံးလိုက်ရန် ဟန်ပြင်နေသော အသွင်သည် အိပ်ပျော်နေသော ညအချိန်တွင်ပင်လည်း မောင်ချစ် မျက်လုံးတွင်းမှ မထွက်။ ကြည့်ရပါများလေ အရုပ်ကလေးမှာ လှလာလေ၊ လိုချင်စိတ် ပွားလာလေ ဖြစ်ရကား တစ်နေ့မှ တစ်ပြားတစ်ပြား စုရသည်ကို အလွန်ဖင့်လေ ကြန့်ကြာသည်ဟု သိလာလေ၏။ ပိုက်ဆံ ရလွန်းလို၍ ဥပုသ်နေ့များကိုပင် စာသင်ရက် ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တစ်ပေါက်တစ်လမ်းက ဘယ်နည်းနှင့် ပိုက်ဆံ ရအောင် ကြိုးစား ရပါမည်နည်းဟု ကြံစည်ပြန်၏။


ထိုစဉ်အခါက ကမ္ဘာ စစ်ကြီးအတွင်း ဖြစ်၍ ကျောက်တံ အလွန်ရှား၏။ မောင်ချစ်သည် အစ်ကိုကြီး ကိုသစ်၏ ကျောက်သင်ပုန်း ကွဲများကို ညောင်ရေအိုးစင်မှ ယူ၍ ညဥ့်နက်သန်းခေါင် မရှောင် မှိုင်းတလူလူ ထွက်နေသော ရေနံဆီ မီးခွက်ကြီးကို ထွန်းညှိလျက် ချွန်တက်သော ဖဲထီး သံချောင်းဖြင့် ကျောက်တံ တိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံ ခြောက်ပြားရ၏။ ကျောင်းသားကြီး ဖိုးတေက အနိုင်ကျင့်၍ မပေးဘဲ ထားသော အကြွေးတစ်ပြား အတွက် တွေးမိတိုင်း ဆွေးမိ၏။


တစ်ဆယ့်နှစ်ပြားမျှ ရလာသော အခါ အင်္ကျီသင်ပုန်း ခေါင်းမှာ မဆံ့ပြီဖြစ်၍ နှစ်ဖက် ပိတ်ကြသောင်းဝါး တစ်ဆစ် တွင် ထိပ်က အပေါက်ဖောက်ကာ ဝေလခေါင်း၊ ဂျော့ခေါင်း၊ နတ်ဖိုးချွန် စသော တံဆိပ် အမျိုးမျိုး ခတ်နှိပ်သည့် ကြေးပြား တစ်ဆယ့်နှစ်ပြား တိတိကို သွင်းလှောင် သိုမှီးထားလေ၏။ နှစ်ဆန်း တစ်ရက်နေ့တွင် ဒွေးလေးညို ချစ်စနိုး၍ ပေးသော သူငယ်ဖော် မောင်ထွေးက အလိုက်နှစ်ပြား ပေး၍ ပိုက်ဆံချင်း လဲစဉ် မလဲရက်ဘဲ တွယ်တာခဲ့သည့် ထုံးအမှတ်နှင့် ဒေါင်းပိုက်ဆံ ကလေးကိုလည်း ဖျာအောက်မှ ထုတ်ယူ၍ ကြေးပြား အဖော်များ ရှိရာ ကြေးတိုက်တွင်းသို့ သွတ်သွင်းလိုက်လေ၏။ ကြေးပြား အရေအတွက်ကိုလည်း ၀ါးကြောတွင် စူးဖြင့်ခြစ်၍ မှတ်ထားလေ၏။


“ပဲဟင်းချက်တဲ့နေ့က တစ်ပြား၊ ဘကြီးထူး ကျွဲပျောက်တဲ့ နေ့က တစ်ပြား”


စသည်ဖြင့် လက်ချောင်း ကလေးများကို ချိုးကာ ချိုးကာ ပိုက်ဆံစာရင်း တွက်ရ၊ စစ်ရသည်မှာ နေ့စဉ်နှင့် အမျှဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရကောင်းနိုးနိုး၊ သင်္ဘောကြမ်းပေါ်တွင် ၀ှက်ထားရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဘူး နေရာကြပ် ပြောင်းရသည်မှာလည်း အမောပင် ဖြစ်၏။ အရုပ်ကလေးကို ရလျှင် ထည့်ထားဖို့ရန် ထန်းရွက်ဖာ ချောကလေးကို အမျိုးမျိုး ပြုပြင်ဆင်ယင် မွမ်းမံရသည်မှာလည်း မအားပင် ဖြစ်လေ၏။


ဈေးသည် ဒေါ်ခါဥ၏ တောင်းနီးထဲ၌ အငွေ့ထောင်းထောင်းနှင့် ကောက်ဦး ငချိပ်ပေါင်းကို မြင်ရသော အခါ သွား ရည်ယိုမိ၏။ သို့ပါသော်လည်း ၀ယ်မှရသော သရေစာတို့ကို သပိတ် မှောက်လေ၏။ သူငယ်ဖော်တို့ ဖန်ဒိုးဝယ်၍ ဂေါ်လီ ရိုက်သောအခါ ကလေးတို့ ဘ၀ အများနည်းတူ ကစားလိုပါ သော်လည်း မိမိတွင် ရှိရင်းစွဲ စည်ပတ်သံခွေ အဟောင်းကြီးကို ကျောင်းဝိုင်း ပတ်လည်တွင် လှည့်ပတ်ရိုက်လျက် တစ်ယောက် ထီးတည်း ကျေနပ်တင်းတိမ် ရလေတော့၏။ သို့ဖြင့် တစ်ပြား တိုးလျှင် တစ်မျိုး ၀မ်းသာလျက် စုဆောင်း လာခဲ့ရာ ပိုက်ဆံ သုံးဆယ့်လေးပြား ပိုက်မိသော နေ့သို့ ရောက်လာလေသတည်း။


ညနေ လေးနာရီ ကျောင်းလွှတ် ခေါင်းလောင်းသံသည် မောင်ချစ်၏ နှလုံးသွေးကို နှိုးဆွ လိုက်လေ၏။ ဘုရားရှိခိုး ဆုံးခါနီး “အာမ”ဟု ဆိုမိလျှင်ပင် “ဘန္တေ”ကို မစောင့်နိုင်ဘဲ ထ၍ ပြေးလေရာ အစောင့် ကိုရင်ကြီး တစ်ပါးက အရင်လိုရ ကောင်းလားဟူ၍ ထိပ်ကို ဂေါင်ဂေါင်မြည်အောင် ခေါက်လိုက်၏။ အမှု မထားမိ။ လမ်းတွင် ခလုတ်တိုက်၍ ခြေမ ကွဲသွားသော်လည်း နာရမှန်း မသိ။ ဦးအောင်ချာ့ ကနားဖျင်းနား ရောက်သောအခါ အတင်း တိုးဝင်သွားလေ၏။ ဖော့ဦးထုပ်ကို ဆောင်း၊ ဘောင်းဘီ အပြာကို ၀တ်လျက် ကွပ်ပျစ်ထက်တွင် အခံ့သား ထိုင်ရင်း မင်းသမီး ရုပ်ကလေးကို ဘယ်ပြန် ညာပြန် ပယ်ပယ်နယ်နယ် ကိုင်တွယ် ကြည့်ရှုနေသော လူကြီးတစ် ယောက်ကို မြင်မှသာ ကိုယ်အရှိန် သတ်၍ ပြောနေကြသော စကားကို ကြားမိလေတော့၏။


“ဘယ့်နှယ်လဲ ဆရာကြီးရဲ့၊ ကျုပ်ပြောတဲ့ အဖိုးနဲ့ပဲ ပေးလိုက်မယ် မဟုတ်လား။ ခင်ဗျားတို့ အရပ်မှာ ဒီအရုပ်ကလေးနဲ့ တန်တဲ့ အိမ်တစ်အိမ်မှ မရှိပါဘူး။ ၀ယ်နိုင်မယ့် လူလည်းရှိမှာ မဟုတ်ပါဘူး”


“မှန်ပါ။ ၀န်ထောက်မင်းဖို့ ဆိုရင်တော့ အလကား တောင်းလည်း ပေးရမှာပါပဲ။ နို့ပေမယ့် အချောသပ် အမွှမ်းတင်ဖို့ လေး၊ ငါးရက်လောက် ဆိုင်းစေချင်ပါတယ်။ ပြီးရင် ပြီးချင်း ၀န်ထောက်မင်းတို့ဆီကို လာပြီး ပို့ပါမယ်”


ထိုမျှကို ကြားရလျှင်ပင် မောင်ချစ်၏ အသည်းနှလုံး အူသိမ်၊ အူမတို့သည် ကြွေကျမတတ် ဖြစ်လေ၏။ အရုပ် ကလေးကို အတင်းလု၍ ပြေးလိုသော စိတ်ပေါ်လာသော်လည်း ၀န်ထောက်မင်းဟု ကြားရရုံမျှနှင့်ပင် ရင်ဒူး တုန်နေရသော မောင်ချစ်မှာ အဘယ်သို့ ၀ံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံးပြူး သေနတ်သည်လည်း မောင်ချစ်၏ အကြံကို သိသည့် အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင် လေ၏။

ဘကြီးအောင်ညာတယ်

ဘကြီးအောင်ညာတယ်

ဝဲလာသော မျက်ရည်ကို အနိုင်နိုင် ထိန်း၍ မိမိဘက် သို့ ကျောခိုင်းနေသော ဆင်စွယ်ဒေ၀ီ ကလေးအား နောက်ဆုံး ကြည့် ကြည့်လျက် ထွက်လာလေ၏။ လမ်းကြားငယ် တစ်ခု အတွင်းမှ

“ဟိုကောင်ကလေး ညိုတိုတို၊ တို့ကိုကြိုက်လို့ ငို၊ နင် ငိုပေမယ့် အလကား တို့အမေက မပေးစား”

ဟု ထွက်ပေါ်လာသော တေးသံသည် တေးဆိုသူအား နှလုံးပွားဖွယ်ပင် ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကို ကား ဓားပါးနှင့် မွှန်းလိုက်လေတော့သတည်း။


တစ်ဆယ့်ငါးရက်မျှ ကြာသောအခါ ခေါင်းထက်တွင် တဘက်ကိုယ်စီ တင်ထားသော မိန်းမကြီး တစ်စုနှင့် ယောက်ျားကြီး တစ်ယောက်တို့ မောင်ချစ်တို့၏ ခြောက်သွေ့သော ခြံကလေး အတွင်းသို့ ၀င်သွားသည်ကို မြင်ရပါသည်။ အိမ်ရှေ့ ခွေးကတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌ မျက်ရည်စက် လက် ဦးဆံဖားလျားနှင့် ထိုင်နေသော မိန်းမ တစ်ဦးသည် ယောက်ျားကြီး၏ ခြေစုံကို ပြေးဖက်လျက်

“အမယ်လေး ကိုရင်အောင်ရဲ့၊ မောင်ချစ် ဖြစ်ပျက်ပုံတွေ မြင်ဝံ့သေးရဲ့လားရှင့်၊ မောင်ချစ်ရေ အမေ့သားကြီးရဲ့၊ အမေ လိုက်ခဲ့မယ်ကွယ့်နော် ဟီးဟီး”


ဟု ဟစ်အော်ပြောဆို ငိုကြွေး မြည်းတမ်းလေ၏။ ဦးအောင်ချာလည်း မောင်ချစ် အလောင်းနားတွင် မလှုပ်မယှက် ထိုင်နေသော မောင်ချစ်ဖခင်အား

“ဘယ့်နှယ် ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့၊ ကိုရင်လည်း မြို့တက်သွားတာ ဆယ့်လေးငါးရက် ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး။ အခု ပြန်ရောက်ရောက်ချင်းပဲ အိမ်မှာ ထိုင်တောင် မထိုင်ခဲ့ဘဲ ပြေးလာခဲ့တာပဲကွယ့်”ဟု ပြောလေ၏။


“ကိုယ်ရင်ရယ်၊ ဘာရောဂါရယ်လို့လည်း မပြောတတ်ပါဘူး။ တမှိုင်မှိုင်၊ တတွေတွေနဲ့ ထမင်းမစား ဟင်းမစား၊ တစ်ခါတလေ သူ့အမေ ကျွေးလို့ ဆန်ပြုတ်ကလေး တစ်ဇွန်းလောက် ၀င်သွားပေမယ့် ချက်ချင်း အန်ပစ်လိုက်တာပဲ။ ပယောဂဆိုလို့ ဆရာသြ ခေါ်ပြပါလည်း ဘာမှ မထူးခြားပါဘူး။ ကလေးကို ညှဉ်းဆဲသလိုသာ ဖြစ်နေတာပဲ။ မေးလို့ လည်း မပြောဘူး။ မနေ့ညကတော့ သူ့အမေကို ခေါ်ပြီး သူစုထားတဲ့ ပိုက်ဆံ ငါးမူး နှစ်ပြားကို သူ့ဆရာတော်ကို လှူလိုက်ပါလို့ မှာပြီးတော့ ကိုရင်အောင်ကို မေးတာပဲ။ မြို့သွားတယ်လို့ ပြောတော့ အတန်ကြာကြာ ဘာမျှ မပြောဘဲ မောနေပြီး ဘကြီးအောင် ညာတယ်လို့ မပီတပီ ပြောရင်း အသက် ပျောက်သွားတာပဲ”ဟုပြော၍ လုံချည်စဖြင့် မျက်ရည် သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းရင်းကို ရိပ်မိသော အခါ မျက်နှာ ညှိုးငယ်၍ သွားလေတော့သတည်း။


ယခုအခါတွင်ကား ရွာကလေး၏ အနောက်ဘက် နွားစားကျက် အနီး ထိန်ပင်ကြီး တောင်ယွန်းရှိ သင်္ချိုင်းကုန်းထက်တွင် ထီးတည်းသော အုတ်ဂူကလေး တစ်ခုကို တွေ့နိုင်ပါသည်။ အချစ်ဂူ ဟူ၍လည်းကောင်း၊ မောင်ချစ်ဂူ ဟူ၍လည်းကောင်း အမည် နှစ်မျိုးဖြင့် ခေါ်ကြရာ မည်သည်ကို အမှန်ဟူ၍ မပြောနိုင်ပါ။ ဂူကလေး၏ အရှေ့မျက်နှာ လိုဏ်ပေါက် ကလေးထဲတွင် ကျွဲကျောင်းသား၊ နွားကျောင်းသားတို့၏ လက်ချက်ကြောင့် ကျိုးပဲ့ ပျက်စီးနေသော အရုပ်ကလေး တစ်စုံကို တွေ့နိုင်ပါသေးသည်။ လိုဏ်ဝ အင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ် ထက်တွင်ကား “လို၍ မရသော ဆင်းရဲ” ဟု စာတန်း ထိုးထားပါသည်။ ကျွန်တော်၏ ဘိုးအေအား မေးမြန်း ကြည့်ရာ သုံးနှစ်လောက်က ပျံတော်မူသွားသော တောထွက်ကြီး ဦးဣန္ဒ၏ လက်ရာ ဖြစ်သည်ဟု သာမန်မျှသာ သိရပါ သတည်း။


မင်းသုဝဏ်

(၁၉၃၂ ခုနှစ်)မောက္ခပညာရေးမဂ္ဂဇင်းမှကူးယူဖော်ပြထားသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...