Thursday, February 5, 2015

NLD အကြောက်မလွန်သင့်

 
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေအားပေးထောက်ခံကြတာ ဝမ်းသာစရာပါ။ စစ်အရည်ချွတ် အစိုးရကို ယှဉ်ပြိုင်အနိုင်ယူနိုင်တဲ့အင်အားအရှိဆုံးကလည်း NLD ပါတီသာဖြစ်လို့ ဒီပါတီကြီး အင်အားချိနဲ့ သွားမှာ စိုးရိမ်သူတွေထဲမှာ စာရေးသူလဲပါဝင်ပါတယ်။ ဒါကြောင့် ဒီစာကိုရေးဖို့ ဆုံးဖြတ်လိုက်တာပါ။

အခုဖြစ်ပေါ်နေတဲ့ ကျောင်းသားများပညာရေးတောင်းဆိုမှုများကို ထောက်ခံအားပေးတဲ့ NNER ကဦးဆောင်ပါဝင်သူ ဒေါက်တာသိန်းလွင်ကို အဖွဲ့ချုပ်က ဗဟိုကော်မတီရဲ့ခွင့်ပြုချက်မရဘဲ အခြားအဖွဲ့အစည်းမှာ ဦးဆောင်ပါဝင်တဲ့အပြင် ဒေါက်တာသိန်းလွင်ကို အဖွဲ့ချုပ်က တာဝန်ပေးခဲ့တာ မဟုတ်ကြောင်း ဒါကြောင့် အဖွဲ့စည်းကမ်းအရ အပြစ်ပေးမယ်လို့ စာထုတ်လိုက်ခြင်းဟာ အဖွဲ့ချုပ်ကိုများစွာ ထိခိုက်စေခဲ့တယ်ဆိုတာ တွေးမိခဲ့ဖို့ ကောင်းပါတယ်။ အဓိကစာထုတ်ခြင်းရဲ့ ရည်ရွယ်ချက်က NLD ကို အစိုးရက ဆူပူလှုံဆော်မှုမှာ ပါဝင်တယ်၊
တိုင်းပြည်မတည်မငြိမ် ဖြစ်အောင်လုပ်တယ်နောက်ပြီး ရွေးကောက်ပွဲဥပဒေနဲ့ညိပြီး စွပ်စွဲအရေးယူခံရမှာကို စိုးရိမ်တဲ့အတွက် ကြိုကာလိုက်တယ်လို့ ယူဆမိပါတယ်။ မိမိပါတီရှေ့ရေးကိုကြည့်ပြီး လုပ်သင့်တာကို လုပ်တယ်ဆိုပေမဲ့ ကျောင်းသားထုမျက်နှာနဲ့ ပြည်သူလူထုရဲ့ မျက်နှာကိုတော့ ကြည့်ဖို့လိုပါလိမ့်မယ်။ နောက်ပြီး ကြိုကာရင်လည်း မိမိလူတွေကိုနင်းပြီးကာတာမျိုး မဟုတ်ဘဲ “ဒေါက်တာသိန်းလွင်ပါဝင်မှုသည် NLD ဗဟိုကော်မတီ၏ တာဝန်ပေးချက်မဟုတ်ကြောင်း သူ၏ပုဂ္ဂလိက ဆုံးဖြတ်ချက်နှင့်သာပါဝင်ခြင်းဖြစ်ကြောင်း” လောက်သာ ကြေညာချက်ထုတ်လိုက်ရင် လုံလောက်ပါတယ်။ အပြစ်ပေးအရေးယူမယ်ဆိုတဲ့အထိ ထုတ်ပြန်ပြီး နောက်ပိုင်း လူတွေရဲ့ဝေဖန်မှုက ပြင်းထန်လာမှ အပြစ်ပေးမယ်ဆိုတဲ့ စာသားကိုဖြုတ်ပြီး ကြေညာချက်ကို ပြင်ထုတ်တာမျိုးဟာ မဖြစ်သင့်ပါဘူး။ ကြေညာချက် မထုတ်ခင် သေသေချာချာ စဉ်းစားသင့်ပါတယ်။

ဒီအဖြစ်အပျက်က ၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ ၇ရက်နေ့မှာ ဗမာကျောင်းသားစွမ်းအားရှင်အဖွဲ့ Vigorous Burmese Student Warriors  (VBSW) က ဗမာသံရုံးကို ဝင်ရောက်စီးနင်းတုံးက အဖြစ်အပျက်နဲ့ အတော်ဆင်တူနေပါတယ်။ ဒီလို ကျောင်းသားတွေ အသက်စွန့်ပြီး မြန်မာသံရုံးကို ဝင်သိမ်း၊ ခွပ်ဒေါင်း အလံတော်ကို လွှင့်ထူခဲ့တာကြောင့် ကျောင်းသားပြည်သူတွေ စိတ်ဓါတ်ခွန်အားတွေ တက်လာစေခဲ့ပြီး ကမ္ဘာအရပ်ရပ်က မြန်မာကျောင်းသားတွေကို နိုးကြားစေခဲ့ပါတယ်။ မြန်မာကျောင်းသားတွေကလည်း အကြမ်းဖက်မှုတွေမလုပ်ခဲ့ဘဲ သံရုံးကနေ ထိုင်းအာဏာပိုင်များရဲ့ညှိနှိုင်းပေးမှုအရ အေးချမ်းစွာ ထွက်ခွါသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဦးဘိုလှတင့်က “ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်မျိုးကို ကျနော်တို့ လုံးဝမထောက်ခံပါဘူး၊ ဒီလိုလုပ်ရပ်မျိုးနဲ့ လုပ်သူတွေကို NCGUB အနေနဲ့ ပြင်းထန်စွာ ရှုံချပါတယ်”ဆိုတဲ့ ကြေညာချက်ကို ချက်ချင်းထုတ်ပြန်ခဲ့တယ်။ ဘာကြောင့် ထုတ်ပြန်ခဲ့သလဲဆိုတော့ ထိုင်းနိုင်ငံမှာ နေနေတဲ့အတွက် ဒီလိုလုပ်ရပ်မျိုးကို ထောက်ခံရင်ပဲဖြစ်ဖြစ် နောက်ကွယ်ကနေ အားပေးရင်ပဲဖြစ်ဖြစ် သူတို့ရပ်တည်ရေးကို ချိမ်းခြောက်လာနိုင်တယ်။ ထိုင်းအစိုးရကို သူတို့အဖွဲ့ဟာ ဒီလုပ်ရပ်နဲ့ ကင်းရှင်းပါတယ် ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ မိမိအဖွဲ့အစည်း ရပ်တည်ရေးအတွက် ကာလိုက်တာဖြစ်ပေမဲ့ မိမိနဲ့ရည်ရွယ်ချက်တူပြီး လုပ်ဟန်မတူတဲ့ အခြားအဖွဲ့ကို နင်းချလိုက်တာမျိုး မရည်ရွယ်သော်လည်း ဖြစ်သွားခဲ့တယ်ဆိုတာကို မတွေးခဲ့ကြဘူး။ အမှန်က “ဤကိစ္စသည် မိမိတို့အဖွဲ့အစည်းနှင့် မပတ်သက်ကြောင်း ထိုကဲ့သို့ မြန်မာကျောင်းသားများ အကြမ်းဖက်မှုဖြစ်လာရခြင်းမှာ စစ်အစိုးရကြောင့်သာဖြစ်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ကတိအတိုင်း စစ်အစိုးရက အာဏာလွဲမပေးသည့်အတွက် မိမိနိုင်ငံသို့ ပြန်ချင်သော ကျောင်းသားများက သည်းမခံနိုင်တော့ဘဲ လုပ်ဆောင်ခြင်းဖြစ်သဖြင့် စစ်အစိုးရတွင်သာ တာဝန်ရှိကြောင်း” ပြောကြားနိုင်ရင် ပိုပြီး သင့်တော်မှာ ဖြစ်တယ်။ မိမိတို့အသက်ကိုစွန့်ပြီး လုပ်ဆောင်ခဲ့သော ကျောင်းသားများကို နင်းပြီး မိမိတို့အဖွဲ့အစည်း NCGUB ကို ကာကွယ်ရန် မလိုတော့ပေ။ ဒါပေမဲ့ NCGUB ကို ထိုင်းအစိုးရက အမြင်လွဲပြီး ထိုင်းနိုင်ငံက မောင်းထုတ်မှာကို ကြောက်တဲ့စိတ်က လွန်ကဲနေကာ မဆင်မခြင် ပြောခဲ့တဲ့အတွက် ကျောင်းသားထုကြီးရဲ့ ပြစ်တင်ကဲ့ရဲ့ခြင်းကို ခံခဲ့ရတယ်။

ဒီလိုပဲ NLD ကလည်း အစိုးရကအရေးယူလာမှာကို စိုးကြောက်တဲ့အတွက် ကြိုကန်လိုက်တာက မိမိလူကို မိမိချနင်းလိုက်သလို ဖြစ်သွားတယ်။ NLD ပါတီဟာ ကျောင်းသားတို့ရဲ့ ၈၈ အရေးအခင်းကြီးမှာ ပေါ်ပေါက်လာခဲ့တဲ့ပါတီဖြစ်ပြီး ကျောင်းသားထုကို လေးစားတဲ့အနေနဲ့ ကျောင်းသားကိုယ်စားပြု ခွပ်ဒေါင်းကို ပါတီအလံမှာတောင် သုံးထားတဲ့ပါတီလည်း ဖြစ်တယ်။ ဒါပေမဲ့ NLD ပါတီဗဟိုကော်မတီဝင်ကြီးများဟာ စစ်အာဏာရှင်စနစ်ကို ဦးကျိုးနေတဲ့သက်ကြီးရွယ်အိုများ ဖြစ်တာကြောင့် အစိုးရငြိုငြင်မှာ အလွန်ကြောက် နေကြတယ်လို့ မြင်မိတယ်။

ဒေါ်စုအဖမ်းခံနေရစဉ် ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ NLD ပါတီဝင် ဒေါ်နော်အုံးလှ၊ မိထ္ထီလာဒေါ်မြင့်မြင့်အေးတို့လို တက်ကြွသူ တော်တော်များများကို ပါတီကထုတ်ပယ်ပစ်ခဲ့တာ အခုအချိန်ထိပါပဲ။ ဒီလိုတကယ်ကိုယ်ကျိုးစွန့် လုပ်ဆောင်နေတဲ့သူတွေကို ပါတီစည်းကမ်းအရ၊ ပါတီရပ်တည်နိုင်ရေးအရ ထုတ်ရမယ်ဆိုရင်လည်း၊ သူတို့ကို ရှင်းပြနားလည်မှုယူပြီး ပါတီမိတ်ဆွေတွေအနေနဲ့ ဆက်ထားပြီး ပါတီကသူတို့သဘောနဲ့ နုတ်ထွက်တယ် ဆိုတာမျိုး လုပ်နိုင်ရင် အင်အားမပြိုကွဲဘူးလို့ မြင်မိတယ်။
ရွေးကောက်ပွဲမှာလည်း မြို့ခံဒေါ်မြင့်မြင့်အေးနဲ့အပြိုင် ဦးဝင်းထိန်ကို ဝင်အရွေးခံစေခဲ့တာတွေ မဖြစ်သင့်ဘူး။ NLD က ဒီလိုနေရာမှာ လက်ရှောင်ပြီး အဖွဲ့အစည်းနာမည်နဲ့ မဖိသင့်ဘူး။ ဒေါ်မြင့်မြင့်အေးနိုင်လို့ လွှတ်တော်ထဲမှာ NLD မပြောနိုင်တာတွေကို ဒေါက်တာညိုညိုသင်းလို ပြောခဲ့ရင် အကျိုးမရှိနိုင်ဘူးလားလို့ တွေးသင့်ပါတယ်။ မိထ္ထီလာလိုမြို့ခံတယောက်ဖြစ်တဲ့ ဒေါ်မြင့်မြင့်အေးက အပေါ်ကကျလာတဲ့ ဦးဝင်းထိန်ထက် မိမိမြို့နေလူထုရဲ့အခက်အခဲကို ပိုသိပါတယ် ပိုလုပ်နိုင်ပါတယ်။ မိမိပါတီမိတ်ဆွေတွေအင်အားကိုလည်း တွက်ဆပြီး ဗျူဟာချသင့်ပါတယ်။ ပါတီကြီး တခုအနေနဲ့ ကိုယ်မလုပ်နိုင်တာကို တသီးပုဂ္ဂလအမတ်တွေက လုပ်နိုင်တာတွေလည်း ရှိပါတယ်။ ကိုယ့်ပါတီက နိုင်မှမဟုတ်ပါဘူး။

စာရေးသူအနေနဲ့ NLD ပါတီကို အင်အားကောင်းသည်ထက် ပိုကောင်းစေချင်တဲ့စေတနာနဲ့ ဒီစာကို ရေးလိုက်တာ ဖြစ်တယ်။ တိုင်းပြည်ကို NLD က ဦးဆောင်ပြီး အုပ်ချုပ်တာကို မြင်ချင်ပါတယ်။ အဲဒီတော့ ပြောချင်တာက NLD နောက်မှာ ပြည်သူတွေကျောင်းသားတွေ ရှိနေပါတယ်။ အကြောက်မလွန်ဘဲ လုပ်စရာရှိတာကို ခေါင်းအေးအေးထားပြီးလုပ်ဖို့ လိုတယ်လို့ စေတနာနဲ့ သတိပေးလိုက်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...