Saturday, February 7, 2015

“ဆုတောင်းတိုင်းသာ ပြည့်စေချင်”

          အခုလာမယ့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ကျရင် အစိုးရက တိုင်းရင်းသားခေါင်းဆောင်တွေရော လက်နက်ကိုင်အဖွဲ့အစည်းတွေရော ဖိတ်ကြားဆွေးနွေးကြမယ်လို့ သတင်းသဲ့သဲ့ကြားရတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ခုခုများ လက်မှတ်ရေးထိုးနိုင်မလားလို့ မျှော်လင့်မိတာပေါ့လေ။ မျှော်သာမျှော်သည် မယုံကြည် လို့လည်း ကဖျက်ယဖျက်ဆန်ဆန် မလိုတမာစကား မဆိုချင်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ကနေ့ပဲရရ မနက်ဖြန်ပဲရရ၊ အခုရ အခုကောင်းတယ်။ ဘယ်သူလုပ်လို့ရရ ကောင်းတယ်။ မေမေမပါလို့ မယူသေးဘူး၊ ဖေဖေမပါလို့ မယူသေးဘူး၊ လို့တောင် နေ့ရွှေ့ညရွှေ့ လုပ်စရာမလို ဘယ်သူမပါပါ ပါပါ ရတာနဲ့လိုချင်တယ်။ အဲသလောက် အသေအလဲ ငမ်းငမ်းတက် လိုချင်နေလျက်သားနဲ့တောင်မှ အဲသည် ငြိမ်းချမ်းရေးဆိုတဲ့ဟာကြီးက ကနေ့ရောက်လာမလား၊ မနက်ဖြန်ရောက်လာမလား၊ မခန့်မှန်းနိုင်ဖြစ်နေရတာ ဘာဖြစ်လို့များပါလိမ့်လို့ အဖြေရှာကြည့်တဲ့အခါမှာ ကိုယ့်အနေနဲ့ စဉ်းစားမိတာကတော့ ဘယ်သူတွေ ဘယ်လောက်ပဲ လိုချင်နေနေ မလိုချင်နေတဲ့သူတွေ ရှိနေသေးလို့မရသေးတာ လို့ ရှင်းရှင်းလင်းလင်း တွေးမိပါတယ်။ လက်ခုပ်ဟူသည် တစ်ဘက်တည်းမမြည် တဲ့။ စစ်ဆိုတာ တစ်ယောက်တည်း တိုက်လို့မရသလိုပဲ ငြိမ်းချမ်းရေးဆိုတာလည်း တစ်ဘက်တည်း အေးပလိုက်လို့ မရပါဘူး။ နှစ်ဦးနှစ်ဘက် လိုချင်နေပါလျက်နဲ့တောင် ပြည်ပန်းညို ချိုပါလျက် ဆားကဖျက်ဆိုသလို ကြားကဝင် ခလောက်ဆန်နေသူ ရှိနေရင် အဲသည် ငြိမ်းချမ်းရေးခရီးကြီးက ရွှေပြည်တော် မျှော်တိုင်းဝေးတတ်ပါတယ်။


          သူ ငါ သတ္တဝါ လူတကာမကျန်အောင် အားလုံးကောင်းဖို့ ငြိမ်းချမ်းရေးကြီးကို ဘယ်သူတွေကများ မလိုမလားရှိနေရပါလိမ့် လို့ ဆက်စဉ်းစားကြည့်လိုက်တော့ ငြိမ်းချမ်းရေးရသွားလို့ သူတို့အကျိုးစီးပွား ပျက်စီးမှာစိုးတဲ့သူတွေက မလိုချင်ဘူးပေါ့။ တနည်းအားဖြင့် စစ်ပွဲနဲ့ ကိုယ်ကျိုးစီးပွားရှာနေတဲ့သူတွေဟာ အမှန်တကယ် ငြိမ်းချမ်းရေးရသွားမှာကို ဘယ်လိုလားပါ့မလဲ။ လက်နက်ဆွဲကိုင်ခြင်းအားဖြင့် ဝင်ငွေဖြောင့်နေသူတွေဟာလည်း မလွှဲသာလို့ ငြိမ်းချမ်းရေးယူရတော့မယ်ဆိုရင်တောင် ရတန်သလောက် အချိန်လေးဆွဲပြီး အိပ်ထဲဝင်သလောက် ကဲ့ယူသွားကြမယ့် သဘောရှိတယ်။ ဒီစကားပြောလို့ အစိုးရဘက်ကနေ တိုင်းရင်းသားလက်နက်ကိုင်တွေကို သိက္ခာချ စော်ကားနေတယ်လို့မထင်နဲ့နော်။ အဲသည်အစိုးရဘက်က စစ်တပ်ဆိုတာကရော လက်နက်မကိုင်လို့ ဘာကိုင်ထားလို့လဲ။ ဘယ်ဘက်ကဖြစ်ဖြစ် လက်နက်ကို အသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာနေသူတွေဟာ ငြိမ်းချမ်းရေးအတွက် အတားအဆီးကြီး တစ်ခု ဖြစ်တယ် လို့ မြင်စေချင်တာ။ လိုင်ဇာ ဒုက္ခသည်စခန်းက လူမမယ်ကလေးငယ်တွေ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ ဘယ်လိုပင် အိမ်ပြန်ချင်လို့ ငြိမ်းချမ်းရေးကို ငတ်မွတ်နေသော်ငြားလည်း ကေအိုင်အို ကေအိုင်အေ အဖွဲ့တွေနဲ့ အစိုးရစစ်တပ်အကြားမှာ ငြိမ်းချမ်းရေးလိုချင်တဲ့စိတ် ဖြစ်မလာသ၍ သူတို့ အေးအေးချမ်းချမ်း အိမ်ပြန်ရမယ့်နေ့ ရောက်လာမှာ မဟုတ်ဘူး။ အဲ့ဒီတော့အစိုးရဘက်ကပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးကို လိုလားတဲ့စိတ်တွေ ဖြစ်ပေါ်လာအောင် ဘယ်လိုလုပ်ကြမလဲ။ မိမိ အတ္တအကျိုးစီးပွားထက် ကိုယ့်လူမျိုးကိုယ့်တိုင်းရင်းသား ကိုယ့်တိုင်းပြည် အနာဂတ်ကို မျှော်တွေးဆင်ခြင်နိုင်မှ စစ်ပွဲတွေကိုရပ်ပြီး ငြိမ်းချမ်းတဲ့ဘဝကို ရှေ့ဆက်နိုင်မယ်။ အဲ့သလို မျှော်တွေးဆင်ခြင်နိုင်ဖို့အတွက် နှလုံးရည် ဥာဏ်ရည်ပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းတွေ ရှိမှ ဖြစ်မယ်။ ဒါဆို အခုငြိမ်းချမ်းရေးမရသေးတာ တို့ခေါင်းဆောင်ကြီးတွေ အသိဥာဏ်တိမ်လို့ ဖြစ်ရလေတယ်လို့ ကောက်ချက်ဆွဲသလို ဖြစ်နေမယ်။ ဟုတ်မဟုတ် ချင့်ချိန်ကြည့်ကြတာပေါ့။

         KNU အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖော က သူ့ကရင်လူငယ်တွေကို အခုလိုပြောသတဲ့။ KNU အဖွဲ့အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို လိုက်လာတာ အခုဆို အနှစ် ၆၀ရှိပါပြီ တဲ့။ အခု လက်လျှော့ပလား။ အရှုံးပေးပလား။ ဆိုရင် ဟင့်အင်း တဲ့။ တောထဲမှာ ကရင်လက်နက်ကိုင်အင်အား သိပ်အများကြီး မရှိပါဘူး။ ခြောက်ထောင် ခုနှစ်ထောင်လောက်ပေါ့ တဲ့။ သည် ခြောက်ထောင် ခုနစ်ထောင်နဲ့ မြန်မာစစ်တပ်ကို ခံတိုက်လာတာ အခု အနှစ် ၆၀ ရှိပြီ။ သူတို့နိုင်အောင် တိုက်နိုင်လို့လား တဲ့။ အခု ဆက်တိုက်မယ်ဆိုရင် နောက် အနှစ် ၆၀ ကြာလည်း နိုင်မှာမဟုတ်သေးပါဘူးတဲ့။ အနှစ် ၆၀ ဆိုတဲ့ တိုက်ပွဲအတွင်းမှာ သူ့ဘဝတလျှောက်လုံး ကြီးပြင်းခဲ့တယ်။ ကရင်လူငယ်တော်တော်များများလည်း အတူတူပဲပေါ့။ စစ်ပွဲတွေ ကြားမှာ လူလားမြောက်လာခဲ့တာပဲ။ သေတဲ့သူတွေ အများကြီး သေသွားပြီ။ မသေသေးတဲ့သူတွေ ဗိုလ်ချုပ်အဆင့်လောက် ဖြစ်ကုန်ပြီ။ သူဆို ဗိုလ်ချုပ်ကြီးလေ။ “မသေပေမယ့် ဒဏ်ရာနဲ့ ကင်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ ဒီမှာကြည့်။” ဆို သူ့ဗိုက်ကြီး လှန်ပြသတဲ့။ သူတင်မဟုတ်ပါဘူး။ သူ့အောက်က ဗိုလ်ချုပ်တွေ အကုန်လုံး ခတ်ကျွဲမှန်ဒဏ်ရာမကင်းတာ တစ်ယောက်စီလိုက်ပြတယ်။ ဒီဒဏ်ရာတွေဟာ သူတို့ မကြောက်မရွံ့ တိုက်ပွဲဝင်ပြီး ရလာတာတွေလေ။ အခုလည်း မကြောက်သေးပါဘူး။ တိုက်မလားဆို အခုထွက်တိုက်မယ့် သူတွေချည့်ပဲ။ ကရင်တွေထဲမှာ ဒဏ်ရာရလို့ ကြောက်ပြီးသွေးကြောင်နေတဲ့သူ တစ်ယောက်မှ မပါဘူးတဲ့။ အဲ့ဒီစကားပြောပြီး အချိန်ကြာကြာ သူနှုတ်ဆိတ်သွားတယ်။ ပြီးမှ “သူတို့အားလုံးကိုယ်စီမှာ ရှိနေတဲ့ ဒဏ်ရာဒဏ်ချက်မျိုးတွေကို နောက်လာမယ့် ကရင်လူငယ်ကလေးတွေကို လက်ဆင့်ကမ်း မပေးချင်တော့ဘူး။ အဲ့ဒါကြောင့် သူ ငြိမ်းချမ်းရေးယူဖို့ကြိုးစားပါတယ်။” လို့ ပြောသတဲ့။ တသက်လုံး စစ်တိုက်လာတဲ့ သူ့အနေနဲ့ မြန်မာစစ်တပ်အပေါ် အမုန်းတရားတွေ၊ အာဃာတတရားတွေ၊ နာကျည်းချက်တွေ မရှိပဲ ဘယ်နေပါ့မလဲ။ ဒါပေမယ့် ငြိမ်းချမ်းရေးကို စဉ်းစားတဲ့အခါမှာ အဲဒီပုဂ္ဂလိကခံစားချက်တွေကို ကျော်ပြီး သူ့လူမျိုးတွေ အနာဂတ်အထိ မျှော်တွေးပြီး ဆုံးဖြတ်တယ်။ ငြိမ်းချမ်းရေး ယူလိုက်ပြီးရင် ငါ့ ပုခုံးပေါ်တင်ထားတဲ့ ဗိုလ်ချုပ်ကြီးအပွင့်တွေပြုတ်သွားမှာလား။ မြန်မာအစိုးရက နောက်ကြောင်းပြန်အရေးယူပြီး ငါတသက်လုံး နည်းမျိုးစုံနဲ့ ရှာဖွေထားသမျှ စည်းစိမ်ဥစ္စာတွေ သိမ်းယူသွားမလား။ ဘာတစ်ခုမှ ပူပင်နေဟန် မတူပါဘူး။

         ကဲ တောထဲက သူပုန်ဆိုတဲ့ လူကြမ်းကြီးကတော့ အဲသည်အတိုင်း ကသွားတယ်ဗျား။ ကျုပ်တို့ မြို့ပေါ်က ဘိုးတော်ဘတော်တွေ ဘာစကားပြောပြီး ဘယ်ဇာတ်ကွက်က ကသွားပါလိမ့်။ အောင်မယ် သူတို့လည်း ဗိုက်လှန်သေနတ်ဒဏ်ရာပြတာချင်းတော့ အတူသားဗျ။ ပါးစပ်ကထွက်တဲ့ ဒိုင်ယာလော့ကျမှ ငါးပါးမှောက်ပြီး အတွင်းစိတ်တွေ ပေါ်လာတာ။ ဒမှာကျန်း ငါတို့က ဒလိုဒလိုတွေ အသက်စွန့်လာခဲ့ရတာ တွေ့လား။ နင်တို့ဟိုမိန်းမ မြန်မာပြည်အတွက် မြက်တစ်ပင်စိုက်ဖူးလို့လား။ အဲ့လိုအဲ့လိုတွေရှိလို့ အာဏာဆိုတာ ငါတို့နဲ့ပဲဆိုင်တယ် သိလား။ လျှာမရှည်နဲ့ ပါးချည့်ပဲ ဖြတ်ရိုက်ပလိုက်မယ်။ အရပ်တကာလှည့် ပါးရိုက်လာတာ။ အဲ့လိုမျိုးတွေပဲ ကြားခဲ့ရတယ်။ ပါးစပ်ပါတဲ့လူတိုင်း မူဟန်သွယ်သွယ် တက်ဆိုသွားလိုက်ကြတာ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်ကကို မတက်တော့ဘူး ကန်ပတ်လည် ခရေရိပ်ရော၊ ရွာထိပ်က ကုက္ကိုပင်ရော ကိုယ်တို့တရွာလုံးအကြောင်း ဘယ်သူမှ မစဉ်းစား။ ထည့်ကို မတွက်ကြ။ တစ်လတစ်ခါ အဝှာပြုကာနီးမှ “မိဘပြည်သူများခင်ဗျား” လို့ အဖက်လုပ် အခေါ်ခံရတယ်။ လမ်းခင်းပေးဖို့စဉ်းစားရင်တောင် သူ့ကိုအရင်မဲထည့်ရမတဲ့။ တဝက်ခင်းထားပြီး လိုချင်တဲ့မဲမရရင် တန်းလန်းကြီး ပစ်ထားပလိုက်တာ။(မဟုတ်ဘူး ငြင်းရင် အမ်းလိုက်ခဲ့ဗျာ။ သွားမရတဲ့လမ်းတခြမ်းကြီးတွေ ကိုယ်တိုင်လိုက်ပြမယ်)

         ကိုယ်တို့မြန်မာစစ်တပ်ဘက်က ငြိမ်းချမ်းရေး မလိုချင်ဘူးလို့ တခါမှ မပြောဖူးပါဘူး။ ငြိမ်းချမ်းရေး လိုချင်လို့သာ အစစအရာရာ ဖြေလျှော့မှုတွေနဲ့ ကျားကုတ်ကျားခဲ လိုက်ဆွေးနွေးနေတာ။ ဒါပေမယ့် ဘာဖြစ်လို့ အခုထက်ထိ အဲသည်ငြိမ်းချမ်းရေးကြီးက မရနိုင်သေးတာလဲ။ သူတို့က အကုန်ရရင်ရ မရရင် ဘာမှမလိုချင်ဘူးလေ။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး တညီညွတ်တည်း လက်နက်ကိုင်လမ်းစဉ်ကိုစွန့် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကြီး လက်မှတ်ရေးထိုးလိုက်မှ သူတို့လည်း ငြိမ်းချမ်းရေးဖခင်ကြီး၊ ဒုတိယပင်လုံကို ဖော်ဆောင်သူကြီး၊ တနိုင်ငံလုံး နဲ့ တိုင်းရင်းသားအားလုံးအတွက် မရှိမဖြစ်ဘ။ ငြိမ်းချမ်းရေးလိုချင်ရင် ဘကို မဲထည့်မှ စိတ်ချရမယ်။ အဲ့သလိုမျိုး လိုချင်နေပုံရပါတယ်။ ငြိမ်းချမ်းရေး ကမ်းလှမ်းထားတဲ့ လက်နက်ကိုင်တွေ ငြိမ်းချမ်းရေးယူထားပြီး လွှတ်တော်ထဲ ဝင်ထိုင်နေတဲ့တိုင်းရင်းသားတွေကို ခြင်းထဲကကြက် ဘယ်ချိန်ကောက်ရိုက်ရိုက်ရတယ်လို့ သဘောထားတယ်။ တိုင်းပြည်အတွက် တိုင်းရင်းသားတွေအတွက်နဲ့ ကိုယ့်အကျိုး ကိုယ့်ပါတီအကျိုး ဘယ်ဟာကို ဦးစားပေးသလဲဆိုတာ ကိုယ့်ဘာသာအသိဆုံးနေမှာပါ။ မှန်မှန်ကန်ကန်သာ သုံးသပ်။ အဲသည်စိတ်ရင်းအခြေခံကို မပြင်နိုင်ရင် ငြိမ်းချမ်းရေးပြိုကွဲစေတဲ့ အခြေခံအကြောင်းတရားကို မဖယ်ရှားနိုင်ရင် ကျားသေတွေက ပြန်ပြန်အသက်ဝင်လာဦးမှာပဲ။

           အခုလောလောဆယ်အသက်ဝင်လာတဲ့ ကျားသေကြီးကတော့ ဝေးဝေးသွားကြည့်စရာ မလိုပါဘူး။ ကိုယ်အလုပ်လုပ်ခဲ့တဲ့ ကိုးကန့်နယ်ထဲမှာ ရှိတယ်။ နံမယ်က ဖုန်ကျားရှင် တဲ့။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက ကိုးကန့်မှာတိုက်ပွဲအကြီး နှစ်ခါဖြစ်တာ မြန်မာဘက် ဒုဗိုလ်မှူးကြီးတစ်ယောက် အပါအဝင် ၇ ယောက် ကျသတဲ့။ သူတို့ဘက်က ရန်သူအင်အား ၆၅၀ နဲ့ ၈၀၀ အကြား ရှိသတဲ့။ ဦးဖုန်ကြီးက တရုတ်သတင်းစာထဲမှာ လူသိရှင်ကြား အင်တာဗျူးထားတာ ဓါတ်ပုံနှင့်တကွတောင် ပါသဗျား။ သူကဘာပြောသလဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတယ်၊ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုရင် ကိုးကန့်တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်လည်းဖြစ်၊ Myanmar National Democratic Alliance Army ရဲ့ အကြီးအကဲလည်းဖြစ်တဲ့ သူနဲ့လည်း ဆွေးနွေးသင့်ပါတယ်တဲ့။ သူတစ်ယောက်တည်း ပြောနေတာ မဟုတ်ဘူးနော်။ United Nationalities Federal Council ဆိုတာကြီးကပါ ထောက်ခံဖိအားပေးပြီး ဝင်ညှော်သေးတာ။ သူ့ဟာသူ ပါးစပ်ပါလို့ မရှက်မကြောက် ပြောတာ ပြောပစေလေ။ ရယ်တောင်ရယ်ရသေး။ ဒါပေသိ တိုက်ပွဲနှစ်ခါဖြစ်လာတဲ့အခါကျ ဘယ်မှာ ရယ်နိုင်လို့တုန်း။ ငိုတောင် ငိုရဖို့ အကြောင်းဖန်လာပြီ။

           တကယ်တော့ အဲသည်ကိုးကန့်ဆိုတာကြီးက ၁၉၈၉မှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ဗကပကနေခွဲထွက်ပြီး ပထမဦးဆုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့တဲ့ အရပ်မို့လို့ ဒေသဖွံ့ဖြိုးရေးတွေ လုပ်တဲ့အခါ အထူးဒေသ (၁) လို့ နံပတ်စဉ်တပ်ပြီး မူးယစ်ဆေးဝါးပပျောက်ရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးတွေ လုပ်ခဲ့တယ် မဟုတ်ဘူးလား။ JICA က ဆေးရုံကြီးတွေ ဆောက်လှူ၊ ကျန်းမာရေးဝန်ကြီးဌာနက အထူးကုဆရာဝန်တွေ ခန့်ထားပေးလို့ ကိုယ်တောင် အဲသည်မှာ နှစ်နှစ်ခွဲကြာအောင် ခွဲစိတ်ဆရာဝန် လုပ်ခဲ့ရပါသည်ကော။ မှန်ပါတယ်။ အဲသည်အချိန်ကတော့ ဦးဖုန်ကျားရှင်ဆိုတာ ကိုးကန့်တိုင်းရင်းသားခေါင်းဆောင်ပါ။ တစ်နယ်လုံးမှာ ဘုရင်တစ်ဆူလို ဘုန်းမီးနေလတောက်ပသူကြီးပါ။ ဒါပေမယ့် သူနဲ့ချုပ်ထားတဲ့ ငြိမ်းချမ်းရေးစာချုပ်ကြီးဟာ ၁၉၈၉ ကနေ ၂၀၀၉ အထိ အနှစ် ၂၀ပဲ ခံပါတယ်။ ဒါဖြင့် ကိုးကန့်ဒေသကြီးက အခု မငြိမ်းချမ်းတော့တာလား။ မဟုတ်ပါဘူး။ အခုလည်း ငြိမ်းငြိမ်းချမ်းချမ်း ရှိပါတယ်။ ပျက်ပြယ်သွားတဲ့ ငြိမ်းချမ်းရေးက မြန်မာကိုးကန့်အကြားမှာ မဟုတ်ပဲ ဦးဖုန် နဲ့ အစိုးရအကြားမှာပါ။ တကယ်တော့ အစိုးရအတွက်ဆိုရင် ဖုန်ကြားရှင်ဟာ တိုင်းရင်းသားခေါင်းဆောင် မဟုတ်တော့ပါဘူး။ စစ်ရာဇဝတ်သားဖြစ်နေပါပြီ။ ၂၀၀၉ တုန်းက လက်နက်စက်ရုံတစ်ခုသိမ်းမိပြီး ရဲအယောက်၂၀ ကို သတ်သွားတဲ့ တရားခံပြေးတစ်ယောက် မဟုတ်ဘူးလား။ သည်ဘက်နိုင်ငံကအလိုရှိတဲ့ ရာဇဝတ်သားတစ်ယောက်ကို ဟိုဘက်တိုင်းပြည်က အစိုးရသတင်းစာထဲမှာ အင်တာဗျူးကြီးများတောင် တွေ့ဆုံဆွေးနွေးပြီး စစ်သည်အင်အားများတောင် ကူပေးနေသလား မသိပေါင်။ ဖမ်းဆီးရမိတဲ့ စစ်သားတွေဆီမှာ တရုတ်မပုတင်တွေ တွေ့ဆိုပဲ။ ဆန်းတော့ မဆန်းပါဘူး။ အဲသည်မှာ တစ်နယ်လုံး ဟိုဘက်ကမပုတင် ကိုင်ကြတာပါ။ အခုတော့ အဲသည်ဘက်က တရုတ်ကြီးတွေ ကျားသေကို အသက်သွင်းပေးလိုက်တာ သည်ဘက်မှာလာ ကျားရိုးစူးကုန်ပြီ။ ဒါဆိုရင် မေးစမ်းပျစီ။ ဖုန်အန်းကုန်းကို ပြန်လက်ခံပြီး ငြိမ်းချမ်းရေးဆွေးနွေးရအောင် လက်ရှိ ကိုးကန့်နယ်မှာ သူ့နေရာယူထားသူ ဦးပယ်ဆောက်ချင်ကြီးကို ဘယ်နားသွားထားကြမတုန်း။ ကိုးကန့် (၁)၊ ကိုးကန့်(၂) လို့ ခွဲပေးရမှာလား။ အချင်းချင်း ဗိုလ် ကျားသေနတ် ကိုယ်ကြိုက်တာကိုယ်လုပ်လို့  ငြိမ်းငြိမ်းချမ်းချမ်း ဆုံးဖြတ်မှာလား။ ဝေးလိုက်တာ။ သူထွက်ပြေးကလည်းက ဦးပယ်နဲ့ အပေါင်းအပါတွေကို ခေါင်းတစ်ခေါင်း ယွမ်ဘယ်နှစ်သိန်း ဆို တရုတ်ပြည်ကနေ ဆုငွေထုတ်ထားတာ ဖတ်လိုက်ရသားပဲ။ ဟိုဘက်က လှမ်းညှော်မနေပါနဲ့ လိုချင်ရင် ကိုယ့်ဘာသာ လာဖြတ်ယူ။ တကယ်တော့ အဲသည်ကိုးကန့်ဒေသဆိုတာ အဲ့လိုဓါတ်ပြားဟောင်းကြီး ပြန်ပြန်ဖွင့်ခဲ့တာ အပ်ကြောင်းတွေထပ်နေပါပြီ။ အဲ့ဒါတော့ သမိုင်းကြောင်းကို သိမှ နည်းနည်းသဘောပေါက်မယ်။

           ကိုးကန့်တွေကို တိုင်းရင်းသားလို့ပြောရင် ကိုယ်ကတော့ သိပ်ရယ်ချင်တာပဲ။ အဲ့ဒါ ကိုယ့်လာမမေးနဲ့။ သူတို့ကိုးကန့်တွေကိုပဲမေး။ နင်တို့ မြန်မာတိုင်းရင်းသားလား တရုတ်တိုင်းရင်းသားလား မေးရင် တရုတ်တိုင်းရင်းသားလို့ပဲ ဖြေလိမ့်မယ်။ သူတို့အားလုံးလက်ထဲမှာ မြန်မာမှတ်ပုံတင်သာ မရှိရရင်နေမယ်။ တရုတ်မှတ်ပုံတင်တွေရှိတယ်။ လောက်ကိုင်လိပ်စာနဲ့ဆို သူတို့အခေါ် ခွေးမင် (ကူမင်း) အထိ တံခါးမရှိ ဓါးမရှိ ဝင်ထွက်သွားလာလို့ရတယ်။ တရုတ်စကားပဲပြောတယ်။ တရုတ်ပိုက်ဆံပဲ သုံးတယ်။ ရေ၊ မီး၊ ဖုန်း၊ အင်တာနက် အကုန် တရုတ်ကလာတယ်။ အိပ်ယာဝင်၊ အိပ်ယာထ၊ ထမင်းစား၊ ကျောင်းသွား၊အားလုံးကို ပီကင်းစံတော်ချိန်နဲ့ အလုပ်လုပ်တယ်။ သေလွန်သွားတဲ့အခါမှာတောင် ကိုယ်တို့မြန်မာပြည်ကသိဉ္စည်း၊ ကာလသုတ်၊ ယောယုဝ၊ တာပန၊ အဝီဇိ အစရှိသော ငရဲကြီးရှစ်ထပ်ကို မသွားဘူး။ တာဝတိန်သာ၊ရာမာ၊ တုဿိတာ အစရှိသော နတ်ပြည်ခြောက်ထပ်ကိုလည်း မလားဘူး။ ဟိုဘက်တိုင်းပြည်က စွန်းဝူခုန်း တက်လိုက်ဆင်းလိုက်လုပ်တဲ့ တရုတ်နတ်ပြည် ငရဲပြည်ပဲ သွားမှာ။ သူတို့အားလုံးဟာ သည်ဘက်မြေမှာနေသော်ငြားလည်း ဟိုဘက်တိုင်းပြည်ကလူတွေလို့ သူတို့ကိုယ်တိုင် ခံယူထားကြတယ်။ ကုန်ကုန်ပြောလိုက်မယ်လောက်ကိုင်မှာ တရုတ်စာ တရုတ်စကားမတတ်ရင် အိမ်သာတောင် ဝင်လို့မရဘူးမှတ်။ ကျား နဲ့ မကိုတရုတ်လိုပဲ ရေးထားတာ။ မှားဝင်မိရင် ရှော့ခ်ရှိတယ်။ အထဲမှာ တံခါး မရှိဘူး။ ဟောင်းလောင်းကြီးတွေ။

           ဒါဖြင့်လည်း သူတို့တရုတ်ပြည်မှာပဲ နေပါတော့လား။ ဘာဖြစ်လို့ သူများနိုင်ငံထဲ ကျွံဝင်လာရသေးသလဲ။ မဟုတ်ဘူး။သူတို့က တရုတ်နိုင်ငံထဲမှာလည်း မနေချင်လို့။ သူတို့နိုင်ငံရဲ့ ဥပဒေနဲ့ လက်လှမ်းမမီတဲ့ နေရာမှာနေချင်လို့ ကိုယ့်အထဲဝင်နေတာ။ ဒါဖြင့်ရင် တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်။ တိုင်းရင်းသား Identity တစ်ခုကို ကောက်ဝယ်ပလိုက်တာပေါ့။ ကိုးကန့်နယ်ဆိုတာ မြန်မာပိုက်နက်ထဲက။ ကိုးကန့်စော်ဘွားဆိုတာ မြန်မာဘုရင်တွေ လက်ထက်ကတည်းက အသိအမှတ်ပြုခဲ့တယ်။ ကိုးကန့်တိုင်းရင်းသားဆိုတာကတော့ အရင်ကမရှိခဲ့ဘူး။ ဗိုလ်ချုပ်ခင်ညွန့် နဲ့ ငြိမ်းချမ်းရေးယူပြီးတော့မှ အသစ်ပေါ်လာတာ။ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့ဆိုတာ ရှိတယ်လေ။ တရုတ်မလေးတွေ ဝတ်တဲ့အတိုင်းဝတ်ပြီး တရုတ်အက ကတယ်။ သီချင်းတောင် တရုတ်လိုပဲ။ ကိုးကန့်ဘာသာဆိုတာ တရုတ်စကားပြောကြီးဟာကို။ အနောက်ဘက်ကလူတွေ ရိုဟင်ဂျာကို ဘာလို့ အမည်ပေါက်အောင်လော်ဘီလုပ်နေသလဲဆိုတာ သဘောပေါက်ပြီလား။

            ၁၉၆၂မှာ တော်လှန်ရေးကောင်စီ အာဏာသိမ်းလိုက်တော့ ကိုးကန့်စော်ဘွားလည်း တခြားရှမ်းစော်ဘွားများနည်းတူ အာဏာကို စွန့်လွှတ်ရတယ်။ ဒါပေမယ့် အကုန်လုံးကို စွန့်လွှတ်လိုက်ရတာတော့ မဟုတ်ဘူး။ နယ်ခြားစောင့်တပ်လိုမျိုး ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပေးထားတဲ့အတွက် သူ့လက်အောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေသေးတယ်။ ဖုန်ကျားရှင်ဟာ ကိုးကန့်စော်ဘွားရဲ့ ကာကွယ်ရေးတပ်သား အဖြစ်နဲ့ ကိုးကန့်မှာ ဘဝစတယ်။ အဲသည်အချိန်ကတည်းက ကိုးကန့်နိုင်ငံရေးဟာ ရွှေလမ်းငွေလမ်းခင်းထားခဲ့တာ။ ရုပ်ရှင်မင်းသမီးတစ်ယောက်ကိုစိန်တွေ ပြည်တောင်းနဲ့ချင်ပြီး ပေးခဲ့တယ်ဆိုတဲ့ ယောင်္ကျားရှာမကြီးက ကိုးကန့်စော်ဘွားရဲ့နှမတော်သတဲ့။ ကမ္ဘာကျော်ဘိန်းဘုရင်ကြီးလို့ဆိုတဲ့ လော်စစ်ဟန်ကတော့ သူ့တူတော်သတဲ့။ ၁၉၇၃မှာ အခြေခံဥပဒေပြဋ္ဌာန်းပြီးလို့ ကာကွယ်ရေးတပ်တွေ ဖျက်သိမ်းပြီး လက်နက်တွေ ပြန်အပ်ခိုင်းတဲ့အခါ လော်စစ်ဟန်က မအပ်ပဲ တောခိုသွားခဲ့တာတဲ့။ တောခိုတယ်ဆိုလို့ ပန်းပဲမောင်တင့်တယ်လို တူကြီးထမ်းပြီး တောထဲပြေးဝင်သွားတယ် မထင်နဲ့နော်။ သူ့အိမ်သူ့ဟော် သူ့ဘာသာနေရင်း “မအပ်ဖူးကွာ။ ဘာလုပ်ချင်သလဲ။ မင်းတို့လာရဲလာကြည့်။ အကုန်ပစ်သတ်မယ်။”  လို့ အကြောင်းပြန်လိုက်ရင် အလိုလို အော်တိုငုတ်တုတ် သူပုန်ဖြစ်သွားရော။ နဂိုကတည်းက သံလွင်အရှေ့ခြမ်းဆိုတာ ကိုယ်တို့အာဏာစက်အောက်မှာ ရှိလှတယ်မှမဟုတ်ပဲ။ “သံလွင်ချောင်းခြား တို့နှစ်ယောက်အကြား..” ဆိုတဲ့ သီချင်းဟာ အလကားနေရင်း ပေါ်လာတာမဟုတ်။

            ကိုးကန့်တွေက တောမခိုပေမယ့် ကိုးကန့်တွေဆီကို တောခိုသွားရတဲ့ ဗမာတွေလည်း ရှိခဲ့တယ်။ ဗကပတွေလေ။ ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန်တဲ့အခါ တရုတ်ပြည်မကြီးက ကျောထောက်နောက်ခံ အထောက်အပံ့များ ရယူလိုတဲ့အတွက် တရုတ်နယ်စပ် ကိုးကန့်ဒေသမှာ တိုက်ခိုက်သိမ်းပိုက် အခြေချလာလို့ ကိုးကန့်နယ်ဆိုတာ ဗမာစစ်သားတွေ ခြေချလို့မရတဲ့ ရန်သူ့နယ်မြေဖြစ်သွားတာပေါ့။ မြန်မာပြည်ဘက်မှာ မြန်မာနိုင်ငံရေး ရှိသလိုပဲ တရုတ်ပြည်ဘက်မှာလည်း တရုတ်နိုင်ငံရေး ရှိနေပြန်တယ်။ မော်စီတုံးကြီးရဲ့ ကွန်မြူနစ်ပါတီအာဏာရတော့ ကွန်မြူနစ်ဝါဒကို မလိုလားတဲ့ ချန်ကေရှိတ်ခေါင်းဆောင်တဲ့ တရုတ်တပ်တွေဟာ အဲသည်နယ်စပ်ဘက်ကနေ ကျူးကျော်ဝင်လာကြတယ်။ တရုတ်ဖြစ်လျက်သားနဲ့ အရောင်မနီလို့ တရုတ်ဖြူ လို့ ခေါ်တာလေ။ အဲ့ဒီတော့ကိုးကန့်တို့ ဝတို့ဒေသဟာ မြန်မာအစိုးရရဲ့ အာဏာစက်နဲ့မှ လက်လှမ်းမမီတာ မဟုတ်ဘူး။ သူတို့တရုတ်အစိုးရရဲ့အာဏာစက်နဲ့လည်း မမီ့တမီဖြစ်နေရော။ တရားဥပဒေ မစိုးမိုးတဲ့နေရာမှာ အင်မတန်ရှင်သန်ဖြစ်ထွန်းတဲ့ အပင်တွေရှိတယ်လေ။ ဘိန်းပင်တွေ။ လောက်ကိုင်မှာ JICA ရုံးစိုက်ထားတဲ့ ဘိန်းချက်စက်ရုံအဟောင်းကြီးဟာ အရှေ့တောင် အာရှမှာ အကြီးဆုံးပဲတဲ့။ သူ့ထက်ကြီးတာ ကိုလံဘီယာမှာပဲ ရှိတော့တယ် လို့ ပြောကြတယ်။

            ကိုယ်တို့ဆီမှာလိုပဲ သူတို့ဆီက နိုင်ငံရေးကလည်း တိမ်တောင်သဖွယ်မင်းရေးကျယ်တဲ့အခါ နိုင်ငံရေးကစားကွက်တွေမိပြီး အင်အားကြီးထွားလာခဲ့သတဲ့။ တရုတ်ကွန်မြူနစ်ပါတီမှာလည်း လေးဦးကော်မတီတို့ ဖြုတ်ထုတ်သတ်တို့ ရှိခဲ့တယ်လေ။ တိဘက်က ဒလိုင်းလားမားကြီးကို မောင်းထုတ်သလိုမျိုးပဲ ယူနန်က ပန်းသေးတရုတ်တွေကို နှိမ်နှင်းကွပ်မျက်တဲ့အခါမှာလည်း သူတို့ဆီကလူတွေက အဲသည်အရပ်ကိုဘေးကင်းရန်ကွာ နားခိုရာ လို့ သတ်မှတ်ခဲ့ကြတယ်။ အကြောင်းအပေါင်းစုံသွားတဲ့အခါ ကိုးကန့်ဒေသမှာ တရုတ်တွေ ကြီးစိုးလာပြီး နဂိုနေရင်းစွဲ ရှမ်းတွေက သူ့အစုသူ့ရွာနဲ့သူ Cluster ကလေးတွေဖွဲ့လို့နေကြတယ်။ သူတို့လည်း ပျောက်တော့ မသွားဘူး။ ဟိုးဘက် စစ်ဆောင်ပန္နားအထိ ရှမ်းရွာတွေ ရှိတယ်။ ဒါပေမယ့် ကိုးကန့်မှာတော့ တရုတ်တွေကပဲ အုပ်ချုပ်စိုးမိုးတယ်။ ကိုးကန့်စစ်တပ်လို့ ခေါ်ချင်ခေါ်ပေါ့။ လော်စစ်ဟန်ကို ထိုင်းကဖမ်းပြီး အစိုးရလက်အပ်လို့ အင်းစိန်ကလူတွေ ဇော်ဂျီဖိုဝင်သား စားရသလို မြိန်ရေယှက်ရေ ဖြစ်နေတုန်း အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြန်တယ်။ အဲသည်အချိန် ကိုးကန့်မှာ ခေါင်းဆောင်က ရန်မျိုးလုံ တဲ့။ ဖုန်ကျားရှင်ကတော့ ဒုတိယခေါင်းဆောင် ဖြစ်လာပြီ။ ဖုန်အိမ်နဲ့ ရန်အိမ်နဲ့ ပဋိပက္ခတွေဖြစ်နေတဲ့အချိန်မှာ ဦးခင်ညွန့်က အန်ကယ်လော်နဲ့ အပူတပြင်းတွေ့ပြီး ဘေးတီးမီးထိုးသတဲ့။ ကိုးကန့်တပ်အချင်းချင်း ယာလည်းညက် ကြက်လည်းပန်းဖြစ်အောင် ကစားပြီးမှ နှစ်ကောင်စား ကင်းဝင်သွားတယ်။ ရန်အိမ်ကို ပြည်ဝင်ခွင့်ပေးလိုက်ပြီး ရန်ကုန်မှာ ဖန်ခုန်စေတယ်။ လော်စစ်ဟန်ရဲ့သားက အေးရှားဝေါကြီး ထောင်ထားတာ ဟီးထနေပြီလေ။ ဖုန်အိမ်ကိုတော့ ကိုးကန့်မှာ ကြီးစိုးခွင့်ပေးလိုက်တယ်။ ပြီးတော့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးစာချုပ်လည်း လက်မှတ်ထိုးနိုင်လိုက်တယ်။ ဝင်းဝင်း ဝင်းဝင်း နဲ့ ဂုဏ်ဖော်လို့ကောင်းလိုက်တာ မူးယစ်ပြတိုက်ကြီးနှစ်ခုကို လောက်ကိုင်မှာတစ်ခု ရန်ကုန်မှာတစ်ခု ဆင်တူဆောက်ပလိုက်တယ်။ ကိုးကန့်တွေ တိုင်းရင်းသားဖြစ်လာပြီး ဝတ်စုံတွေ အကတွေတောင် ထွင်ယူရတယ်။

            တရားဥပဒေဘောင်အတွင်း ရောက်လာပြီဆိုတော့ ဦးဖုန်ကြီးလည်း တီဗီထဲမှာ ဒါးကလေးယမ်းကာယမ်းကာ ဘိန်းပင်တွေ ခုတ်ပြရရှာတယ်။ ဟိုတုန်းက သူမစိုက်ခဲ့သလို ဘာလိုလိုပေါ့။ သူဘိန်းပြန်စိုက်မှာ ကြောက်လို့ အန်ဂျီအိုတွေဝင်လာပြီး မူးယစ်ဆေးဝါးပပျောက်ရေး ပရောဂျက်တွေ အမျိုးမျိုးနဲ့ အနီးကပ် စောင့်ကြည့်နေကြတယ်။ ကြည့်လေ။ ကြိုက်သလောက်ကြည့်။ ဘိန်းမစိုက်ရလို့ ငတ်သေတဲ့ မသာထဲမှာ ကမ္ဘာဆုံးထိ မပါမယ့်သူတွေပါ။ တရုတ်သွေးမှ ရဲရဲကိုနီလို့။ လောင်းကစားလုပ်တဲ့နေရာမှာ ဘယ်သူလိုက်မီမလဲ။ ပြည်မကြီးထဲမှာ ခွင့်မပြုတဲ့ လောင်းကစားရုံကြီးတွေ ဟီးဟီးထနေအောင် ဖွင့်ပလိုက်တယ်။ ဧည့်သည်တွေ လာရင်တည်းဖို့ ကြယ်လေးပွင့်အဆင့် ဟော်တယ်ကြီးတွေလည်း ရှိတယ်။ အဲ့ဒီအချိန်က နေပြည်တော် ဟော်တယ်ဇုန်မှာတောင် လောက်ကိုင်က ဟော်တယ်တွေလောက် မကောင်းသေးဘူး။ ပီကင်းက ဘဲကင်လည်း ရတယ်။ ရှန်ဟဲက ပုဇွန်လည်းချိုတယ်။ ကျောက်ဖြူက ဂဏန်းတောင် အရှင်လတ်လတ်။ ပါးရှန်းမင်းသားလေးဇာတ်ကားထဲက ဗယ်လီဒန်ဆာတွေလို ဗိုက်သားကလေး အမြောင်းလိုက်ပေါ်တဲ့ ကချေသည်တရုတ်မလေးတွေလည်း လာတယ်။ မီးအိမ်နီဈေးတန်းဆိုတာ စင်္ကာပူက ဂေလန်းလောက်တော့ အသာလေးပဲ။ ရန်ကုန်ကလွဲရင် နိုက်ကလပ်ဆိုတာ လောက်ကိုင်မှာပဲ တက်ဖူးတယ်။ ပြည်မကြီးကနေ ကားမောင်းလာရင် ဆယ့်ငါးမိနစ်အကွာမှာ ပျော်စရာအိပ်မက်တိုင်းပြည်ကြီးရှိတယ်။ ဘာဗီဇာမှ မလိုဘူး။ တံခါးမရှိ ဓါးမရှိ ကြိုက်သလိုဝင်။ တရုတ်ပြည်ကဘဏ်တွေ၊ ငွေထုတ်စက်တွေရှိတယ်။ အကြွေးဝယ်ကဒ်တွေ ချက်စာအုပ်တွေ သုံးလို့ရတယ်။ လောက်ကိုင်ဆိုတာ မြန်မာပြည်မြေပုံထဲမှာတော့ ပါတယ်။ ဒါပေမယ့် တရုတ်မြို့စစ်စစ်ကြီးပါ။ ဟိုဘက်နယ်စပ်က နမ်စမ်တောင် သန့်သာသန့်တယ်။သူ့လောက်တော့ မစည်ဘူး။ အဲသည်မြို့ကြီးကို အခြေတည်တဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ဖုန်မိသားစုက ပိုင်တယ်ဗျား။ စဉ်းစားသာကြည့်တော့ ဘယ်လောက်ချမ်းသာမလဲ။ ၂၀၀၉ မှာ ဦးဖုန်တို့မိသားစု ကိုယ်လွတ်ထွက်ပြေးကြတော့ သူတို့အိမ်မြေတိုက်ထဲကနေ တရုတ်ငွေ ယွမ်သိန်းပေါင်းသိန်းချီပြီးသိမ်းမိတယ်ဆိုပဲ။ (ဘယ်ရောက်သွားလဲ မမေးနဲ့နော်။ သားလည်းသိဘူး။)

             သူများချမ်းသာတာတွေကို သွားရည်ကျအောင် ရေးနေတာ မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ရေရှည်ရှင်သန်နေရဖို့ ရေသောက်မြစ်ဆိုတာ ရှိတယ် လို့ သိအောင် ပြောပြတာ။ ၈၉ မှာ ငြိမ်းချမ်းရေးယူပြီး ရေသောက်မြစ်ကိုမဖြတ်တဲ့အတွက် ၂၀၀၉ မှာ တစ်ပင်က နှစ်ပင်ဖြစ်လာပြီ။ အခု ငြိမ်းချမ်းရေးဆွေးနွေးရင်တောင် ပယ်ကိုးကန့် နဲ့ ဖုန်ကိုးကန့် သပ်သပ်စီ ဆွေးနွေးရမလို ဖြစ်နေတယ်။ ပြောတော့သာ ကိုးကန့်ကိုးကန့်နဲ့ ကန့်လန့်ကန့်လန့်ပါလာတာ တကယ်တမ်းကျတော့ ဘယ်မှာလဲ ကိုးကန့်တိုင်းရင်းသား။ ဒေသခံတွေကို ဘယ်သူက ဘယ်တုန်းက ထည့်စဉ်းစားပေးခဲ့ဖူးလဲ။ ဟိုဘက်သည်ဘက် ခေါင်းဆောင်အချင်းချင်း သူ့အကျိုးစီးပွားကိုယ့်အကျိုးစီးပွား ဇလုပ်တိုက်ပြီး အပေးအယူလုပ်တာသက်သက်ပဲ။ ဦးဖုန်ကြီး ဘယ်လောက်ချမ်းသာချမ်းသာ၊ တောင်ပေါ်က ကိုးကန့်ရွာကလေးတွေမှာ ဝက်ရိုးကို ပိန်းဥနဲ့ကျိုပြီး တစ်အိမ်လုံး စားနေကြရတာ။ ဆေးရုံကို လူနာပို့ချင် ကုန်းပိုးပြီး တစ်နေကုန် လမ်းလျှောက်လာကြရတာ။ ဒါတွေကျတော့လည်း တို့နဲ့ အတူသားပါကွယ်။
ကိုးကန့်ကနေ တောင်ဘက်ကိုဆင်းလိုက်ရင် ဝနယ်ရှိတယ်။ ဦးဖုန်က ဝခေါင်းဆောင်နဲ့လည်း ခမည်းခမက်တော်ထားတယ်။ မြောက်ဘက်ကို တက်လိုက်တော့ မူဆယ်အစပ်နားလေး ရောက်သွားတယ်။ ထပ်တက်ရင် ကချင်က ကေအိုင်အေတွေရဲ့လိုင်ဆာ နဲ့ နယ်စပ်ချင်း သွားထိပြန်တယ်။ ကိုယ့်ဘက်က ကြည့်တော့သာ ကချင်နယ်၊ ကိုးကန့်နယ်၊ ဝနယ် ဖြစ်နေတာ ဟိုဘက်မှာက နေရာတစ်ခုတည်း ယူနန်ပြည်နယ်ရဲ့ အစွန်အဖျားနယ်စပ်ကလေး။ တရုတ်ငွေပမာဏ မနည်းမနောကြီး ဝင်ထွက်လည်ပတ်နေတဲ့ ကိုယ်တို့မြန်မာနယ်စပ်ကို ဘယ်သူကမှ မသိလိုက်မသိဘာသာ ပေလာယျကံ သဘောထားစရာ မရှိဘူး။ တနည်းမဟုတ်တနည်း ဆက်စပ်ပတ်သက်နေလိမ့်မယ်။ ပီကင်းအစိုးရကြီးရဲ့ပေါ်လစီ၊ ယူနန်ပြည်နယ် အစိုးရရဲ့ ပေါ်လစီ၊ ဝမ်တိန်၊ ကြူကုတ်၊ ရွှေလီဒေသဆိုင်ရာ အစိုးရရဲ့ပေါ်လစီတွေဟာ တဦးချင်းတဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားအပေါ်မှာ အခြေပြုပြီး ကွဲပြားနေမှာပဲ။ အဲသည်မတည်မြဲတဲ့အကြောင်းတရား (Variables) တွေပေါ်မှာ ပုံသေကားကျ (Constant) ထားပြီး ငြိမ်းချမ်းရေးအဖြေရှာလို့ မနီးစပ်နိုင်ဘူး။

             ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင်လူတွေက ပါးစပ်ပြောကလေးနဲ့ ခေါင်းမွှေးဖြူတဲ့အောင် ဆိုကြသမောင် လို့ ပျားရည်ကဲ့သို့ အစဉ်ချိုသလေးဘာလေး ကြားကောင်းအောင် ပြောနေတာ။ တကယ်တမ်း ကိုယ့်အကျိုးစီးပွား ထိခိုက်လာမယ်ဆိုရင် စောင့်ရဦးမှာပေါ့တဲ့ ကိုယ့်လူရယ်ရှင် ဖြစ်ကုန်ရော။ ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားအကျိုးစီးပွားကို ကိုယ်ကျိုးစီးပွားထက်ပိုပြီး အလေးပေးစဉ်းစားတတ်တဲ့ ခေါင်းဆောင်လက်ထက်ရောက်မှ မျှော်လင့်ချက်ကလေးရေးရေး ရှိလာမယ်။ ဆုတောင်းလေ ဆုတောင်း။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...