Friday, February 6, 2015

ဒုတိယမ္ပိရှက်မိခြင်း

ကိုကြီးသောင်းပညာရေးနဲ့ပတ်သက်လို့ ၀န်ထမ်းဘ၀မှာ တွေ့ကြုံရတာလေးတွေ၊ ပြင်ပလောကမှာ တွေ့ကြုံရတာတွေ၊ ပညာရေးနဲ့ပတ်သက်လို့ ၀န်ထမ်းတယောက်ရဲ့ခံစားချက်၊ ရပ်တည်ချက်၊ ပြင်ပမှာ စာသင်ပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့အခါမှာ နေထိုင်ရတဲ့အနေအထား၊ သားသမီး ရှိသောမိဘတယောက်အနေနဲ့ လက်ရှိပညာရေးစနစ်အပေါ်အမြင် စတာလေးတွေကို ဆောင်းပါး တွေရေးနေတာ နှစ်နှစ်ပတ်ဝန်းကျင်ရောက်လာပါပြီ။ ပညာရေးနဲ့ပတ်သက်လို့ရေးတိုင်းမှာ မည်သည့်ပုဂိုလ်တဦးတစ်ယောက်ကိုမျှ သာစေနာစေစိတ်နဲ့ရေးသားခဲ့ခြင်းမရှိပါဘူး။ အသိုင်း အ၀ိုင်းတစ်ခုလုံးနဲ့ ယှဉ်ပြီးသာရေးလေ့ရှိပါတယ်။ ရေးသားတဲ့အခါတိုင်းမှာလည်း ပညာရေးနဲ့ ပတ်သက်တဲ့ အစိုးရပိုင်းကိုရေးသလို ၀န်ထမ်းဆရာဆရာမများနဲ့ ပတ်သက်ပြီးတော့လည်း ရေးပါတယ်။ မိဘများ ပညာရေးအပေါ်ထားရမည့် စိတ်နေစိတ်ထားကို ရေးမိသလို ပြင်ပမှာ ပညာရေးနဲ့ လုပ်ကိုင်အသက်မွေးနေသူများကိုလည်း အကောင်းအဆိုးရေးသားဖို့ လက်မတွန့် ခဲ့ပါဘူး။ ဒီလိုရေးသားနေတာဟာ နိုင်ငံသားတယောက်အနေနဲ့ရော၊ ပညာရေးဝန်ထမ်းဟောင်း ဆရာတစ်ဦးအနေနဲ့ရော၊ မိဘတစ်ယောက်အနေနဲ့ရော ပညာရေးပြုပြင်ပြောင်းလဲရေးမှာ ကိုယ်နိုင်တဲ့တာဝန်တစ်ရပ်ကို ထမ်းဆောင်နေတယ်လို့ဘဲခံယူပါတယ်။ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတိုင်းဟာ စစ်မှန်သော ပညာရေးသင်ယူခွင့် မရရှိခြင်းကြောင့် ဆိုတာကိုစွဲမြဲစွာလက်ခံထားတဲ့အတွက်ကြောင့်လည်းတစ်ပိုင်းပါ။ ဒီတခါရေးမှာကတော့ ပုဂိုလ်ရေး ရည်ညွှန်းတာလေးတွေပါမှာမို့နားလည်ပေးစေချင်ပါတယ်။ ရေးရတဲ့အကြောင်းရင်းကလည်း ဒီလိုရေးသားနေပြီး ကိုယ့်ကိုကိုယ်တာဝန်ကျေနေပြီလို့ ထင်နေဆဲမှာ အရှက်ရမိတာ နှစ်ကြိမ် မြောက်ရှိခဲ့လို့ပါ။

ပထမအကြိမ်အရှက်ရခြင်း
ကိုကြီးသောင်းက ဂျာမနီနိုင်ငံက ပေးအပ်တဲ့ DAAD (Sandwich Program) ပညာသင်ဆုနဲ့ ပါရဂူဘွဲ့ရရှိခဲ့သူပါ။ ဒီပညာသင်ဆုရဲ့ထူးခြားချက်ကတော့ ပညာသင်ဆုရသူတိုင်း တစ်ကြိမ်သာ မဟုတ်ဘဲ ပညာသင်ပြီးမိမိတိုင်းပြည်ပြန်သွားသူအသီးသီး ပြန်သွားပြီး သုံးနှစ်ပြည့်ပြီးတိုင်း နောက်ထပ် ပညာသင်ဆုပေးခြင်းပါဘဲ။ ရည်ရွယ်ချက်ကတော့ ပညာတော်သင်များကို နောက်ဆုံး ပေါ်တွေ့ရှိချက်၊ နည်းလမ်းများနဲ့ အဆက်မပြတ်စေရန်ရည်ရွယ်ချက်၊ သုတေသနများ အဆက်မပြတ်စေရန်ရည်ရွယ်ချက်များနဲ့ပေးအပ်ခြင်းဖြစ်ပါတယ်။ အကိုကြီးသောင်းလည်း ၂၀၁၄ ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလတိတိ ဧည့်သုတေသနအနေနဲ့ ဂျာမနီနိုင်ငံ ဘရီမင်တကသိုလ်ဒုတိယအကြိမ် သုတေသနသွားရောက်လုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ သွားရောက် လုပ်ဆောင်တဲ့အခါမှာလည်း ကိုယ့်နိုင်ငံပညာရေးနဲ့ပတ်သက်ပြီးမချင့်မရဲဖြစ်ခဲ့ရတာတွေရော၊ ဖြစ်စေချင်တာတွေရော၊ ဖြစ်ခွင့်မရခဲ့တာတွေရောနဲ့ စိတ်လက်မသက်မသာဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က ကျနော်လုပ်ဆောင်ခဲ့တဲ့ သုတေသနတွေ၊ ကိုင်တွယ် ဆောင်ရွက်ခဲ့ရတာတွေ၊ နည်းလမ်းတွေတော်တော်များများက အသုံးမပြုတော့ သလောက် ဖြစ်နေပြီး ဆောင်ရွက်ခဲ့တာမှန်သမျှ အသစ်အဆန်းချည်းပါဘဲ။ ပညာရေးရဲ့ အပြောင်းအလဲ ကတော့ နိုင်ငံတကာမှာ သင်ရိုးညွှန်းတမ်းတွေရော၊ အခြေခံလိုအပ်ချက်တွေရော၊ သုံးစွဲနေတဲ့ ပစည်းတွေ၊ နည်းလမ်းတွေရောက မြန်မြန်ဆန်ဆန်ကြီးကိုပြောင်းနေတာပါ။ ကျနော်တို့ အားလုံး မီအောင်မနည်းလိုက်ရမယ်ဆိုတာတော့ နားလည်လိုက်မိပါတယ်။ ဘရီမင်တကသိုလ်မှာ သုတေသနလုပ်နေရင်း အာဖရိကတိုက်အနောက်ပိုင်းနိုင်ငံတခုကနေ သုတေသနလာလုပ်နေတဲ့ ပညာရှင်တစ်ယောက်နဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့ပါတယ်။ တစ်ရက်မှာ ဌာနတွင်းကော်ဖီခန်းမှာ ကော်ဖီသောက်ရင်း သူ့နိုင်ငံ ပညာရေးအကြောင်း ကိုယ့်နိုင်ငံပညာရေး အကြောင်းပြောမိ ကြပါတယ်။ ကျနော်က ကျနော်တို့နိုင်ငံလက်ရှိပညာရေးအဆင့်အတန်းက ကျဆင်းနေကြောင်း၊ အစိုးရရဲ့ ပညာရေးနှင့်ပတ်သက်သောမူဝါဒများမှာလည်းအလွန်ညံ့ဖျင်းကြောင်း၊ ၀န်ထမ်းလစာ မှာလည်း အလွန်နည်းပါးလှကြောင်း၊ မိသားစုစားဝတ်နေရးရပ်တည်မှုအတွက်ပင် ခက်ခဲ လှကြောင်း။ ဒါကြောင့်မိမိအပါအ၀င် ပညာရေးဝန်ထမ်းများမှာ အစိုးရပေါ်လစီကလည်းမကောင်း လစာကလည်းမလုံလောက်ဆိုတော့ မိမိတို့အလုပ်ကိုပင် စိတ်ဝင်တစားမလုပ်ကြကြောင်း။ ဒါကြောင့် မိမိတို့နိုင်ငံ ပညာရေးအဆင့်အတန်းညံ့ဖျင်းလာခြင်းဖြစ်ကြောင်း။ လစာလုံလောက် အောင်ပေးရင်တော့ စိတ်အားတက်ကြွစွာသင်ကြားကြရင်တော့ ပညာရေးတိုးတက်လာမှာ ဖြစ်ကြောင်း၊ တိုးတက်နေသောနိုင်ငံတိုင်းဟာ ပညာရေးဝန်ထမ်းများလစာကောင်းကြောင်း၊ ပညာရေးဝန်ထမ်းဆရာ ဆရာမများမှာ လူတန်းစေ့နေနိုင်အောင် အစိုးရကထားပေးလို့ ပညာရေးတိုးတက်တာဖြစ်ကြောင်းပြောပြတော့။ မိတ်ဆွေဖြစ်သူက ကျနော့်ကိုယခုလက်ရှိ လခဘယ်လောက်ရလဲ၊ နိုင်ငံဂျီဒီပီ ဘယ်လောက်ရှိလဲ၊ လခရောပုံမှန်ရပါရဲ့လားဆိုတာ မေးပါတယ်။ ကျနော်ကလည်း ယခုလက်ရှိလခမှာ တစ်လဒေါ်လာနှစ်ရာလောက်သာရကြောင်းနှင့် ပုံမှန်လခရကြောင်းဆိုတာရယ်၊ နေစရာထိုင်စရာတော့ စီစဉ်ပေးကြောင်းပြောပြပါတယ်။ ဒီအခါမှာ မိတ်ဆွေဖြစ်သူက ကျနော်တို့ တစ်လ ဒေါ်လာနှစ်ရာခန့်နှင့်လစာပုံမှန်ရနေလို့ ကံကောင်းကြောင်း။ မိမိတို့နိုင်ငံမှာရှိတဲ့ဆရာဆရာမအများစုမှာ လစာလည်းဒီလောက်မရသလို လစဉ်ပုံမှန်လည်း မရကြောင်း၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံမှာစစ်ဖြစ်နေသောကြောင့် ကျောင်းကလည်း ဖွင့်လိုက်ပိတ်လိုက်နှင့် အစိုးရကလည်း ပညာရေးစိတ်မ၀င်စားသလို၊ စစ်တိုက်ဖို့ လက်နက်ဝယ်ဖို့၊ မိမိတို့အာဏာရဖို့၊ ချမ်းသာဖို့ကလွဲရင် ဘာမှစိတ်မ၀င်စားကြောင်း။ ဒါပေမည့်လည်း ဆရာ ဆရာမများအားလုံးကတော့ မိမိတို့သင်ကြားခွင့်ရသည့်အချိန်၊ သင်ကြားခွင့်ရသည့်နေရာမှာ ကြိုးကြိုးစားစားသင်ကြသည်သာဖြစ်ကြောင်းနှင့် ဆရာ၊ဆရာမတိုင်းက ပညာရေးကို အလေးထား ကြောင်း ပြောကြားပါတယ်။ ပညာရေးကိုဘာကြောင့်အလေးထားသလဲဆိုတာကို ပြောတဲ့နေရာမှာ မိမိတို့တိုင်းပြည်မှာ လူမျိုးစုတစ်စုနှင့်တစ်စု စစ်အုပ်စုတစ်စုနှင့်တစ်စု၊ တစ်ဖွဲ့နှင့်တဖွဲ့ စစ်မက် ဖြစ်ပွားနေရခြင်းမှာ နိုင်ငံသားများပညာမတတ်လို့ဖြစ်ကြောင်း၊ ပညာတတ်လို့ ပညာနှင့်လုပ်ကိုင် စားသောက်နိုင်လျှင် အာဏာလုနေမှာမဟုတ်ကြောင်းနှင့် ပညာမတတ်လို့ အာဏာကိုအရင်းပြု လုပ်ကိုင်စားနိုင်ရန် စစ်မက်ဖြစ်ပွား တိုက်ခိုက်နေတာဖြစ်ကြောင်းပြောပြပါတယ်။ ဒါကြောင့် သူတို့လိုပညာသင်ကြားပေးနိုင်သူများက အကြောင်းအမျိုးမျိုးပြပြီး ပညာသင်ကြားပေးဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် မိမိတို့မျိုးဆက်များအားလုံး စစ်မက်သံသရာကမထွက်နိုင်ဘဲ ဆင်းရဲတွင်း နက်ကာ အောက်ကျနောက်ကျ၊မရေမရာဘ၀များနှင့်အဆုံးသတ်ကြရမှာဖြစ်ကြောင်းရှင်းပြပါတယ်။ နောက်ဆုံးပြောတဲ့စကားကိုကြားရတဲ့အခါမှာ အခက်အခဲအမျိုးမျိုးပြော၊ အပြစ်အမျိုးမျိုးပြောပြီး ပညာရေးတာဝန် ကျေပြွန်စွာမထမ်းဆောင်ခဲ့မိသော ကျနော်တော်တော်လေးရှက်သွားမိပါတယ်။ သူပြောတဲ့စကားက ဆရာဆရာမတင်မဟုတ်ဘူး ပညာပေးနိုင်သူများက အကြောင်းအမျိုးမျိုးပြပြီး ပညာသင်ကြားပေးဖို့ ပျက်ကွက်သူတိုင်းဟာ မိမိတို့မျိုးဆက်များကိုအညွှန်တုံးအောင် ဆောင်ရွက်နေသူများသာ ဖြစ်ကြောင်း ဆိုတဲ့စကားလေးပါဘဲ။
ဒုတိယအကြိမ်ရှက်ရပြန်ခြင်း
သည်တစ်ပတ်ထဲမှာ အကြောင်းအရင်းတစ်ခုကြောင့် မနလေးမြို့မှာ ရှိတဲ့ အထက၂၆ ကို ရောက်ခဲ့ပါတယ်။ ဒီကျောင်းဟာထူထောင်ထားတာနှစ်အတန်သင့်ကြာပါပြီ၊ မနလေးမြို့၊ တိုးချဲ့မြို့သစ်စီမံကိန်းမှာဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းတစ်ကျောင်းပါ။ ယခင်တုန်း ကလည်း ဒီကျောင်းကိုရောက်ခဲ့ဘူးပါတယ်၊ ပတ်ကြားအက်လယ်မြေထဲမှာ အမှိုက်ကျင်းများဖို့ပြီး ဆူးခြုံပတ်လည်နဲ့ အလွန်ခြောက်သွေ့သောကျောင်းတစ်ကျောင်းဖြစ်တဲ့အပြင် ဆင်းရဲသား ရပ်ကွက်မှာဖွင့်လှစ်ထားပြီး လက်လုပ်လက်စားအများစုရဲ့မိဘများ၏ သား၊သမီးများကိုသာ ထားသောကျောင်းဖြစ်တဲ့အတွက် မိဘများကလည်းကျောင်းကိုမပံ့ပိုးနိုင်သလို နိုင်ငံတော်ကလည်း မပံ့ပိုးနိုင်ပါဘူး။ ဒါပေမည့်လည်းလွန်ခဲ့သောရှစ်နှစ်ခန့်က ပညာရေးဝန်ကြီး၏အစီအမံဖြင့် ပါရဂူဘွဲ့ရရှိသူများကို အထက်တန်းကျောင်းအုပ်များအဖြစ်ကျောင်းအသီးသီးမှာခန့်ထားခဲ့ပါတယ်။ ဒီအခါမှာ အမှတ်၂၆အထက်တန်းကျောင်းမှာ သတဗေဒဖြင့်ပါရဂူရရှိခဲ့သူ ဒေါက်တာ သန်းထိုက်စိုးကို ကျောင်းအုပ်ကြီးအဖြစ်ခန့်ထားဆောင်ရွက်စေခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ အဆင်မြင့်ပညာဦးစီးဌာနမှ ဆရာဆရာမများကို အခြေခံပညာဦးစီးဌာနမှ အထက်တန်း ကျောင်းများကို ကျောင်းအုပ်အဖြစ်ခန့်အပ်ခဲ့ခြင်းကို အပြစ်တင်မှုတွေအများကြီးနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ဒေါက်တာသန်းထိုက်စိုး ကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူ ဦးဆောင်ခဲ့တဲ့ ရှစ်နှစ်တာ အတွင်းမှာ မထင်မှတ်လောက်အောင်ကို ပြောင်းလဲသွားတာမြင်ရတော့ လေးစားဂုဏ်ယူမိပါတယ်။ တစ်ကျောင်းလုံးမှာ အရိပ်ရအပင်ကြီးတွေကို ကျောင်းပတ်လည်မှာ စနစ်တကျစိုက်ပျိုးထားတာ ၊ အလှစိုက်အပင်များကလည်း တကျောင်းလုံးဝေေ၀ဆာဆာသူ့နေရာနှင့်သူစနစ်တကျရှိလို့၊ စားပင်သီးပင်များကလည်း အကွက်ကျကျ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့်ပူးပေါင်းစိုက်ပျိုးထားတာကတော့ အလွန်ပူပြင်းတဲ့အညာနွေအောက်မှာ အိုအေစစ်တခုလို အမြင်မှာ ဧမြနေတာကိုမြင်လိုက်ရပါတယ်။ နှစ်စဉ်နိုင်ငံတော်မှ ဦးဆောင်လျှက် ဇူလိုင်လတိုင်း သစ်ပင်စိုက်ပျိုးလအဖြစ်သတ်မှတ်ကာ ကျောင်းတိုင်းမှာ အပင်များစိုက်ပျိုးသော်လည်း စိမ်းလန်းသောကျောင်းများဖြစ်မလာပါ။ စိုက်ယုံသာစိုက်ပြီးရှင်သန်အောင်ဆောင်ရွက်ခြင်းမရှိပါ။ ပြောရရင်တော့ တာဝန်ရှိသူက စိုက်ဆိုလို့သာ တာဝန်ကျေစိုက်လိုက်တာဖြစ်ပြီး ငါတို့ပတ်ဝန်းကျင်အတွက် ငါတို့မျိုးဆက်အတွက်ဆိုတဲ့ စေတနာနည်းတဲ့အတွက်ကြောင့် ရှင်သန်ဖြစ်ထွန်းခြင်းမရှိပါ။ ထူးခြားမှုတခုကတော့ အမှိုက်ကင်းစင်ကျောင်းလို့ပြောနိုင်ပါတယ်။ အမှိုက်ကိုစနစ်တကပြစ်တတ်ဖို့ သင်ရင်းစည်းရုံးပြီး အမှိုက်ပုံးများကိုစနစ်တကျထားပေးခြင်းကလည်း ကျေနပ်စရာကောင်းလှပါတယ်။ အထက်တန်းကျောင်းကြီးတကျောင်းနှင့်လျော်ညီသော သိပံလက်တွေ့ခန်းတွေ၊ ကွန်ပြူတာခန်းတွေ၊ မာတီမီဒီယာခန်းတွေကလည်း တာဝန်ရှိသူ၊ စစ်ဆေးသူလာမှဖုန်သုတ်ဖွင့်ပြတဲ့အခန်းမျိုးမဟုတ်ဘဲ၊ ကျောင်းသား၊ ကျောင်းသူများ ၀င်ထွက်သွားလာ၊ လက်တွေ့လှုပ်ရှား အသက်ဝင်နေတဲ့အခန်းများပါ။ စာကြည့်တိုက်ဆိုတာကအထူးပြောစရာပင်မလိုပါ။ ကျောင်းအုပ်ကြီးတစ်ယောက်အနေနှင့် ဘာဘဲလုပ်ချင်လုပ်ချင် သူတယောက်တည်းလုပ်မရနိုင်ပါ။ အခက်အခဲအမျိုးမျိုးကို အကြောင်းပြပြီး အလုပ်မလုပ်ချင်သော ဆရာဆရာမများကို အလုပ်လုပ်ချင်လာအောင် စည်းရုံးသိမ်းသွင်းပြီး ကျောင်းတွင်းမှာရှိတဲ့ဆရာ၊ ဆရာမတိုင်းဟာ တက်ကြွစွာလုပ်ဆောင်နေတာတွေတွေ့ရတော့ မချီးကျူးဘဲမနေနိုင်တော့ပါဘူး။ တွေ့တဲ့အခါတိုင်းမှာ တက်ကြွစွာနဲ့ဦးဆောင်လုပ်နေတဲ့ ဒေါက်တာသန်းထိုက်စိုးကိုမြင်ရတာ အလွန်ပင်အားကျဂုဏ်ယူဖွယ်ပါ။ ဒါကြောင့်လည်း တိုင်းဒေသကြီးအစိုးရက ၂၀၁၅ခုနှစ် ပညာရေးဆိုင်ရာထူးချွန်ဆုကိုထိုက်တန်စွာချီးမြင့်ခဲ့တာဖြစ်သလို ခရိုင်အဆင့် အသန့်ရှင်းဆုံးကျောင်းဆုကိုလည်းရွေးချယ်ပေးခဲ့တာပါ။ မိဘ၊ ဆရာ၊ ကျောင်းသာ.ပူးပေါင်းဆောင်ရွက်လို့ ဒီအခြေအနေတွေရောက်လာတာပါ၊ ကျနော်လုပ်နိုင်လို့မဟုတ်ပါဘူးဆိုပြီး ပြုံးပြုံးကြီးပြောနေတဲ့ ကျေနပ်နေတဲ့ ပီတိကိုမြင်ရတာလည်း စိတ်ကြည်နှုးစရာကောင်းလှပါတယ်။
ဒေါက်တာသန်းထိုက်စိုးနဲ့တွေ့ပြီးစကားပြောတဲ့အခါမှာ အစိုးရပေါ်လစီကပေါ်လစီတစ်ပိုင်းပေါ့၊ လစာနည်းတာနည်းတာကတစ်ပိုင်းပေါ့၊ ကျနော့်မှာလည်းမိသားစုရှိပါတယ်၊ ရတဲ့လစာနဲ့လည်းအဆင်မပြပါဘူး။ ဒါပေမည့်လည်း ကျောင်းဆရာတယောက် ကိုယ်လုပ်ရမည့်တာဝန်ဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူပြုစုပျိုးထောင်ရေးကတပိုင်းပေါ့။ အနာဂါတ်မှာ ပညာမဲ့တဲ့နိုင်ငံထဲမှာ ကိုယ့်သားသမီး မြေးမြစ်ကိုမထားခဲ့ချင်ပါဘူး၊ ဒါကြောင့် ဆရာမဆရာမအဖြစ်လုပ်ဖို့ရာ စိတ်ဆုံးဖြတ်ထားပြီးတဲ့နောက် အခက်အခဲတွေ၊ အဆင်မပြေတာတွေကို အကြောင်းအမျိုးမျိုးပြပြီး ရှောင်လွှဲနေခဲ့မယ်၊ တာဝန်ပျက်ကွက်ခဲ့မယ်ဆိုရင် ကျနော်ကိုယ့်ကိုယ်ကို ဆရာလို့ပြောရမှာ မ၀ံ့မရဲနဲ့ ရှက်မိတယ်ဆိုတဲ့စကားဟာ အကြောင်းအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးပြပြီး ပညာရေး၊ သင်ကြားရေးလောကကနေ စွန့်ခွာလာခဲ့တဲ့ကျနော် ရှက်ပြီးရင်းသာရှက်နေမိတော့တယ်ဗျာ။
ကိုကြီးသောင်း
၎-၂-၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...