Friday, February 6, 2015

မောင်ကျောင်းသားတွေ တော်တော်ဆိုး ... (ဗြိတိသျှ ကိုကိုမောင်)

မောင်ကျောင်းသားတွေ တော်တော်ဆိုးတယ်... သိလား...။ တို့များအစိုးရမင်းများရဲ့ စေတနာကို သူတို့ နားမလည်ကြဘူးလေ...။ အမှန်ဆို ဒီပညာရေးဥပဒေမူကြမ်းဆိုတာလည်း တို့များအစိုးရမင်းများက သူတို့အတွက် သက်သာအောင် လုပ်ပေးထားတာကို။ ဒါကို သူတို့ နားမလည်။


ကြည့်စမ်း... တို့များအစိုးရမင်းများ တီထွင်ပေးထားတဲ့ ပညာရေးစနစ်တွေကြောင့် နိုင်ငံတကာမှာ မြန်မာကျောင်းသားတွေလောက် ဇိမ်ကျသည့် ကျောင်းသားမရှိ။ ဂစ်တာလေး ခေါက်လိုက်... ကိုရီးယားကားလေး ကြည့်လိုက်... ရည်းစားလေး ထားလိုက်... အချိန်တန်တော့ တက္ကသိုလ်ဆရာမဆီမှာ ကျူရှင်တက်... စာမေးပွဲလေးဖြေ... အောင်ရော...။

မအောင်လည်း ကိစ္စတော့မရှိ။ ဆပ်ပလီဆိုတာလေးနဲ့ မအောင်မချင်း ပြန်ဖြေရုံပဲ...။ အဲ့ဒီလိုမှမဟုတ်ရင် အလုပ်ကြိုးစားချင်တဲ့ ကျောင်းသားတွေအတွက် အဝေးသင်ဆိုတာလည်း လုပ်ပေးထားသေး။ တစ်နှစ်လုံး အလုပ်လုပ်၊ စာမေးပွဲဖြေခါနီးမှ အနီးကပ်လေး ၁၀ ရက်တက်၊ ဆရာမတွေ ကျူရှင်လိုက်တက်၊ စာမေးပွဲခန်းထဲရောက်တော့လည်း သက်သက်သာသာပဲ။ ခုံနံပါတ်ထိုး ၄၉၊ ဘေးမျဉ်းဆွဲချ ၁ မှတ်ရ ... ကဲ ၅၀ ဆို အောင်ပြီ...။

ဒီလောက် သက်သက်သာသာ ပညာရေးစနစ်ကြီးကို အခြေပြုပြီးဥပဒေမူကြမ်းဆွဲပေးတာတောင် ဒင်းလေးတို့က ဆူဆူပူပူနဲ့ သပိတ်မှောက်သတဲ့...။

ဘာတဲ့ မိခင်ဘာသာ စကားအခြေပြု သင်ကြားရေးတဲ့...။ အို မလိုမှ မလိုအပ်တာ... သမ္မတကြီးကိုယ်တိုင် နိုင်ငံခြားသွားရင်မိခင်ဘာသာစကား အခြေပြုနေမှပဲ...။ ဗမာလိုပဲပြောတာ... စကားပြန်တော့ ခေါ်သွားရတာပေါ့လေ...။
သမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်တဲ့...။ ကြည့်ပါအုံး... ဒီလို ကျောင်းသားသမဂ္ဂတွေလျှေက်ဖွဲ့နေမယ့်အစား ရှိပြီးသားအဖွဲ့တွေ ဝင်လိုက်လည်း ရတာကို။ မြန်မာပြည်မှာအဖွဲ့တွေက ပေါမှပေါ။ ယောက်ျားလေးတွေဆို အရံမီးသတ်ထဲ ဝင်မလား၊ ကြက်ခြေနီထဲ ဝင်မလား၊ စွမ်းအားရှင်ထဲ ဝင်မလား။ အဲ့ဒီထက် ဝင်လိုက်ရင် ဟိုနေ့ ဒီနေ့တွင် ဗိုလ်ရှုခံပွဲတွေဆိုဒလိန်းပြပြီး တီဗွီထဲတောင် ပါဦးမှာ..။
မိန်းကလေးတွေဆိုလည်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးတို့၊ အမျိုးသမီးရေးရာတို့ ရှိတယ်လေ။အင်္ကျီအဝါ ထမီ အဝါ နဲ့ ပုဝါတွေတောင် အလကား ရချင်ရအုန်းမှာ...။ ဒင်းကလေးတို့ စာသိပ်တတ်နေရင် အလုပ်တွေ အများကြီးလုပ်နေရမယ်လေ... ပင်ပန်းတာပေါ့...။

တို့များအစိုးရမင်းများရဲ့ စေတနာတွေပါဟယ်...။ နောက်ပြီး ရှိသမျှ ဝန်ကြီးဌာနတွေမှာ အရာရှိ အရာခံရာထူးမှန်သမျှက ပြင်ဦးလွင်ဆိုတဲ့ တက္ကသိုလ်ပြည်ကြီးမှာရှိတဲ့ ကျောင်းကထွက်လာတဲ့ ကျောင်းသားစိမ်းကြီးတွေ ယူကြမှာလေ...။
ဒင်းကလေးတို့ ပညာသိပ်တတ်နေရင် တာဝန်ကြီးကြီးတွေယူနေရမယ်။ တော်ရောပေါ့... မလေးလောက် စင်ကာပူလောက်မှာ ပန်းရံသွားလုပ်ကြရရင် နိုင်ငံခြားလည်းရောက်ဖူးမယ် အောက်သက်လည်းကြေမယ်လေ...။

စေတနာကို နားမလည်ပုံများ ပြောပါတယ်ဟယ်... တကယ်ဆိုးတဲ့ ကျောင်းသားတွေလို့...။

ကြည့် မြို့တော်ခန်းမရှေ့မှာ ဒင်းကလေးတို့ ထိုင်ဆန္ဒပြတော့ အစိုးရမင်းများက အချိန်တန်ရင် ပြီးသွားမှာပဲဆိုပြီး ဝက်မှိန်းလေး မှိန်းနေလိုက်တာ...။ အခုတော့ ဟယ် ကြည့်စမ်း... မန္တလေးက ထွက်ကတည်းက လူတွေက ကြိုလိုက်ကြတာ။ အုံးအုံးကျက်ကျက်။ ဘုရား... ဘုရား... တို့များအစိုးရ သက်တမ်းတစ်လျှောက်ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်တွေ အားလုံးပေါင်းရင်တောင် ဒီလောက်လူတွေ ထောက်ခံလိမ့်မယ် မထင်ဘူးဟယ်...။
ခေါင်းခဲတာပေါ့... ၂၀၁၅ က နီးပြီ။ မဲကလေးတွေကို ဟိုလိမ် ဒီဖွက်နဲ့ ၅၀ သားလောက် အလေးခိုး ရေထိုးပြီး အစိုးရဖွဲ့နိုင်လည်း မဆိုးဘူးဟဲ့ဆိုပြီး ဒီမောင်ကျောင်းသားတွေကို မှိန်းထားလိုက်တာ...။ ကျန်း... အခုတော့ တို့များအစိုးရအဖွဲ့ ဖင်ဝနားတောင် ဒင်းတို့သပိတ်တပ်ကြီးက ပြည်သူ့ထောက်ခံမှု သောင်းသောင်းဖျဖျနဲ့ ရောက်လာပါပေါ့လား...။
မဖြစ်ဘူး မဖြစ်ချေဘူး... ထုံးစံအတိုင်း ဖဲ ကစားပေးမှပါလေ... ဆိုပြီး ဒင်းလေးတို့ကို လှမ်းခေါ်ရတယ်လေ...။

ဖဲကစားတယ်ဆိုတာ သိလား... တို့အစိုးရမင်းများလက်ထက်မှ ထွင်လိုက်တာလေ။ ၄ ပွင့်တို့၊ ၆ ပွင့်တို့၊ ၁၂ ပွင့်တို့ လျှောက်ပြော လျှောက်ဖွပြီး နောက်ဆုံးကျ ၁၀ မိနစ်လောက် စကားပြောခိုင်း၊ ထမင်းလေး ဘာလေးကျွေးပြီး ပြန်လွှတ်လိုက်တဲ့ အကွက်ပေါ့ဟယ်...။
အောင်မယ် မောင်ကျောင်းသားတွေက နေပြည်တော် ကြွလာကြသတော့...။ ဟေ့ အလံပြောင်းချိတ်လို့ တရားစွဲမယ်ကွလို့ လေသံလေးပစ်မိပါတယ်...။ ကိုယ့်ပါတီ အလံဇောက်ထိုးချိတ်မိတာရော၊ ကိုယ့်သမ္မတကြီး အလံပြောင်းပြန် လက်မှတ်ထိုးမိတာတွေကိုပါ ပြန်ထောက်ပြနေတော့ ကျုပ်တို့ လူကြီးတွေမှာ ရေသောက်သလို သေးပေါက်သလို ခဏခဏ ရှောင်လိုက်ရသေးတာ။

ပုပ္ပါးအထိပဲ မင်းတို့ကို တာဝန်ယူမယ်ကွာလို့ ခပ်တည်တည် ဖြဲကြည့်သေးတယ်...။ မသိရင် တစ်လမ်းလုံးကိုယ်ကပဲ တာဝန်ယူလာသလိုပေါ့...။ ဟေ့ မင်းတို့အုပ်စုလေးက တစ်နိုင်ငံလုံးက သပိတ်ကျောင်းသားတွေကို ကိုယ်စားပြုလို့လားကွ...  အင်း မေးသာမေးရတယ်၊ ကိုယ်တွေကို ဘယ်သူကမှ လိုလိုလားလား တင်မြှောက်ထားတာ မဟုတ်တော့ သူတို့လည်း ကိုယ့်လိုပဲ မဲလိမ်ပြီး နေရာရလာတာထင်လို့ မေးလိုက်မိတာ... မှားသွားတယ်လေ...။
ဘာတဲ့... ဟုတ်လား မဟုတ်လား... တစ်နိုင်ငံလုံးက သပိတ်တပ်တွေ ရန်ကုန်မှာ စုခိုင်းလိုက်မတဲ့လေ...။
သေဟဲ့ နန္ဒိယ...။

ဒင်းတို့ ကြပ်မရတော့ ဟို ပါတီကပါလာတဲ့ ပုဂ္ဂိုလ်ကြီးကို လှည့်ကြပ်ပေါ့...။ ခင်ဗျား အဲဒီပါတီကို ကိုယ်စားပြုသလား။
ကိုယ်စားပြုတယ်ဆိုရင်တော့ မနက်ဖြန် အွန်လိုင်းပေါ်ငှားထားတဲ့ နေ့စားလေးတွေကတဆင့် ကျောင်းသားထု နောက်ကွယ်က ကြိုးကိုင်နေသော ပါတီကြီးဆိုပြီး ဖွပစ်လိုက်မှာလေ...။ တောက်... ဒါလည်း မအောင်ဘူး...။
ဟိုပါတီက သူနဲ့မဆိုင်ကြောင်း ထုတ်ပြန်တယ်။ ဒီပုဂ္ဂိုလ်ကြီးကလည်း ပါတီနဲ့မဆိုင်ဘူး သူ့သဘောနဲ့သူ ကျောင်းသားတွေဘက် ရပ်တည်တဲ့...။

အို... ဘာဖြစ်လဲ... ဒီပါတီနဲ့ ကျောင်းသားတွေ သွေးကွဲသွားတာလည်း နည်းသလားလို့...။ အောင်မယ် သွေးမကွဲတဲ့အပြင် နားလည်ပေးပါတယ်ဆိုတဲ့ အသံတောင် ထွက်လာသေး...။ တောက်... တကယ်မလွယ်တဲ့... မောင်ကျောင်းသားတွေပဲ...။
ကိစ္စမရှိပါဘူး...။ ဒင်းကလေးတို့ ဒီတောကြီးမျက်မည်း ဈေးကြီးဖွတ်မွဲ နေပူကျွတ်ကျဲ နေပြည်တော်မှာ အိပ်စရာနေရာမရှိရင် ပြန်လှည့်သွားလိမ့်မယ်...။ အဲဒီကျမှ သင်းကလေးတို့က တွေ့ဆုံဆွေးနွေးရေး မလိုလားဘူး၊ ဘာညာ အသံဟစ် ကစ်ပလိုက်ရုံပေါ့...။

ကဲ... ဒင်းတို့ ဈေးသက်သက်သာသာနဲ့ တည်းနိုင်တာ စည်ပင်ရိပ်သာပဲရှိတာ...။ တို့များ လူကြီးအမိန့် ... လူမရှိတဲ့ရိပ်သာ လူပြည့်တယ်ဆိုပြီး ချက်ချင်းပိတ်... ဂျိတ်... ပေါ့..။ မနက်ကျတော့ ဘာလဲ ညာလဲ အသံထွက်လာရင်... ထုံးစံအတိုင်း ကျွန်တော်တို့ မသိပါဘူးဆိုပြီး ဖင်ပိတ်ငြင်းလိုက်ရုံပဲ... ဘာခက်လို့တုန်း...။
အောင်မယ် မောင်ကျောင်းသားတို့က မလွယ်ဘူးဟ...။  လမ်းဘေးနဲ့ မော်တော်ကားပေါ်မှာ ခွေခွေလေးတွေအိပ်ရင်း တွေ့ဆုံဆွေးနွေးဖို့ စောင့်ကြသဗျ...။ တောက်... သူတို့ကို စေတနာနဲ့ လမ်းဘေးမှာ လေတဖြူးဖြူး အိပ်ရအောင် ကိုယ်တွေအစိုးရ စီစဉ်ပေးတာကို... ဒင်းကလေးတို့က ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့... ဟွန်း...။ ပြည်သူတွေက အသနားပိုသွာကြသေးသတဲ့...။ တောက်... ခဲလေသမျှ သဲရေကျပြီပေါ့...။
ရော်... ဒီမနက် ဒုတိယအကြိမ်တွေ့ဆုံပွဲကျတော့ မောင်ကျောင်းသားတို့ဘက်က ကိုယ်စားလှယ်ဦးရေ ထပ်တိုးဖို့ တောင်းဆိုသတဲ့...။ အကြိုက်ပဲဟေ့... အကြိုက်ပဲ... လက်မခံနိုင်ပါဘူး ဖင်ပိတ်ပြီးငြင်းမယ်... ဟင့်အင်း... ဟင့်အင်း... အရင်လူစာရင်းအတိုင်းပဲ တွေ့ခွင့်ရမယ်... ဒါပဲနော်... ဘာဖြစ်တုန်း...။
ပွင့်လင်းမြင်သာမှုရှိရှိ တွေ့ချင်တယ်ဆိုပဲ...။ အိုကွယ်... တို့များက အိုကြီးအိုမ ဖြစ်တဲ့အထိ တစ်သက်လုံး တံခါးပိတ်ဂျိတ် ဆွေးနွေးပွဲမှာ အသားကျနေပြီကွဲ့...။ အကွက်ထဲဝင်တုန်း ရွေ့တတ်မှ ကျားသမား ပီသတာ... လေ။ လူစာရင်းတိုးလာရင် မေးခွန်းတွေများလာရင် ဟိုနေ့ကလို တို့လူကြီးတွေပဲ သေးထထပေါက်နေ ချွေးပြန်နေကြရမှာလေ..။ မတွေ့... မတွေ့... ရွှေ့တယ်ဟေ့... နောင်ခါလာ နောင်ခါဈေး... ကျောင်းသားကလေးတို့ ပြန်ပြေးလေရောပေါ့...။
ခက်တယ်... ခက်တယ်... မောင်ကျောင်းသားတွေ... အခုလည်း ရန်ကုန်အထိ ချီတက်အုန်းမတဲ့...။ ဒုက္ခပါပဲ... အရင်အချိုးအတိုင်း ကစ်ထုတ်လိုက်ပြန်ရင်လည်း၂၀၁၅ မှာ တစ်ဖွဲ့လုံးပြုတ်သွားမှာ...။ ကိုယ်တွေကလည်း ယူနီဖောင်း ချွတ်ထားပြီးသွားပြီ...။ တပ်မတော်က တကယ့် ပြည်သူတပ်မတော်ဖြစ်နေပြီး ကိုယ့်ဘက် သေနတ်ပြောင်း ပြန်လှည့်ရင်လည်း သေခါနီးမှ ထောင်ထဲဝင်ရအုံးမယ်...။ ဟို အားကိုးနေကျ တောင်သာတပ်မတော် ဆိုတာကလည်း တောင်သာသားစစ်စစ်တွေက ကျောင်းသားတွေဘက် ရပ်ပြတော့ အမြီးကုပ်သွားပြီ။
ဘာသာရေးနဲ့ လမ်းလွှဲဖို့ကျပြန်တော့... ဟိုဘုန်းဘုန်းက တစ်နိုင်ငံလုံးကြားအောင် အော်ဆဲလိုက်တာနဲ့ပဲ လူတွေက တော်တော် သဘောပေါက်သွားကြပြီဆိုတော့လည်း အခက်သား...။ ပြောပါတယ်... ... တော်တော်ဆိုးတဲ့ မောင်ကျောင်းသားတွေ... လို့... ဆိုနေ။
အို... နေပါအုံး... နေပါအုံး... အခုလို တောမီးလောင်နေတုန်း... ဆေးလိပ်လေးတော့ မီးညှိထားမှပါလေ...။ ဟေ့... လာ လာ... အနောက်ဘက်က ဘင်္ဂါလီတွေ... တစ်နိုင်ငံလုံးက ကျောင်းသားတွေကို စိတ်ဝင်စားနေတုန်း နင်တို့ ဝှိုက်ကဒ်တွေကို မဲပေးခွင့်တိတ်တိတ်လေး ပြုလိုက်မယ်... ဒါပဲနော်... ၂၀၁၅ ငါတို့ပါတီကို နင်တို့ မဲပေးရမယ်... ဒါဘဲ... ဒါဘဲ... ဒါဘဲနော်... သိလား။          ။

ဗြိတိသျှ ကိုကိုမောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...