Saturday, February 14, 2015

လောက်ကိုင်တိုက်ပွဲရဲ့ခံစားချက်

 မြန်မာ့တပ်မတော်က စစ်သားလေးတွေ ဖက်ပေါ်မှာ ဝိုင်းပြီးထမင်းစားနေတာတွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျဆုံးသွားတဲ့ ဗိုလ်လေးရဲ့ နုနယ်တဲ့မျက်နှာလေးတွေဟာ ကြည့်ရတာ ရင်နင့်စရာပါ။ ရဲဘော်တွေ ဆင်းဆင်း ရဲရဲနဲ့ နေထိုင်စားသောက်ရင်း အသက်စွန့်တိုက်နေရတာ၊ အနေအထိုင် အစားအသောက် ချို့တဲ့နေတာဟာ မဖြစ်သင့်ပါဘူး။ လူ့အသက်တချောင်းဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။



 ကေအိုင်အေဌာနချုပ်မှ ကျဆုံးသွားရသည့် ဗိုလ်လောင်းလေးများ


ကျဆုံးသွားသော စစ်တက္ကသိုလ် (၄၈)ဘုရင့်နောင်ဆင်း ဗက ပြည့်ဖြိုးလင်း
Ko Htoon Htoon FB မှ ရယူပါသည်။

ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ? ဘယ်သူ့အတွက် အသက်စွန့်နေကြတာလဲ? တိုင်းပြည်အတွက်လား လူတန်းစားတစ်ရပ်အတွက်လား? အကြောင်းရင်းကို အဖြေရှာဖို့ လိုလာပြီ။

ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတော့ စစ်ခေါင်းဆောင်တွေက မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်လာပြီး နှစ်ပေါင်း ၆၀ ကျော်နီးပါး တိုင်းရင်းသားတွေကို ဗိုလ်ချုပ်အောင်ဆန်း ကတိပြုထားခဲ့တဲ့ ဖက်ဒရယ်စနစ်မပေးဘဲ တပြည်ထောင်စနစ်နဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ တိုတိုပဲ ပြောရမယ် ထင်ပါတယ်။

တပ်မတော်ဘက်က ကျဆုံးတာလည်း တိုင်းပြည်ရဲ့ဆုံးရှုံးမှုပဲ၊ ဒီလိုပဲ တိုင်းရင်းသားတွေဘက်က ကျဆုံးတာလည်း တိုင်းပြည်ရဲ့ဆုံးရှုံးမှုပါပဲ။ ဘယ်ဘက်ကကျကျ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုပါပဲ။ ထူးခြားတာက တပ်မတော်ဘက်က ကျဆုံးတာကို တပ်မိသားစုတွေက ဝမ်းနည်းကြပေမဲ့ ပြည်သူတွေက ဝမ်းမနည်းကြတော့တာပါပဲ။

ဘာကြောင့်လဲဆိုတော့ တပ်မတော်ဆိုတာ ပြည်သူကို ကာကွယ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်က ပျောက်လာပြီး တပ်မတော်ဆိုတာ အခွင့်ထူးခံရမယ်၊ နိုင်ငံရေးအာဏာယူထားပြီး တဖက်ကစီးပွါးရေးလုပ် ချမ်းသာလာအောင်လုပ်ရမယ်ဆိုတဲ့လူတွေက ခေါင်းဆောင်မှုနေရာကို ရယူလာကြလို့ ဖြစ်တယ်။

ဒီနေ့ ကျဆုံးနေတဲ့တပ်မတော်သားတွေဟာ ပြည်သူ့အတွက် တိုက်နေရတာမဟုတ်ဘူး၊ ပြည်သူ့ပိုင်ဆိုင်မှုဖြစ်တဲ့ သဘာဝရင်းမြစ်တွေကို ဗြောင်ရောင်းစားပြီး သန်းကြွယ်သူဌေးကြီးတွေ ဖြစ်နေတဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်လူထွက်တွေရဲ့ ခိုးဝှက်အေးဓါပြတိုက်ထားတဲ့ စည်းစိမ်ဥစ္စာတွေကို မဆုံးရှုံးရအောင် ကာကွယ်တိုက်ခိုက်ပေးနေရတာဖြစ်တယ်။ သနားစရာကောင်းတာက သူတို့ဘဝက ဘာကြောင့်သူတို့စစ်တိုက်ရသလဲဆိုတာတောင် မတွေးနိုင်အောင် တသွေးတသံတမိန့်နဲ့ ချုပ်ကိုင်ထားခြင်း ခံထားရလို့ပါပဲ။

ရဲဘော်လေးတွေ ဆင်းဆင်းရဲရဲ လမ်းဘေးမှာ ထမင်းဟင်းတွေကို ဖက်နဲ့စားနေရတဲ့ အချိန်မှာ ဗိုလ်ချုပ်တွေက  ဦးပိုင်က ဝေစု၊ ခရိုနီတွေဆီကရတဲ့ ဝေစု၊ မိသားစုပိုင်ကုမ္ပဏီ ထောင်ထားပြီး ရတဲ့ဝင်ငွေတွေနဲ့ တိုက်တလုံးပြီးရင်း နောက်တိုက်တလုံး၊ ကွန်ဒိုပေါင်းများစွာ၊ ခြံပေါင်းများစွာနဲ့ မိဘဘိုးဘွားလက်ထက်က မရရှိဘူးတဲ့စည်းစိမ်ဥစ္စာများနဲ့ လေအေးစက်၊ ဘလူးလေဘယ်ဝီစကီများနဲ့ ဖဲမွေ့ယာပေါ်မှာ စံစားနေခဲ့တာကို ရဲဘော်လေးတွေ လှမ်းမြင်နိုင်မယ် မထင်ပါဘူး။

ဟိုတလောက ဖြစ်သွားတဲ့ ကေအိုင်အေဌာနချုပ်ကို လက်နက်ကြီးနဲ့ထုလို့ ဗိုလ်လောင်းလေးတွေ ကျဆုံးသွားရတာဟာလည်း ဂုဏ်ယူစရာတခုအဖြစ် မမြင်ပါဘူး။ မဖြစ်သင့်ပါဘူး။ ဒါကြောင့် ကိုယ်တိုင်းရင်းသား ညီအကိုချင်း ဖြစ်နေတဲ့ စစ်ပွဲတွေမှာ ဘယ်သူမှ မနိုင်ဘူးဆိုတာ သိလာကြဖို့ လိုပါတယ်။ ကိုယ့်အချင်းချင်း သတ်လို့ရတဲ့ သူရဘွဲ့တို့၊ သူရဲကောင်းဘွဲ့တို့ ဆိုတာလည်း ဂုဏ်ယူစရာ မဟုတ်သလို ပေးစရာလည်း မလိုပါဘူး။ ဘယ်သူဘက်ကကျကျ နှစ်ဖက်လုံးရဲ့ ဆုံးရှုံးမှု၊ နိုင်ငံရဲ့သားသမီးတွေ ဆုံးရှုံးမှုဘဲဆိုတာ အားလုံးသိဖို့လိုပြီ။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...