Thursday, February 5, 2015

ချိုတကူး နှင့် ဂုဏ်ရည်တူသူများ

ချိုတကူး နှင့် ဂုဏ်ရည်တူသူများ
▬▬▬▬▬▬▬▬▬▬▬▬
ဆရာအောင်သင်း၏ " ချိုတကူးနှင့် ဂုဏ်ရည်မတူ " ကို ကျနော် အထက်တန်း ကျောင်းသား ဘဝ က ဖတ်ခဲ့ရဘူးသည်။ဆရာအောင်သင်း၏ စာပေဟောပြောပွဲများတွင်လည်း ချိုတကူးကို ပြန်တွေ့ရပြန်ပါ သည်။တွေ့ဖန်များသော် ချိုတကူးကို ကျနော် ရင်းနှီးလာသည်။ အပြည့်အ စုံမဟုတ်သည့်တိုင် မှတ်မိသမျှ ချိုတကူး၏ အကြောင်း မှာ အောက်ပါအတိုင်း ဖြစ်၏။
...........................................

ချိုတကူးမှာ မြေလတ်မြို့ လေးတစ်မြို့မှ ဆယ်သုံးနှစ်ဝန်းကျင်အရွယ်ကုလားလေး ဖြစ်ပါသည်။ ချိုတကူး သည် ထိုမြို့သား မဟုတ်ပါ။ ဒုတိယ ကမ္ဘာစစ် အတွင်းတွင် ချိုတကူးတို့ မိသားစု အိန္ဒိယ ပြည်သို့  ပြန်မည့်  သဘောင်္တစင်း အဆိုပါမြေလတ်မြို့ ဆိပ်ကမ်းတွင် ကပ်နေ စဉ် ချိုတကူး တို့ သားအဖ သုံးယောက် အစားအသောက် ဝယ်ရန် ဆိပ်ကမ်းသို့ အဆင်း ၊ ရုတ်တရက် လေကြောင်းရန် အချက်ပေး ဥသြ သံကြောင့် ကမ်းမှ အရေးပေါ် ထွက်ခွာသွားခဲ့ရာ ချိုတကူးတို့ သားအဖ သုံးယောက် မိသားစုနှင့်  ကွဲလျက် ကျန်ခဲ့ရရှာ သည် ဟုဆိုပါသည်။ မကြာမတင်မှာပင် ချိုတကူး၏ အဖေနှင့် အကိုမှာ ကာလဝမ်း ရောဂါကြောင့် ရှေ့ဆင့် နောက်ဆင့် ဆုံးပါးကုန်ကြရာ တမြို့တရွာတွင် တ ကောင်ကြွက် တမျက်နှာ ကျန်နေခဲ့ရှာသော ချိုတကူးမှာ တမြို့လုံး ခိုင်းဖတ်ဘဝ ရောက်ရရှာသည်။ တဝမ်းတခါး အတွက် ရေခပ် ထင်းခွဲမှအစ အောက်ခြေသိမ်း အမှိုက်သိမ်း လူတကာ မလုပ်ချင်သည့် အလုပ်မျိုးစုံဖြင့် အသက်ဆက်ခဲ့ရသူ ဖြစ်ပါသည်။
လူတကာကို အောက်ကျို့ကာ ဘဝကို ဖြစ်သည့်နည်းဖြင့် ရုန်းကန်နေရသည့် မိမရှိ ဘမရှိ ဆွေမျိုးဉာတကာ နတ္ထိ ချိုတကူးကို တမြို့လုံးက ဂရုဏာသက်ကြ သည် ဟု ဆို၏။ သို့သော် ချိုတကူးကား သူ့ဘဝကို ပျော်ပျော်ပင် ဖြတ်ကျော်နေခဲ့သည် ဆို၏။
............................................

အနှီ ချိုတကူးသည် တနေ့သော အခါ ဒါရိုက်တာ ဦးသုခ ရိုက်ကူးသော ရုပ်ရှင်မင်းသမီးကြီး မေသစ် ပါဝင်သည့် ဂုဏ်ရည်မတူ အမည်ရှိ အလွမ်းဇာတ် ဘိုင်စကုပ်ကို ကြည့်နေစဉ် မေသစ်ကြီး၏ ပိုင်နိုင်လှသော သရုပ်ဆောင်ချက်ကြောင့် ရှိုက်ကြီးတငင် ငိုသည် ဟုဆို ပါသည်။ ရုပ်ရှင်ရုံအပြင် ရောက်သည့်တိုင် မေသစ်ကို သနားမဆုံးနိုင် တဖွဖွ ဖြစ်ရသည် ဆို၏။ တမြို့လုံးက ဝိုင်းသနားကြသော ဒုက္ခသည်အစစ် ချိုတကူးသည် ဘိုင်စကုပ်ထဲက ဒုက္ခသည် အတု မေသစ်ကို ကြည့်ကာ သနား ခဲ့လေ သောကြောင့် ဆရာအောင်သင်းသည် သူ့ ဇာတ်အဆုံးတွင် လူတို့၏ သဘောသည် အစစ်ထက် အတုကို ပိုမိုမြတ်နိုးတတ်ကြောင်း ကောက်ချက်ဖြင့် နိဂုံးချုပ်ခဲ့ပါသည်။

ရေးဖွဲ့မှုပင် သဘာဝကျနပိုင်နိုင်လေသလော။ ကျနော်ပင်လျှင် ခံစားတတ်သူပေလော မဝေခွဲနိုင်လင့် ကစား ချိုတကူး၏ ဇာတ်လမ်းသည် ကျနော့်စိတ်အစဉ်တွင် အဆုံးမသတ်နိုင်သေးချေ။ သဘောင်္ကြီး ကမ်းကခွာ သွားယုံမျှဖြင့် ချိုတကူးသည် ဘဝကို စုံးစုံး အမြုပ်ခံလိုက်လေသလော။ အောင်လံမြို့တွင်ပင် အရွယ်ရောက်ကာ အိမ်ထောင်ရက်သား ကျသွားလေသလော။ ချိုတကူး၏ သားစဉ် မြေး ဆက်တို့သည် အောင်လံမြို့တွင် ယခုတိုင် ရှိနေသေးသလော။ သို့တည်းမဟုတ် မဟာ ဇနက္ကထုံး နှလုံးမူလျက် ရရာအလုပ်ကို လုပ်ကိုင်လျက် ငွေကြေးစု ဆောင်းကာ လုံလောက် သည့်တနေ့တွင် မိသားစုရှိရာ အိန္ဒိယပြည်ကြီးသို့ တမူး၊ မိုးရေး လမ်းမှ ဖြတ်သန်းပြန် သွားနိုင် ခဲ့လေသလော။
........................................

ချိုတကူးသာ သက်ရှိထင်ရှား ရှိအုံးမည် ဆိုပါက ယခုအချိန်တွင် အသက်(၇၀)ကျော်ဝန်းကျင် ဖြစ်ပေရော့မည် ။ ချိုတကူးသည် မြေလတ် မြို့ ကလေးတွင်ပင် အောင်မြင် ထွန်းပေါက်သော ဘဝကို တည်ဆောက်နိုင်ခဲ့သည် ဆိုပါက ချိုတကူး နေထိုင်ရာ မြေလတ် မြို့သား တို့က လည်း နိုင်ငံကျော် ချိုတကူး၏ ဇာတ်လမ်း နောက်ဆက်တွဲကို စကားလက်ဆင့် ကမ်းကြပေလိမ့်မည်။ ထိုသို့သော အသံကိုလည်း ဆက် လက် ကြားရခြင်း မရှိချေ။သို့တည်းမဟုတ် ချိုတကူးသည် တမူးမိုးရေးမှတဆင့် ပြည်တော်ဝင်၍ အိန္ဒိယတိုက်ကြီး၏ တနေရာတွင် အောင်မြင်သော ဘဝတခုကို ထူထောင်နိုင်ခဲ့ပါကလည်း မြန်မာပြည် အထက်တန်း ကျောင်းသုံးမြန်မာစာ စာအုပ်တွင် ရေးဖွဲ့ထားခဲ့သည်အထိ ကျော်ကြား ခဲ့လေသော သူ့ဘဝ၏ အခန်းဆက်ကို သူသည်လည်းကောင်း သူ့အနီးဝန်းကျင်မှ သူတို့သည်ကောင်း စာတစောင် ပေတဖွဲ့ ရေးပြပေလိမ့်မည် ။
.....................................................

ယခုမူ ချိုတကူးနှင့် ပတ်သက်၍ သတင်းနောက်ထပ် အစအန မရသည်ကို ထောက်ရှုပါက ဇာတ်လမ်းတွင် အစပိုင်းက ရေးဖွဲ့ ခဲ့သကဲ့သို့ ချိုတကူးသည် သာမန်ဒုက္ခသည် တစ်ဦး ကဲ့သို့ပင် ဘဝကို အဆုံးသတ်သွားဟန် ရှိလေသည်။ မေသစ်၏ ဂုဏ်ရည်မတူကို ကြည့်၍ ငိုသည့် နည်းတူ ရွှေဘ ၊ တင်ညွှန့်တို့၏ ဘိုင်စကုတ် များကို ကြည့်ကာ လက်သီး ထိုးခန်းများကို အားကျနေခဲ့ ပေလိမ့်မည်။ သာဂေါင် သာဆန်း အေးကို တို့၏ ဟာသကား များကို ကြည့်ကာ ရယ်မော ပျော်ရွှင်နေခဲ့သည် ဟုပင် တွေးစရာ ရှိပေတော့သည်။ ချိုတကူး တယောက် ဘိုင်စကုပ် ကြည့်လိုက် ငိုလိုက်ရီလိုက် အားတက်လိုက် စိတ်ဓာတ်ကျ လိုက်ပုံစံနှင့် ဘဝကို ဖြတ်ကျော်နေသည် ဆို လျှင်တော့ ချိုတကူးကား အတုကို မြတ်နိုးရင်း ငိုလိုက် ရီလိုက်နှင့်ပင် ဘဝကို အဆုံးသတ်သွားသူ ပေတကား။
...............................................

အတွေးစဤနေရာသို့ ရောက်သောအခါ ကျနော်သည် ချိုတကူးဖြစ်နေသည်ကို အလန့်တကြားတွေ့ ရှိရလေသည်။ ကျနော်သည် ဆွေမရှိ မျိုးမရှိ ဖူးခက်မြို့သို့ အိတ်တလုံး ဆွဲကာ တကောင်ကြွက် တမျက်နှာ ရောက်ခဲ့သူတည်း ။ ထမင်းတလုပ်အတွက် ရေခပ် ထင်းခွဲ တောက် တို မယ်ရအလုပ်မျိုး မလုပ်ရသည့်တိုင် ကျနော့်ဘဝ မျက်နှာငယ်ရသောအခြေအနေတွင် ချိုတကူးသည် ကျနော့်ထက် မသာချေ ။ မြေလတ်မြို့လေးနှင့် ဖူးခက်၊ ကွာမည်။ မျက်နှာငယ်ရ ၊ တကြောင့်ကြကြ ဘဝကား ထပ်တူ ပင်။
ရောက်စကသော် ဆိပ်ကမ်းမှ သဘောင်္ ဥသြသံကြောင့် ခွာလေသည်တွင် ချိုတကူးတို့သားအဖ မြေလတ်မြို့ကလေးတွင် ယောင်နန ကျန်ခဲ့သည် ခံစားမှုနှင့် တူတန်ကောင်း၏။ တဖြည်းဖြည်း လမှ နှစ်သို့တိုင်သော် ….. ကျနော်သည် ထိုင်းရဲနှင့် ပလဲနံပသင့်အောင် ပေါင်းရ သင်းရသည်။ ကွတ်တီယိုလေးနှင့် ရင်းနှီးပြီ။ စူပါမားကက် တကာ၊ ကုန်တိုက်အနှံ့မှာ ဈေးဝယ်ရင်း စိတ်ဖြေသည်။ ကွန်ပြူတာ တစ်လုံးနှင့် စာတိုပေစလေးတွေ ရေးသည်။ ပါတောင် ၊ ကမလာ ၊ ကရွန်ကတ ကမ်းခြေအလှတွေမှာ ယစ်မူးသည် ။
..................................................

ဖူးခက်မြို့မှာနေရင်း အင်တာနက်မှ လည်းကောင်း ရေဒီယိုမှ လည်းကောင်း မြန်မာပြည်ကြီး အဖြစ်သနစ်စုံကို ကျနော်နားထောင်မြဲဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် ချောင်းမြောင်း ရိုက်နှက်ခံရသည်ကို ကြားသော် ကျနော့်အမျိုးအတွက် ရှက်သည်။ နာဂစ် မုန်တိုင်းကြောင့် အလောင်းတို့ပင် မြေမမြှုပ်နိုင်သော အဖြစ်တို့ကြောင့် မျက်ရည်ပေါက်ပေါက် ကျရလောက်အောင် ဝမ်းနည်းသည်။ ကျောင်းသား ခေါင်း ဆောင်များ နိုင်ငံရေး လှုပ်ရှားတက်ကြွသူများကို ဥပဒေ လက်လွတ် မတရား ထောင်ချမှုများ ၊ နယ်ဝေး ထောင်များသို့ ပို့ရုံမက မိသားစု နှင့်ပင် တွေ့ခွင့် မပေးသည်အထိ ရက်စက် ယုတ်မာမှုများ ကို ကြားရသိရသည့်အခါ ဝမ်းနည်းပက်လက် ဒေါသထွက်ကာ ပေါက်ကွဲရသည်။ ဘန်ကီမွန်းကိုလည်း အားကိုးတကြီး မျှော်လင့်၏။ ဂန်ဘာရီကိုလည်း တိတ်တခိုး မှီခိုသည်။ အမေရိကန် ၊ အာစီယံ၊ ဥရောပ သမဂ္ဂ၊ တို့ကိုလည်း ထိုနည်း နှင်နှင်။ ရိုဟင်ဂျာ သတင်း ကြောင့် တထိတ်တလန့် ဖြစ်ရသည်။ အိုဗားမား သတင်းကြောင့် အားတက်သည်။ ကျနော် သည် ချိုတကူးနှင့် ဘာထူးပါသနည်း။
.............................................

တဖြည်းဖြည်း ဖူးခက်မြို့အနှံ့မှ ရွှေ့ပြောင်းအလုပ်သမားတွေနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အခါ အချို့မှာ ခဏတဖြုတ်ဟူ၍သာ လာလိုက်ကြသည်မှာ အနှစ်နှစ်ဆယ်ဝန်းကျင်ပင် ရှိခဲ့ကြပြီ။ ထိုင်းရဲများနှင့် ဆုံသော် ပြေရာပြေကြောင်း ဘတ်ထိုး၊လာဘ်ထိုးညှိကြသည်။ များသောအားဖြင့်မူ မတွေ့အောင် ရှောင်ကြတိမ်းကြ၊ ဂျက်ဆီဂျိန်းကြသည် ။ ဘဝတဝမ်းတခါးငွေစတချို့ စုမိလေငြား ရုန်းကြကုန်ကြ သည်။ ချမ်း … ဘီယာလေးနှင့် မွေ့သည်။ ခရုန်ထစ် စီးကရက်ကို လက်ကြားက မချ။ ထိုင်းအစား အစာ ခပ်စပ်စပ်ကို ခုံမင်နေတတ်ပြီ ။ တခါတခါ အကြာကြီး သတိမေ့မျောနေရာမှ သတိပြန်လည်လာသော လူမမာလို ဗမာပြည်သတင်း ဘာထူးသေးလဲ .. နှုတ်ခွန်းဟဟ မေး တတ်ကြသည်။ အသက်ကိုပင် ရဲရဲဟ…ဟ မရှူဝံ့ကြ သော်ငြား ဆက်၍ဆက်ခါ ပျော်ကာနေမြဲဖြစ်၏ ။ မြန်မာပြည်ကြီးသာကြောင်း ကိုကြား လျှင် လွမ်းမော၍ ချာကြောင်းကိုကြား လျှင် အမျက်ထွက်သည်။ နောင်သော် မေ့မေ့ပျောက်ပျောက် အပျော်မပျက်ကြပြန် ။ချိုတကူး ပုံနှယ် သာတည်း ။

ထိုမူတဝ အင်္ဂလန် အမေရိကန်နှင့် ဥရောပနိုင်ငံအနှံ့ အပြားသို့ ရောက်ရှိနေကြလေကုန်သော မြန်မာပြည်ဖွား တို့လည်း ကျနော် လက်လှမ်း မီသမျှ ၊ ကြားသိသမျှ ဤနည်းနှင်နှင်သာတည်း။ မြန်မာ့ရေးရာ ဧဒတဂ်များ အာဇာနည်တို့၏ လေဟန်အပြည့်ဖြင့် ပြည်တော်ဝင် ပြည်ထောင် ခန်းတို့ကို အပြည့်အစုံ ရေးရသော် အကျိုးထက် အပြစ်သာ မြင်၍ မရေးမဖွဲ့ လိုတော့ပြီ။ ဒုက္ခသည် ချိုတကူးသည် ဒုက္ခတောထဲမှ နေ၍ အတုကို မြတ်နိုး ငိုကြွေး နေသူ။ ဒုက္ခနွံကို မေ့လျော့နေသူ ။ ကျနော်တို့ကား ချိုတကူး၏ ခြေရာကို နင်းသူများဖြစ်ကြ၏။
.........................................

အတုကြောင့် ဖြစ်စေ အစစ်ကြောင့် ဖြစ်စေ ငိုကာ ရယ်ကာမျှဖြင့်တော့ အောင်ပွဲသို့ ချီနိုင်မည် မဟုတ်ချေ။ ငိုခြင်း ရယ်ခြင်း၊ ပူဆွေးခြင်း၊ ပြုံးခြင်း မဲ့ခြင်း အားငယ်ခြင်း တက်ကြွခြင်း ၊ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းကား သဘာဝတရားမျှသာဖြစ်၍ ထူးဆန်းလှသည် မဟုတ်ချေ။ လောကတံထွာ ဓမ္မတာ ဖြစ်၍ လွတ်မြောက်ခြင်းကို မဆောင်ကြဉ်းချေ။
သို့ကြောင့် ထိုသည် လမ်းဆုံး မဟုတ်တန်ချေ။ ချိုတကူးကို ကျနော် ခြေရာခံသည့် နည်းတူ နောင်လာ လတ္တံသော ကျနော်တို့ မျိုးဆက် တို့ သည် ကျနော့်တို့ကို ခြေရာခံကြပေလိမ့်မည်၊ ထိုနံရောအခါတွင် ကျနော်တို့သည် ချိုတကူးနှင့် ဂုဏ်ရည်တူသူ စာရင်းတွင် အဝင်အပါ ဖြစ်နေပေလိမ့်မည်။

အလျဉ်းသင့်သည် ဖြစ်သောကြောင့် စတုတ္တတန်း ဖတ်စာပါ သားတယောက်ကိုသာ မြင်သည် ဟူသော ပုံပြင်ကို ဤနေရာ၌ ဖော်ပြလို သည်၊
ဇရပ်အို တခုပေါ်တွင် အဘိုးအိုတစ်ဦး ထိုင်လျက်နားနေသည်။ မလှမ်းမကမ်းရှိ ရေတွင်းတခု တွင် မိန်းမကြီး သုံးဦး ရေအိုးကိုယ်စီဖြင့် ရေငင်လျက် ရှိကြစဉ် ပထမ မိန်းမကြီးက သူ၏သားသည် သီချင်းဆိုရာ၌ အသံ အလွန်ကောင်းသူဟု ဆို၏။ ဒုတိယ မိန်းမကြီးကမူ သူ၏ သားသည် အပြေးအလွန်သန်သည် ဟု ဆိုပြန်သည်။ တတိယ မိန်းမကြီးကမူ သားဖြစ်သူအကြောင်းတခွန်းမျှ မဟချေ။
ထိုစဉ် ကလေးငယ်သုံးဦးသည် ရေတွင်းရှိရာသို့ လာနေကြ၏။ တဦးသော ကလေးမှာ အလွန် သာယာသော တေးသီချင်း တပုဒ်ကို သီဆို ရင်း လာနေ၏။ အခြားကလေး တဦးမှာမူ သံဂွေတခုကို လှိမ့်လျက် အပြေးလာနေ၏။ ထိုကလေး နှစ်ဦးစလုံးမှာ ရေတွင်းဘက်သို့လှည့် ၍ပင် မကြည့်ချေ။ နောက်ဆုံး ခပ်မှန်မှန် လျှောက်လာနေသော ကလေးငယ်မှာ ရေတွင်းရှိရာ သို့ တန်းတန်းမတ်မတ် ရောက်လာကာ တတိယ မိန်းမကြီး၏ ရေအိုးကို ထမ်းလျက်ထွက်ခွာ သွားလေသည်။

ထိုအခါ ပထမနှင့် ဒုတိယ မိန်းမကြီးတို့က ဇရပ်ပေါ်ရှိ အဘိုးအိုအား မိမိတို့၏ သားများကို မြင်လိုက်ပါသလော? ဟုမေး၏။ ဤတွင်အဘိုးအိုက " ကျွန်ုပ် သားတယောက်ကိုသာ မြင်ပါသည် " ဟု ဆိုသည်။
သည်လို ပုံနှင့် မိုးကြီးချုပ် ပေရော့မည်။
ပြည်ပသို့ ရောက်နေကြသော မြန်မာအားလုံးကို စောင့်ကြည့်နေသည့် အဘိုးအိုတစ်ယောက်သာ ရှိပါမူ ........" မြန်မာပြည်သားများကို မြင်မိပါသလော " မေးသူရှိသည် ဟူငြားအံ့ ။ " ကျွန်ုပ် ချိုတကူး တို့ကိုသာ မြင်သည် " ဟု ဆိုမည် ထင် ၏။ ကမ္ဘာ့အတန်းအစား ဝိဥာဉ် များ တွင် ပုံပန်းချီရေးခြင်းငှာ စာရင်း မဝင်သော ချိုတကူးပုံတူ စာရင်းတွင် ကျနော်သည်လည်း အဝင်အပါ ဖြစ်လေသည်။

မင်းဒင် ရေးသည်။

ပြည်ပသို့ ရောက်နေကြသော မြန်မာအားလုံးကို စောင့်ကြည့်နေသည့် အဘိုးအိုတစ်ယောက်သာ ရှိပါမူ ........" မြန်မာပြည်သားများကို မြင်မိပါသလော " မေးသူရှိသည် ဟူငြားအံ့ ။ " ကျွန်ုပ် ချိုတကူး တို့ကိုသာ မြင်သည် " ဟု ဆိုမည် ထင် ၏။ ကမ္ဘာ့အတန်းအစား ဝိဥာဉ်များတွင် ပုံပန်းချီရေးခြင်းငှာ စာရင်း မဝင်သော ချိုတကူးပုံတူ စာရင်းတွင် ကျနော်သည်လည်း အဝင်အပါ ဖြစ်လေသည်။

မင်းဒင် ရေးသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...