Thursday, January 15, 2015

၂၀၁၄ မြန်မာပြည်စစ်တမ်း


 Htun Aung Gyaw

၂၀၁၄ ကနေ ၂၀၁၅ မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို ခန့်မှန်းထားတယ်။ အဓိကတော့ ဗမာပြည်သူတွေအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ဒီမိုကရေစီအခွင့်အရေးတွေနဲ့အတူ မိမိကြိုက်နှစ်သက်တဲ့ အစိုးရကို ရွေးချယ်ပိုင်ခွင့်ဟာ အရပ်ဝက်စစ်အစိုးရ ချပေးထားတဲ့ လမ်းကြောင်းအတိုင်း သွားခြင်းနဲ့ ရနိုင်မှာ မဟုတ်တာကို ထင်ထင်ရှားရှားမြင်နေရတယ်။
အဲ့ဒီလို အခွင့်အရေးတွေ ရနိုင်ဖို့အတွက် လွှတ်တော်တွင်းနဲ့ မလုံလောက်ဘဲ လွှတ်တော်ပြင်ပ၊ လူထုလှုပ်ရှားမှုများနဲ့သာ တိုက်ပွဲဝင်တောင်းဆိုနိုင်မှသာ ရရှိနိုင်မယ်လို့ ထင်ရှားစွာ မြင်မိပါတယ်။

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မြန်မာပြည်လွတ်လပ်ရေး ဒုတိယတိုက်ပွဲမှာ စွမ်းစွမ်းတမံ ပါဝင်လုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မြန်မာနိုင်ငံကြီး စစ်အာဏာရှင် အငွေ့အသက်အောက်မှ လုံးဝကင်းစင် လွတ်မြောက်ရေးကို ရှေ့ရှုလျက်။

အားလုံးကိုလေးစားစွာဖြင့်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

၂၀၁၄ ခုနှစ်သည် မြန်မာပြည်ကြီးကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် ပြောင်းလဲ သွားနိုင်မည်လောဆိုသည့်မေးခွန်းကို အခြေခံဖြေဆိုပြသည့်နှစ်ပင် ဖြစ်တော့သည်။ မည်ကဲ့သို့ ဖြေဆိုပြသည်ကို ထိုနှစ်အတွင်း ဖြစ်ပျက်ခဲ့သော နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ တိုင်းရင်းသားများအရေးနှင့် စစ်ရေး လှုပ်ရှားမှုများ။ နိုင်ငံရေးခေါင်းဆောင်များနှင့် စစ်ဖက်ခေါင်းဆောင်များ၏ အပြောအဆို အမူအရာများ၊ လူထုလူတန်းစားများ၏ တောင်းဆိုမှုများ လုပ်ဆောင်မှုများနှင့် စစ်အာဏာရှင်အလိုကျ ရေးဆွဲပြုစုထားသော ၂၀၀၈ အခြေခံဥပဒေကို ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော အခြေခံဥပဒေအဖြစ် စစ်တပ်မှ ဖွဲ့စည်းတည်ထောင် ပေးလိုက်သည့် ကြံခိုင်ဖွံ့ဖြိုးရေး ပါတီနှင့် တပ်မတော်ကိုယ်စားလှယ်များက “အမှန်တကယ် ပြောင်းလဲပေးမည်လား” ဆိုသည်နှင့် တိုင်းတာခဲ့ရသည်။ ထိုအခါ စစ်မှန်သော ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာရေးသည် စစ်အုပ်စုပြော နေသကဲ့သို့ လွှတ်တော်တွင်းမှ ပြောင်းလဲရမည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ထင်ထင်ရှားရှား မြင်တွေ့ရပေသည်။ ယနေ့အခြေအနေတွင် ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာရေးသည် ဒီမိုကရေစီအင်အားစုများ၏ လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပအင်အားစု နှစ်စုလုံးမှ ဟန်ချက်ညီညီ အားကောင်းသော လူထုလှုပ်ရှားမှုများဖြင့်သာ ပြောင်းလဲ နိုင်မည် ဖြစ်သည်။ ပြည်သူတို့ လိုလားသည့် ဒီမိုကရေစီစနစ်နှင့် ဖယ်ဒရယ် ပြည်ထောင်စုတို့ ပေါ်ပေါက်လာရန်မှာ အတိုက်အခံ NLD ပါတီတစ်ခုတည်းနှင့် လုပ်ဆောင်၍ မရရှိနိုင်ဘဲ လူထုကြီးတရပ်လုံးမှ အင်တိုက် အားတိုက် ပါဝင်လုပ်ဆောင်နိုင်မှု အတိုင်းအတာအပေါ်တွင် လုံးဝတည်မှီ နေပေသည်။

၂၀၀၈ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး
၂၀၀၈ အခြခံဥပဒေကို ဒီမိုကရေစီစနစ်နှင့်ကိုက်ညီအောင် ပြုပြင်ပြောင်းလဲရေးတွင် ပုဒ်မ ၄၃၆ သည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ကို လူတိုင်းအသိဖြစ်သည်။ အကယ်၍ ပြည်သူကရွေးချယ်ပေးလိုက်သော အရပ်သားလွှတ်တော်ကိုယ်စားလှယ် ၇၅% စလုံးက ၄၃၆ ကို ပြောင်းလဲရန် သဘောထားပေးခဲ့သော်၊ တပ်မတော်ကိုယ်စားလှယ်များဖက်မှ တစ်မဲထပ်၍ ရဖို့လိုသည်။ ရခဲ့ပါကလည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပြုလုပ်ပြီး ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ၏ ၅၀% က ထောက်ခံပေးရန် လိုအပ်နေပြန်သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို စစ်အာဏာရှင်များက စစ်တပ်မှ သဘောမတူပါက ပြုပြင်ရန် မဖြစ်နိုင်အောင် တမင်ရေးဆွဲထားမှန်း သိသာလှသည်။ မြန်မာနိုင်ငံကို အစဉ်တစိုက် စစ်ခေါင်းဆောင်များကသာ ကြိုးကိုင်အုပ်ချုပ်ပြီး အရပ်သားများဖက်မှ ဒီမိုကရေစီနည်းနှင့် ခေါင်းဆောင်များ ဦးဆောင်မှု ရမလာစေရန် တစ်ဖက်သတ် ရေးဆွဲထားခြင်းဖြစ်သည်။ ထို့ပြင် အခြေခံဥပဒေတွင် လိုအပ်သည်များအားလုံးကို တပြိုင်နက်တည်း ပြုပြင်ခြင်းကို လက်မခံဘဲ ပုဒ်မတခုချင်းစီကိုသာ ပြုပြင်ရန် သဘောထားခံယူရမည် ဆိုထားသဖြင့် အခြေခံဥပဒေပြင်ဆင်ရေးမှာ လိုအပ်သည်များအားလုံးကို တကြိမ်တည်း စုစည်းပြင်ဆင်ခြင်းကို ခွင့်ပြုမထားသည့်အတွက် တစ်ခုခြင်းကို ရေရှည် ပြင်ဆင်ရမည့်သဘောဖြစ်သဖြင့် ထိုအချက်များကို မပြင်နိုင်ပါက ၂၀၁၅ ရွေးကောက်ပွဲပြီးသည့်အချိန်အထိ ဒီမိုကရေစီနည်းကျ အခြေခံဥပဒေပေါ်ပေါက်ရေး ဝေးနေဦးမည် ဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားများ တောင်းဆိုသည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ပါးစပ်ဖြင့် သဘောတူနေကြသော်လည်း ဖွဲ့စည်းပုံထဲတွင် ယခုအချိန်ထိ ထည့်သွင်းရေးဆွဲခြင်း မပြုနိုင်သေးသဖြင့် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ရရှိရန်မှာ ၂၀၁၅ အလွန်တွင်ပင် ဖြစ်နိုင်ပ့ါမလား မေးရမလို ဖြစ်သည်။

တပ်မတော်ဦးစီးချုပ်နှင့် တပ်မတော်၏သဘောထား
ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် ဗီအိုအေ မေးမြန်းခန်းတွင် “၂၀၀၈ ခုနှစ်အခြေခံဥပဒေသည် လူကြီးများက အမျှော်အမြင် ရှိရှိနှင့် နှစ်ပေါင်းများစွာ ရေးဆွဲထားခဲ့သည့်အတွက် သူ့အနေနှင့် ဆက်လက်ထိန်းသိမ်းသည့်သဘောအနေနှင့် လုပ်ဆောင်ခြင်းဖြစ်သည်” ဟု သူက ပြောခဲ့သည်။  သူ့အကြောင်းပြချက်မှာ “အခြေခံဥပဒေဟာ ခိုင်မာဖို့လိုတယ်၊ ခဏခဏပြင်တာ မကောင်းပါဘူး” ဟု ဆိုသည်။ အချုပ်ပြောရလျှင် သူ့ခေါင်းဆောင်လူကြီးများ လုပ်ခဲ့သည်ကို သူက မပြောင်းဘဲ ထားချင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ တပ်မတော်ခေါင်းဆောင်က ဤသဘောထားရှိနေသည့်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅% ကလည်း ဤအသံပဲ ထွက်ခြင်းကို တွေ့နိုင်သည်။ တပ်မတော်၏ ရပ်တည်ချက်ကတော့ မပြောင်းဘူးဟု ဆိုလိုခြင်းကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ၄၃၆ ကို ပြင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ပွင့်လင်းတို့က လက်မှတ် ၅ သန်းကျော် ကောက်ခံယူခြင်းကိုလည်း “ဘယ်လောက် ခိုင်မာမှု ရှိ မရှိ မပြောနိုင်ဘူး ကျန် ၄၅ သန်းကျော်ရဲ့ သဘောထားကကော” ဟု သရော်ခဲ့သည်။

စစ်တပ်ကိုယ်စားလှယ်များကလည်း လွှတ်တော်၌ အရေးပေါ်အခြေအနေကြေညာပြီး စစ်တပ်က အာဏာကို လွှဲပြောင်းယူကာ လွှတ်တော်ကို ဖျက်သိမ်းရန် နည်းဥပဒေများရေးဆွဲဖို့ တဆင့်တိုးတောင်းဆိုလိုက်ခြင်းကလည်း လွှတ်တော်ကို ချိမ်းခြောက်မှု တစ်ခုအဖြစ် ယူဆနိုင်ပါသည်။ အခြေခံဥပဒေကို မပြောင်းနှင့် ပြောင်းလျှင် အာဏာပြန်သိမ်းမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဗိုလ်ချုပ်မင်းအောင်လှိုင်က “အခြေခံဥပဒေဆိုတာ ခဏခဏပြင်တာ မကောင်းပါဘူး” ဟု ဆိုလိုက်ခြင်းသည် နိုင်ငံရေး ဗဟုသုတ ခေါင်းပါးခြင်းလား။ သူ့ဆရာများက လုပ်ထားသည်ကို မပြင်ရဲသဖြင့် ဇွတ်မှိတ် ပြောခြင်းလားဆိုသည်ကို သူပဲသိနိုင်မည်ဖြစ်သည်။ လက်ရှိ မြန်မာပြည်ကို အလည်ရောက်နေသည့် နော်ဝေးဘုရင်ကပင် “နော်ဝေးနိုင်ငံ၏ အခြေခံဥပဒေကို အကြိမ် ၂၀၀ ကျော် ပြင်ပြီးပြီ” ဟု ပြောတာကို နားလည်သဘောပေါက်လျှင် ကောင်းပါသည်။ အခြေခံဥပဒေဆိုသည်မှာ ခိုင်မာမှု ရှိဖို့လိုသည်ဆိုခြင်းကို လက်ခံသော်လည်း ပြင်တာမကောင်းဘူးဟု ဆိုခြင်းသည် မမှန်ပါ။ ခေတ်စနစ်နှင့် မကိုက်ညီလျှင် အသစ် ပြန်လည်ရေးဆွဲသင့်လျှင် ဆွဲရမည် ဖြစ်သည်။ ၁၉၄၇ အခြေခံဥပဒေကို ဗိုလ်ချုပ်နေဝင်းက ဖျက်ပြစ်လိုက်သည်။ ၁၉၇၄ အခြေခံဥပဒေကို ဗိုလ်ချူပ်သန်းရွှေက ဖျက်ပစ်လိုက်ပြန်သည်။ တည်ဆဲဥပဒေတွေကို စစ်ဗိုလ်ချုပ် အဆက်ဆက်က ဖျက်ခဲ့ အသစ်ရေးဆွဲနိုင်ခဲ့ကြပြီး ယခုနောက်ဆုံး ယင်းတို့ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေကိုကျတော့ ဖျက်ရန်ပင် မပြောနဲ့ လိုအပ်သည်များကို ပြင်ဖို့တောင် မရဘူးဆိုခြင်းသည် သူတို့က အရာအားလုံးကို သိနားလည်ပြီး လုံးဝပြင်စရာမလိုအောင် ပြီးပြည့်စုံသည့် အခြေခံဥပဒေကို ရေးဆွဲနိုင်သည့် တန်ခိုးရှင်များလားဟု မေးစရာရှိလာသည်။

ထို့ပြင် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ပြည်သူ့လွှတ်တော်မှ အတည်ပြုလိုက်သော်လည်း ဗိုလ်ချုပ်မင်းအောင်လှိုင်က ပယ်ချလိုက်ခြင်းသည်။ တွေ့ဆုံဆွေးနွေးရေးကို မလုပ်လိုကြောင်း ထင်ရှားစေသည်။ မတူညီမှုများကို ညှိနှိုင်းအဖြေရှာခြင်းထက် မိမိတို့ ကိုင်စွဲထားသော လမ်းကြောင်းမှ လုံးဝမပြောင်းလဲနိုင်ကြောင်း ဖေါ်ပြချက် တစ်ခုဖြစ်သည်။ အချုပ်အားဖြင့်ပြောရမည်ဆိုလျှင် တပ်မတော်၏နိုင်ငံရေးနှင့် စစ်ရေးတွင် ပါဝင်ပတ်သက်မှုကို လေ့လာလျှင် နိုင်ငံရေးတွင် တပ်မတော်က ကာလုံဖြင့် ထိပ်မှစီးထားနိုင်သည်။ ကာလုံသည် တိုင်းပြည်၏ ရှေ့သွားရမည့်လမ်းကို လမ်းကြောင်းချပေးသည့်အဖွဲ့ တနည်းအားဖြင့် ပေါ်လစီချသည့် ထိပ်ဆုံးမှ ထိုင်နေသည့် အစုအဖွဲ့ဖြစ်သည်။ ထိုအစုအဖွဲ့တွင် ပြည်သူက ရွေးချယ်ပေးလိုက်သော သမ္မတသည် တပ်ချုပ်လောက် အာဏာ မရှိချေ။ တပ်ချုပ်သည်သာ အခရာဖြစ်သည်။ လွှတ်တော်တွင်လည်း ၇၅% က သဘောတူပါစေ တပ်ချုပ်က သဘောမတူလျှင် ၄၃၆ အပြင် မည်သည့် အခြေခံဥပဒေပြင်ဆင်ရေးမျှမလုပ်နိုင်။ ထို့ကြောင့် ဗိုလ်ချုပ် မင်းအောင်လှိုင်က သူ့ကိုအသာပေးထားသော၂၀၀၈ အခြေခံဥပဒေကို မပြောင်းချင်သည်မှာ မဆန်းဟု သုံးသပ်သည်။ စစ်ရေးအရကြည့်လျှင် ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲတွင် ကေအိုင်ကေနှင့်တိုက်ပွဲများ ဖြစ်ပွါးလာခြင်း၊ ကေအင်ယူနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုတိုးတက်လာခြင်းတို့သည် တကယ် တိုးတက်လာခြင်းမဟုတ်ဘဲ တောင်မှမြောက်သို့ စစ်ရွေ့လျား ပြောင်းရွေ့သွားခြင်းသာဖြစ်သည်။ ထို့ပြင် ကေအိုင်အေ စစ်သင်တန်းကျောင်းကို အငိုက်အမိ လက်နက်ကြီးနှင့် ထုသည့်အတွက် ဗိုလ်လောင်း ၂၃ ယောက် ကျဆုံးခဲ့ရခြင်းသည် စစ်ရေးအားသာမှုထက် ငြိမ်းချမ်းရေးကို ရှေးရှုလုပ်ဆောင်နေသော သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ဆွေးနွေးညှိနှိုင်းမှုများအားလုံးကို နောက်ဆုတ်သွားစေရန် ဖန်တီးမှုလားဟု တွေးထင်စရာဖြစ်သည်။

တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးတွင် ပြည်တွင်းငြိမ်းချမ်းရေးသည် အဓိက သော့ချက်ဖြစ်သည်၊ ထိုငြိမ်းချမ်းရေးကို တည်ဆောက်နေမှုကို ပျက်ပျယ်စေရန် မလုပ်သင့်သော အချိန်ပင် ဖြစ်သည်။ ဗိုလ်ချုပ်မင်းအောင်လှိုင်က တပ်မတော်သည် အမျိုးသားနိုင်ငံရေးကိုသာ လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်ဟု ဆိုခြင်းသည် နိုင်ငံရေး ပါတီများကို ကြံခိုင်ဖြိုးအသင်းမှ နိုင်ငံရေးပါတီအသွင် မပြောင်းခင်က တိုက်ခိုက်ခဲ့သော စကားကို ငှားပြောခြင်းသာ ဖြစ်သည်။ ထိုသို့ ပါတီနိုင်ငံရေးကို စတင်တိုက်ခိုက်ပြီး မိမိတို့သည် သန့်ရှင်းသော အမျိုးသား နိုင်ငံရေးကိုသာ လုပ်ဆောင်နေသူများဖြစ်ကြောင်း ကြွေးကြော်ခဲ့သော ကြံခိုင်ဖြိုးအသင်းသည် နိုင်ငံရေးပါတီအသွင် ပြောင်းပြီး ကြံခိုင်ဖြိုးပါတီအသွင်ဖြင့် အာဏာရယူခဲ့သည်။ ထို့ကြောင့် အမျိုးသားနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးသည် ကုလားကြီးနှင့် အရာကြီး အတူတူပင် ဖြစ်သည်ဟု ဆိုချင်သည်။ နိုင်ငံ၏အရေးကိစ္စတို့ကို လုပ်ခြင်းသည် နိုင်ငံ့အရေးဖြစ်သည်၊ နိုင်ငံ့အရေးသည် အမျိုးသားရေးကိစ္စပင် မဟုတ်ပါလော? ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေးဟု ခွဲခြားပြီး ကိုယ်ရည်သွေးနေစရာ အကြောင်းမရှိဟုမြင်သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) သည် ဒီမိုကရေစီစံနစ်နှင့် လုံးဝဆန့်ကျင်နေသော ပုံစံဖြစ်သည်။ တိုင်းပြည်၏ကိစ္စအဝဝကို ကာလုံမှ ပေါ်လစီချပြီး လုပ်သည်ဆိုခြင်းသည် ဒီမိုကရေစီစံနစ်နှင့် လုံးဝဆန့်ကျင်နေသည်။ ထိုလုပ်ဆောင်ချက်သည် အာဏာရှင်စံနစ်ကျင့်သုံးသည့် ကွန်မြူနစ်စနစ်တွင် ပါတီ၏ အထက်မှာရှိသော ပေါ်လစ်ဗြူရိုပုံစံကို အတုခိုးထား ခြင်းဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစံနစ်နှင့် လားလားမှ မအပ်စပ်ဟုမြင်သည်။ ကာလုံမှာ တပ်မတော်စစ်ဦးစီးချုပ်ကို သမ္မတထက်ပိုပြီး အင်အားကောင်းအောင် အာဏာပေးထားသည်။ ကာလုံတွင် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒု-ကာကွယ်ရေးဦးစီးချုပ် နှစ်ယောက်လုံး ပါသည့်အပြင် ကာကွယ်ရေးဦးစီးချုပ်ကသာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို ခန့်အပ်ပိုင်ခွင့်ရှိသဖြင့် သမ္မတထက် မဲအရေအတွက်များသည်။ သမ္မတက ယင်းဝန်ကြီးဌာနများကို ခန့်အပ်ပိုင်ခွင့် မရှိခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံက အကြီးအကျယ် မှားယွင်းနေကြောင်း ဖေါ်ပြနေခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေက သမ္မတကို မိမိကက်ဘိနက်ကို မိမိကြိုက်နှစ်သက်သူများနှင့် ဖွဲ့စည်းခွင့် ပေးမထားခဲ့ချေ။

ကြံခိုင်ဖွံ့ဖြိုးရေးပါတီ
ကြံခိုင်ဖွံ့ဖြိုးရေးပါတီသည် စထွက်ထွက်ခြင်း နိုင်ငံရေးပါတီအနေနှင့်မဟုတ်ဘဲ လူမှုရေးအသင်းအနေနှင့် ဖွဲ့စည်းခဲ့ပြီး အသင်းဝင်များကို စစ်အစိုးရမှ အခွင့်ထူးများပေး၍ စည်းရုံးခဲ့သလို ထိုအသင်းသည် လူမှုရေးကိုသာ ဇောင်းပေးလုပ်နေသောအသင်းဖြစ်သဖြင့် “ပါတီနိုင်ငံရေး” နှင့်လားလားမျှ မသက်ဆိုင် အာဏာရယူရေးကို စိတ်မဝင်စားဘဲ အမျိုးသားရေးတိုးတက်ရေးကိုရှေးရှုပြီး “အမျိုးသားနိုင်ငံရေး” ကိုသာလုပ်နေသောအသင်းဖြစ်သည်ဟု ကြွေးကြော်ခဲ့သည်။ ထို့ကြောင့် ကြံခိုင်ဖြိုးအသင်းက နိုင်ငံရေးပါတီများမရရှိသည့် အခွင့်အရေးဖြစ်သော လူထုဟောပြောပွဲများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကန့်ကွက်ဆန္ဒပြပွဲများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်ခွင့်ကို ရရှိခဲ့သည်။ ပါတီနိုင်ငံရေးသည် မိမိပါတီအာဏာရယူလိုသည့် နိုင်ငံရေးဖြစ်သည်ဟု ရှုံချခဲ့သည်။ ထိုသို့ တဖက်သတ် စည်းရုံးလှုံဆော်ခွင့် စုဝေးခွင့်တို့နှင့်အတူ အသင်းဝင်များ အစိုးရအလုပ်များတွင် အလုပ်အကိုင် လွယ်ကူစွာ ရနိုင်မှုတို့ဖြင့် စည်းရုံးခဲ့ပြီး အခွင့်အရေးအရ ဝင်ရောက်လာသူများ သန်းနှင့်ချီ၍ ရှိလာသည့် အထဲတွင် ဝန်ထမ်းများကိုပါ ဖိအားပေး၍ အသင်းဝင်စေခဲ့ခြင်းသည်လည်း ပါဝင်သည်။ ၂၀၁၀ ရွေးကောက်ပွဲ နီးလာသည့်အခါ မိမိတို့အသင်းက ရှုံ့ချထားသော “ပါတီနိုင်ငံရေး”ကို မျက်နှာပြောင်တိုက်၍ အသင်းကို ပါတီအဖြစ် ပြောင်းလဲခဲ့ကြသည်။   စစ်အစိုးရမှ အစီအစဉ်ရှိရှိ မွေးမြူပြုစုပျိုးထောင်လာခဲ့သည့်အတွက် ငွေရေးကြေးရေးအရ တောင့်တင်းခြင်း၊ စစ်အစိုးရလက်ထက်ပံ့ပိုးမှုဖြင့် ဆောက်လုပ်ထားသော နေပြည်တော်ရှိ ကြီးမားခန့်ငြားသော ဧကများစွာ ကျယ်ဝန်းသော ဗဟိုဌာနချုပ်အပြင် တိုင်းနှင့်ပြည်နယ် အရပ်ရပ်တွင် ပြည်သူပိုင် အဆောက်အအုံများကို ကြံခိုင်ဖြိုးအသင်းအား စစ်အစိုးရလက်ထက်တွင် ပေးထားခြင်းမှ ပါတီအသွင် ပြောင်းလိုက်သည့်အခါ ပါတီပိုင် ရုံးခန်းများအဖြစ် မည်သည့်နိုင်ငံရေးပါတီကမှ မရရှိသည့် အမွေဆက်ခံပိုင်ခွင့် အထူးအခွင့်အရေးကို တဖက်သတ် ရရှိခြင်းကြောင့် စစ်တပ်ထောက်ခံမှုဖြင့် အင်အားအရှိဆုံးပါတီအဖြစ် ရပ်တည်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်အများဆုံး အနိုင်ရရှိရန် နည်းမျိုးစုံနှင့် အုပ်ချုပ်ရေးဖက်မှ အကူအညီယူပြီး အနိုင်ရရှိလာခဲ့သော်လည်း ပြည်သူ့ထောက်ခံမှုမှာ ထင်သလောက်မရှိခဲ့ချေ။ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် အဖွဲ့ချုပ်မှ ပေါ်လစီမှားယွင်းစွာ မယှဉ်ပြိုင်ဘဲ နေလိုက်ခြင်းကြောင့်လည်း မဲအများဆုံး ရရှိသွားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကြံခိုင်ဖြိုးပါတီအနေနှင့် ပွင့်လင်းလာသော ခေတ်အခြေအနေနှင့် အဖွဲ့ချုပ်မှ ၂၀၁၅ ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်လာသည့်အခါ မဲအများဆုံး ရရှိရန်မှာ တနည်းသာရှိသည်၊ ရွေးကောက်ပွဲကော်မရှင်နှင့်ပင်း၍ နည်းမျိုးစုံဖြင့် မဲလိမ်မဲခိုး ရန်သာဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲကို အမှန်တကယ် တရားမျှတစွာ ကျင်းပလျှင် ကြံခိုင်ဖြိုးပါတီ မုချရှုံးမည်ဟု မြင်သည်။ အဘယ့်ကြောင့်ဆိုသော် ကြံခိုင်ဖြိုးပါတီင်္သည် စစ်တပ်မှဖွဲ့စည်း ပေးထားသော ပါတီဖြစ်ကြောင်း လူတိုင်းသိကြသည်။ ထို့ပြင် လက်ရှိ တပ်မတော်မှ မတရားသိမ်းပိုက်ထားသော လယ်ယာမြေများ၊ တပ်မတော်ပိုင်စီးပွါးရေး ကုမ္ပဏီဦးပိုင်မှ သူတို့ အကျိုးစီးပွါးအတွက် လက်ပန်တောင်းတောင်ကို တရုတ်တို့အား ရောင်းစားထားမှုများသည် ပြည်သူတရပ်လုံးကို အော့နှလုံး နာစေခဲ့သည်။ တပ်မတော်ကိုမုန်းလျှင် တပ်မတော်က တည်ထောင်ပေးထားသော ကြံခိုင်ဖွံ့ဖြိုးရေးပါတီကိုလည်း မဲထည့်ရန် မဖြစ်နိုင်တော့ချေ။ တပ်မတော်က ကျောထောက်နောက်ခံပြုနေသမျှ ကြံခိုင်ဖြိုးပါတီအတွက် ကံမကောင်းနိုင်ချေ။ တပ်မတော်နှင့်ခွဲခွါပြီး ရပ်တည်နိုင်လျှင် နောင်တစ်ကြိမ် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပိုရကောင်းရနိုင်သည်။ ယနေ့အချိန်သည် လူထုက အပြောင်းအလဲကို လိုလားတောင့်တနေချိန်ဖြစ်သည်။ သည်းမခံနိုင်လောက်အောင် ဖြစ်နေကြပြီ ဖြစ်ကြောင်း မြင်နေရသည်။

ဒီမိုကရေစီအင်အားစုများ
ဒီမိုကရေစီအင်အားစုများအတွင်းတွင် အမိျုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အင်အားအကြီးဆုံး ပြည်သူ့ထောက်ခံမှု အရဆုံး ပါတီဖြစ်သည်မှာ မည်သူမျှ ငြင်းချက်ထုတ်နိုင်မည် မဟုတ်ပေ။ အတိုက်အခံ ကြံခိုင်ဖွံ့ဖြိုးရေးပါတီကို ယှဉ်ပြိုင်အနိုင်ယူနိုင်သည့် တစ်ခုတည်းသောပါတီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည်နယ်ခရီးစဉ်တွင် ပြည်သူထောင်သောင်းတို့က ကြိုဆိုခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ပါတီသည် ပြည်နယ်များတွင်လည်း အင်အားရှိကြောင်း ဖေါ်ပြနေခဲ့သည်။ သို့ရာတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအနိုင်ရစေမူ သူ့အနေနှင့် ရွေးကောက်ပွဲနည်းနှင့် သမ္မတ ဖြစ်နိုင်ခြေမရှိချေ။ အကြောင်းမှာ ပုဒ်မ ၅၉ (စ) ကို ပြင်ဖို့ရန် ဗိုလ်ချုပ်မင်းအောင်လှိုင်က မလိုလားကြောင်း ပြောဆိုခဲ့ပြီး ဖြစ်သည်။ ထို့ပြင် သမ္မတသည် စစ်ရေးအမြင်ရှိရမည်ဟု ထည့်ထားပြန်သဖြင့် ဗိုလ်ချုပ်များသာ သမ္မတလုပ်ရမည်ဟု မပြောယုံတမည်ရှိသည်။ ပို၍ဆိုးသည့်အချက်မှာ သမ္မတကို လူထုက တိုက်ရိုက်ရွေးချယ်၍မရဘဲ ကာကွယ်ရေး ဦးစီးချုပ်မှ အမည်တင်သွင်းသည့် သမ္မတလောင်းတစ်ယောက်၊ ပြည်ထောင်စုလွှတ်တော်မှ အမည်တင်သွင်းသည့် သမ္မတလောင်းတစ်ယောက်၊ အမျိုးသားလွှတ်တော်မှ အမည်တင်သွင်းသည့် သမ္မတလောင်းတစ်ယောက် ထိုသုံးယောက်ထဲမှ ရွေးချယ်ရမည်ဆိုသဖြင့် ပြည်သူများ၏ မဲအများဆုံးရသည့်တိုင်အောင် အများမျှော်လင့်သလို လက်ရှိအနေအထားအတိုင်းသွားလျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ချေမရှိချေ။ ထို့ပြင် အဖွဲ့ချုပ်တွင် ဖိနှိပ်ခံနေရစဉ်ကာလက တောင့်ခံထားခဲ့သော အမာခံများ ပွင့်လင်းလာသောခေတ်တွင် ဘေးရောက်ကုန်ပြီး နောက်ပိုင်း ကိုယ်ကျိုးစီးပွါးနှင့် ဝင်လာသောအုပ်စုများက အောက်ခြေမြို့နယ်များတွင် စိုးမိုးလာပြီး လူဟောင်းများ ပါတီဝင်အဖြစ် လျှောက်ထားမှုကိုပင် ဝင်ခွင့်မပြုဘဲပိတ်ထားသည့် အနေအထား ဖြစ်နေခဲ့ခြင်းကြောင့် အဖွဲ့ချုပ်မှ အမတ်လောင်းများ ရွေးချယ်သည့်အခါ အထူးဂရုတစိုက် ရွေးချယ်မှသာ ပြုပြင်ပြောင်းလဲရေးကို အားသွန်ခွန်စိုက် လုပ်နိုင်ပေလိမ့်မည်ဖြစ်သည်။

ဒီမိုကရေစီအင်အားစုများတွင် ဒေါ်အောင်ဆန်းစုကြည်ဦးစီးသည့် အဖွဲ့ချုပ်ပြီးလျှင် ၈၈ မျိုးဆက်ပွင့်လင်းသည် အင်အားရှိသည်။ သို့ရာတွင် ၈၈ ပွင့်လင်းအင်အားစုသည် ယနေ့ထက်ထိ ပါတီနိုင်ငံရေးကို ပြတ်ပြတ်သားသား ဝင်ရောက်လာခြင်း မရှိသေးဘဲ လုပ်ရှားတက်ကြွသူတပိုင်း နိုင်ငံရေးသမားတပိုင်း အခြေအနေမှ တက်မလာ သေးချေ။ ရွေးကောက်ပွဲနီးလာသည့်အခါ ကိုကိုကြီး၊ မင်းဇေယျာနှင့်တချို့ ပုံစံတမျိုးနှင့် ရွေးကောက်ပွဲ ဝင်လာမည်ဟု ခန့်မှန်းမိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် အင်အားကောင်းသောနိုင်ငံရေးပါတီများမှာ တိုင်းရင်းသား ပါတီများဖြစ်သည်။ တိုင်းရင်းသားပါတီများကို ယင်းတို့၏ပြည်နယ်များတွင် ပြည်သူများက တခဲနက်ထောက်ခံ အားပေးခဲ့ကြသည်ကို ကြည့်ခြင်းဖြင့် ထိုပါတီများသည် မိမိပြည်နယ်တို့တွင် ပြည်သူတို့ ထောက်ခံမှုရှိသောပါတီများ အဖြစ် သိရှိနိုင်သည်။ တိုင်းရင်းသားပါတီများတွင် ရခိုင်အမျိုးသားများ ပါတီနှစ်ခုကိုပေါင်း၍ ပါတီတခုတည်းကို ဖွဲ့စည်းနိုင်ခဲ့သည်။ သို့ရာတွင် ရှမ်းကျားဖြူပါတီနှင့် ကျားခေါင်းပါတီ နှစ်ခုတို့ပေါင်းစည်းရေးကို ကျားခေါင်းပါတီမှ လိုလားသော်လည်း ကျားဖြူပါတီခေါင်းဆောင်ပိုင်းမှ မလိုလားသဖြင့် အင်အားရှိသော တစ်ခုတည်းသောရှမ်းပြည် ကိုယ်စားပြုပါတီ ဖြစ်ပေါ်မလာခဲ့ပေ။ ထို့အတွက် အောက်ခြေပါတီဝင် အများအပြား ကျားဖြူပါတီမှ နှုတ်ထွက်၍ ကျားခေါင်းပါတီ သို့ဝင်ခြင်းသည် ပြည်သူများက ညီညွတ်ရေးကို လိုလားသည့်ပါတီကိုသာ ထောက်ခံလိုကြောင်း၊ ပြည်သူများတွင် ညီညွတ်ရေးသည် အရေးကြီးသည်ကို သိမြင်နိုင်သည့် နိုင်ငံရေးရေချိန်ရှိကြောင်းကို တွေ့ရပေသည်။

ထို့အတူ ကရင်အမျိုးသားများကလည်း ကရင်အမျိုးသားအားလုံးကို ကိုယ်စားပြုသည့် ကော်သူလေတပ်မတော် ဖွဲ့စည်းရေးကို ကေအင်ယူမှ နောက်လာမည့်ညီလာခံမှ စဉ်းစားဆုံးဖြတ်မည်ပြောခြင်းကို မနှစ်မြိုကြဘဲ အလျှင်အမြန် အချိန်မဆွဲဘဲ ဖွဲ့စည်းစေချင်ကြောင်း စာရေးသားတောင်းဆိုခဲ့ကြခြင်းကိုကြည့်လျှင် လူမျိုးတိုင်း ညီညွတ်ရေးကို အောက်ခြေမှယူစေချင်ကြပြီး ခေါင်းဆောင်ပိုင်းကသာ ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း ကိုယ်ကျိုးစီးပွါးရေး အကျိုးအတွက်ညီညွတ်ရေး မလုပ်ချင်ကြကြောင်း တွေ့မြင်ရသည်။

ဗမာနိုင်ငံရေးပါတီများသည် တိုင်းရင်းသားပါတီများလောက် အင်အားမကောင်းလှချေ၊ မဆလတဖြစ်လဲ တစညပါတီပင် အင်အားမရှိတော့ချေ။ အဖွဲ့ချုပ်ဆုံးဖြတ်ချက်ကိုဆန့်ကျင်ပြီးပါတီသစ် အန်ဒီအက်ဖ်ထူထောင်၍ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ခဲ့သောဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်း (ကွယ်လွန်) တို့၏ပါတီသည် အဖွဲ့ချုပ်အရှိန်ဖြင့် အမတ်နေရာတချို့ကို ရရှိလိုက်သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမတ်ဖြစ်ရန် အလွန်ခဲယဉ်းပေးလိမ့်မည်။ ထိုအခက်အခဲကို ကျော်လွှားနိုင်ရန် ပီအာစနစ်ကို အားပေးသူများ ဖြစ်လာခဲ့ကြသည်။ ပို၍ဆိုးသည်မှာ ပီအာစနစ်ကို တင်သူမှာ သူတို့ပါတီဝင် ဒေါ်ခင်ဝိုင်းကြည်ဖြစ်၍ နေပေသည်။ ထို့အတွက် ပြည်သူက အင်ဒီအက်ဖ်ကို အမြင်စောင်းလာခဲ့ကြသည့်အတွက် အခြေအနေမကောင်းလှချေ။ ပီအာစနစ်နှင့်သာ သူတို့အနေနှင့် မဲနည်းသော်လည်း ကိုယ်စားပြုမှုဖြင့် လွှတ်တော်တွင်း ဝင်နိုင်မည့် အခြေအနေ ရှိသည်။

တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ဝန်ကြီးဦးအောင်မင်းက ကြိုးစားဆောင်ရွက်နေလင့်ကစား တပ်မတော်မှ အပစ်ရပ်ထားသည့် တိုင်းရင်းသားနယ်မြေတို့တွင် ထိုးဖေါက်ဝင်ရောက်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေးများ ဖေါက်လုပ်ခြင်းတို့တွင် ဒေသခံတိုင်းရင်းသားများနှင့် တစုံတရာ ညှိုနှိုင်းဆောင်ရွက်ခြင်း မပြုသဖြင့် တဖက်နှင့် တဖက် တိုက်ခိုက်မှုများ ဖြစ်ပွါးနေခြင်းတို့သည် ငြိမ်းချမ်းရေးလုပ်ဆောင်နေမှုကို အဟန့်အတားဖြစ်ပေါ်စေသည်။

အလုပ်သမား၊ လယ်သမား လူတန်းစားအဖွဲ့အစည်းများမှာ ဒုက္ခအရောက်ဆုံး ဖြစ်နေသည်ကို တွေ့ရှိရသည်။ စနစ်ဆိုး၏ဒါဏ်ကို ခါးစည်းအခံရဆုံးသော လူတန်းစားများဖြစ်သည်။ လက်ပံတောင်းတောင် အရေးအခင်း၊ လယ်ယာ မြေများကို စစ်တပ်မှ သော်လည်းကောင်း၊ ခရိုနီများမှသော်လည်းကောင်း မတရားသိမ်းပိုက်ထားမှုများကို အစိုးရမှ ပြတ်ပြတ် သားသား မဖြေရှင်းပေးနိုင်သဖြင့် လယ်သမားများ အတိဒုက္ခရောက်သလို ယနေ့အချိန်အထိ အလုပ်သမားများ၏ အနိမ့်ဆုံးလစာကို အစိုးရမှ သတ်မှတ်ပေးခြင်းမရှိသည့်အတွက် မြန်မာလုပ်သားများ ခေါင်းပုံဖြတ်ခံနေရမှုကို ခါးသည်းစွာ ခံစားနေရစဲဖြစ်သည်။ ထိုလူတန်းစားနှစ်ရပ်သည် အနစ်နာဆုံးအကူအညီ အမဲ့ဆုံးသောသူများ ဖြစ်နေခဲ့သည်။ ထို့ကြောင့် ထိုလူတန်းစားနှစ်ရပ်က စစ်တပ်ကို ကျောထောက်နောက်ခံ ပြုထားသည့် ကြံခိုင်ဖြိုးပါတီကို မဲပေးရန်မှာ လွန်စွာ ခဲယဉ်းသည်ဟုမြင်သည်။

ကျောင်းသားလှုပ်ရှားမှုများ
ကျောင်းသားလှုပ်ရှားမှုများသည် တဖြည်းဖြည်းအားကောင်းလာပြီး ပညာရေးလိုအပ်ချက်များကို တောင်းဆိုမှုမှ နေ၍ ပြည်သူများနစ်နာမှုများကိုပါ ပါဝင်တောင်းဆိုလာခဲ့ကြသည်။ တချို့ကျောင်းသား ခေါင်းဆောင်များသည် အစိုးရ လုပ်သမျှကို အရာရာကိုဆန့်ကျင်ရမည်ဆိုသည့် အစွန်းရောက်လာခဲ့ကြပြီး တချို့ကတိုက်ပွဲဝင်နေကြစဉ် နိုင်ငံရေး အရောင်ဆိုးမှုများကို ပြုလုပ်ခဲ့ကြသဖြင့် ထောက်ခံအားပေးသူများ နောက်တွန့်သွားသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်ကို ကြားသိရသည်။ ကျောင်းသားလှုပ်ရှားမှုတိုင်းတွင် လက်ဝဲလက်ယာ အရောင်ရှိသူများ ပါဝင်သည်မှာဓမ္မတာဖြစ်သော်လည်း လှုပ်ရှားမှု တစ်ခုလုံးကို အရောင်ဆိုးခြင်းသည် လှုပ်ရှားမှုကို အသေသတ်ခြင်းနှင့် တူပြီး ညီညွတ်ရေးကို ပြိုကွဲစေသည့်အပြင် မိမိတို့လှုပ်ရှားမှုကို အစိုးရမှအရေးယူနိုင်ရန် လမ်းကြောင်းပေးသည်နှင့် တူသည်။ ထို့ကြောင့် ကျောင်းသား လှုပ်ရှားမှုများသည် ဦးတည်ချက်တစ်ခုကိုသာ ဇောင်းပေးရန်လိုအပ်နေပြီး ထိုဦးတည်ချက်သည်လည်း ကောင်းမွန်သော ပညာရေးစနစ်အောက်တွင် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ စည်းရုံးဖွဲ့စည်းနိုင်ရေးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ညီလာခံကြီးကိုခေါ်ယူပြီး ထိုညီလာခံကြီးမှ သမဂ္ဂ ခေါင်းဆောင်များကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်နိုင်ရေးသည် လက်ရှိလုပ်သင့်သည့်အလုပ် ဖြစ်သည်။ ထိုအခါမှသာ ကျောင်းသား လှုပ်ရှားမှုများသည် စုစည်းကျစ်လစ်သော ခေါင်းဆောင်မှုအောက်တွင် ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှားမှုများကဲ့သို့ သြဇာသက်ရောက်မှု ရှိလာပြီး အနာဂါတ် မြန်မာနိုင်ငံတော်ကြီးကို ဦးဆောင်နိုင်မည့် အများထောက်ခံသည့် မျိုးဆက်သစ် ကျောင်းသား ခေါင်းဆောင်များ ပေါ်ထွန်းလာနိုင်မည် ဖြစ်သည်။

နိဂုံးအားဖြင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ်သို့ ၂၀၁၅ ရွေးကောက်ပွဲမှ ပြောင်းလဲသွားရန် အကြောင်းလုံးဝမရှိချေ။ လိုအပ်သော အခြေခံဥပဒေပြောင်းလဲရေးကို စစ်တပ်မှ ချုပ်ကိုင်ထားသဖြင့် လွှတ်တော်တွင်းမှ မပြောင်းလဲနိုင်ကြောင်း ရှင်းလင်းစွာ မြင်နေရသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်မှ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အဆိုပြုခဲ့ခြင်းကို မည်သို့မျှ မတုံ့ပြန်ဘဲ နေခဲ့ပြီးမှ အမေရိကန် သမ္မတ အိုဘားမား လာခါနီးတွင် ဆိုင်းမဆင့်ဗုံမဆင့် ၁၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို အချိန်ကပ်ပြီး ခေါ်ခဲ့သည်။ ထို့ပြင် ထိုဆွေးနွေးပွဲတွင် မည်သည့်အကြောင်းအရာမျှ ရေရေရာရာ ပြောနိုင်ခြင်းမရှိဘဲ ပြီးဆုံးသွားခဲ့ခြင်းသည် ရိုးသားမှု ကင်းမဲ့သည့် စင်ပေါ် တင်ပြသည့် လုပ်ဇါတ်ဖြစ်ကြောင်း ပေါ်လွင်စေသည်။ တဖန်လွှတ်တော်မှ ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို အဆိုပြုလိုက်ခြင်းကို ကာချုပ်မင်းအောင်လှိုင်မှ အများစုပါဝင်ခြင်းမရှိသည့်အတွက် လက်မခံဟု ဆိုခြင်းသည် တွေ့ဆုံဆွေးနွေးပွဲဖြင့် တိုင်းပြည်ပြသနာများကို ကျစ်လစ်ထိရောက်စွာ အဖြေရှာခြင်းထက် လူများ၍ တစ်ယောက်တစ်ပေါက်ဖြစ်လျက် မည်သည့်အဖြေမှ မထွက်စေချင်သည့်သဘော သက်ရောက်လျက်ရှိသည့်အပြင် သမ္မတမှလည်း ထိုကိစ္စကို အဖြေမပေးဘဲ နှာစေးနေခြင်းတို့သည် ညှိနှိုင်းဆွေးနွေးအဖြေရှာရေးထက် အလုပ်မဖြစ်သည့် တွေ့ဆုံရေးကိုသာ လုပ်၍ အချိန်ကုန်လွန်စေချင်သလားဟု ထင်စရာရှိသည်။
တိုင်းပြည်၏ကောင်းမွန်သော အနာဂါတ်ကိုပြုပြင်ပြောင်းလဲပေးနိုင်သည့် လွတ်လပ်သောလူ့ဘောင်အဖွဲ့အစည်းများ (Civil Society) အားကောင်းဖို့ လိုသော်လည်း လက်ရှိအခြေအနေမှာ စတင်ဖွဲ့စည်းကာစ၊ စမ်းသပ်လုပ်ဆောင်နေစဲ ကာလအဆင့်သာရှိနေပေသေးသည်။ ပိတ်ပင်တားဆီးထားမှုများ၊ အထက်မှခွင့်ပြုသော်လည်း အောက်ခြေမှ ကန့်ထားမှုများကိုလည်း ရင်ဆိုင်နေရပြီး ဥပဒေထုတ်ပြန်ထားသော်လည်း နည်းဥပဒေများကို အစိုးရမှ မထုတ်ပြန် နိုင်ခြင်းတို့ကြောင့် တိုးတက်သင့်သလောက် မတိုးတက်နိုင်ဘဲ ရှိနေဦးမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ တွင် အမှန်တကယ် ပြောင်းလဲချင်ပါက လွှတ်တော်တွင်း တိုက်ပွဲအပြင် လွှတ်တော်ပြင်ပ လူထုတောင်းဆိုမှု တိုက်ပွဲများသည် ဗဟိုချက်မအဖြစ် နေရာယူလာနိုင်ကြောင်း သုံးသပ်မိသည်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)


၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အမှတ် ၁၀ ၊အတွဲ ၄၉ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...