Friday, January 30, 2015

ကျော်ညဏ်နှင့် ပန်းရုံ

ခုတလော အားကိုးထိုက်လှသော လွှတ်တော်အမတ်မင်းများ လစာဆယ်သိန်းကိစ္စ ရေပန်းစားလှပါ၏။
သဘောကျတာလေးတစ်ခုလောက်ပြောစမ်းပါရစေ။
နိုင်ငံခြားတိုင်းတပါးရောက်လို့လွှတ်တော်ကိုယ်စားလှယ်ခြင်းယှဉ်လျင် လစာရတာနည်းလို့ရှက်သတဲ့။
ပြည်သူပြည်သားအားလုံး ဘယ်လိုရုန်းနေကြရသလဲ။ ဝန်ထမ်းတွေ ဘယ်လောက်ခက်ခဲနေကြသလဲ။


LDC က လွတ်ချင်လွန်းလို့ကျိတ်မှိတ်ပြီး ရင်စီးခံနေကြရတဲ့ တိုင်းကားပြည်သူ လူသူခပင်းကိုမှ
အားမနာကြလေရော့သလား။

ဘယ်ဝန်ထမ်းအဆင့်မှ စိတ်မကူးနိုင်တဲ့တစ်လသုံးသိန်းသောငွေ။ အင်း ရှက်သတဲ့မျက်နှာငယ်သတဲ့။
အေးလေ အမေပြောပြောနေတဲ့ကျော်ညဏ်နဲ့ပန်းရုံ မောင်နှမအဖြစ်ကို သွားသတိရလိုက်ပါရဲ့။

ကျော်ညဏ်နဲ့ပန်းရုံမောင်နှမက မိတဆိုး ဖတဆိုး။ ဂျပန်ခေတ် စစ်တောင်းတံတားကျိုးတော့ သူတို့
မိလနှစ်ပါးက အောက်ပန်းညိုရွာကနေ စစ်တောင်းသွားပြီး ဂျပန်ကုန်တွေထမ်းပိုးရင်း ငွေရှာကြရသတဲ့။
တနေ့အလုပ်သိမ်းလို့ရွာအပြန်လမ်းမှာ ကျွဲညီနောင်နဲ့ဆုံကြတယ်။ ကျွဲညီနောင်ဆိုတဲ့အင်္ဂလိပ်လေယာဉ်နှစ်စင်းကလည်း မဲမဲမြင်သမျှ စက်သေနတ်စာကြွေးလေတော့ မီးရထားလမ်းဘေး တာကျင်းထဲအပြေးအလွှား ဝင်ပုန်းရှာတဲ့ဇနီမောင်နှံ နှစ်ယောက် သေနတ်မှန်ပြီး မသေဘဲ တာကျင်းတစ်ဘက်စီကျတဲ့ ဗုံးနှစ်လုံးကြောင့် အရှင်လတ်လတ်မြေမြှုပ်ခံရပြီး အသက်ဆုံးကြရတယ်တဲ့။
မိဘမဲ့သွားတဲ့လူမမယ်ကလေးနှစ်ယောက်ကို တစ်ရွာလုံးက သူတစ်လုတ်ငါတစ်ဆုပ်ကျွေးမွေးရင်း အသက်ဆက်စေကြရသတဲ့။

တစ်နေ့ပန်းရုံတစ်ယောက် မိသားစုထမင်းဝိုင်းတစ်ခုမှာသွားမျှော်ရင်း အသားဟင်းတစ်တုံးရလာသတဲ့။ အကိုဖြစ်တဲ့ကျော်ညဏ်က ရလာတဲ့အသားတုံးကို အတင်းလုစားတော့ မျက်ရည်စက်လက်ဖြစ်နေတဲ့ပန်းရုံက နှမျောတသစွာပြောရှာသတဲ့။

''ညှော်ညှန် ငှာညှားညှင်နို့ နွှားညှော်ထားတာ
နင်ညှားညှင်ရင် နင်နွှားညှော်ပါနှား''လို့ပြောရှာသတဲ့။


ပန်းရုံရဲ့နှုတ်ခမ်းက အာခေါင်အထိကွဲနေလေတော့ စကားကလည်းမပီဘူးပေါ့။
ပြောချင်တာက “ကျော်ညဏ် ငါစားချင်လို့သွားမျှော်ထားတာ
နင်စားချင်နင်သွားမျှော်ပါလား” ပေါ့။


အမတ်မင်းများလည်း သည်လိုပဲပေါ့။
သူတို့စားချင်လို့ သူတို့မျှော်ထားတာ
ကိုယ်စားချင် ကိုယ်သွားမျှော်ကြပေါ့ နော့်။
ဘာအထူးပြောစရာရှိလဲလို့။ ။

ပေါ်ထွန်းမြိုင်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...