Saturday, January 17, 2015

အာာဏာရှင်အောက်က စစ်ခေါင်းဆောင်တွေရဲ့ စရိုက်လက္ခဏာများ

 

Ye Myint Kyaw

စစ်ခေါင်းဆောင်တွေအဖို့ ရန်သူနဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ သေရေးရှင်ရေးဆုံးဖြတ်ရတာထက် ပိုခက်တာက ပြည်သူကို ရန်သူလို သဘောထားရတဲ့  အခါမျိုးတွေမှာပါ။ အာရပ်နွေဦီးလို လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာတဲ့ အခါမှာ၊ စစ်ခေါင်းဆောင်တွေအဖို့ အာဏာရှင်ကိုပဲ ဆက်ထောက်ခံမလား၊ သူတို့ကို သတ္တိရှိရှိ ကျောခိုင်းပြီး လူထုနဲ့ ပေါင်းမလားဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုခုကို ရွေးရပါတယ်။


နောက် စစ်ခေါင်းဆောင်တွေ  နားလည်လာတာက အစိုးရတစ်ခု ရေရှည်ရပ်တည်ဖို့ဆိုရင် လူထုထောက်ခံမှု ရဖို့လိုတယ်ဆိုတဲ့ အချက်ပါ။ ဒါကို အထီးကျန် အာဏာရှင်နိုင်ငံတွေက စစ်ခေါင်းဆောင်တွေတောင် သဘောပေါက်လာကြပါတယ်။ နိုင်ငံတစ်နိုင်ငံကို စစ်တပ်က ရေရှည် တိုက်ရိုက် အုပ်ချုပ်ထားတာဟာ လက်တွေ့လည်းမကျသလို၊ ယနေ့ကမ္ဘာမှာ မဖြစ်နိုင်တော့ဘူးဆိုတာ သူတို့ သိလာပါတယ်။ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေ ပုဆိုးလဲတာကလည်း ဒီဖြစ်စဉ်အပေါ်မှာရှိတယ်လို့ နိုင်ငံတကာပညာရှင်တွေ သုံးသပ်ပါတယ်။

စစ်အရာရှိ အများစုက လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ ပြည်သူကို ကာကွယ်ဖို့သာဖြစ်ပြီး၊ ပြည်သူကို ဖိနှိပ်တဲ့ ယန္တရားမဖြစ်ရဘူးဆိုတာကို လက်ခံပြီးသားပါ။ စစ်သားတွေရဲ့  ကျင့််ဝတ် စိတ်ဓာတ်၊ ဂုဏ်သိက္ခာ တန်ဖိုးဟာ နိုင်ငံနဲ့ ပြည်သူကို ရဲဝံ့စွန့်စား ကာကွယ်ခြင်းကသာ လာပါတယ်။ တိုင်းပြည်နဲ့ လူထုရဲ့ လုံခြုံရေး ကာကွယ်ရင်း စစ်သားတွေရဲ့ စွမ်းရည် တောက်ပြောင်လာပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အာဏာရှင်တွေနဲ့ ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေရဲ့ အမြင်မှား အမိန့်မှားတွေအောက်မှာ စစ်တပ်တွေဟာ မရှောင်မလွှဲသာဘဲ အသုံးချခံ ဖြစ်သွားရပါတယ်။ လူထုဆီ သေနတ်ပြောင်းဝ လှည့်လိုက်တဲ့အခါမှာတော့  စစ်သားတွေရဲ့ အခြေခံကျင့်ဝတ် ယုံကြည်ချက်၊ ပရော်ဖက်ရှင်နယ်ပီသမှုတွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားပါတော့တယ်။

တကယ်တော့ စစ်တပ်ရဲ့ အလုပ်ဟာ တိုင်းပြည်လုံခြုံရေးနဲ့ ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ပါ။  နို်င်ငံရေး အာဏာလွန်ဆွဲပွဲတွေမှာ ပါဝင်တာ၊ အာဏာရှင်အလိုကျ ဖြစ်ရတဲ့အခါမှာတော့ စစ်တပ်ရဲ့ သီလဟာ  ကျိုးပေါက်ပြီး၊ စစ်သားတွေရဲ့အင်္ဂါရုပ်ဟာ လက်နှီးစုတ် ဖြစ်သွားပါတယ်။

သို့ပေမဲ့ အဆိုးဆုံး အာဏာရှင်နိုင်ငံတွေက စစ်အရာရှိတွေပင်လျှင်၊ သူတို့နိုင်ငံအတွက် အကောင်းဆုံး အစိုးရပုံစံဟာ လူထုရွေးချယ်တင်မြှောက်တဲ့ အစိုးရပုံစံ ဖြစ်သင့်တယ်လို့ ပြောတတ်ပါတယ်။ နောက် အခြေအနေအမျိုးမျိုးနဲ့ ပုဂိုလ်ရေးယုံကြည်ချက်ကြောင့်  စစ်ခေါင်းဆောင်တွေနဲ့ သူတို့တပ်တွေဟာ အာဏာရှင်အစိုးရတွေကို ထောက်ခံလိုက်ရတာ ရှိပါတယ်။

လက်ရှိ အာဏာပိုင်အစိုးရဟာ တိုင်းပြည်အတွက် ကာလတစ်ခု လိုအပ်သေးတယ်လို့ စစ်ခေါင်းဆောင်ပိုင်းက တွေးပါတယ်။ အဲဒီကာလတစ်ခုဟာ ဆယ်စုနှစ်များစွာ  ဖြစ်သွားတတ်ပါတယ်။ အဲဒီကာလမှာ စစ်ခေါင်းဆောင်တွေလည်းအာဏာရှင်တွေနဲ့ လုံးသွားပြီး၊ ကိုယ်ကျိုးရှာမှု၊ အဂတိလိုက်စားမှု၊ ကြောက်ရွံ့မှု၊ ထိပ်ဆုံးရောက်လိုမှုတွေ ရောထွေးလာပါတယ်။

ဆင်းရဲတဲ့နိုင်ငံအများစုက အာဏာရှင်တွေဟာ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေကို မြှောက်စားထားပါတယ်။ ဆုတံဆိပ်တွေ များများချိတ်ပေးတယ်။ အောက်ခြေရဲဘော်တွေကိုတော့ မ၀ရေစာ ရာရှင်ခွဲတမ်းနဲ့ ပစ်ထားပါတယ်။ မြောက်ကိုရီးယား အာဏာရှင်စနစ်က ဒီပုံစံအတိုင်း အသေချာ ကျင့်သုံးပါတယ်။ ဒီ့နောက် အာဏာရှင်တွေက စစ်ခေါင်းဆောင်ပိုင်းက သူတို့အပေါ် သစ္စာခံ မခံကို ထောက်လှမ်းရေးဌာနတွေ၊ သတင်းပေးပေါင်းစုံတွေနဲ့ အလွတ်မပေးဘဲ စောင့်ကြည့်တယ်။ မယုံကြည်ရလောက်တော့ဘူး ထင်ရင် ခြေမြန်လက်မြန် ဖယ်ရှားပြီး  ပြစ်ဒဏ်ကြီးကြီး ပေးပစ်ပါတယ်။ အီရတ်က စစ်ဗိုလ်ချုပ်တွေဟာ အာဏာရှင် ဆဒမ်ဟူစိန်  ပြုတ်ခါနီးအထိ ဖိန့်ဖိန့်တုန် ကြောက်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း တချို့သော အခြေအနေတွေမှာ စစ်တပ်က စစ်အုပ်ချုပ်ရေးနဲ့ ထိန်းပေးရတာရှိပါတယ်။ ထိန်းမနိုင် သိမ်းမရ ဒေသ လူမှုမငြိမ်သက်မှုတွေ  ဖြစ်နေတဲ့အခါနဲ့ ပြင်ပ ကျူးကျော်မှုအချို့ စိမ့်ဝင်ထိုးဖောက်တဲ့ အခါမျိုးမှာပါ။ ဥပမာ၊ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း လာတင်အမေရိကနိုင်ငံတွေအတွင်း ဆိုဗီယက်နဲ့ ကျူးဘားသူပုန်တွေ ၀င်ဒုက္ခပေးတဲ့အခါမှာ၊ စစ်တပ်ကနယ်မြေဒေသ အတော်များများကို  ၀င်ထိန်းခဲ့ပါတယ်။ မြန်မာနိုင်ငံရခိုင်ဒေသ လူမျိုးစု အထိကရုဏ်းတွေ ဖြစ်တဲ့အခါ၊ စစ်တပ်က စစ်အမိန့် ထုတ်ရတာမျိုး ဖြစ်ပါမယ်။

နောက် စစ်ခေါင်းဆောင်တွေအပေါ်  ဩဇာလွှမ်းမိုးတတ်တာတစ်ခုက သူတို့ရဲ့ ဇာတိပုည အငုံစိတ်ပါ။ လူမျိုးစုများပြားတဲ့  နိုင်ငံတွေမှာ တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပြဿနာတွေက စစ်ခေါင်းဆောင်ပိုင်းအပေါ် အများကြီး ရိုက်ခတ်ပါတယ်။ စစ်တပ်ခေါင်းဆောင်က ဘယ်လူမျိုးစုဝင်လဲ ဆိုတာကိုက ပြဿနာတစ်ခုပါ။ နောက်ဆုံး လူမျိုးပေါင်းစုံဖွဲ့ထားတဲ့ စစ်တပ်ကနေ လူမျိုးစုတစ်စုချင်းစီရဲ့ စစ်အုပ်စုတွေအဖြစ် အစိပ်စိပ် ကွဲသွားပါတယ်။  အဲဒီပြဿနာကို အာဖရိကနိုင်ငံတွေမှာ ကနေ့ထိ ကြုံနေရဆဲပါ။

အချို့ စစ်ခေါင်းဆောင်တွေကတော့ တစ်ခုခုအပေါ် အစွဲအလန်းရှိပါတယ်။ ဥပမာ၊ တူရကီနိုင်ငံ စစ်အရာရှိတွေက သူတို့ စစ်တပ်ဟာ ဘာသာရေးမပတ်သက်တဲ့ secular government ကို စောင့်ရှောက်ဖို့ ဆိုတဲ့ အယူအဆကို ကိုင်ထားတယ်။ ထိုင်းစစ်တပ်ကဘုရင့်အုပ်ချုပ်ရေးကို လေးစားကာကွယ်ဖို့ ဖြစ်တယ်။

ဆင်းရဲတဲ့  အာဏာရှင်နိုင်ငံတွေက စစ်ခေါင်းဆောင်တွေရဲ့ ဆိုးရွားတဲ့ နောက်သဘောထားတစ်ခုကတော့ သူတို့တိုင်းပြည်ဟာ ဒီမိုကရေစီစနစ်ကျင့်သုံးဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ အမြင်ပါ။ ဒီမိုကရေစီအတွက် လိုအပ်တဲ့ တရားဥပဒေ၊ လူ့အခွင့်အရေး၊ အဂတိလိုက်စားမှု လျှော့ချရေး၊ ဈေးကွက်၊ နိုင်ငံသားအသိပညာ စတဲ့ အင်စီတီကျူးရှင်း ဆိုင်ရာတွေ သူတို့တိုင်းပြည်မှာ မရှိသေးသမို့၊ သူတို့ အချိန်ယူ တည်ဆောက်ပေးရဦးမယ်လို့ ယုံကြည်နေတာပါ။ အဲဒီ ဒီမိုကရေစီဆိုင်ရာ အင်စတီကျူးရှင်းတွေ သူတို့တိုင်းပြည်မှာ ပြည့်စုံလာဦးတော့၊လူထုထောက်ခံတဲ့ အာဏာရှင်အစိုးရတစ်ခုတော့ ရှိနေရဦးမယ်လို့ ယုံကြည်ကြပါတယ်။

နို့ပေမဲ့ စစ်တပ်ခေါင်းဆောင်တွေဆိုတာလည်း လူသားတွေပါပဲ။ သခင့်ကျေးဇူးကို အသေခံစောင့်ရှောက်ဖို့ ပရိုဂရမ်ဆော့ဖ်ဝဲ ထည့်သွင်းခံထားရတဲ့ စက်ရုပ်တွေမှ မဟုတ်တာ။ သူတို့  တစ်ဦးချင်းစီမှာ ယုံကြည်မှုတွေ၊ ကိုယ်ကျိုးစီးပွားတွေ၊ ကြောက်ရွံမှုတွေ၊ အနှောင်အဖွဲ့တွေ ၀ိုင်းပတ်ထားပါတယ်။ နိုင်ငံရေးအပြောင်းအလဲ ကာလတွေမှာ သူတို့ရဲ့ လူသားဗီဇတွေ ပေါ်ထွက်တတ်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ နေသားကျနေတဲ့ အရာရှိစစ်သည်တွေရဲ့ သဘောသဘာဝနဲ့ သူတို့ဗီဇအတ္တကို ဒီမိုကရေစီ ခေါင်းဆောင်တွေက နားလည်ထားဖို့ လိုပါတယ်။ ဒီလို စစ်အကျောကိုနားလည်ထားပြီး စည်းရုံးနားသွင်းခြင်းက ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် အထောက်အကူ ဖြစ်စေပါမယ်။

ရဲမြင့်ကျော်
ရည်ညွှန်း။Characteristics of Armed Forces under Dictatorships, journal of Military and Strategic Studies
နိုင်ငံသားဂျာနယ်၊ အတွဲ ၁၊ အမှတ် ၇

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...