Friday, January 23, 2015

ဘာတွေပြင်သင့်သလဲ (၁)

မြန်မာနိုင်ငံမှာ ဘာတွေပြင်သင့်သလဲ ဆိုတာမေးရင် ပြင်စရာအများကြီးရှိတယ်လို့ ပြောရမှပဲ။ ဒီပြင်စရာတွေထဲမှာ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေးတွေ အားလုံးပါတယ်လို့ ဆိုရမှာ ဖြစ်တယ်။ “ရှေးရိုးလည်းမပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့” လို့ ဆိုရိုးစကားရှိပေမဲ့ တိုးတက်လာတဲ့ ခေတ်အခြေအနေကို လိုက်ပြီး ပယ်သင့်တာတွေပယ်ပြီး ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းမှသာ တိုင်းပြည်ဟာ ခေတ်အခြေအနေနဲ့လိုက်ပြီး တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာတွေပြင်သင့်သလဲ (၁) မှာ ကလေးသူငယ်များကို သင်ကြားတဲ့ စာသင်ကျောင်းတွေမှာ ကိုင်စွဲရမည့် မူဝါဒအကြောင်းကို ဆွေးနွေးသွားဖို့ ရှိပါတယ်။ 

ကျနော်တို့ ငယ်ငယ်က စိန့်သြဂတ်စတင်း (ယခုကမာရွတ် အထက (၂)) ကျောင်းမှာ ပညာသင်ကြားနေစဉ် အစိုးရက ကျောင်းတွေကို ပြည်သူပိုင်သိမ်းလိုက်ပါတယ်။ ကျနော်တို့ကျောင်းလည်း သိမ်းတဲ့အထဲပါသွားပါတယ်။
အဲဒီအခါ ကျောင်းနဲ့ တွဲဆောက်ထားတဲ့ ခရစ်ယန်ဘုရားကျောင်းကိုတော့ သိမ်းလို့မရလို့ ခြံစည်းရိုးကာလိုက်တယ်။ ကျောင်းဝင်းနဲ့ ဘုရားကျောင်းခြားထားတဲ့ သစ်သားချောင်းတွေနဲ့ ကာထားတဲ့စည်းရိုးရဲ့ အလယ်မှာ တံခါးမကြီးတစ်ခု ထားထားတယ်။ ကျောင်းကနေ ဘုရားကျောင်းကို ဒီတံခါးကနေကူးလို့ ရအောင်ပေါ့။ ကျနော်တို့က ခရစ်ယန်ဘုရားကျောင်း နောက်ဖက်က မျက်ခင်းပြင်မှာ သွားကစားနေကြ ၅ တန်းကျောင်းသားတွေ ဆိုတော့ ၁၀နှစ်သား လောက်ပေါ့။ ပြည်သူပိုင် သိမ်းတယ်ဆိုတာလည်း ဘာညာမသိကြတဲ့ ကလေးတွေလေ။ ခြံစည်းရိုးခတ်ထားပေမဲ့ တံခါးက ပိတ်မထားဘဲ ဖွင့်ထားတော့ နဂိုကစားနေကြနေရာမှာ ကလေးပီပီ သွားကစားကြတာပေါ့။ အဲဒီအခါ ပီတီဆရာ လုပ်တဲ့သူက ကြိမ်လုံးတစ်ချောင်းနဲ့ ရောက်လာတယ်၊ တံခါးဝကနေရပ်ပြီးတော့ “ဟေ့ကောင်တွေ အဲဒီဖက်မှာ ကစားနေတဲ့သူတွေ အကုန်လာကြ” လို့ အသံကျယ်ကြီးနဲ့ လှမ်းခေါ်တယ်။ ကလေးတွေအားလုံး ကြောက်ကုန်တာပေါ့။ တစ်ယောက်ပြီး တစ်ယောက် ဆရာခေါ်တဲ့ဆီကို လာကြတယ်။ ဆရာက တံခါးဝကနေရပ်ပြီး တစ်ယောက်ချင်းရဲ့ခြေသလုံးကို ကြိမ်နဲ့ တချက်ချင်း ရွှမ်းကနဲ့ ရွှမ်းကနဲရိုက်ပြီး “ကဲသွားကစားအုံး” ဆိုပြီး ကျောင်းဝင်းထဲကို ပြန်ဝင်စေတယ်။ ကလေးတွေက ခြေသလုံးလေးတွေကို ပွတ်ပြီး နာကျင်စွာနဲ့သွားတဲ့သူသွားသလို နာလွန်းလို့ “အမလေးဗျ” လို့ အော်သူကအော် “အား” လို့အော်သူကအော်၊ မျက်ရည်ကျသူကကျ၊ ငိုသူကငို ဖြစ်ကုန်တယ်။ ဒါနဲ့ အမြဲတမ်းမဟုတ်မခံစိတ်ရှိတဲ့ ကျနော့်အလှည့် ရောက်လာတယ်။ ဆရာက ကျနော့်ကိုရိုက်မယ်လို့ ပြင်တော့ ဆရာ့ကိုမော့ကြည့်ပြီး “ဆရာ ကျနော့်တို့မှာ ဘာအပြစ်ရှိလို့ ရိုက်တာလဲ” လို့ စေ့စေ့ကြည့်ပြီး မေးလိုက်တယ်။ ရိုက်ဖို့ရွယ်ထားတဲ့ သူ့လက်က တန့်သွားတယ်။ သူက အံ့သြသွားတယ်။ သူဘယ်လိုမှ မမျှော်လင့်တဲ့ မေးခွန်းကို ကျနော်က မေးလိုက်တာကိုး၊ ကျနော့်ရှေ့က အရိုက်ခံရသူတွေက ဘာမှမပြောဝံ့ဘဲ ခေါင်းငုံခံသွားပေမဲ့ ကျနော့်အလှည့်ကျမှ ဒီလိုမေးမြန်းခံရမယ်ဆိုတာကို သူကတွက်ထားမိဟန်မတူပါဘူး။ သူကကျနော့်ကို ငုံကြည့်လိုက်ပြီး “ဟိုဖက်မှာ မင်းတို့သွားကစားလို့ ရိုက်တာပေါ့ကွ” လို့ ပြုံးဖီးဖီးနဲ့ပြန်ဖြေတယ်။ ဒီတော့ ကျနော်က “ဆရာတို့က အဲဒီဖက်ကိုသွားမကစားရဘူးလို့ ကျနော်တို့ကိုမှ ပြောမထားတာ ၊ပြောထားလို့ သွားဆော့ရင်တော့ ရိုက်ပေါ့ အခုက ဆရာတို့က ပြောမထားလို့ ကျနော်တို့ မသိလို့သွားဆော့မိတာ ကျနော်တို့မှာ အပြစ်မရှိဘူး” လို့ ပြန်ပြောတော့ သူကမျက်ခုံးကိုမြှင့်ပြီး “အေး။ မင်းကစကားအတော်တတ်တာပဲ။ အပိုဆုချရမယ်” ဆိုပြီး ခြေထောက် ဒူးကောက်ကွေးကို သုံးချက်ဆက်တိုက် ခပ်ပြင်းပြင်းရိုက်တဲ့အတွက် အရည်ပြားကွဲသွားပြီး သွေးတွေစီးကျလာခဲ့ပါတယ်။ ကျနော်က အံတင်းတင်းကြိတ်ပြီး ဆရာ့ကို စူးစူးရဲရဲကြည့်ကာ လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ တချက်မှမျက်ရည်မကျသလို အသံလည်း မထွက်ခဲ့ပါဘူး၊ ဒီအဖြစ်အပျက်ဟာ ကျနော့်ရင်ထဲမှာ အကြိတ်အခဲအဖြစ် စွဲမြဲနေခဲ့ပါတယ်။

ဒီလိုနဲ့ နောက်နှစ်ပေါင်း ၂၀ နှစ်လောက်အကြာ ကျနော်တို့လည်း တက္ကသိုလ်ကဘွဲ့တွေရပြီး အထက်တန်းကျောင်းသား ဘဝက သူငယ်ချင်းတယောက် သမီးကင်ပွန်းတပ်တဲ့ပွဲကိုဖိတ်လို့ သွားခဲ့တဲ့အခါ ငယ်သူငယ်ချင်းတွေ ပြန်ဆုံကြပြီး တစ်ဝိုင်းထဲထိုင်ကြတယ်။ ဆယ်တန်းကျောင်းသားဘဝက တတန်းတည်း ကျောင်းသူတစ်ဦးကလည်း ကျနော်တို့ ဝိုင်းမှာ ပါပါတယ်။ အဲဒီမှာ အံ့သြသင့်မိတာက သူ့ယောက်ျားက ကျနော်တို့ကို ရိုက်တဲ့ ဆရာဖြစ် နေတာပါပဲ။ သူကျောင်းက ထွက်သွားပြီးမှ ဆရာနဲ့အကြောင်းပါသွားတယ်လို့ သိရပါတယ်။ အဲဒီစားပွဲဝိုင်းမှာထိုင်ရင်း ဆရာဖြစ်သူကို ကျနော်က အရင်ဖြစ်ခဲ့တာကို ပြန်ပြီးဆွေးနွေးခဲ့ပါတယ်။ အကြောင်းက ကလေးတွေဆုံးမတာကို ကျိုးကြောင်းဆီလျော်မှု ရှိစေဖို့ပါဘဲ။ “ဆရာတို့ဆုံးမပုံက မှားနေတယ်လို့ ကျနော်မြင်တယ်။ ငါတို့ကလူကြီးတွေပဲ ငါတို့ရိုက်ချင်ရိုက်မယ်၊ ဘာမှပြန် မပြောနဲ့ ဆိုတာက အနိုင်ကျင့်သလိုပဲ။ မရိုက်နဲ့မဟုတ်ဘူး။ ဆိုးရင်ရိုက်ပါ၊ ဒါပေမဲ့ အကြောင်းအကျိုး ရှင်းမပြဘဲ ရိုက်တယ်ဆိုတာ ဆုံးမတာ မဟုတ်ဘူး။ အနိုင်ကျင့်သလိုဖြစ်သွားပြီး ဒီနူးညံ့တဲ့ကလေးတွေစိတ်ထဲမှာ နာကျဉ်းသွားရင် မကောင်းဘူးလို့ ကျနော်ထင်တယ်” လို့ အဲဒီတုံးက အဖြစ်အပျက်ကို ပြန်ပြောပြပြီး သူ့ကိုဆွေးနွေး ကြည့်တယ်။ သူကမျက်နှာထား တင်းတင်းထားပြီး “ငါက မင်းတို့ကို ကောင်းစေချင်လို့ရိုက်တာကွ” တဲ့။ ဒီထက်ဘာမှထပ်မပြောတော့ ကျနော့်ရည်ရွယ်ချက်ကို သူသဘောမပေါက်ရှာဘူးလို့ စိတ်မကောင်းဖြစ်မိပြီး ဆက်မပြောတော့ဘဲ ပြန်ခဲ့တယ်။ နောက်နှစ် အတော်ကြာမှာ ဒီအကြောင်းကို စားပွဲဝိုင်းမှာပါတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပြန်ဆုံဖြစ်တော့မှသူက “မင်းထွက်သွားတော့ ဆရာက “ဒီကောင် သိပ်လူပါးဝတယ်။ ငါထထိုးမိတော့မလို့။ မနည်းစိတ်ချုပ်တီးထားလိုက်ရတယ်” လို့ သူတို့ကို ပြောတယ်ဆိုပြီး ပြောပြတော့ အတော်စိတ်မကောင်း ဖြစ်မိပြန်တယ်။ ကျနော်ပြောတာက သူ့ကိုစော်ကားတာမဟုတ်ဘူး၊ ဆရာတစ်ယောက်အနေနဲ့ သူ့စရိုက်ကို ပြင်လိုက်ရင် ကျနော့်လိုကလေးတွေ စိတ်ဝေဒနာ မခံစားရတော့ဘူးဆိုတဲ့ အတွေးနဲ့ သူသဘောပေါက်မလားလို့ ဆွေးနွေးခဲ့တာ။ သူတို့အကျင့်စရိုက်တွေဟာ ကလေးတွေကိုပြုပြင်ပေးတာမဟုတ်ဘဲ အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်နေတာ ဖြစ်တယ်လို့ အသိပေးခဲ့တာပါ။ ကလေးတွေကို အသိတရားနဲ့ပြုပြင်ပေးတာက ကျိုးကြောင်းဆီလျော်မှုနဲ့ ပြုပြင်ရင်ပိုပြီး နားလည်လွယ်တယ်၊ နောက်ပြီး အကြောက်တရားကြီးစိုးနေရင် ကလေးတွေဟာ ဘာကိုမှ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရဲတဲ့စိတ်မရှိတော့ဘူးလို့ တွေ့လာရတယ်။ ဒါတွေကို ပြုပြင်ရမယ်လို့မြင်တယ်။ ဆရာဖြစ်သူကတော့ သူ့တရားသေဝါဒအရ ကလေးတွေကို အသိမပေးဘဲသူကမှားတယ်ထင်ရင် အပြစ်ဒဏ်ပေးမယ်။ ထပ်မတွန့်နဲ့ ဒုတ်စာမိတယ်ဆိုတဲ့အတွေးအခေါ်ကို မှန်နေတယ်လို့ ယူဆထားတယ်။

ကလေးတွေကို ရိုက်နှက်ဆုံးမသင့်သလားမေးလာရင် သင့်ပါတယ်ဆိုရင် မှားတယ်။ လုံးဝမသင့်ပါဘူးလို့ ပြောရမှာပါ။ ရိုက်နှက်ဆုံးမခွင့်ပေးရင် လူဆိုတာ ဒေါသရှိတော့ ဆုံးမတာမဟုတ်ဘဲ ကလေးက ပြန်လှန် မေးလာတဲ့အခါ ကိုယ်လုပ်တာ မှားနေရင်လဲ ကိုယ်ကမှားတယ်ဆိုတာ ဝန်မခံချင်ဘူး။ ဒီလိုအချိန်မှာ ကိုယ်အတ္တကို ထိလာလို့ အပြစ်မရှိသူကို ရိုက်နှက်ပြီး ပြန်လှန်မေးခွန်းထုတ်တာမျိုးကို ပိတ်ပင်တတ်တဲ့အတွက် ဒီကလေးတွေဟာ ကြောင်းကျိုးနဲ့ အမှားအမှန်ကို သိနိုင်ခြင်း မရှိတော့ဘဲ အကြောက်တရားအောက်မှာ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ခွင့် မရှိဘဲ အရွယ်ရောက်လာသူတွေ ဖြစ်လာတာဟာ အဲ့ဒီကလေးအတွက် ဆုံးရှုံးမှုဖြစ်တယ်။
အနောက်နိုင်ငံတွေမှာ ကလေးတွေကို ရိုက်နှက်ဆုံးမတာကို လုံးဝခွင့်မပြုတဲ့အတွက် ကလေးတွေမှာ အကြောက်တရားမရှိဘူး။ သူတို့မသိတာရှိရင် ပွင့်ပွင့်လင်းလင်း မေးရဲတယ်။ လူကြီးမှားနေတယ်ထင်ရင်လည်း ထောက်ပြရဲတယ်။ လူကြီးတွေကလည်း ကလေးတွေကမသိလို့မေးရင် လေးလေးစားစား ဖြေပေးတယ် လျှာမရှည်နဲ့လို့ ပိတ်ပင်တာ။ အပြစ်ပေးတာမရှိဘူး။ ဒါကြောင့် ကလေးတွေက သူတို့သိလိုတာတွေ၊ သူတို့မကြိုက်ရင် မကြိုက်ဘူး ဆိုတာတွေကို ပြောရဲဆိုရဲရှိလာပြီး လူကြီးတွေမဟုတ်တာ လုပ်နေရင်လဲ ထောက်ပြဝေဖန် ကန့်ကွက်ခွင့်တွေ ရှိတဲ့အတွက် အဲဒီနိုင်ငံတွေမှာ ဒီမိုကရေစီအခြေခံကောင်းတွေရပြီး ဒီမိုကရေစီစနစ်တွေ တည်တံ့ခိုင်မြဲနေတာ ဖြစ်တယ်။

မဟတ္တမဂန္ဒီက သူငယ်စဉ်က အတွေ့အကြုံကို ဒီလိုပြောပြခဲ့ပါတယ်။ “ကျနော် အသက် ၁၅ နှစ်တုံးက အကြွေး ၂၅ ရူပီ ဆပ်ဖို့ အသားစားတဲ့ကျနော့်အကိုရဲ့ ရွှေလက်ပတ်ကြိုးတစ်စကို တစ်စစ်ဖြတ်ပြီး ခိုးယူခဲ့ပါတယ်။ အကြွေးကိုတော့ ဆပ်လိုက်နိုင်တယ်။  ဒါပေမဲ့ ကျနော့်အနေနဲ့ အပြစ်ကို ကြာရှည် ဖုံးအုပ်မထားနိုင်တော့ဘဲ အဖေ့ကိုစာရေးပြီး ကိုယ့်အပြစ်ကို ဝန်ခံခဲ့ပါတယ်။ ကျနော့်ကို အပြစ်ပေးဖို့ ရေးထားပြီး အဖေ့ရှေ့မှာ အပြစ်ဒဏ်ခံဖို့ စောင့်နေခဲ့ပါတယ်။ အဖေက စာကို အစအဆုံးဖတ်ပြီး မျက်ရည်တွေ သူ့ပါးပြင်မှာ စီးကျလို့လာခဲ့တာကြောင့် စာရွက်တွေကို စိုစွတ်ကုန်ပါတယ်။ အဖေက သူ့မျက်လုံးတွေကို တဒင်္ဂမှိတ်ထားပြီး တွေးနေခဲ့ပါတယ်။ နောက်စာကို ဆွဲဆုတ်ပြစ်လိုက်ပါတယ်။ အဒီပုလဲရောင်မျက်ရည်တွေဟာ ကျနော့် အပြစ်ကို ဆေးကြောပေးလိုက်ပါတယ်။” လို့ ဂန္ဒီက သူ့အဟင်မဆာ (အကြမ်းမဖက်နည်း စာမျက်နှာ ၂၇-၂၈) မှာ ရေးသားထားခဲ့ပါတယ်။ သူ့အဖေက သူ့ရဲ့အလွန်ဆိုးဝါးတဲ့ အကို့ရွှေကြိုးဖြတ်ခိုးတဲ့လုပ်ရပ်ကို အပြစ်မယူဘဲ မျက်ရည်ကျပြီး ခွင့်လွှတ်ခဲ့ခြင်းကြောင့် ရိုက်နှက်အပြစ်ပေးတာထက် ပိုပြီးခံစားရလို့ သူ့ကို နောက်နောင် မဟုတ်တာတွေကို မလုပ်မိအောင် အဲ့ဒီဖြစ်ရပ်က စိုးမိုးထားနိုင်ခဲ့ပါတယ်။ ဒီလိုအကြမ်းမဖက်တဲ့နည်းနဲ့ ဂန္ဒီရဲ့အဖေက သူ့သားကို ပြုပြင်ခဲ့ပါတယ်။

ဒါကြောင့် ဘာတွေပြင်သင့်သလဲ (၁) မှာ ကလေးတွေကို ကျောင်းတွေမှာ ရိုက်နှက်အပြစ်ပေးတာတွေကို ပထမဦးဆုံး ပြင်သင့်တယ်လို့ ပြောလိုပါတယ်။ ဒီလိုရိုက်နှက်ဆုံးမခြင်းကြောင့် ကောင်းကျိုးထက် ဆိုးကျိုးကပိုများပါတယ်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း ဂျာနယ်မှာပါလာတဲ့ ကျနော့်ရဲ့ဆောင်းပါး "ဘာတွေပြင်သင့်သလဲ (၁)" ကို အားလုံးဖတ်ရအောင် ဒီနေရာမှာ တင်ပေးလိုက်ပါတယ်။

အားလုံးကိုလေးစားလျက်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...