Sunday, December 21, 2014

ကျွန်ုပ်နှင့်စုံလုံးကန်း၍ချစ်တတ်ကြသူများ။ (မင်းဒင်)


(တစ်)
တစ်ခုသော ဒီဇင်ဘာလ ချမ်းစိမ့်စိမ့် နံနက်ခင်းဖြစ်လေ၏။
ကွယ်လွန်သူမိခင်ကြီး၏ သွန်သင်ဆုံးမမှုအရ ငယ်စဉ်က ပင် နေဖင်ထိုးအောင်အိပ်လေ့မရှိ သော ကျွန်ုပ်၏ စရိုက်အတိုင်း နံနက် ၅ နာရီခန့်တွင် အိပ်စက်ရာ မှ နိုးထလျက် သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန် သည့် ဝေနေယျသတ္တဝါအပေါင်းအား မေတ္တာ ပို့အမျှဝေပြီးချိန်တွင်မူ နံနက် ၆ နာရီမျှရှိခဲ့လေပြီ။
အိမ်နောက်ဖေး တောအုပ်ရှိ သစ်ပင်ကြီးငယ်တို့ သည် နှင်းရည်နှင်းစက်တို့ဖြင့် လန်းဆန်းလျက်ရှိကုန်၏။ကျွန်ုပ်သည် အိပ်ခန်းပြတင်းတံခါးဆီမှ ပြင်ပလောက ဓာတ်တစ်ခွင်ကို ငေးမောကြည့် ရှုရင်း လောက၏ နိယာမ၊ အနိစ္စတရား၏ မမြဲသော တရားသဘောကို အထပ်ထပ်ဆင်ခြင်နှလုံးသွင်း နေမိလေသည်။ မကြာမီ အရှေ့ အရပ်ဆီမှ နေမင်း၏ အလင်း ရောင်ကိုမြင်ရပေတော့မည်။ တစ်မိုးသောက်လျှင် တစ်နေဝင်ချေဦးပေတော့မည်။ မမြဲသော သဘောပေတည်း။ သည်နံနက်မှ သည်တစ်နေကုန်၍ တစ်နေကွယ် ပြန်လျှင် သေမျိုးပီပီ၊ သေနယ်သို့ တစ်ခါကူးရပေတော့ဦးမည်။
အသက်ရှင်နေရစဉ်ကာလ အတွင်း သတိချပ်သင့်သော မြန်မာစာပေကဝိအကျော် ဆရာကြီးဇော်ဂျီ၏ ‘‘သင်သေသွားသော်’’အမည်ရှိ ကဗျာတစ်ပုဒ်သည် ကျွန်ုပ်၏မှတ်ဉာဏ်အတွင်းသို့ ရုတ်တရက်အမှတ်မထင် တိုးဝင်ထင်ဟပ်လာခဲ့ပြန်သည်။
‘‘ဩော်.. လူ့ပြည်လောက၊ လူ့ဘဝကား၊ အိုရ၊ နာရ၊ သေရ ဦးမည် မှန်ပေသည်တည်း။ သို့ တပြီးကား.. သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေ သည်၊ အခြေတိုးမြင့်၊ ကျန် ကောင်းသင့်၏။ သင်၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏။ သင်ဦးချ၍ အမျှဝေရာစေတီသာနှင့် သစ္စာ အရောင်ဉာဏ်တန်ဆောင်လည်း ပြောင်းလျက်ဝင်းလျက် ကျန်စေ သတည်း’’

(နှစ်)
ကျွန်ုပ်သည် မရဏာနုဿ တိတရားပွားများရင်း အိမ်အောက် ထပ်သို့ ဆင်းလာခဲ့ချိန်တွင်မူ တပည့်ကျော်သုံးဦးသားသည် နိုး နေကြပြီဖြစ်သော်ငြား အိပ်ရာထဲ ၌ လဲလျောင်းလျက်ပင်။ လက် ကိုင်ဖုန်းကိုယ်စီပွတ်ကြရင်း သတင်းတစ်ပုဒ်နှင့်စပ်လျဉ်း၍ ထူးခြားစွာ အငြင်းပွားလျက်ရှိကြလေ၏။
‘‘သေတယ်ဆိုတာသေချာပြီဟ’’
‘‘အဲဒါဝါဒဖြန့်တယ်လို့ခေါ် တယ်ကွငတုံးရ’’
‘‘မင်္ဂလာဒုံစစ်ဆေးရုံကလာ တဲ့ သတင်းလေကွာ။ နာရေးတပ် ချုပ်ကြီးရဲ့ ဇနီးဖေ့စ်ဘွတ်ခ်မှာ တောင် ရှယ်ကားပြင်ထားရတော့ မလားတဲ့။ ဒါဆိုသေချာလို့ဖြစ် မယ်’’
‘‘လေဖြတ်ပြီးပါးရွဲ့နေပါပြီ ဆိုတာလည်းကြားသေးတယ်ကွ။ ဒါဆိုရင် မကြာလောက်တော့ပါ ဘူးလေ’’
‘‘ဒါဆိုလည်း မင်းနဲ့ငါ သေ တယ်၊ မသေဘူး လောင်းကြေး ထပ်လိုက်ကြစို့ရဲ့။ မသေတဲ့ဘက် က ငါးလေး တစ်လေးတောင်ပေးရဲသေးကွာ’’
‘‘တော်ကြာ သေပြီ၊ တော် ကြာလေဖြတ်တယ်နဲ့ ဘယ်ကောင်တွေ လျှောက်ဖွနေကြသလဲမသိပါဘူး’’
‘‘အင်း.. ဒီလိုဆိုရင်တော့ ဗဟုသုတအရာမှာ စွယ်စုံမုံ သောက်တဲ့ တို့ဆြာမှသာ ဒီ သတင်းမှန်၊ မမှန် အတည်ပြုနိုင် မယ်ထင်ပါရဲ့’’
သူတော်ကောင်းတရားနှင့် မယဉ်ပါးကြလေသော တပည့် မိုက်တို့ကား စောစောစီးစီး မျက် နှာမျှပင်မသစ်ရသေးမီ မျက်ချေး ကိုယ်စီဖြင့် အငြင်းပွားကြရင်း မဆီမဆိုင်ပိန္နဲပင်ကိုဆွဲထည့်နေ ပြန်ချေပြီ။ ဤကဲ့သို့ အရည်မရ အဖတ်မရ သူတစ်ပါး၏မသေချာ သော နာရေးသတင်းအပေါ် ကျွန်ုပ်အနေဖြင့် ထင်မြင်ချက်တစ် စုံတစ်ရာပေးလိုစိတ်အလျှင်းမရှိ ချေ။ ထိုသို့ဖြစ်ရခြင်းကား ကြံ့ဖွံ့ အမတ်မင်းတစ်ဦးခြိမ်းခြောက် သကဲ့သို့ အဆိုပါခေါင်းဆောင် ကြီး၏ နာရေးသတင်းကိုပြက်ရယ် ပြုပါက နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် တရားတပေါင် အစွဲခံရမည်ဟူသော သတိပေး ချက်ကို ကြောက်ရွံ့ခြင်းကြောင့် ကားမဟုတ်။ အကုသိုလ်မများလို ခြင်းကြောင့်သာဖြစ်၍ လူမှန်လျှင် ကိုယ့်သမိုင်းကိုယ်ရေးကြသည် မဟုတ်ချေလော။

(သုံး)
ကျွန်ုပ်၏ အသက်အရွယ်နှင့် မြားမြောင်လှသော အတွေ့အကြုံ များကြောင့် ထိုပုဂ္ဂိုလ်ကြီးနှင့် သက်ဆိုင်သောခြင်းရာထုပ္ပတ်စုံစီ နဖာကိုအူမချေးခါးမကျန်သိပါ ၏။ ထို့အပြင် တဝ၊ ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် အဆိုပါ ပုဂ္ဂိုလ်ကြီး အနိစ္စသဘောဖြင့် ကိစ္စချောလေပြီဟူသည့် သတင်း စကား သဲ့သဲ့ကြားစကပင် အဝေး အနီးမှ တစ်ခဲနက်ပို့သကြလေ သော မေတ္တာတော်တို့ကား မျိုးစုံ လှချေ၏။
‘‘ဘယ်လိုဧယင်ကျူးထည့် ပေးရမလဲ။ အမလေး နောက်ကျ လှချည်ရဲ့ ဟေးဟေး’’
‘‘ဖျာကြမ်းနဲ့ဆို တော်ပြီပေါ့’’
‘‘သူ့အိမ်ဝင်းထဲမှာသာ မှောက်လျက်ချပေးလိုက်ပါ။ သူ့ ဘာသာ မဟာအဝီစိအရောက် ယက်ဆင်းသွားပါလိမ့်မယ်’’
‘‘လူကောင်းတွေတင်တဲ့ အသုဘယာဉ်နဲ့မတင်ပါနဲ့နော်။ စံပြငါးဈေးက အမှိုက်သယ်တဲ့ ထော်လာဂျီနဲ့တင်ရင်ဖြစ်ပါတယ် ဗျာ’’ အစရှိသည့် ဖုံးမရဖိမရဝမ်း သာရွှင်မြူးသော လေသံတို့ထွက် ပေါ်လာသည်မှာ စကြဝဠာတိုက် တစ်သောင်းမှဟူ၍ပင် တင်စား နိုင်လောက်ပါပေ၏။ အသက်ရှင် လျက်ရှိသည်၊ မရှိသည် အပ ထား။ စင်စစ်သေဆုံးခဲ့ပြီဖြစ်၏။ သို့သော် ကျွန်ုပ်အနေဖြင့်ကား နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း၊ ရေနစ်သူဝါးကူ၍ မထိုးလိုသဖြင့် ခတ်မဆိတ်သာတိတ်တိတ်နေခဲ့ ချေသည်မှာ တပည့်ကျော်ဖေ ကြည်၏ ထူးဆန်းလှသော မှတ် ချက်စကားကိုမကြားရမီအချိန် အထိဖြစ်ချေသည်။ ဆြာတပည့် တစ်သိုက် ထိုနေ့ နံနက်စာကို လက်ရည်တစ်ပြင်တည်းစားသုံး နေကြချိန်တွင်ဖြစ်၏။
ဖေကြည်- ဆြာ..တပည့်ဖတ်မိတဲ့ ဖေ့စ်ဘွတ်ခ်မှတ်ချက်တစ်ခုအရ ဆိုရင်တော့ ဒီပုဂ္ဂိုလ်ကြီးရဲ့ ဈာပန အခမ်းအနားမှာ နိုင်ငံတော်အလံ တစ်ဝက်လွှင့်ထူပြီး နောက်ပိုင်းမှာ လည်း ကျောင်းသုံးစာအုပ်တွေမှာ ပြဋ္ဌာန်းသင့်တယ်ဆိုတဲ့ ဂန့်ဂေါ အမတ်မင်းရဲ့အဆိုကို အကောင် အထည်ဖော်ဖို့ စဉ်းစားသင့်တာ ပေါ့ဆြာ’’
ကျွန်ုပ်- ‘‘အလို၊ မောင်ရင့်အမြင် က အဆန်းပါကလား။ ဘယ်လို မှတ်ချက်များဖတ်မိလို့ပါလိမ့် မောင်’’
ဖေကြည်- ‘‘ကျွန်တော်မှတ်မိ သလောက်ပြန်ပြောရရင် အဲဒီ ပုဂ္ဂိုလ်ကြီးဟာ အမည်ဆိုးအမျိုး မျိုးနဲ့ ထိုးနှက်ခံရသူဖြစ်ပေမယ့် သူဟာ လေသူရဲနဲ့အတူ တိုက် လေယာဉ်ပေါ်လိုက်သွားပြီး လေ ယာဉ်ကိုလှမ်းပစ်နေတဲ့ ကျည် ဆန်တွေကြားက ရန်သူ့ပစ်မှတ် ကို ဗုံးကြဲဖို့ကိုယ်တိုင်ညွှန်ကြားခဲ့ သတဲ့။ အမေရိကန်စစ်ကျောင်း မှာ ဗိုလ်ချုပ်ထွန်းကြည်တို့နဲ့အတူ သင်တန်းတွေတက်ခဲ့ပေမယ့် စကားသိပ်နည်းသတဲ့။ သူ့ခရီးစဉ် တစ်ခုမှာ လုံခြုံရေးတွေတားထား တဲ့ကြားက ဇွတ်ဝင်လာပြီး နှုတ် ဆက်တဲ့ သူ့ငယ်သူငယ်ချင်း အဘိုးကြီးကိုဖက်လဲတစ်ကင်းကြို ဆိုတာလည်းပါသေးတယ်ဆြာ။ နောက်ဆုံးတစ်ချက်ကတော့ မြန်မာပြည်ကိုနိုင်ငံတကာအလယ် မှာ မျက်နှာမငယ်ရလေအောင် ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲ၊ ပထဝီစတာတွေကို တွက်ချင့်ချိန် ဆပြီး မြန်မာ့တပ်မတော်ကို အဆင့်မြှင့် (Up Grade)ပေးသွား တဲ့အတွက် လေးစားစရာလွှတ် ကောင်းဆိုပဲဆြာရဲ့’’
ကျွန်ုပ်ကား ဖေကြည်ငယ်၏ စကားကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေရင်း စကားဝိုင်း ဘေးမှာ နားစွင့်နေကြသော ကျန် တပည့်များ၏ သဘောထားကို ငံ့လင့်နေမိ၏။ မကြာပါလေ။ ကပ္ပလီနှင့် လေမင်းသားတို့မှ အသံထွက်လာ၏။
ကပ္ပလီ- ‘‘ဒီလိုဆိုတော့လည်း အဟုတ်သားဆြာဒင်ရ။ သူ့မှာ ကောင်းကွက်တွေလည်းရှိသေး သကိုး’’
လေမင်းသား- ‘‘အင်း.. လက်စ သတ်တော့ ဒီပုဂ္ဂိုလ်ကြီးဟာ တကယ့်လူစွမ်းကောင်းကြီးထင် ပါရဲ့’’

(လေး)
‘‘အစဉ်အဆက်ပြောသည် ဟူကာမျှနှင့် အတည်မယူလေ နှင့်။ တစ်ဆင့်စကားကြားကာမျှ နှင့် အတည်မယူလေနှင့် ကိုယ်ပိုင် ဉာဏ်ဖြင့်ယှဉ်၍ ဆင်ခြင်ဆုံးဖြတ် အပ်သည်’’ဟူသော ကာလမသုတ်လာ ဘုရားရှင်၏ လမ်းညွှန်ချက် ကိုမျှ သတိမမူနိုင်ကြလေယောင် တကား။ သူတစ်ပါးအားပြစ်တင် ရှုတ်ချခြင်းအမှုကို မပြုလိုသော် ငြား ဆြာတစ်ယောက်အနေဖြင့် တာဝန်ရှိလာခဲ့ချေပြီ။ ဆိတ်ဆိတ် နေ ထောင်မတန်တော့သည်ဖြစ် ၍ ဆိုရေးရှိကဆိုရပေတော့မည်မို့ တပည့်တို့ကို စေ့စေ့ကြည့်ရင်း ရေငုံနှုတ်ပိတ်နေခဲ့သည့်အဖြစ်မှ ရုန်းထွက်လိုက်ရပေတော့သည်။
ကျွန်ုပ်- ‘‘ရိုသေထိုက်သူကိုရိုသေ တာ မင်္ဂလာတော့မည်ပါရဲ့မောင် တို့ရယ်။ ဒါပေသိ မောင်ရင်တို့ အယူအဆအတိုင်းသာဆိုရင်ဖြင့် ဘုရားရှင်လက်ထက်က ရဟန်း တစ်ပါးရဲ့ကောင်းကွက်လေးတွေ ကို ပြောပြချင်ပါရဲ့။ တစ်လက်စ တည်း ရိုသေလေးစားလိုက်ကြ ပေရော့ကွယ်တို့’’
ဖေကြည်- ‘‘ဘယ်သူများပါလိမ့် ဆြာ’’
ကျွန်ုပ်- ဒီပုဂ္ဂိုလ်ဟာ နှယ်နှယ်ရရ မဟုတ်တဲ့ သာကီမျိုးလကွဲ့။ ဘုရားရှင်နဲ့ ဆွေမျိုးစပ်ရင်တောင် ယောက်ဖ တော်သေးသဟ- နောက်တော့ ရဟန်းဘဝနဲ့ သမာ ဓိတရားပွားများလိုက်တာ တန်ခိုး အဘိညာဉ်တောင်ရခဲ့ဆိုပဲ’’
ကပ္ပလီ- ‘‘တကယ့်ကိုကြည်ညို စရာပါကလားဆြာ’’
ကျွန်ုပ်- ‘‘ဒါတင်ဘယ်ဟုတ်သေး တုန်း။ အိမ်ရှေ့မင်းသားကို အချိန် မတိုင်မီ ထီးနန်းရအောင်ကြံ ဆောင်ပေးနိုင်ခဲ့တာကြောင့် မင်း ဆရာအဖြစ်လည်းရခဲ့သေးသကွဲ့။ မောင်တို့လိုနောက်လိုက်နောက် ပါတွေ လည်းများပေသပေါ့ကွယ်’’
လေမင်းသား- ‘‘လောကီလော ကုတ္တရာနှစ်ဖြာ ထူးချွန်သူလို့ဆိုရ မှာပေါ့ဆြာ’’
ကျွန်ုပ်- ‘‘လောကီရေး ထူးချွန်တဲ့ နေရာမှာတော့ ပြိုင်ဘက်ကင်း တယ်လို့ဆိုရမယ်ဟေ့။ သူ့ရန်သူ လာရာလမ်းမှာ လက်ဖြောင့်လေး သမားနှစ်ယောက်နဲ့ရှင်းခိုင်း၊ အဲဒီ နှစ်ယောက်ကိုနှုတ်ပိတ်ဖို့ နောက် လေးသမား လေးယောက်ကို အပြန်လမ်းမှာစောင့်ခိုင်း၊ အဲဒီ လေးသမား လေးယောက်ကို လက်စတုံးဖို့ နောက်ထပ်လေး သမားရှစ်ယောက်ကိုထပ်စောင့် ခိုင်းပြီး အပြတ်ရှင်းတဲ့ မဟာဗျူ ဟာမြောက်အစီအမံမျိုးကိုလည်း တစ်ဖက်ကမ်းခပ်တတ်သတဲ့။ နောက်ဆုံး အဲဒီရန်သူကို သူကိုယ် တိုင်ကျောက်မောင်းဆင်ပြီး လုပ် ကြံတဲ့အထိ စစ်ရေးအမြင်ရှိတဲ့ အပြင် သံဃာထုကို (Up Grade) လုပ်ဖို့အားထုတ်ခဲ့သူပေါ့ကွယ်’’
ဖေကြည်- ‘‘နည်းနည်းနောနော ပါရမီမဟုတ်။ တကယ့်ကိုရှာမှ ရှားတဲ့ ပုဂ္ဂိုလ်ပါကလား’’
ကျွန်ုပ်- ‘‘ပါရမီကြီးပုံများ အဲဒီ ကိုယ်တော်ဟာ ဒီကမ္ဘာသက်ကုန် ဆုံးတဲ့အခါ လူ့ဘဝပြန်ရောက်ပြီး အဋ္ဌိဿရမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်ဦးမှာမောင်တို့ရ’’
ဤတွင်တပည့်ကျော်သုံး ဦးသားသည် သိချင်စိတ်ကို မျို သိပ်ရန်မစွမ်းနိုင်တော့သည်ဖြစ်၍ တစ်ပြိုင်တည်းလိုလိုအသံထွက်လျက် စပ်စုကြကုန်လေတော့သည်။
တပည့်များ- ‘‘ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ် မြတ်ဆိုတာ သေချာနေပါပြီ။ ဒီ လောက်ထူးခြားထူးချွန်တာ ဘွဲ့ တော်လေးသိပါရစေဆြာ’’
ကျွန်ုပ်- ‘‘အိမ်း၊ မောင်တို့အနေနဲ့ ရိုသေမြတ်နိုးလက်စုံမိုးပြီး ရှိခိုး ကန်တော့နိုင်အောင် သေချာမှတ် ထားကြပေတော့။ ဘွဲ့တော်က ဒေဝဒတ်တဲ့လကွဲ့’’
ကျွန်ုပ်၏အဖြေစကားအဆုံး တွင် တပည့်မိုက်သုံးဦးသည် အံ့ ဩထိတ်လန့်စိတ်ဖြင့် ဟိုက်ခနဲ အာမေဍိတ်သံပြုလျက် မျက်လုံး အပြူးသား၊ ပါးစပ်အဟောင်း သားဖြင့် ကုလားထိုင်အသီးသီးမှ နောက်ကျွမ်းပြန်ပက်လက်လဲကျ သွားကြချိန်တွင် ကျွန်ုပ်သည် စားလက်စ ထမင်းပန်းကန်ကို ထားရစ်ကာ ဥပေက္ခာတရားကို နှလုံးသွင်းဆင်ခြင်ရင်း အိမ် အပေါ်ထပ်ဆီသို့ တစ်လှမ်းချင်း လှမ်းတက် ခဲ့ချေတော့သည်။ မျက်စိစုံလုံးကန်း၍ ချစ်ခင်လေး စားတတ်ကြသူများနှင့် ကျွန်ုပ် မျက်နှာချင်းဆိုင်ရန် မလိုတော့ သောကြောင့်ဖြစ်ချေသည်တမုံ့။

၁၈၊ဒီဇင်ဘာ၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ မှ။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...