Friday, December 5, 2014

တပ်မတော်သားတွေမှာ လူ့အခွင့်အရေးရှိသလား။

ဓာတ်ပုံကို ဧရာဝတီ မဂ္ဂဇင်းမှ ရယူပါသည်။ဓာတ်ပုံကို ဧရာဝတီ မဂ္ဂဇင်းမှ ရယူပါသည်။

ပြင်ဦးလွင်မြို့၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးဆောင်ပြုလုပ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် လက်မှတ်ကောက်ခံပွဲတွင် ဗိုလ်မှူးကျော်စွာဝင်းသည် စစ်ဝတ်စုံဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် အတွက် ထိုနေ့၌ပင် ဖမ်းဆီးခံခဲ့ရသည်။ ထိုလက်မှတ်ထိုးပေးခဲ့မှုဖြင့် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကတည်းက တပ်အချုပ်တွင် အရေးယူခံနေရပြီး ၎င်း၏အမှုကို တပ်တွင်းစစ်ခုံရုံးက စစ်ဆေးနေကြောင်းနှင့် အထက်မှ ညွှန်ကြားချက်အမိန့်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။


ဗိုလ်မှူးကျော်စွာဝင်းသည် အခြေခံဥပဒေပုဒ်မ ၃၅၃ နှင့် ၃၅၄ မှနိုင်ငံသားများရပိုင်ခွင့်ကို အာမခံထားချက်အရ သူ၏လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်ကို အသုံးချခဲ့ခြင်းဖြစ်သည်။ မည်သည့်ဥပဒေကိုမျှ မချိုးဖေါက်ခဲ့ချေ။ တပ်မတော်အရာရှိတယောက်အနေနှင့်လည်း ဗိုလ်မှူးကျော်စွာဝင်းသည် တပ်စည်းကမ်းချိုးဖေါက်သူ မဟုတ်ပေ။ တပ်မတော်မှ နိုင်ငံရေးပါတီများကို ထောက်ခံအားမပေးရဟု အမိန့်ထုတ်ပြန်ထားခြင်းလည်း မရှိချေ။ ထို့ပြင် တပ်မတော်သားများသည် ပုဒ်မ ၄၃၆ ကိုမကန့်ကွက်ရ၊ ကန့်ကွက်ပါက အရေးယူမည်ဟု တရားဝင်အမိန့်ထုတ်ပြန်ထားခြင်းလည်း မရှိသဖြင့် လွတ်လပ်သော နိုင်ငံသားတစ်ဦးအနေနှင့် ဗိုလ်မှူးကျော်စွာဝင်းတွင် မိမိယုံကြည်ရာကို လက်မှတ်ရေးထိုးပေးပိုင်ခွင့်ရှိသည်။

တပ်မတော်သားများသည်လည်း မြန်မာနိုင်ငံရှိ ပြည်သူများနည်းတူ မိမိယုံကြည်ရာကို ဆန္ဒပြုပိုင်ခွင့်ရှိသည်။ လွတ်လပ်စွာ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ မိမိကြိုက်နှစ်သက်သော နိုင်ငံရေးပါတီကို ထောက်ခံအားပေးခွင့်ရှိသည်။ ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်သားတဦးချင်း၏ ဆန္ဒသဘောထားကို မိမိအမိန့်အာဏာဖြင့် ပိတ်ပင် တားဆီးအရေးယူခြင်းသည် မိမိကိုယ်တိုင်စောင့်ထိန်းရမည့် အခြေခံဥပဒေ ပြဋ္ဌာန်းချက်ပုဒ်မ ၃၅၃ နှင့် ၃၅၄ တို့ကို ဗြောင်ချိုးဖေါက်ခြင်းပင်ဖြစ်သည်။ အခြေခံဥပဒေကို လေးစားလိုက်နာသောအားဖြင့် ဗိုလ်မှူးကျော်စွာဝင်းကို ဖမ်းဆီးထားခြင်းမှ ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရန်နှင့် မည်သည့် အရေးယူမှုမျိုးကိုမျှ မပြုလုပ်သင့်ချေ။

၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင်ဖေါ်ပြထားသည့် ပုဒ်မ ၃၅၃ နှင့် ၃၅၄ တို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်များကို အောက်ပါအတိုင်း ဖေါ်ပြထားသည်။

ပုဒ်မ ၃၅၃။  မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ။
Code 353. Nothing shall,except in accord with existing laws, be detrimental to the life and personal freedom of any person.

ပုဒ်မ ၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ သို့မဟုတ်ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။
(က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်

Code 354. Every citizen shall be at liberty in the exercise of the following rights, if not contrary to the laws, enacted for Union security, prevalence of law and order, community peace and tranquility or public order and morality:
(a)  To express and publish freely their convictions and opinions;

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...