Monday, December 22, 2014

လယ်သမားတွေကို ကူညီပေးချင်တဲ့သူ


Zaw Naung Ling

“ ငါသေသွားရင် င့ါအခေါင်းမှာ လူမှုထူးချွန် ပ၊ ဒု၊ တ ရေး။အဲဒါပါရင် ငရဲမင်းကြီးက ငါ့ကိုစစ်ရင် ငါ့အခေါင်းကြည့်။ ဒါပဲ။ ပြီးသွားပြီ။ ငါနတ်ပြည်သွားမယ်။ အဲလို ကျွန်တော်အမြဲပြောတယ်”
ဒီစကားကိုပြောတဲ့ သူက ဦးမြတ်ဦး။ သူ့ကို ကြည့်ရင် အသက်(၈၀) ဆိုတဲ့အရွယ်နဲ့ မလိုက်အောင် သွက်လက်နေတုန်း။ လူမှုရေးအလုပ်တွေမှာ ကူညီဆောင်ရွက်ပေးနေတုန်း။


အထူးသဖြင့် သူ့ရဲ့ဇာတိမွေးရပ်မြေက တောင်သူလယ်သမားတွေအတွက် သူအများကြီး ကူညီပေးခဲ့တယ်။ သူကိုယ်တိုင်ကျေးလက်တောရွာတွေအထိ ဆင်းပြီးကူညီပေးခဲ့တာတွေ မနည်းသလို ရန်ကုန်ကသူ့အိမ်ကိုလာပြီး အကူအညီတောင်းကြတဲ့ သူတွေလည်း မနည်းလှ။

နာဂစ်မုန်တိုင်းအလွန် ကာလတစ်ခုမှာ မြစ်ဝကျွန်းပေါ်ဒေသက ကျေးလက်တောရွာတွေကိုသွားရောက်ကူညီခဲ့တဲ့ သူ့ရဲ့ခရီးစဉ်တစ်ခုကို ကျွန်တော်ကိုယ်တိုင် လိုက်ပါသတင်းယူခဲ့ဖူးတော့ သူ့အပေါ်ဒေသခံတွေရဲ့ ယုံကြည်အားကိုးမှုကို လက်တွေ့သိခဲ့ဖူးသလို ရန်ကုန်က သူ့အိမ်ကို သတင်းကိစ္စနဲ့ရောက်ဖြစ်ခဲ့ဖူးတဲ့အခါတိုင်းမှာလည်း သူ့ဆီကို အကူအညီလာတောင်းတဲ့သူတွေနဲ့ မကြာခဏဆုံခဲ့ရဖူးတယ်။

“ ကျွန်တော်က လူမှုရေးလုပ်တော့ အသိအကျွမ်းများတယ်။ ဒါကြောင့် လာကြတာ။ ကျွန်တော် လူကြီးတွေနဲ့ ခင်တယ်၊ မင်တယ်ဆိုတာ မှန်တယ်။ ဘာကြောင့် ခင်သလဲဆိုရင် သူတို့က ကျွန်တော့်ကို လူမှန်တစ်ယောက်အဖြစ်ယူဆတယ်။ ဒါပေမဲ့ အဲဒီလူကြီးတွေနဲ့ပေါင်းပြီး မမှန်တာ ဘာမှမလုပ်ခဲ့ဖူးဘူး။ဒီနေ့အထိအသက်ရှည်နေတယ်၊ ကျန်းမာရေးကောင်းနေတယ်ဆိုတာ ဘုရားပေးတဲ့ဆုပဲ။ ဘာအခွင့်အရေးမှ မယူခဲ့ဘူး” လို့ သူကဆိုတယ်။

 ဦးမြတ်ဦးက လပွတ္တာသား။ လပွတ္တာမြို့နယ်၊ အောင်နိုင်ကျေးရွာမှာ သူ့ကိုမွေးခဲ့တာ။ ဖခင်ဖြစ်သူက တရုတ်-ဗမာ ကပြား။ဈေးဆိုင်၊ကုန်စုံဆိုင်တွေဖွင့်ထားသူ။ အမေဖြစ်သူက သူကြီးသမီး။လယ်ပိုင်ရှင်။ သူတို့နှစ်ယောက်အကြောင်းပါပြီး ၁၉၃၅ ခုနှစ်မှာ သူ့ကိုမွေးတယ်။ မွေးချင်း ၃ ယောက်မှာ အကြီးဆုံးဖြစ်တယ်။

ငယ်စဉ်က ဂျပန်ခေတ်မို့ ဘုန်းတော်ကြီးကျောင်းမှာ ပညာသင်ကြားခဲ့တယ်။ ၁၀ နှစ်သားလောက်မှာ လပွတ္တာမြို့နယ်ထဲက လှိုင်းဘုန်းကျေးရွာကိုပြောင်းရွှေ့ပညာသင်ကြားခဲ့တယ်။ ၁၉၄၅ ခုနှစ်မှာ ဖခင်ဖြစ်သူဆုံးပါးခဲ့တယ်။ ဒီတော့ မိခင်ဖြစ်သူတစ်ဦးတည်း လက်ရှိလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်ခဲ့ရတယ်။

သူ ၁၅ နှစ်သားလောက်မှာတော့ ရန်ကုန်ကိုပြောင်းလာပြီး ကမာရွတ်မြို့နယ်က လှ အလွတ်ပညာသင်ကျောင်းမှာ အထက်တန်းပညာအထိ သင်ယူခဲ့တယ်။ သူ့ရဲ့ပညာရေးကတော့ ဒီတင်ပဲဆုံးခန်းတိုင်ခဲ့ရတယ်။

“ စီးပွားရေးကကျလာတယ်။ သိပ်အဆင်မပြေဘူး။အောက်မှာက ညီနှစ်ယောက်ရှိတယ်။သူတို့ကိုတော့ ကျောင်းဆက်ထားတယ်။ ကျွန်တော်က စီးပွားထွက်ရှာတယ်။ကုန်ကူးတယ်ပေါ့။ လပွတ္တာနဲ့ရန်ကုန် ကုန်ကူးတယ်။ စားသောက်ကုန်ပစ္စည်းအားလုံးပဲ။ ရန်ကုန်မှာ ၀ယ်တယ်။ တောမှာပြန်ရောင်းတယ်” လို့သူကပြောပြတယ်။

သူ့အသက်၂၅ နှစ်အရွယ်မှာတော့ လပွတ္တာမြို့နယ်၊ ကန်ဘဲ့ ကျေးရွာသူ ဒေါ်စန်းရင်နဲ့ အိမ်ထောင်ကျပြီး အဲဒီမှာပဲအခြေချတယ်။ နောက်တော့ကုန်ကူးတဲ့အလုပ်အပြင် တပ်မတော်ကလုပ်တဲ့ စစ်ဘက်ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းမှာ ငါးပုစွန်ဒိုင်မှူးအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ သမီး၃ ဦး၊ သားတစ်ဦး၊ ဖွားမြင်ခဲ့တယ်။ ကိုယ်ပိုင်ငါးဖမ်းလုပ်ငန်းတွေလည်း လုပ်ကိုင်ခဲ့ပြီး စီးပွားရေးအခြေအနေလည်း ကောင်းမွန်လာခဲ့တယ်။ အဲဒီနောက် ဖ.ဆ.ပ.လ ခေတ်မှာ ရန်ကုန်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တယ်။

“ ပြောင်းရတဲ့ အကြောင်းကရှိတယ်။ ဖမ်းမယ် ဆိုလို့ ပြောင်းရတာ။ အဲဒီတုန်းက ဒိုင်မှူးလုပ်တော့ စစ်တပ်နဲ့ အဆက်အသွယ်ရှိတယ်။စစ်တပ်က တည်မြဲ ဖ.ဆ.ပ.လ။ သန့်ရှင်း ဖ.ဆ.ပ.လ နဲ့ပြိုင်တော့ တည်မြဲရှုံးတယ်။ သန့်ရှင်း အမတ်ဖြစ်တယ်။ လက်ထဲမှာ သေနတ်တွေရှိတာ သူတို့သိတယ်။စစ်တပ်ကပေးထားတာ။ အဲဒီတုန်းက သူပုန်ကလည်းရှိတယ်။ သတ်မှာစိုးလို့ လက်နက်တွေပေးထားတာ။ ဖမ်းမယ်၊ ဆီးမယ်လည်း လုပ်ရော ရန်ကုန်ပြေးလာရတာ။ တကယ့်၊ တကယ်က ပြေးလာရတာ။ တည်မြဲနဲ့ သန့်ရှင်း ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးအခြေအနေမကောင်းလို့ ရန်ကုန်ပြောင်းလာရတာ” လို့ သူကဆိုတယ်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်က ဆိပ်ကမ်းသာလမ်းမှာပြန်လည်အခြေချနေထိုင်ရင်း သားသမီးတွေနဲ့အတူ အရောင်းအ၀ယ်အလုပ်ပဲ လုပ်ကိုင်စားသောက်ခဲ့တယ်။၁၉၆၂ ခုနှစ်၊ တော်လှန်ရေးအစိုးရလက်ထက်မှာ တပ်မတော်ကစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်လာတဲ့အခါ အဆက်အသွယ်တွေပြန်ရပြီး သူအလုပ်ရခဲ့တယ်။

 “ တပ်နဲ့ပေါင်းပြီး ငါးဖမ်းတယ်။ တိုက်ရင်းကုန်ထုတ်၊ ကုန်ထုတ်ရင်းတိုက် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လိုက်လုပ်ရတယ်။ တပ်မတော်သင်္ဘောတွေနဲ့ငါးဖမ်းတယ်။ ကိုယ်တိုင်လည်း ငါးဖမ်းတယ်။ကိုယ်ပိုင်ငါးဖမ်းသင်္ဘောတွေလည်းရှိတယ်။ငါးဖမ်းလုပ်ငန်းတွေအောင်မြင်တယ်”လို့ သူကဆိုတယ်။

၁၉၈၂ ခုနှစ်၊ ပါတီကောင်စီခေတ်မှာ သမ၀ါယမအဖွဲ့တွေ ဖွဲ့စည်းလာကြတဲ့အခါ ငါးဖမ်းသင်္ဘောဆိပ်ကမ်းတွေမှာ ခိုးဝှက်လုယက်စားသောက်နေကြတဲ့ သူတွေကို စည်းရုံးပြောဆိုပြီး ရန်ကုန်တိုင်းကုန်ထုတ်သမ၀ါယမအသင်းကိုဖွဲ့စည်းဆောင်ရွက်ခဲ့တယ်။ အဲဒီလို လုပ်ကိုင်နေရင်း ၁၉၈၈အရေးအခင်းကြီးဖြစ်လာတဲ့အခါ သမ၀ါယမအသင်းတွေလည်းအများအပြား ပျက်စီးပျောက်ကွယ်သွားခဲ့တယ်။ လက်ရှိလုပ်ကိုင်နေတဲ့ ကိုယ်ပိုင်ငါးဖမ်းလုပ်ငန်းတွေကိုလည်း ရောင်းချပြီး ငါးဖမ်းလုပ်ငန်းကို ရပ်နားခဲ့တယ်။

“ အမေက အသက်ကြီးလာတော့ မေတ္တာရပ်ခံတယ်။ သားရယ် တံငါးလုပ်ငန်းမလုပ်ပါနဲ့တော့ ဆိုတာနဲ့ ရောင်းလိုက်တယ်။ အမေက အသက်ကြီးလာတော့ဒီလုပ်ငန်းကို မနှစ်သက်ဘူး။ အမေ့ရဲ့ဆန္ဒကိုလိုက်လျောပြီး အလုပ်ပြောင်းလိုက်တယ်” လို့သူကပြောတယ်။

၁၉၈၉ခုနှစ်၊ န.၀.တ အစိုးရခေတ်မှာတော့ တပ်မတော်ကုန်စည်ကြီးကြပ်ရေးအဖွဲ့၊ နောင်ရိုးပင်လယ်ငါးဖမ်းလုပ်ငန်းမှာ  အကြံပေးပုဂ္ဂိုလ်အဖြစ်လုပ်ကိုင်ခဲ့တယ်။ ဒုတိယဗိုလ်မှူးကြီး အဆင့်လစာရရှိခဲ့တယ်။ အဲဒီ နောင်ရိုးငါးဖမ်းလုပ်ငန်းမှာလည်း ၁၉၉၂ ခုနှစ်အထိပဲ လုပ်ကိုင်ခဲ့ရပြီး ရပ်နားခဲ့ရတယ်။

“ အဲဒါကလည်း အဲဒီတုန်းက ဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးစောမောင်က အကုသိုလ်လုပ်ငန်း မလုပ်ချင်တော့ဘူးဆိုတာနဲ့ ရပ်ပစ်လိုက်တာ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မလုပ်ချင်တော့ဘူးပြောလို့” လို့ သူကဆိုတယ်။

၁၉၉၂ ခုနှစ်နောက်ပိုင်းမှာတော့ သူ့အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကိုယ်တိုင်ဦးစီးဦးဆောင် မလုပ်ကိုင်တော့ဘဲ နားနားနေနေနဲ့ လူမှုရေးလုပ်ငန်းတွေဘက်ကို အာရုံစိုက်လုပ်ကိုင်ခဲ့တယ်။ သားသမီးတွေကလည်း အရွယ်ရောက်လာကြပြီဖြစ်တဲ့အတွက် သူတို့တွေကပဲ ဂဏန်းရောင်းဝယ်ရေးလုပ်ငန်း၊ အထည်ဆိုင်လုပ်ငန်း၊ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်း၊ အပေါင်ဆိုင်လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်ခဲ့ကြတယ်။

သူကတော့ လူမှုရေးလုပ်ငန်းတွေကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တယ်။ အထူးသဖြင့် မွေးရပ်ဇာတိမြေဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ထဲက လယ်သမားတွေရဲ့အခက်အခဲတွေကို တတ်နိုင်သမျှ ကူညီဖြေရှင်းပေးခဲ့တယ်။လယ်သမားတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေနဲ့ လယ်ယာသုံးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်။မီးဘေး၊ ရေဘေးနဲ့ သဘာဝဘေးအန္တရာယ်တွေကျရောက်လာတဲ့အခါတွေမှာလည်း သွားရောက်ကူညီပေးခဲ့တယ်။ အလှူငွေနဲ့ စားစရာတွေ လှူဒါန်းခဲ့တယ်။

၁၉၉၅  ခုနှစ်မှာ တွံတေး၊ ခနောင်တိုချောင်းဝမှာ မြစ်ဝကျွန်းပေါ်သွားသင်္ဘောတစ်စီးနစ်မြုပ်ခဲ့တုန်းက ကူညီကယ်ဆယ်မှုတွေလုပ်ခဲ့တယ်။ လူအများအပြားသေကြေခဲ့ရတဲ့ အဲဒီဖြစ်စဉ်မှာ သက်ဆိုင်ရာက တစ်စုတစ်ဝေးတည်းမြှုပ်နှံဖို့စီစဉ်တာကို မလိုလားတဲ့အတွက် တစ်ဦးချင်းစီမြှုပ်နှံနိုင်အောင် ကူညီဆောင်ရွက်ခဲ့တယ်။

“ လူတွေအများကြီးသေတယ်။ ကျွန်တော်အလောင်းတွေသွားဆယ်တယ်။ စည်ပင်ရဲ့လုပ်နည်းလုပ်ဟန်က အလောင်းတွေကို  မြေကြီးတူးပြီးမြှုပ်လိုက်မယ်။ ဘယ်သူရယ်ဘယ်ဝါရယ်မရွေးဘူး။ အဲဒါကို ကျွန်တော်က မကျေနပ်ဘူး။ ဒါလူတွေသေတာ၊ ခွေးတွေ ၀က်တွေသေတာမဟုတ်ဘူး၊ ကျွန်တော်အခေါင်းလှူပါရစေဆိုပြီး နိုင်ငံတော်အကြီးအကဲတွေကို ခွင့်တောင်းရတယ်။ ပြီးမှ အလောင်းတစ်လောင်း၊ အခေါင်းတစ်လုံးလှူတယ်။ အခေါင်းပေါင်း ၇၀ လောက်လှူရတယ်။ ပြီးတော့ သချိုင်္င်းကိုပို့ပြီး တစ်ခေါင်းချင်းမြှုပ်တယ်။ ဘုန်းကြီးပင့်တယ်။  ဘ၀ကူးကောင်းအောင်ဆိုပြီး ပရိတ်ရွတ်တယ်။ ဒါတင်မကသေးဘူး။ သင်္ဘောမြုပ်တယ်ကြားလို့ ရွာကတက်လာတဲ့အမျိုးတွေကိုလည်း လူ ၅၀ လောက် ထမင်းကျွေးရတယ်။ ဘုန်းကြီးကျောင်းမှာထားတယ်။ ထမင်းကျွေးတယ်” လို့သူကဆိုတယ်။

တပ်မတော်နဲ့အတူနှစ်ပေါင်းများစွာပူးပေါင်းလုပ်ကိုင်ခဲ့တာကြောင့် သူ့ရဲ့လုပ်ဆောင်မှုတွေကို တပ်မတော်အရာရှိကြီးတွေက အသိအမှတ်ပြုခဲ့ပြီး အမျိုးသားညီလာခံမှာ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်တစ်ဦးအဖြစ် တက်ရောက်စေခဲ့တယ်။

လူမှုရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့တာကြောင့် လူမှုထူးချွန်ဆု(တတိယဆင့်) ကို ၂၀၀၁ ခုနှစ်မှာရရှိခဲ့ပြီး လူမှုထူးချွန်ဆင့်(ဒုတိယဆင့်) ၂၀၀၇ ခုနှစ်မှာရရှိခဲ့တယ်။ လူမှုထူးချွန်(ပထမဆင့်)မှာလည်း ရွေးချယ်ခံခဲ့ရပြီးဖြစ်ပေမယ့် အကြောင်းတစ်ခုကြောင့် အဲဒီနှစ်မှာမကြေညာဖြစ်တော့တာကြောင့်မရရှိခဲ့ဘူး။အဲဒီနှစ်က လူမှုထူးချွန်ဆုရွေးချယ်ခံရတဲ့ လူပုဂ္ဂိုလ်တွေကို တစ်ဦးမျှ မကြေညာဖြစ်တော့ဘဲ သံဃာတော်နဲ့ သီလရှင်တွေကိုသာပေးအပ်ခဲ့တယ်။

“ နာဂစ်ဖြစ်ပြီး နောက်ပိုင်း ပိုကူညီခဲ့တယ်။ ဆေးဝါးမကုသနိုင်တဲ့သူတွေကို ငွေထောက်ပံ့တယ်။ နာရေးတွေမှာကူညီတယ်။ အခုအချိန်ထိ သိန်း၂၀၀၀ လောက်ကူညီနိုင်ခဲ့တယ်” လို့ သူကဆိုတယ်။

၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လပွတ္တာမြို့နယ်က လယ်သမားတွေကို ဆန်၊ စားနပ်ရိက္ခာ၊သောက်သုံးရေ၊ လယ်ယာသုံးပစ္စည်း၊ စက်သုံးဆီနဲ့ မြွေဆိပ်ဖြေဆေးတွေ လှူဒါန်းခဲ့တယ်။ ကျေးလက်က ဆင်းရဲနွမ်းပါးတဲ့သူတွေမီးဖွားတဲ့အခါ၊ အရေးပေါ် ဆေးရုံတက်ရောက်ကုသတဲ့အခါမျိုးတွေမှာလည်း  ဆေးရုံကိုလာရတဲ့မော်တော်ယာဉ်ခကို ထောက်ပံ့တဲ့အနေနဲ့ လပွတ္တာမြို့ပေါ်က အမျိုးသမီးရေးရာအဖွဲ့မှာ  ရန်ပုံငွေပေးအပ်ထားပြီး ပြန်လည်ထုတ်ယူနိုင်တဲ့အစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့တယ်။

၂၀၁၀ ရွေးကောက်ပွဲမှာတော့ လပွတ္တာဒေသခံတွေက တိုက်တွန်းခဲ့ကြတာကြောင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ အဲဒီရွေးကောက်ပွဲမှာ မဲ ငါးသောင်းကျော်ရရှိခဲ့ပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်က နောက်ဆုံးမှာ အနိုင်ရရှိခဲ့တယ်။

“ ကျွန်တော်က ပါတီနိုင်ငံရေးမလုပ်ဘူး။ ပြည်သူအတွက်လုပ်ချင်တဲ့နိုင်ငံရေးပဲ။ တစ်သီးပုဂ္ဂလဆိုတာ ဘယ်ပါတီစွဲမှမပါဘူး။ ပြည်သူ့အတွက်လုပ်ချင်လို့၊ ပြည်သူကလည်း တောင်းဆိုလို့ ၀င်လုပ်ခဲ့တာ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း လူတွေက တောင်းဆိုနေကြတာပါပဲ။ တော်တော်လေးဖြစ်စေချင်ကြတယ်။ ဒါပေမဲ့ ကျန်းမာရေးအခြေအနေကြည့်ရမှာပဲ။ တော်တော်များများကတော့ လုပ်စေချင်တယ်။ ကျန်းမာရေးအခြေအနေကြည့်ရမှာပဲ ”လို့ သူကဆိုတယ်။

 ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှာ နာယကအဖြစ် ၀င်ရောက်ဆောင်ရွက်ခဲ့တယ်။ စိုက်ပျိုးရေးသွင်းအားစုတွေ မတတ်နိုင်တဲ့ လယ်သမားတွေအတွက် မြန်မာနိုင်ငံလယ်ယာစီးပွားအများပိုင်ကုမ္ပဏီ၊ မြန်မာ့သြဘာကုမ္ပဏီ၊ ဒိုင်းမွန်းစတားကုမ္ပဏီ စတဲ့ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး သိန်း ၈၀၀၀ ဖိုးပမာဏရှိတဲ့ ဓာတ်မြေသြဇာတွေကို အကြွေးစနစ်နဲ့ ရရှိအောင်ဆောင်ရွက်ပေးခဲ့တယ်။

“ ကျွန်တော့် နာမည်နဲ့စာချုပ်ချုပ်ပြီး ၀ယ်ရတယ်။ ပြီးတော့ အကြွေးပေးတယ်။ သူတို့ကို တစ်ရစ်ချင်း ပြန်ဆပ်ခိုင်းတယ်” လို့ သူကပြောတယ်။

ဦးမြတ်ဦးဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း၊ ဧရာဝတီတိုင်းဒေသကြီးဓမ္မာရုံ၊ လပွတ္တာမြို့နယ်အသင်း၊ ဇီဝိတဒါနပါရမီကုသိုလ်ပြုအဖွဲ့( လပွတ္တာ၊ မြောင်းမြ) စတဲ့ အသင်းအဖွဲ့တွေမှာ နာယကအဖြစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ဗဟိုအလုပ်အမှုဆောင်အဖြစ် ပါဝင်ဆောင်ရွက်နေသလိုဇာတိမြေဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးထဲက လပွတ္တာ၊ မြောင်းမြ စတဲ့မြို့နယ်တွေမှာ ဖြစ်ပွားတဲ့ လယ်ယာမြေအမှုတွေ၊ မတရားနှိပ်စက်ခံရမှုတွေကိုလည်း ကူညီဖြေရှင်းပေးလျက်ရှိပါတယ်။

“ အမှန်တရားပဲဖြစ်စေရမယ်။ အခုက တချို့လယ်သမားတွေ အများကြီးခံနေရတယ်။ ကျွန်တော့်ဆီ အများကြီးရောက် လာကြတယ်။ တောင်သူလယ်သမားအသင်းအနေနဲ့ အမှန်တရားဘက်က ကာကွယ်ပေးမယ်။ တောင်သူလယ်သမားအများစုက ရိုးတယ်။ အတယ်။ပညာအရည်အချင်းနိမ့်တယ်။ အဲဒီတော့ နည်းနည်းလည်တဲ့သူက အကြံအဖန်လုပ်စားကြတယ်။ အဲဒါကို တွန်းလှန်ချင်တယ်။ ကုစားချင်တယ်။တောင်သူလယ်သမားအသင်းနာယကဆိုတဲ့တာဝန်ကို ကျေပွန်အောင်လုပ်ချင်တယ်။ အသက်ရှင်နေသမျှကာလပတ်လုံး တောင်သူတွေအတွက် ကြိုးပမ်းချင်တယ်”  လို့ ဦးမြတ်ဦးကဆိုပါတယ်။

ဇော်နောင်လင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...