Friday, December 5, 2014

နည်းဥပဒေရေးဆွဲမှုနှင့်ပတ်သက်၍ ဥပဒေပညာဌာနမှ အမြင်များ

 
ပညာရေးကဏ္ဍအတွက် အမျိုးသားပညာရေးဥပဒေကို ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေများကို ဆက်လက်ရေးဆွဲလျက်ရှိသည်။ ဥပဒေနှင့်နည်းဥပဒေကွာခြားမှု၊ နည်းဥပဒေရေးဆွဲရန် ရက်ကန့်သတ်ချက်၊ အများပြည်သူတို့၏ အကြံဥညဏ်ရယူမှု၊ ကျောင်းသားယူနီယံနှင့် ဆရာယူနီယံများဖွဲ့စည်းမှုနှင့်ပတ်သက်သည့် အစီအစဉ်နှင့် နည်းဥပဒေပြီးဆုံးမည့်အချိန်ကာလတို့နှင့် ပတ်သက်၍ အမျိုးသားပညာရေးဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သော တက္ကသိုလ် အသီးသီးမှ ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူးများနှင့် ပါမောက္ခများကို မြန်မာ့သတင်းစဉ်အဖွဲ့က တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြလိုက်ရပါသည်။
ဒေါက်တာခင်ဖုန်းမြင့်ကြူ
(ပါမောက္ခ၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်)

အမျိုးသားပညာရေး ဥပဒေကို တော့ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလက တည်းက စတင်ပြီးတော့ ရေးဆွဲခဲ့တာပါ။ အမျိုးသားပညာရေးဥပဒေကို အကောင်အထည်ဖော်နိုင်ဖို့ စတင်ကတည်းကိုက ပြည်သူလူထုတွေဆီက အကြံဥာဏ်တွေရယူတယ်။ပညာရှင် တွေဆီကနေ အကြံဥာဏ်တွေရယူပါတယ်။ အဲ့ဒီရရှိလာတဲ့ အကြံဥာဏ်တွေပေါ်မှာ မူတည်ပြီးတော့ စိန်ရတုခန်းမမှာ ဆွေးနွေးပွဲတွေလုပ်ပါတယ်။ ရရှိလာတဲ့ ဘယ်အချက်ကိုတော့ ကဏ္ဍအလိုက် ဥပဒေထဲမှာထည့်မယ်။ ဘယ်အချက်ကိုတော့ နည်းဥပဒေထဲ မှာ ထည့်သွင်းမယ်။ ဘယ်အချက်ကိုတော့ ရေးဆွဲနေတဲ့အမျိုးသားပညာ ရေးဥပဒေမှာ ထည့်သွင်းရေးဆွဲ ပေးမယ်ဆိုပြီးတော့ ဆွေးနွေးမှုတွေ လုပ်တယ်။ နည်းဥပဒေရေးဆွဲတာ မူကြမ်းအဖြစ်နဲ့ကတော့ ထွက်နေပါပြီ။ မကြာမီအချိန်အတွင်းမှာ ပြီးသွားမယ်လို့ပဲ ပြောလို့ရပါတယ်။
ဒေါက်တာမေထား
(ပါမောက္ခ/ဌာနမှူး၊ ဥပဒေပညာဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)
တက္ကသိုလ် ပဋိညာဉ်စာတမ်း ဆိုတာက အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၂၆ တက္ကသိုလ်များဟာ လွတ်လပ်တဲ့ သင်ကြားသင်ယူမှု၊ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်စနစ်ကို ကျင့်သုံးရမယ်လို့ ပြဋ္ဌာန်းတဲ့အတိုင်း အဲ့ဒါကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် မိမိတက္ကသိုလ် တစ်ခုချင်းစီမှာပေါ့၊ မိမိတက္ကသိုလ်နဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးအဖွဲ့ ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကို ကိုယ့်တက္ကသိုလ်အလိုက် လွတ်လပ်စွာရေးဆွဲရမယ့် တက္ကသိုလ် ပဋိညာဉ်စာတမ်းပဲ ဖြစ်ပါတယ်။အဲ့ဒီထဲမှာ ကျောင်းသားယူနီယံ၊ ဆရာယူနီယံတွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲဆိုတာလည်း ကိုယ့်တက္ကသိုလ်အလိုက်ပဲ ရေးဆွဲနိုင်ပါ တယ်။ အခုဆိုရင်တော့ တက္ကသိုလ်တွေမှာ ကိုယ့်ပဋိညာဉ်စာတမ်းအကြမ်း အကုန်ရေးဆွဲထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အားလုံးကို ချပြပြီး သဘောတူညီချက်ရယူပြီးတော့မှ အဲ့ဒီပဋိညာဉ်စာတမ်းတွေကို ရေးဆွဲ ပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။
ဒေါက်တာသီသီလွင်
(ပါမောက္ခ၊ ဥပဒေပညာဌာန၊ တောင်ငူတက္ကသိုလ်)
အမျိုးသားပညာရေးဥပဒေကို အကောင်အထည်ဖော်ဖို့ နည်းဥပဒေတွေ ကဏ္ဍလိုက် ဥပဒေတွေဆက်ပြီး ရေးဆွဲနေတယ်။ နည်းဥပဒေရေးဆွဲ ဖို့က မိခင်ဥပဒေမှာ ဘယ်နှရက်အတွင်း အပြီးရေးဆွဲရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မပါပါဘူး။ မိခင်ဥပဒေမှာ ရက်ပေါင်း ၉ဝ အတွင်း အပြီးရေးဆွဲရ မယ်ဆိုရင် ရက်ပေါင်း ၉ဝ အတွင်း အပြီးရေးဆွဲရပါမယ်။ ရက်ပေါင်း ၆ဝ အပြီးရေးဆွဲရမယ်ဆိုရင် ရက်ပေါင်း ၆ဝ အတွင်း အပြီးရေးဆွဲရပါမယ်။ အခုပြဋ္ဌာန်းထားတဲ့ မိခင်ဥပဒေဖြစ်တဲ့ အမျိုးသားပညာရေး ဥပဒေမှာ ဘယ်နှရက်အတွင်း အပြီးရေးဆွဲ ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မပါပါဘူး၊ အရေးကြီးတဲ့ကဏ္ဍဖြစ်နေတဲ့အတွက် နည်းဥပဒေတွေ ကဏ္ဍအလိုက် ဥပဒေတွေကို အမြန်ဆုံးထုတ်ပြန်နိုင်အောင်လို့ ဆောင်ရွက်နေပါတယ်။
ဒေါက်တာကြူကြူဆွေ
(ပါမောက္ခ၊ ဥပဒေပညာဌာန၊ ဒဂုံတက္ကသိုလ်)
အမျိုးသားပညာရေး ဥပဒေရေးဆွဲတုန်းက အများပြည်သူရဲ့အကြံဥာဏ် ကို ရယူမှုရှိခဲ့ပါတယ်။ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ ဥပဒေပြုစုရေးလုပ်ငန်းအဖွဲ့ စတင်ပြီး စိန်ရတုမှာ ရုံးထိုင်တဲ့ အချိန်က စပြီးတော့မှ အများပြည်သူတွေ အကြံပေးဖို့အတွက် သတင်းစာ ထဲမှာထည့်ပြီးတော့မှ စိန်ရတုခန်းမကို စာဖြင့် ဖြစ်စေ၊ email နဲ့ဖြစ်စေ ပေးပို့နိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။
အမျိုးသားပညာရေးဥပဒေရေးဆွဲ စဉ်ကာလတုန်းက ရယူထားတဲ့ အကြံဥာဏ်တွေဟာ တချို့ဟာတွေက အမျိုးသားပညာရေး ဥပဒေမှာ ထည့်သွင်းပြီးတော့ ပြဋ္ဌာန်းပါတယ်။ တချို့ဟာတွေကတော့ ကဏ္ဍအလိုက် ဥပဒေမှာ ထည့်ပြီးပြဋ္ဌာန်းဖို့အတွက် နည်းဥပဒေကျရင် ထည့်ဖို့အတွက် ခွဲခြားထားပါတယ်။
ခုတော့ ကဏ္ဍအလိုက် ဥပဒေတွေလည်း ပြုစုနေပါပြီ။ နောက်မကြာခင် ကာလအတွင်းမှာ အများပြည်သူတွေ ကို ချပြပြီးတော့မှ ဆန္ဒရယူဖို့အတွက် စီစဉ်နေပါတယ်။ နည်းဥပဒေနဲ့ကဏ္ဍအလိုက် ဥပဒေတွေ ရေးဆွဲမှုက မကြာခင်ကာလအတွင်း ပြီးမယ်လို့ ပြောချင်ပါတယ်။ သိပ်အကြာကြီး တော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ အမျိုးသားပညာရေး ဥပဒေပြဋ္ဌာန်းပြီးတဲ့အခါမှာ အကောင် အထည်ဖော်ဖို့အတွက် နည်းဥပဒေ လိုတဲ့အတွက်ကြောင့် မကြာခင် ကာလအတွင်း ထုတ်ပြန်နိုင်ဖို့ စီစဉ် နေပါတယ်။
ဒေါက်တာဥမ္မာကျော်
(ဥပဒေပြုစုရေးဆွဲရေး အဖွဲ့ခေါင်းဆောင်)
အမျိုးသားပညာရေးဥပဒေဆိုတာ ကတော့ Policy Law ဥပဒေ တစ်ရပ်ဖြစ်ပြီးတော့မှ မြန်မာနိုင်ငံမှာရှိတဲ့ ပညာရေးကဏ္ဍအားလုံး အတွက် လွှမ်းခြုံတဲ့ကိစ္စရပ်တွေ အားလုံးကို ရေးဆွဲထားတဲ့ ဥပဒေ တစ်ရပ်ဖြစ်တယ်။ တစ်နည်းအားဖြင့် ဆိုလို့ရှိရင် မူဝါဒတွေချမှတ်ပေးတဲ့ ဥပဒေပေါ့။ အမျိုးသားပညာရေး ဥပဒေမှာပါတဲ့ အခြေခံမူတွေ၊ ရည်မှန်းချက်တွေ၊ တာဝန်တွေ၊ အခွင့်အရေးတွေ၊ ပညာရေးနဲ့ ပတ်သက်ပြီးတော့မှ အရည်အသွေး စီမံခန့်ခွဲဖို့ ဘယ်လိုဆောင်ရွက်မလဲ ဆိုတာတွေ၊ အဲ့ဒီအသေးစိတ်ကိစ္စရပ် တွေ အားလုံးကို ဆက်လက်ဆောင် ရွက်ဖို့အတွက် လက်တွေ့ အကောင်အထည်ဖော်တဲ့အခါမှာ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ရေးဆွဲဖို့ အတွက်က နည်းဥပဒေဆိုတာလိုအပ် လာတယ်။
အဲ့ဒီနည်းဥပဒေမှာ လုပ်ထုံးလုပ်နည်းအသေးစိတ်တွေပါပြီးတော့မှ ရေးဆွဲတာဖြစ်တဲ့အတွက်ကြောင့်မို့ လက်တွေ့အကောင်အထည် ဖော်တဲ့အခါမှာလည်း ဒီလုပ်ထုံး လုပ်နည်းတွေနဲ့အညီ အကောင်အထည်ဖော်တဲ့အခါ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မယ်။
ကဏ္ဍလိုက် ဥပဒေဆိုတာက အမျိုးသားပညာရေး ဥပဒေရဲ့ အောက်မှာ အမျိုးသားပညာရေး ဥပဒေရဲ့ လွှမ်းခြုံထားတဲ့အထဲမှာ ပညာရေးကဏ္ဍအသီးသီးပါပါတယ်။
အခြေခံ၊ အဆင့်မြင့်၊ နည်းပညာနဲ့ သက်မွေး၊ ဆရာအတတ်ပညာ၊ ပုဂ္ဂလိက တက္ကသိုလ်၊ ပုဂ္ဂလိကကျောင်းစတဲ့ အဲဒီကဏ္ဍအလိုက် ဥပဒေတွေဆို တာက သက်ဆိုင်ရာကဏ္ဍအသီးသီး နဲ့သာ သက်ဆိုင်တဲ့ ဥပဒေတွေ ဖြစ်တယ်။ ပြီးတော့ အဲ့ဒီသက်ဆိုင်ရာ ကဏ္ဍအသီးသီးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေလည်း နောက်ထပ်သူ့ရဲ့ နည်းဥပဒေဆိုတာ ထပ်ပြီးရှိလာမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေထဲမှာပါတဲ့ ပြဋ္ဌာန်း ချက်တွေကို အသေးစိတ်အကောင် အထည်ဖော်တဲ့အခါမှာ လွယ်ကူစွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် စောစောက ပင်မဥပဒေမှာ နည်း ဥပဒေရှိသလို ကဏ္ဍအလိုက် ဥပဒေတွေမှာလည်း နည်းဥပဒေတွေ ဆက်လက်ရေးဆွဲပြီး ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။
ကျောင်းသားအနည်းစုက ထင်မြင်နေတာကတော့ ဒီအမျိုးသားပညာရေး ဥပဒေကြီးထွက်ပြီးပြီ။ သူတို့ဆန္ဒပြ လိုက်တယ်ဆိုလို့ရှိရင် သူတို့ဆန္ဒ အတိုင်းပဲ၊ ဒါဟာ ပယ်ဖျက်နိုင်တယ်။ပြင်ဆင်နိုင်တယ်လို့ လွယ်လွယ်ကူကူ တွေးပေမယ့် ဒီဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းတဲ့အခါမှာ လွှတ်တော် အသီးသီးကနေပြီးတော့မှ အသေးစိတ် ဝိုင်းဝန်းဆွေးနွေးပြီးတဲ့အခါ ကျတော့ ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်နဲ့ ပြဋ္ဌာန်းထားတာ ဖြစ်တယ်။ ဒါကလည်း ဥပဒေတစ်ရပ် ကို သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့ နည်းလမ်းနဲ့အညီ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားတာဖြစ်တယ်။
အဲ့ဒီ ဥပဒေတစ်ရပ်ကို ဖျက်သိမ်းဖို့ ဆိုလို့ရှိရင်လည်း အခု သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဒီဥပဒေတွေကို ဖျက်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လွှတ်တော်တွေမှာပဲ ဥပဒေဖျက်သိမ်း နိုင်တဲ့ အာဏာရှိပါတယ်။
ဥပဒေတွေက အာဏာတည်တယ်၊ သက်ဝင်လှုပ်ရှားတယ်၊ တစ်နည်းအားဖြင့် ဒီဥပဒေတွေ စည်းနှောင်မှု ရှိတယ်ဆိုတာက ပြဋ္ဌာန်းထားတဲ့ ဥပဒေကို လေ့လာကြည့်ရမှာဖြစ်ပါ တယ်။ အဲ့ဒီပြဋ္ဌာန်းထားတဲ့ဥပဒေမှာ ဒီဥပဒေသည် ဘယ်နေ့ဘယ်ရက်က စပြီး အာဏာတည်တယ်ဟု ဥပဒေ အမျိုးအစားဆိုရင်တော့ အဲ့ဒီဥပဒေ မှာပါတဲ့ သတ်မှတ်ထားတဲ့နေ့ရက်မှာ အဲ့ဒီဥပဒေသည် အာဏာတည်ပြီး သက်ဝင်လှုပ်ရှားလာမှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးဥပဒေမှာ အာဏာတည် မယ့်ရက်ကို သတ်မှတ်မထားဘူးဆို လို့ရှိရင် အဲ့ဒီဥပဒေထုတ်ပြန်လိုက်တဲ့ နေ့ရက်ကစပြီးတော့မှ သက်ဝင် လှုပ်ရှားပြီးတော့ စည်းနှောင်မှုရှိလာ မှာဖြစ်တယ်။
အခုလို သိရှိလိုသည်များကို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ ပါမောက္ခများကို အထူးကျေးဇူးတင်ပါ တယ်ရှင့်။ ။

သတင်းနှင့်ဓာတ်ပုံ
ခင်ချိုဝင်း
============
The Mirror Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...