Saturday, November 29, 2014

အွန်လိုင်းပေါ်က Personal


လူမှုကွန်ရက်စာမျက်နှာတွေမှာ ကိုယ်ဘာလုပ်လုပ်၊ ကိုယ်ဘယ်ရောက်ရောက်၊ ကိုယ်ဘယ်သူနဲ့တွေ့တွေ့၊ ကိုယ်ဘာနဲ့စားစား၊ ကိုယ်ဘယ်လိုခံစား ခံစား အကုန်ရေးတင်၊ ရိုက်တင်နေကြတဲ့ လူငယ်မျိုးဆက်ကြီး တစ်ခုဟာ ကျွန်တော်တို့ခေတ်ကို လွှမ်းမိုးကြီးစိုးထားပါတယ်။သူတို့ဟာ ကျွန်တော်တို့ဘေးပတ်လည် ၃၆၀ ဒီဂရီလုံးလုံးမှာ အမြဲမပြတ် တည်ရှိနေပါတယ်။သူတို့ရဲ့  ကိုယ့်ကိုကိုယ်ဖော်ကျူးးမှုနဲ့ ကိုယ့်ကိုကိုယ် အရူးအမူးနှစ်ခြိုက်စွဲလမ်းမှု ရောဂါဝေဒနာတွေဟာ နေမြင့်လေ အရူးရင့်လေဆိုသလို ဖုန်းလိုင်းအသစ်တွေ၊ ဟန်းဆက်အသစ်တွေနဲ့အတူ အရှိန်အဟုန်ပြင်းစွာ စီးနင်းလိုက်ပါလာပါတယ်။
ကျွန်တော်တို့ ဗကသအလုပ်တွေကို မြေအောက်သဏ္ဍာန်နဲ့လုပ်ခဲ့စဉ်က ဘယ်လို ဖေ့ဘွက်စ်မျိုးမှ မပေါ်ပေါက်သေးတာကို ကျေးဇူးတင်ရမှာပါ။ အဲဒီလိုအချိန်ကသာခုလို ဟော့ဟော့ရမ်းရမ်း ပြောနေ ရေးနေ လုပ်ကိုင်နေမယ်ဆိုရင် ဒီကနေ့လို ဗကသများအဖွဲ့ချုပ် အားကောင်းကောင်းနဲ့ပြန်လာဖို့မလွယ်လှပါ။ဘာမှမလုပ်ရသေးခင် အကုန်လုံး ကွိကုန်မှာပဲဖြစ်တယ်။ဒီကနေ့တော့ တိုက်ပွဲရှိရာကို status နဲ့ချီနေကြတဲ့ ရဲဘော်တွေကို တော်တော်များများ သတိထားမိပါရဲ့ ။
"ရန်ကုန်မှသည်-ယင်းမာပင်ဆီသို့"၊"မုံရွာမှတဆင့် အောင်ကုန်းသပိတ်သို့ သွားရောက်ဝန်းရံမည်"စတာတွေ....ဥပမာပေးတာပါ။ဒါလုပ်သင့်သလား။ကိုယ့်တိုက်ပွဲဝင်စိတ်ဓာတ်ကိုယ်ဖော်ကျူးနေတာဆိုရင် လူအထင်ကြီးခံချင်တဲ့ ဓနရှင်ပေါက်စအစွဲမပျောက်သေးလို့ပဲ။ဒါမှမဟုတ် အကြောင်းပြချက်ထွေထွေထူးထူးမရှိဘဲ စွတ်တင်နေရင်တော့ ဘာလဲ။ကိုယ့်တိုက်ပွဲ သတင်းတွေရန်သူသိရင် ရေးတဲ့သူတွေ တာဝန်ယူ ယူ မယူယူ ကျွန်တော်တို့ရှုါံ်နိမ့်တော့မှာသေချာတယ်။ရဲဘော်တို့ စဉ်းစားဆင်ခြင်ကြပါကုန်။
နောက်တစ်ခုက ကိုယ့်ဖာသာ အရက်မူးတာ၊ကေတီဗွီသွားတာ၊ကလပ်တက်တာ၊ကောင်မလေးကိုနမ်းတာ ဘာဖြစ်သေးလဲ ကိုယ့် personalလေ တင်မှာပေါ့ဆိုတဲ့ဆရာတွေ၊မေးချင်တာက အဲဒါတွေတင်လို့ ဘာအကျိုးရှိသလဲ။ဂုဏ်ရှိသလား၊လောကမှာ လူအကြည်ညိုခံရသလား၊ပြည်သူလူထုက နေရာပေးလေးစားလောက်စရာဖြစ်လို့လားဗျ။ဒါတွေ တနေ့ shockဖြစ်လာမယ်ဆိုတာ ကျွန်တော်သိတာပေါ့၊ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင်လုပ်လည်း ပတ်ဝန်းကျင်က လက်မခံဘူး၊ဗကသရဲဘော်တွေလုပ်ရင်လည်း လူ့အဖွဲ့အစည်းကလက်မခံဘူး၊ပဲရစ်ဟီလတန်နဲ့ ဘီလ် ကလင်တန်လုပ်တာတွေလည်း ကမ္ဘာသူကမ္ဘာသားတွေက မနှစ်မြို့ဘူးဆိုတာ ခင်ဗျားတို့ မြဲမြဲမှတ်ထားကြ။
နောက်တစ်ချက်က ဗကသရဲဘော်တချို့ကို လူအရမုန်းလို့ တိုက်နေတဲ့သူတွေကိုပြောချင်တာ။လူမုန်းလို့တိုက်တော့ အွန်လိုင်းပေါ်က ကို့ယို့ကားရား ပုံတွေထုတ်ပြ၊ရစရာမရှိအောင် ဝေဖန်၊ဆဲရေးတိုင်းထွာကြ၊တလောကလုံး ဗြောင်းဆန်နေလိုက်ကြတာ။လက်ပိုက်ပြီး ပြုံးပြုံးကြီးကျေနပ်နေကြမှာက စစ်လော်ဘီအုပ်စုနဲ့ ဖွဘုတ်သုံးနေတဲ့ ဖွတ်အမတ်၊ဖွတ်ဝန်ကလေး၊ဖွတ်အကြံပေးတွေနဲ့ ဖွတ်ဝန်ကြီးတွေကအစ ဖွတ်ကာချုပ်ကလေးနဲ့ ဖွတ်ကာချုပ်ကြီး သားသမီးမြေးမြစ်တွေအထိပါပဲ။ခင်ဗျားတို့အချင်းချင်းတိုက်သံခိုက်သံ ဆဲသံဆိုသံကြားတာ ဖွတ်မင်းကြီးရဲ့မြေးတော်လေးတွေ အပျင်းပြေနားသောတဆင်စရာ ဟာဒယရွှင်ဆေးဖြစ်နေတော့တာပါပဲ။ဒီတော့ လူကိုတိုက်ရင်း မူကိုထိသွားတာတို့ ၊အဖွဲ့အစည်းကို စော်ကားသွားတာတို့ ခဏခဏ ဖြစ်ဖြစ်နေတော့ကာ သမ္မာကျမ်းထဲကလာတဲ့အတိုင်းပြောလိုက်ချင်ပါတယ်။တနေ့ ပြည့်တန်ဆာမကလေးကို လူတစုက ခဲနဲ့ထုသတ်ဖို့ ဈေးလယ်ကောင်မှာစုဝေးနေတုန်း သခင်ယေရှုရောက်လာပြီး လူအုပ်ကြီးကိုပြောလိုက်တယ် "သင်တို့ထဲက အပြစ်အကင်းဆုံးလူက ဒီမိန်းကလေးကိုစပြီး ခဲနဲ့ပေါက်စေ"တဲ့။နောက်တော့ လူအုပ်ကြီးက အားလုံး ခဲတွေချပြီး တယောက်မကျန်ထွက်သွားကြပါတယ်။ကျွန်တော်သတိပေးချင်တာကလည်း ကိုယ့်မှာ အပြစ်ဆိုလို့ မြူတမှုန်မရှိတော့မှ သူတပါးကို ပေါက်ကြသတ်ကြပါ။ကိုယ့်လည်း ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်ဘဲ အွန်လိုင်းပေါ် လူစွာလုပ်တာထက်စာရင် ပိုနေတဲ့ အချိန်တွေမှာ မိသားစုအကျိုးရှိတာ၊လူထုအကျိုးရှိတာလေးတွေလုပ်ကြပါလို့ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးလိုက်ရပါတယ်။ဖဘပေါ်က သပ္ပူရိသအပေါင်း သူတော်ကောင်းတို့ .............။ ။

ပရောဖက် ကျော်ကိုကို

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...