Saturday, November 8, 2014

ဗုဒ္ဓအလိုကျ လူနေမှုအဆင့်အတန်းနဲ့ ဒီမိုကရေစီရဲ့လမ်း


ဒီကမ္ဘာကြီးမှာ နေထိုင်ကြတဲ့ လူတိုင်း လူတိုင်းဟာ လူနေမှုအဆင့်အတန်း မြင့်မြင့်မားမားနဲ့ နေထိုင်ချင်ကြတာ ဓမ္မတာပါပဲ။ ရုပ်ဝတ္ထုပစ္စည်းတွေကိုလည်း မကြောင့်မကြ မတောင့်မတနဲ့ အလျှံပယ်သုံးစွဲချင်ကြတယ်။ လူနေမှုအဆင့်အတန်း မြင့်မားလာတာနဲ့အမျှ ကျားကြီးခြေရာကြီးဆိုသလို ရုပ်ဝတ္ထုပစ္စည်းတွေကိုလည်း လူနေမှုအဆင့်အတန်း မြင့်မားလာမှုနဲ့အတူ သုံးစွဲလာတတ်ကြတယ်။
အဲဒီလို လူနေမှုအဆင့်အတန်း မြင့်မားလာဖို့အတွက် ငွေကြေးကိုလည်း အငမ်းမရ ရှာဖွေကြတယ်။ ငွေကြေးရှာဖွေတဲ့နေရာမှာ အလိုလောဘရဲ့ စေ့ဆော်တိုက်တွန်းမှုကြောင့် မိမိစိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားတွေ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်လာမယ့် အရေးကိစ္စတွေကိုလည်း လူအတော်များများက သတိမမူကြတော့ဘူး။ သင့်၏မသင့်၏ တော်၏ မတော်၏ဆိုတဲ့ စဉ်းစားချင့်ချိန်ဥာဏ်ဟာ ငွေကြေးဆိုတဲ့အရာအောက် ပျောက်ဆုံးသွားတတ်ကြတယ်။ အမှန်တော့ ဒီလိုလူနေမှု အဆင့်အတန်း မြင့်မားခြင်းဟာ ရုပ်ရဲ့ဖွံ့ဖြိုး တိုးတက်လာမှုလား၊ စိတ်ရဲ့ဖွံ့ဖြိုး တိုးတက်လာမှုလား ဆိုတာကိုလည်း မဝေခွဲကြတော့ပါဘူး။ ရုပ်နဲ့စိတ်မှာ ဘယ်ဟာက ပိုပြီးပဓာနကျသလဲ၊ ရုပ်ချည်းသက်သက်လား စိတ်ချည်းသက်သက်လား၊ ဒါမှမဟုတ် ရုပ်ရော စိတ်ရော နှစ်ခုလုံးလားဆိုတဲ့ စဉ်းစားဆင်ခြင်တုံဥာဏ် တရားကိုလည်း ဘေးဖယ်ထားလိုက် ကြတော့တယ်။ သေချာပြန်လည် စဉ်းစားကြည့်ရင် လူတိုင်းဟာ မိမိဘဝမှာ ဒီလိုရုပ်နဲ့ စိတ်ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီညီ ကြိုးစားလုပ်ဆောင်နိုင်ပါမှ လူနေမှုအဆင့်အတန်း မြင့်မားမှုကို လက်ဝယ်ရယူ ခံစားနိုင်ကြမှာ ပါ။ စိတ်နဲ့ရုပ်ကို သေချာသရုပ်မခွဲကြဘဲ ဒီအတိုင်းပြုမူနေထိုင်ခဲ့ရင် လူနေမှုအဆင့်အတန်း မြင့်မြင့်မားမား နေထိုင်တယ်လို့ သေချာတပ်အပ် ပြောလို့မရတော့ပါဘူး။ အဓိကနဲ့ သာမညကို မသဲကွဲသရွေ့ စစ်မှန်တဲ့ လူနေမှုအဆင့်အတန်းက အလှမ်းကွာနေဆဲပဲ ဖြစ်မှာပါ။ လူနေမှုအဆင့်အတန်း နိမ့်တယ်၊ မြင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက ပါမောက္ခ Paul Nystnam က သူ့ရဲ့ Consumption မှာ လူနေမှုအဆင့်အတန်း ရှစ်မျိုးကို တင်ပြထားပါတယ်။ အဲဒီရှစ်မျိုးကတော့
(၁) သူဖုန်းစားအဆင့်
(၂) လက်လုပ်လက်စားအဆင့်
(၃) ဆေးဝါးကုသနိုင်ပြီး စားဝတ်နေရေး အဆင်ပြေသူအဆင့်
(၄) ဇိမ်ခံပစ္စည်းအသင့်အတင့် သုံးစွဲနိုင်သူအဆင့်
(၅) ဇိမ်ခံနိုင်သော လူတန်းစားအဆင့်
(၆) သူဌေးခေါ်ချင်လျှင် ခေါ်ဆိုနိုင်သောအဆင့်
(၇) သူဌေးကြီးများ
(၈) သူကြွယ်ကြီးများလို့ တင်ပြထားပါတယ်။
ပါမောက္ခ Paul Nystnam ရဲ့ လူနေမှုအဆင့်အတန်းအဆင့် (တိုးတက်ပုံအဆင့်ဆင့်) ပြယုဂ်ဟာ အလုံးစုံမှန်ကန်တယ်လို့တော့ ယူဆလို့ရမယ်မထင်ဘူးလို့ သုံးသပ်ချင်ပါတယ်။ ဒီလိုတိုးတက်မှု အဆင့်အဆင့်ဟာ ရုပ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုလို့ပဲ ဆိုပါရစေလား။ ရုပ်သဏ္ဌာန်ကို အခြေခံပြီး အဆင့်အတန်း ခွဲခြားသတ်မှတ် ခြင်းသာဖြစ်ပြီး စိတ်ရဲ့အခြေခံကျကျ အတွင်းသား အနှစ်သာရကတော့ ကင်းမဲ့နေတယ်လို့ ကောက်ချက်ချချင်ပါတယ်။ စိတ်ကဦးဆောင်ဦးရွက် မပြုဘဲ ရုပ်ကသာ ရှေ့တန်းက ရပ်တည်ခွဲခြားပြတာမို့ အလုံးစုံ မမှန်ကန်နိုင်ဘူးလို့ ဆိုရခြင်းဖြစ်ပါတယ်။ ထို့အတူ ချမ်းသာခြင်း၊ ဆင်းရဲခြင်း စတာတွေဟာလည်း ရုပ်ရဲ့နိမ့်ကျခြင်းလို့ ထင်မြင်မိပါရဲ့။ အထက်မှာဆိုခဲ့သလို လူသားတွေဟာ လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်အောင် နေ့စဉ်နဲ့အမျှ ကြိုးစားအားထုတ်နေကြတယ်။ ကြံစည်စိတ်ကူးနေကြတယ်။ ဒီလိုကြံစည် စိတ်ကူးနေကြခြင်းဟာလည်း မိမိဘဝကို အမြတ်တနိုး တန်ဖိုးထားကြလို့ပဲဖြစ်ပါတယ်။ သေချာစဉ်းစား သုံးသပ်တဲ့အခါ လူနေမှုအဆင့်အတန်း မြင့်မားတယ်ဆိုတာ Mind and Matter (နာမ-ရူပ) ကိုယ်စိတ်နှစ်ဖြာ မြင့်မားအောင် စွမ်းဆောင်ကြိုးစားနိုင်ပါမှ လူ့တန်ဖိုးရှိပြီး လူနေမှုအဆင့်အတန်း မြင့်မားမှာပါ။ ဒီနေ့ကမ္ဘာကြီးမှာ ကျွန်တော်တို့နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ နေထိုင်ကြတဲ့ လူသားတွေကို လေ့လာကြည့်ရင် စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားအောက် တန်းကျသူတွေ၊ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရား မြင့်မားကြတဲ့သူတွေ အသီးသီး ထွေးရောယှက်တင် နေထိုင်ကြပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ အသက်ရှူမှု မတူညီနိုင်တဲ့ လက္ခဏာတွေနဲ့ ပူးဝင်စီးမျောနေကြတာကတော့ အမှန်ပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ ပတ်သက်ပြီး အဲဒီစိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားမြင့်မားမှု၊ ရင့်ကျက်မှု ဒါမှမဟုတ် စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရား အောက်တန်းကျမှုတွေကို ဗုဒ္ဓဒဿနိကမှာ ရှာဖွေလေ့လာနိုင်ပါတယ်။ ဒါကိုအဆင့်အားဖြင့် ခြောက်ဆင့်ခွဲခြား ပြဆိုထားပါတယ်။
(၁) အန္ဓပုထုဇဉ်
(၂) ကလျာဏပုထုဇဉ်
(၃) သောတာပန်
(၄) သကဒါဂမ်
(၅) အနာဂါမ်
(၆) ရဟန္တာလို့ ပြဆိုထားပါတယ်။
ဥပမာပြောရရင် လူတစ်ဦးတစ်ယောက်ဟာ ရာထူးအာဏာနဲ့ လုပ်ပိုင်ခွင့်တွေကြောင့် ဒါမှမဟုတ် အဂတိတရားတွေ လိုက်စားပြီး လာဘ်လာဘတွေကြောင့် ချမ်းသာကြီးပွား လာတယ်ဆိုရင် ဒါဟာရုပ်အားဖြင့် အလျှံပယ်တိုးတက်လာတဲ့ အနေမှာရှိပြီး စိတ်ဓာတ်အားဖြင့် ပြောရရင်တော့ ယုတ်ညံ့ပြီး အဆင့်နိမ့်တဲ့ အန္ဓပုထုဇဉ်လို့ သတ်မှတ်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ သူ့ရဲ့လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်ခြင်းဟာလည်း ကိုယ်ကျင့်တရားကောင်း စိတ်ဓာတ်ကို အခြေမခံဘဲ ရုပ်ချည်းသက်သက်ကိုသာ အခြေခံတာကြောင့် တန်ဖိုးမဲ့၊ သိက္ခာမဲ့ရှက်ဖွယ်လိလိ ဖြစ်နေတဲ့ လူနေမှုအဆင့်အတန်းပါပဲလို့ ပြောရမှာ ဖြစ်ပါတယ်။
အမှန်တရားကို မမြင်၊ အတုအယောင် ရင်ပြင်မှာ မိမိစိတ်ပဉ္စင်ကို ဆင်ခြင်သုံးသပ်အား နည်ပါးမှုတွေကြောင့် အမှားတွေကို အမှန်ထင်နေကြတာပါပဲ။ ဒီတော့မခက်ပေဘူးလား။ ပြတ်ပြတ်သားသားပြောရရင် ဒီလိုလူတန်းစားတွေဟာ အန္ဓပုထုဇဉ်ထဲမှာ ပါဝင်နေရာယူထားသူတွေပါပဲ။ တစ်နည်းပြောရရင် ဘောဂဗေဒပညာအရ ပကာသနလွှမ်းမိုးတဲ့ တောင်းဆိုမှုလို့လည်း ခေါ်ဆိုနိုင်ပါတယ်။
ငွေကြေးဓနနဲ့ ရာထူးအာဏာဟာ လူဖြစ်ရကျိုးနပ်တယ်ဆိုတဲ့ ခံယူယုံကြည်မှုဟာ သေချာစဉ်းစားကြည့်ရင် အင်မတန် ကြောက်စရာကောင်းပြီး နိုင်ငံအတွက်လည်း တော်တော်ရင်လေးစရာ ကောင်းပါတယ်။ ငွေကြေးဓနနဲ့ ရာထူးအာဏာသည်သာ လူ့ဘဝရဲ့ အားကိုးအားထားရာ ကိုးကွယ်ရာဆိုတဲ့ စကားရပ်ကို ဒီနေ့ခေတ် လူငယ်လူရွယ်တွေအကြွင်းမဲ့ လက်ခံယုံကြည်မိရင် နိုင်ငံအတွက် အလားအလာ မကောင်းနိုင်တော့ပါဘူး။ ယုံကြည်ချက်အမှား၊ ခံယူချက်အမှား၊ အသိအယူ အမှားဟာ သတိထားရမယ့် ကိစ္စရပ်ပါပဲ။ ရုပ်ကိုပဲ အခြေခံတဲ့ သဘောတရားတွေ ဖြစ်တာကြောင့် စိတ်အခန်းကဏ္ဍရဲ့ အရေးကြီးတဲ့ တွေးခေါ်ဆင်ခြင်နိုင်စွမ်းတွေ ကိုယ်ကျင့်တရားတွေ မြင့်မားအောင် ကြံဆောင်ကြိုးစားမှုတွေဟာ အဟောသိကံဖြစ်ပြီး အမှားကို အမှန်ထင်သွားနိုင်ပါတယ်။ (နာမ-ရူပ) ကိုယ်စိတ်နှစ်ဖြာ မြင့်မားတိုးတက်အောင် စွမ်းဆောင်ကြိုးစား မှုတွေဟာလည်း ကွယ်ပျောက်သွားခဲ့ရပြီး လူ့တန်ဖိုးဆိုတာ ဘာမှန်းမသိအောင် ဖြစ်သွားတတ်ပါတယ်။
ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ဖခင်ဘုရင်ကြီးဖြစ်တဲ့ သုဒ္ဓေါဒနမင်းကြီးပေးတဲ့ ထီးနန်းနဲ့ အာဏာကို စွန့်လွှတ်ပြီး ဥရုဝေလတောမှာ ကျင့်ကြံပါတယ်။ လူ့ဘုံခန်းဝါ လူ့လောကရဲ့ စိတ်အတွင်းထဲက ကပ်ငြိနေတဲ့ လောဘ ဒေါသ မောဟ တဏှာ စတဲ့ အကုသိုလ် ဖြစ်စေမယ့် တရားတွေကို ပယ်သတ်နိုင်ဖို့ အမှန်တရားနဲ့ အလင်းလက်ဆုံး သစ္စာတရားကို ကျင့်ကြံအားထုတ်ဖို့ ရာထူးစည်းစိမ်အာဏာတွေ ဖယ်ခွာ၊ သစ္စာအလင်း ထိုးထွင်းဖို့ ကျင့်ကြံခဲ့တဲ့ မဟာလူသားဧကန် စင်စစ်ဖြစ်ပါတယ်။ ဒီလိုဆိုရင် အရာရာကို စွန့်လွှတ်တဲ့သူ တွယ်တာမက်မောမှု မရှိသူသာလျှင် ဗုဒ္ဓဝါဒီဖြစ်ပါတယ်။ စိတ်ဓာတ်မြင့်မားမှုကတော့ ဘယ်သူမှ တုမရတဲ့ အနန္တကျေးဇူးရှင် ဘုရားသခင်သာ ဖြစ်ပါတော့တယ်။ အသိပညာ၊ ငွေကြေးနဲ့ ရာထူးအာဏာထက် အဓိကအခန်းကဏ္ဍမှာ ပါဝင်နေတာ ဘယ်သူမှ ငြင်းလို့မရဘူးဆိုတာ လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် လူနေမှုအဆင့်အတန်း မြင့်မားတယ်ဆိုတာ ရုပ်နဲ့စိတ် (Value of Life) လူ့ဘဝတန်ဖိုးကို အဓိပ္ပာယ် ရှိရှိရနိုင်ပါတယ်။

Written by - အေဖော်ခိုင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...