Wednesday, November 12, 2014

ပရော်ဖက်ရှင်နယ် ပျောက်ဆုံးခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ရှာဖွေဖို့ မေ့လျော့နေသူများ


တကယ်တော့ ပရော်ဖက်ရှင်နယ်ဆိုတဲ့ စကားဟာ လူသားတစ်ယောက်ရဲ့ဘ၀မှာ အရေးအကြီးဆုံး ဂုဏ်ဒြပ်တွေထဲက တစ်ခုပါ။ ပရော်ဖက်ရှင်နယ်လို့ သတ်မှတ်ခံရတဲ့ ခေါင်းစဉ်အောက်မှာ အခန့်သား မတ်တတ်ရပ်နိုင်ဖို့ အားလုံးရုန်းကန်နေကြရတာပဲ မဟုတ်လား။ သေချာစဉ်းစားကြည့်ရင် ပရော်ဖက်ရှင်နယ်ဆိုတဲ့ စကားက တရားမျှတမှုရှိတယ်။ ဘက်မလိုက်ဘူး။ ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ လူတစ်ယောက်ကို အနိုင်ရမှဆိုတဲ့ ကန့်သတ်ချက်မျိုး မရှိဘူး။
ကိုယ့်ရဲ့ အရည်အသွေး ပြောင်းလဲတိုးတက်ဖို့ပဲ လိုအပ်တယ်။ ဆေးသိပ္ပံကျောင်းသားတစ်ယောက်ရဲ့ စစ်မှန်တဲ့ ပရော်ဖက်ရှင်နယ်ဖြစ်လာဖို့ မျှော်လင့်ချက်ဟာ သူနဲ့ပဲသက်ဆိုင်သလို ဗိသုကာကျောင်းသားတစ်ယောက်ရဲ့ အကောင်းမွန်ဆုံးလက်ရာတွေ ဖန်တီးနိုင်ဖို့ အိပ်မက်ဟာ သူနဲ့ပဲသက်ဆိုင်တယ်။ ရန်ကုန်မြို့မှာ အခုဆို သင်တန်းကျောင်းတွေ အများကြီးဖြစ်လာခဲ့ပါပြီ။ အရင်က သင်တန်းကျောင်းရှားတယ်ဆိုပေမယ့် အခုအချိန်မှာတော့ သင်တန်းကျောင်းနဲ့ တက်မယ့်သူဦးရေက ရာခိုင်နှုန်း ဘယ်သူပိုများတယ် ဆိုတာကိုတောင် ပြောဖို့မလွယ်တဲ့ အခြေအနေ ဖြစ်လာတယ်။ ရန်ကုန်မှာမှ မဟုတ်ပါဘူး။ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ လားရှိုး၊ တောင်ကြီးနဲ့ အခြားအခြား မြို့တွေမှာလည်း သင်တန်းမျိုးစုံ ရှိနေကြသလို တချို့ဆို အရမ်းအောင်မြင်နေကြတာတွေလည်း တွေ့ရတယ်။ သင်တန်းတွေက အမျိုးအစားစုံတယ်။ ဘာသာစကား သင်တန်းတွေကလည်း အများကြီး၊ စာရင်းကိုင်သင်တန်းတွေကလည်း ဒုနဲ့ဒေး၊ အိုင်တီနည်းပညာနဲ့ပတ်သက်လို့ ဖွင့်ကြတဲ့ သင်တန်းတွေကလည်း အင်မတန်များတယ်။ သင်တန်းတွေများလာတာနဲ့ ပတ်သက်ပြီး အမှန်နဲ့အမှား ဘာမှပြောစရာ မလိုပါဘူး။ ဒါပေမဲ့ လိုအပ်နေတာတစ်ခုက ရှိနေပါတယ်။ အဲဒီ လိုအပ်နေတဲ့အရာက သူလိုလိုကိုယ်လိုလို သင်တန်းတွေ တက်နေကြတဲ့ ကျွန်တော်တို့ အပေါင်းအသင်းတွေဘက်က စဉ်းစားရမယ့်အပိုင်းပါပဲ။ အဲဒါက ‘သင်တန်းတက်နေရင် ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်လာနိုင်မလား’ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အမြင်မှန်နဲ့ နားလည်တတ်ဖို့ပါပဲ။ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အက်ဒီဆင်က ‘Genius ဆိုတဲ့ ပါရမီရှင်ဖြစ်လာဖို့ ချွေး ၉၉ ရာခိုင်နှုန်း၊ ဉာဏ်ရည်တစ်ရာခိုင်နှုန်း လိုတယ်’ လို့ ပြောခဲ့ဖူးတယ်။
ငယ်စဉ်ကတည်းက တစ်တန်းပြီးတစ်တန်း ပညာတွေသင်ကြားခဲ့ကြတယ်။ ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်က ရှိရင်လည်းရှိမယ်၊ မရှိရင်လည်း မရှိဘူး။ ဒီလိုနဲ့ နေလာရင်းက မြီးကောင်ပေါက်အရွယ် ရောက်လာတယ်။ အထက်တန်းပညာလည်း ပြီးဆုံးသွားတဲ့ အခါမှာတော့ ဘာသာရပ်တွေ၊ ပညာရပ်တွေနဲ့ ပတ်သက်ပြီး အခြေခံသဘောတရားတွေနဲ့ ဗဟုသုတ အရင်းအမြစ်တွေကိုပါ နည်းနည်းတော့ သိုမှီးနိုင်ခဲ့ကြတယ် ဆိုပါတော့။ အဲဒီအချိန်မှာ တခြားသူငယ်ချင်းတွေက သင်တန်းတက်ဖို့ လုပ်လာကြတယ်။ ဘာတက်မယ်၊ ညာတက်မယ်ပေါ့။ အဲဒီအခါ ကိုယ်လည်းလိုက်ပြီး တက်ကြည့်တယ်။ ဘာသာစကား ဒါမှမဟုတ် ကွန်ပျူတာသင်တန်း သို့မဟုတ် နှစ်မျိုးလုံး။ ဒီလိုနဲ့ တက်စရာတွေက အများကြီးဆိုတော့ ဟိုပြောင်း၊ ဒီပြောင်း၊ ဟိုတက်၊ ဒီတက်နဲ့ ဖြစ်တဲ့သူတွေ ရှိကြသလို အချို့ကျတော့လည်း လမ်းညွှန်ပေးမယ့်သူ ကောင်းကောင်းရှိတော့ တစ်ခုခုကိုပဲ တစ်သမတ်တည်းလေ့လာပြီး ပေါက်ပေါက်မြောက်မြောက်ဖြစ်သွားတဲ့ သူတွေလည်း ရှိလာကြတယ်။ ဒါက တစ်ပိုင်း။ သူတို့တွေက အထက်တန်းပြီးလို့ တက္ကသိုလ်ဆိုတဲ့ ပညာရေးလမ်းကြောင်းတစ်လျှောက်မှာ ကိုယ်ရည်မှန်းချက်ထားတဲ့ ပရော်ဖက်ရှင်နယ် အိပ်မက်ကို အကောင်အထည်ဖော်နေကြတာ။
နောက်တစ်ပိုင်းက တက္ကသိုလ်ကနေဘွဲ့ရမှ ဘာစလုပ်ရမှန်းမသိလို့ သင်တန်းတက်ဖို့ လုပ်ကြတဲ့သူတွေ။ ပုံစံချင်း ကွဲပြားနေတာမှန်ပေမယ့် အဲဒီသူတွေနဲ့ မိဘတွေကြားက ထွက်လာတဲ့ မေးခွန်းတစ်ကတော့ “အဲဒီသင်တန်းတက်ပြီးရင် ဘာလုပ်လို့ ရနိုင်မလဲ” တဲ့။ အဲဒီလို မေးခွန်းတွေဖြေဖို့ သင်တန်းကျောင်းတွေဘက်ကလည်း ပရော်ဖက်ရှင်နယ်ဆိုတဲ့စကားကို ပေါပေါသုံးပြီး စည်းရုံးကြတယ်။ တက်မယ့်သူတွေဘက်ကလည်း တကယ်ပဲ အဲဒီလိုဖြစ်မယ်လို့ ထင်ကြတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းတချို့လည်း အဲဒီလိုမျိုး အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ကြဖူးတယ်။ ဟိုတယ်သင်တန်းဆိုလို့ ပြေးတက်လိုက်ရ၊ ဂျပန်စာသင်တန်းဆိုလို့ ပြေးတက်လိုက်ရ၊ ကွန်ပျူတာသင်တန်းဆိုလို့ ပြေးတက်လိုက်ရနဲ့ အချိန်တွေကြာလာမှ ပရော်ဖက်ရှင်နယ်ဆိုတဲ့ ခေါင်းစဉ်နဲ့လွဲနေတဲ့ ကိုယ့်အဖြစ်ကို ပြန်မြင်ခဲ့ကြတယ်။
ဒါကြောင့်မို့ သင်တန်းတက်မယ့်သူတွေ အနေနဲ့ သိရမှာက ‘သင်တန်းပြီးရင် ဘာဖြစ်မလဲ’ ဆိုတာကို မျှော်လင့်နေဖို့မဟုတ်ဘဲ ဘယ်လိုအရာက ကိုယ်နဲ့လိုက်ဖက်မလဲ၊ ကိုယ်ရဲ့ရည်မှန်းချက်က ဘာလဲဆိုတာကို တိကျသေချာအောင် ဆုံးဖြတ်ပြီးမှ မှန်ကန်တဲ့နည်းလမ်းမျိုးနဲ့ လမ်းကြောင်းမှန်ပေါ် ချဉ်းကပ်ရမှာပါ။
သင်တန်းတက်ရမယ်ဆိုရင်လည်း ‘ငါဘာဖြစ်အောင်လုပ်မယ်’ ဆိုတဲ့ စံချိန်တစ်ခုကို သတ်မှတ်ပြီး လေ့လာဖို့လိုအပ်ပါတယ်။ ဘယ်ဘာသာရပ်ကိုမဆို တက်ရောက်နေကြတဲ့ သင်တန်းသားအများစုဟာ သူတို့လေ့လာနေတဲ့အပေါ်မှာ အလေးနက်ထားမှု အမှန်အကန် အားနည်းနေကြတာပါပဲ။ ဆရာတွေ ရှင်းပြတာကို အကုန်နားလည်ဖို့ မကြိုးစားကြဘူး။ တွဲဖက်ပြီး လေ့လာရမယ့် သင်ခန်းစာအရင်းအမြစ်တွေကိုလည်း အားထုတ်ပြီး မရှာဖွေကြဘူး။ ဆရာတွေ ရှင်းပြတာထက် ပိုပြီးသိချင်တဲ့သူက လုံးဝမရှိသလောက်။ အဲဒီလို အနေအထားမျိုးတွေက အများဆုံးပဲ။ အဲဒါကြောင့် သင်တန်းတက်မယ်ဆိုရင်တော့ ဘာတက်ရင်ကောင်းမလဲ ဆိုတာထက် ကိုယ်ကဘာကို အချိန်ပြည့် အာရုံစူးစိုက်ဖို့ စိတ်အားထက်သန်သလဲဆိုတာကို အလေးအနက် စဉ်းစားစေလိုတယ်။ အမှန်တကယ် ပညာရပ်တစ်ခုကို စိတ်ဝင်စားမှုအား နက်ရှိုင်းနေပြီဆိုရင်တော့ အဲဒီသူရဲ့ ပရော်ဖက်ရှင်နယ်အိပ်မက်ကို သင်တန်းတွေက အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ရပါတယ်။
ခက်တာတစ်ခုက မြန်မာနိုင်ငံက လူငယ်အများစုဟာ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖို့ မေ့လျော့နေကြတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေဟာ ငယ်ဘ၀တစ်လျှောက်လုံး ကိုယ်ဘာဖြစ်ချင်လဲ မသိခဲ့ကြပါဘူး။ သူများဘာဖြစ်ချင်လဲကို လိုက်လုပ်ကြရပါတယ်။ ၀ါကျဖွဲ့တဲ့အခါ ကိုယ့်အတွေးနဲ့ရေးလို့ အမှတ်မရခဲ့ဖူးတဲ့ အမှတ်တရ အဖြစ်အပျက်တစ်ခုကို အခုအထိ မမေ့နိုင်သေးဘူး။ ပညာရေးစနစ်ကလည်း ကိုယ်သင်ချင်တာသင်ဖို့ ခက်ခဲတဲ့ အနေအထားတစ်ခု ရှိခဲ့ပါတယ်။ အကြောင်းအရာတစ်ခုကို မှန်ကန်တဲ့ရှုထောင့်ကနေ မေးခွန်းထုတ်တတ်ဖို့၊ ဝေဖန်ပိုင်းခြားတတ်ဖို့ အသိဉာဏ်တွေ သေဆုံးခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတော်တိုင်းဟာ ခေတ်ကိုရေစုန်မျှော မလိုက်ကြပါဘူး။ ခေတ်ကိုပြောင်းလဲဖို့ အားထုတ်ကြပါတယ်။ ဒီအချက်ကို နှလုံးသားထဲထည့်ပြီး ကိုယ့်ကိုယ်ကိုယ်တွေ့အောင်ရှာ၊ ကိုယ့်ဘ၀ကို မေးခွန်းထုတ်ပြီး ကိုယ့်အနာဂတ်အတွက် အချိန်ကို အကျိုးရှိစွာသုံးပြီး ပရော်ဖက်ရှင်နယ်ဘ၀ တည်ဆောက်ရမယ်လို့ပဲ အကြံပြုပါရစေ။ နောက်ဆုံးအနေနဲ့ တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ရဲ့ ‘စဉ်းစားတွေးခေါ်သက်ဝင်မှုမပါဘဲ လေ့လာသင်ယူသောပညာသည် အချည်းနှီးဖြစ်၍၊ ပညာမပါဘဲ စဉ်းစားတွေးခေါ်ခြင်းသည်ကား အန္တရာယ်ကြီး၏’ ဆိုတဲ့ ပညာသင်ကြားခြင်းအပေါ် လိုက်နာရမယ့် သဘောတရားလေးကို ဝေမျှရင်း အဆုံးသတ်လိုက်ပါတယ်။
============
(ဆောင်းပါးရှင် - အေသင်ဇော်ဇော်)
Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...