Tuesday, November 4, 2014

လမ်းဘေးက အသေးအဖွဲမှစ၍ ပြုပြင်ကြစို့ တို့ မြန်မာ




ဤလမ်းအတွင်း၊ ကားရပ်ရန်နေရာများတွင် ပန်းအိုးများ၊ ခုံကျိုးခုံပဲ့၊ အတားအဆီးများ ပိတ် ဆို့ချ ထားခြင်း၊ ဈေးဆိုင်များဖွင့်လှစ်ခြင်းမပြုရ။ ဤသို့ ပြုလုပ်ခဲ့၍ ဖြစ်ပေါ်လာသောပြဿနာများသည် မိမိ တာဝန် သာဖြစ်သည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး

*****************

မကြာမီက ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့ နယ်ရှိ၊ လမ်းသွယ်တစ်ခုတွင် စာရေးသူကားရပ်ရန်ဝင် သွားစဉ် ကားရပ်နားရန်နေရာ ကွက်လပ်ရှာမရ။ သို့သော် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူ၏ သတိပေးကြေညာချက် ကို အထက်ပါအတိုင်းတွေ့ရသည်။
ဤတွင်မေးခွန်းထုတ်ရန်ရှိသည်မှာ ရပ်ကွက်အုပ် ချုပ်ရေးမှူးသည် သတိပေးကြေညာချက်တွင် တားမြစ် ချက်ကို မလိုက်နာသူအားထိရောက်သော အရေးယူ အပြစ်ပေး၊ တရားစွဲဆိုမည်ဟု အဘယ်ကြောင့်မဖော်ပြ ပါသနည်း။ နှစ်ပေါင်း ၅ဝကြာ အာဏာရှင်အဆက်ဆက် တို့ လက်ထက်တွင် ဟိုလူကြောက်ရ သည် လူကြောက်ရ သော အလေ့အကျင့်ယနေ့ထိပါရှိနေသေးသဖြင့် ဤ သို့အပြစ်ပေးအရေးယူရန် မဖော်ပြခြင်းဖြစ်ပါသလား။
သို့သော် အမှန်ပြောဆိုရလျှင် စည်ပင်သာယာအဖွဲ့ နှင့် ယာဉ်ထိန်းတပ်ဖွဲ့တို့၊ ပေါင်းစည်း၍ မရပ်ရလမ်းများ ပေါ်တွင် ကားများရပ်ထားပါက၊ ကရိန်းစက်ဖြင့် ဆွဲ ယူဖမ်းဆီးသော ကိစ္စ၊ သတင်းစာ၊ ဂျာနယ်များတွင်ဖော်ပြ ပါရှိသည့်နေ့ကစတင်၍ ရန်ကုန်မြို့လယ်၊ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန် သည်လမ်း၊ ကမ်းနားလည်းတို့၌ ကားများ စည်းကမ်းမဲ့ ရပ်ထားမှု နည်းသွားပြီး လမ်းကြားများသို့ ကားများစည်း ကမ်းတကျဝင်ရပ်ခဲ့ကြသည်။
ကားများကို အဆိုပါလမ်းမကြီးများတွင် ရပ်လို လျှင် တစ်နာရီကျပ် ၂ဝဝနှုန်း၊ အခွန်အခပေးရသဖြင့် ကားများကလည်း လမ်းကြားများအတွင်းတိုးဝင်မောင်း နှင်နေရာယူလာကြ၏။
ဤတွင် လမ်းကြားများအတွင်းရှိ အိမ်များနှင့်ချက် ချင်းပင် ဓမ္မာသောကဖြစ်တော့သည်။ အိမ်ရှင်တွေက မိမိတို့အိမ်ခန်းရှေ့၌ ကားမရပ်ရ ကားအဝင်အထွက်ရှိ သည် ဆိုင်းဘုတ်များချိတ်ထား၍ အခြားကားများ၊ ရပ် မထားရန်တားဆီးလေတော့၏။
ယခုအခါ ထိုစာတန်းများ ပျောက်သွားပြီးလျှင် ပန်းအိုးပဲ့များ၊ ခုံကျိုးခုံပဲ့များ နေရာယူပြီး အတားအဆီး လုပ်လာသည်။ ထီးမိုးသော စားသောက်ဆိုင်များကလည်း တစ်ထီးတစ်နန်း နေရာယူသည်။
''စည်ပင်ကို အခွန်အ ကောက်ပေးဖွင့်သောဆိုင်ဗျ'' ဟုလည်း ပြောသူတွေ့ရှိ နေချေသေး၏။ စည်ပင်ကို အခွန်အကောက်ပေးရာမှာ ပြေစာမရှိ၊ ဘောက်ချာစာရွက်မရှိ။ ခေတ်စကား၊ Under Table ခေါ် လာဘ်ငွေပေးခြင်းအမှုပင်တည်း။ သည်မှာပင် မေးချင်ပြောချင်သေး၏။ ယနေ့မြို့တော်စည်ပင်သာယာ ရေးဌာနကြီးသည် ဤအဆင်၊ ဤအသွင်ဘောက်ချာမဲ့ ပြေစာမဲ့၊ အခွန်အကောက်ငွေများကို ကောက်ယူပြီး ဘယ် သူကို ဘယ်လောက်ဆက်သ၍ မြန်မာ့ဒီမိုကရေစီခေတ် သစ်၏ အဆင်အပြင်ကို အဆင်အခြင်မဲ့ အိုးမည်းသုတ် နေသနည်း။ ထားပါ။
(၂)
တစ်ကြိမ်တွင် စာရေးသူ၏ ကားကလေးသည်။ ရန်ကုန်မြို့ ကုန်ဈေးတန်းလမ်း၌ ရပ်၍ ကျားသင်္ကန်း တိုက်က သင်္ကန်းဝယ်ရန် ကြိုးပမ်း၏။ ကားရပ်ရန်နေရာ များ၌ ခုံကျိုးခုံပဲ့များ ပန်းအိုးများချထားသောကြောင့် တစ်အိမ်က ခုံကျိုးခုံပဲ့ကို ဖယ်ရှင်း၍ ကားဝင်ရပ်သည်။
''ဟေ့..ဘာဖြစ်လို့ ဒါဖယ်လိုက်တာလဲ။ ဒီအိမ်က ပစ္စည်းတင်မယ့်ကား။ ရပ်ဖို့လုပ်ထားတာ အိမ်ထဲက အသက်အရွယ်ကြီးကြီး၊ လူတစ်ယောက်က လှမ်းငေါက် ၏။ သူ့နောက်က ဗလကောင်းကောင်းလူတစ်ယောက် ထွက်လာ၏။ မတရားမှုပြုလာသည်ကို ကြောက်စိတ်ဆို ၍ အမွေးအမျှင်၊ တစ်မျှင်မျှမပါသော စာရေးသူကရင် ဆိုင်ဖြေရှင်းရန်၊ ကားပေါ်ကဆင်း၏။ သို့သော်နောက် ခန်းတွင် ထိုင်လာသော စိမ့် (ပညာရေး)က ''မရပ်နဲ့ မရပ်နဲ့ ပြဿနာမရှာနဲ့။ လာပါ။ သွားရအောင်''ဟု ပြောသဖြင့် ကားပေါ်ပြန်တက်ထွက်လာသည်။
ကုန်ဈေး တန်းလမ်းထိပ်၊ ဘတ်စ်ကားကြီးများ၊ စည်းကမ်းမဲ့ရပ် လူခေါ်နေသောနေရာ၌ အသာကလေး ကားထိုးရပ်စဉ်၊ ယာဉ်ထိန်းတပ်သားတစ်ဦးရောက်လာပြီး၊ ''ကားမရပ်နဲ့'' ဟုပြောနေသည်။ ဤတွင် စာရေးသူက မိမိကလောင် နာမည်ပြောပြီး၊ သင်္ကန်းလာဝယ်ကြောင်း ခဏကလေး ရပ်ပါရစေပြောသဖြင့်၊ မောင်မင်းကြီးသားယာဉ်ထိန်း မောင်လိမ္မာက ပြုံး၍ ''အဘမြန်မြန်သွားဝယ်၊ သိပ်မကြာ နဲ့''ဟု ပြောရှာ၏။ သာဓု၊ သာဓုပါ ယာဉ်ထိန်းရဲကြီး ရယ် ဤအဆင်၊ ဤအသွင်ဖြစ်ရပ်ပြဿနာမျိုးကို ယနေ့ ရန်ကုန်မြို့လယ်သို့ ကားမောင်းဝင်သွားကြသော အိမ် စီးကား ရုံးကား၊ ကားပေါင်းစုံတို့ ကြုံနေကြရပေသည်။ ကယ်မည့်သူကား ဝေးသေး၏။
(၃)
ဤဆောင်းပါးကို နိဂုံးမချုပ်မီ ရည်ရွယ်ထားသော ပြောစရာကိစ္စကလေးရေးချင်ပါသေးသည်။
သည်ကနေ့ ခေတ်သည် နှစ် ၅ဝအာဏာရှင်ခေတ် ရိုင်းကြီးအား ကျောခိုင်းပြီး မြန်မာ့ဒီမိုကရေစီခေတ်ကြီး ကို အစိုးရလွှတ်တော်၊ နိုင်ငံရေးပါတီများနှင့်ပြည်သူတို့ တစ်စိတ်ဝမ်း၊ တစ်လက်ညီထူထောင်နေသည်မဟုတ် ပါလား။ အောင်မြင်သည်လည်းရှိ၊ မအောင်မြင်သည် လည်းရှိ၊ ကြိုးပမ်းဆဲလည်းရှိနေသော ဖြေရှင်းရန်ပြဿ နာပေါင်းစုံကြုံနေရဆဲပင်။ ဤအချိန်တွင် သက်ဆိုင်ရာ တို့အား တောင်းပန်ချင်သည်မှာ ရန်ကုန်မြို့တွင်း ကား ရပ်လွယ်ကူမည့်နည်း ပြုပြင်၊ ပညာပေး၊ စည်းရုံး၊ အား လုံး၊ လုပ်ဆောင်သင့်ကြပါပြီခင်ဗျာ။

တက္ကသိုလ်စိန်တင်

‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...