Thursday, November 13, 2014

လူနှင့် မြေကြီး





တိရိစ္ဆာန်အများစုသည် မွေးမွေးချင်းမှာပင် မြေကြီးပေါ် ခြေဖ၀ါးချနင်းခွင့်ရသည်။ လူသည် တိရိစ္ဆာန်လို မဟုတ်ဘဲ မွေးဖွားပြီး လအတော်ကြာ မှ မြေကြီးပေါ် ခြေဖ၀ါးနင်းခွင့်ရသည်။ ရှေးဟောင်းကျမ်းတချို့တွင် လူတို့သည် မြေကြီးကို တည်မှီဖြစ်ပေါ်လာကြောင်း ပြဆိုထား၏။ မြေကြီး ပေါ်တွင် ခုတ်ထွင်ထွန်ယက် သည်။ မျိုးစေ့ပျိုးကြဲသည်။ စိုက်ပျိုးသည်။ ရိတ်သိမ်းခူးဆွတ်သည်။
မြေကြီးပေါ်တွင် အိမ်ယာထူထောင်သည်။ အမိုးအကာဖွဲ့သည်။ မြေကြီးထဲရှိ သယံဇာတများကို ထုတ်ဖော်တူးဆွသည်။

ယဉ်ကျေးမှုတိုးမြှင့်လာသောအခါ မြေယာပိုင်ဆိုင်မှုသည် လူတို့၏ တန်ဖိုးအသွင်ဆောင်လာသည်။ ကမ္ဘာနှင့်အ၀န်း နယ်မြေသစ်တွေ ချဲ့ထွင် လာသည်။ ရှာဖွေလာသည်။ နယ်မြေပိုင်ဆိုင်လိုမှုကြောင့် စစ်ပွဲတွေ ဖြစ်ကြသည်။ နိုင်ငံတို့၏ အတိတ်သမိုင်းကြောင်းများ၊ လူ့မျိုးဆက်များ၊ ရတနာသိုက်များ၊ သဘာဝသယံဇာတများ စသည်တို့သည် သိရခက်သော ဤကမ္ဘာမြေမဟီဝယ် တည်ရှိဖြစ်ပျက်နေကြသည်။ မြေကြီးဆီမှ ရယူသလို မြေကြီးဆီသို့ ပြန်လည်ပေးဆပ်ရသည်များလည်း ရှိသည်။ လူတို့၏ မြို့ဟောင်းတချို့ မြေကြီးထဲ နစ်မြုပ်ပျောက်ကွယ်သွားသည်။ ဘယ်လောက်ကြီးကျယ်မြင့်မြတ်နေပါစေ။ လူတို့၏ နောက်ဆုံးခန္ဓာဝန်များသည် မြေကြီးတွင် လှဲချချုပ်ငြိမ်းကြရသည်။
 
မြန်မာနိုင်ငံသည် ရှေးယခင်ကပင် စိုက်ပျိုးရေးနိုင်ငံဖြစ်ရာ မြေကြီးနှင့် နီးစပ်သော လူမျိုးများဖြစ်သည်။ မြေကြီးပေါ်တွင် နွားကျောင်း၊ မြေကြီးပေါ်တွင် စပါးလေ့၊ မြေကြီးပေါ်တွင် ကောက်ရိုးပုံ၊ ညအခါ လသာချိန်များတွင် ကလေးငယ်တို့သည် မြေတလင်းပြင်သန့်သန့်မှာ ရိုးရာ ကစားနည်းများအလိုက် ကစားခုန်စားကြသည်။ ပုံပြင်ပြောတမ်း၊ စကားထာဖွက်တမ်းမှသည် တုပ်စည်းထိုးတမ်း၊ ရွှေစွန်ညိုတမ်း၊ ဖန်ခုန် တမ်းများထိ။ လူကြီးများကလည်း  အနီးရှိ ၀ါးကွပ်ပျစ်မှာ လက်ဖက်စားရင်း ကွမ်းဝါးရင်း စာပေဂီတ အနုပညာရပ်များ၊ တိုင်းရေးပြည်ရာ များပြောဆိုဆွေးနွေးကြသည်။ ရေဒီယိုနားထောင်ကြသည်။ နေ့အခါများတွင်တော့ အဆိုပါ မြေမာမာပေါ်တွင် ကလေးများက ဂျင်ပေါက်တမ်း၊ ဒိုးပစ်တမ်း၊ လူကြီးများက ၀ိုင်းခြင်း၊ ပိုက်ကျော်ခြင်း စသော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်တတ်ကြသည်။

စိမ်းမြသော စပါးခင်းများ၊ ကျွန်းသစ်တောများ၊ စေတီပုထိုးများ၊ နန်းတော်မြို့ဟောင်းများ၊ မြစ်ချောင်းများ၊ တောင်တန်းများ စသည်တို့သည် မြန်မာ့မြေပေါ်တွင် ထင်ရှားသည့် အမှတ်အသားများဖြစ်ကြသည်။ ထို့အပြင် ရွှေ၊ ကျောက်စိမ်း၊ ပတ္တမြား၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အစရှိသည့် မြေအောက်သယံဇာတများကိုလည်း တွေ့နိုင်သေးသည်။ မြေကြီးသည် သစ်ပင်တို့ကို ရှင်သန်စေသလို လူသားများကို နားခိုစေ သည်။ မြေကို အမှီပြု၍ လူတို့သည် ရောင်းဝယ်ဖောက်ကားကြသည်။ မျိုးပွားရှင်သန်ကြသည်။ ကမ္ဘာပေါ်တွင် လူဦးရေက တိုးပွားနေသော် လည်း မြေက ဆပွားသွားသည်မဟုတ်။ သချာင်္နည်းအရဆိုလျှင် ကမ္ဘာ့လူဦးရေသည် ကိန်းရှင်။ ကမ္ဘာ့မြေကြီးသည် ကိန်းသေ။ ထို့ကြောင့် နေရာတကာတွင် မြေဈေးများက အဆမတန်မြင့်တက်နေသည်။
 
မြေကြီးကို ရင်းနှီးမြှပ်နှံရာတွင် ပုံစံမျိုးစုံရှိသည်။ မြေကွက်တစ်ကွက်ချင်းရောင်းချခြင်း၊ မြေကြီးပေါ်တွင် လုံးချင်းအိမ်ဆောက်ကာရောင်းချခြင်း၊  ကံထရိုက်တိုက်ဆောက်ကာ ရောင်းချခြင်း၊ ကွန်ဒိုတိုက်ခန်းဆောက်ကာ ရောင်းချခြင်း၊ အိမ်ရာတည်ကာ ရောင်းချခြင်း၊ မြို့သစ်တည်ကာ ရောင်းချခြင်း စသဖြင့်။ ရောင်းချမှုပုံစံများကို လိုက်၍ ၀န်ဆောင်မှုများလည်း ကွာခြားသွားသည်။ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး၊ ဆေးပေးခန်း၊ ဈေး၊ ကျောင်း အစရှိသော လူတို့၏ အခြေခံလိုအပ်ချက်များပေါ် မူတည်၍ မြေဈေးသည် ကွဲပြားသွားသည်။ ထို့အပြင် သယံ ဇာတစီမံကိန်း၊ လမ်းတံတားစီမံကိန်း၊ စက်မှုဇုန်စီမံကိန်းများကြောင့်လည်း မြေကြီးသည် ရုတ်ခြည်းဈေးနှုန်းပြောင်းလဲသွားတတ်၏။

မြေကြီးသည် ပျော်ရွှင်ဖွယ်ရာ ဖြစ်သည်။ မြေကြီးသည် ခင်တွယ်ဖွယ်ရာဖြစ်သည်။ ထို့အပြင် မြေကြီးသည် လူ့အတ္တများအတွက် လောဘဇော တိုက်ရာ နေရာလည်း ဖြစ်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းကာလ မြန်မာ့နိုင်ငံရေးမျက်နှာစာတွင် အရုပ်ဆိုးစေသော အမှုများသည် မြေကြီးကို အခြေခံသည်။ မြေသိမ်း၊ ယာသိမ်းအမှုများက ဒုနှင့်ဒေး။ မိကျောင်းကန်နှင့် လက်ပံတောင်းတောင်အရေးတို့သည် မပြီးပြတ်သေး။ ရပ်ကွက်များထဲတွင် လူမနေသော မြေကွက်လွတ်များရှိသော်လည်း မမြင်ရသော ပိုင်ရှင်များက မြေကွက်အတွဲလိုက်ဝယ်ကာ ရင်းနှီးမြှပ်နှံ ထားကြ၏။ ထိုကဲ့သို့ လူမနေသော မြေကွက်လွတ်များကြောင့် ရပ်ကွက်သည် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုး။ လမ်းပြင်လို၍ မီးသွယ်လို၍ လိုအပ်သော အလှူငွေများကောက်ခံရာတွင် မြေလွတ်ပိုင်ရှင်များက ဘယ်တော့မှ မထည့်ဝင်သဖြင့် အမှန်တကယ်နေထိုင်သူများ နစ်နာရ သည်။

လူလည်းမနေ ပိုင်ရှင်လည်း မပေါ်သော မြေကွက်လွတ်များကျတော့ ရပ်ကွက်ရာအိမ်မှူးက ခပ်တည်တည်ကျူးကျော်တဲထိုးကာ လခကို အိတ်ထဲထည့်သည်။ အချို့မြေကွက်ရောင်းစားသည်။ ပြဿနာမဖြစ်ခင်ထိတော့ အေးဆေးနေဦးမည်။ စစ်အစိုးရခေတ်မှ ခရိုနီတစ်ချို့သည် ယနေ့ထိတိုင် အချက်အချာကျသောနေရာများမှ မြေကွက်အများအပြားကို ဈေးပေါပေါဖြင့် ငှားရမ်းထားကြဆဲ။ စာရေးဆရာကြီး လီယို တော်လ်စတွိုင်း၏ “လူတစ်ကိုယ် မြေမည်မျှလိုသလဲ” အမည်ရှိဝတ္ထုထဲမှ ဇာတ်ကောင်သည် အလကားရသော မြေနောက်သို့ လောဘဇော တိုက်လိုက်ရာမှ သေဆုံးသွားရာ ခန္ဓာမြှပ်နှံဖို့ မြေတစ်နေရာစာသာ ပိုင်ဆိုင်သွားသည်။ လူ့ငနွားများ ဆင်ခြင်ဖွယ်ရာပင်။
 
မြန်မာနိုင်ငံသည် နိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်ပရင်းနှီးမြှပ်နှံမှုမြင့်တက်လာနေသည်။ စစ်မှန်သော ဒီမိုကရေစီစနစ် မပီပြင်သေး သည့်တိုင် အခြေခံအဆောက်အဦးများမပြည့်စုံသေးသည့်တိုင် ပြည်ပရင်းနှီးမြှပ်နှံမှုများက လျော့ကျမသွား။ ယခင်ကတည်းက ကျားချောင်း ချောင်းနေသလားတောင် ထင်ရသည်။ အပြောင်းအလဲအရှုပ်အထွေးများကြားတွင် ရန်ကုန်မြို့သည်လည်း တစ်နေ့တစ်ခြား မြို့ပြအဆောက် အဦးများ တစ်စစများပြားလာသည်။ မြို့တွင်းသာမက မြို့ပြင်ဆင်ခြေဖုံးများအထိ မြေကြီးတန်ဖိုးများက တရိပ်ရိပ်တက်နေသည်။ ယခင် လူငယ် တွေ ဘောလုံးကစားခဲ့သော မြေကွက်လွတ်များသည် ကြီးမားခန့်ထည်သော စီးပွားရေးအဆောက်အဦးကြီးများအသွင် ပြောင်းသွားသည်။ အစိုးရမီဒီယာများကတော့ “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်”ဟု ဟစ်ကြွေးသီဆိုနေမြဲ။

မြေကြီးကြောင့် အချို့ကြီးပွားသည်။ မြေကြီးကြောင့် အချို့ ဘ၀ပျက်သည်။ မြေကြီးကြောင့် အချို့ ဆွေမျိုးပြတ်သည်။ မြေကြီးကြောင့် အချို့ အေးချမ်းသည်။ မြေကြီးကြောင့် အချို့ရူးနှမ်းသည်။ ဥပဒေကြောင်းအရ အိမ်ခြံမြေယာအမှုအခင်းများသည် ရှုပ်ထွေးသကဲ့သို့ မလှိမ့်တပတ် လုပ်ရန်လည်း အခွင့်သာသည်။ ဂရမ်အတု၊ စလစ်အတု၊ စာချုပ်အတု၊ ပိုင်ရှင်အတု၊ ၀ယ်သူအတု၊ ပွဲစားအတု၊ မြေတိုင်းစာရေးအတုများသည် မြေအရောင်းအ၀ယ်လောကတွင် ရောထွေးလည်ပတ်နေသည်။ အိမ်ခြံမြေပွဲစားအချို့၏ မသမာသော ဈေးကစားမှုများကြောင့် မြေကြီးသည် ပေါက်ဈေးထက် တန်ဖိုးများစွာ ဖောင်းပွတိုးမြင့်သွားသည်မှာ အကြိမ်ကြိမ်။

အိမ်ခြံမြေယာဥပဒေများသည် သာမန်ပြည်သူများအတွက် ရိုးရှင်းခိုင်မာပြီး လွယ်ကူပျံနှံ့မှုရှိရန် လိုအပ်သည်။ မီးဘေးသင့်၍ ဖျက်သိမ်းစီမံခံ လိုက်ရသော လူထုအိမ်ယာမျက်ရည်များအတွက် ဆုံးရှုံးမှုနှင့် ညီမျှသည့် အစားထိုးမှုမျိုးပေးသင့်သည်။ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ဖယ်ရှားခံလိုက်ရသော ပြည်သူ့အိုးအိမ်စီးပွားများအတွက် ကနဦးကတည်းက သဘောထားတောင်းခံချက်ယူသင့်သည်။ သတ္တုတူးဖော်စီမံ ကိန်းကြောင့် သိမ်းပိုက်ခံလိုက်ရသော မိသားစုလယ်ယာစိတ်ဓာတ်များအတွက် ပွင့်လင်းမြင်သာသည့် ချပြမှုမျိုး ပြုလုပ်ခဲ့သင့်သည်။  လူတို့ သည် လောဘနှင့် အာဏာစွဲကိုင်လျက် မြေကြီးကို တူးဖျက်ကြသည်။ ကျွတ်ကျွတ်အိတ်စုတ်တွေ ထိုးထည့်ကြသည်။ တောင်ကို ဖြို၊ မြစ်ကို ဖျက်ကြသည်။ လူတို့သည် ဤမြေကမ္ဘာအား မထီမဲ့ပြင်ပြုလုပ်ခြင်းများ ပြင်ဆင်သင့်ပေပြီ။ ဤမြေကမ္ဘာအပေါ် အမြတ်ကြီးစားမှုများ လျှော့ချသင့်ပေပြီ။ လူသားအားလုံး တတ်နိုင်သမျှ မြေကြီးကို တန်ဖိုးထား ချစ်မြတ်ကြပါစို့။ မြေကြီးလို ရိုးဖြောင့်ကျင့်ဆောင်ကြပါစို့။
 
လွန်းဆက်နိုးမြတ်
မဇ္ဈိမသတင်းစာ၊ နိုဝင်ဘာ ၁ ရက် ၂၀၁၄ စနေနေ့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...