Thursday, November 27, 2014

“ဆိုက်လိုက်ပြန်ပြီ သည်ဘူတာ”

          ကိုယ်ငယ်ငယ်က ကြားဖူးနားဝရှိခဲ့ပေမယ့်လည်း ကိုယ့်သမီးလက်ထက်မှာတစတစ ပျောက်မှန်းမသိ ပျောက်ကွယ်ကုန်တဲ့ မြန်မာမှု၊ ဓလေ့စရိုက်၊ မိရိုးဖလာ အစွဲအလမ်းလေးတွေကိုအလျဉ်းသင့်သလို ကိုယ်မှတ်မိသလောက် သက်ကြီးစကား သက်ငယ်ကြားရအောင် အတိတ်ကလေးဆောင်လို့ပြောချင်စိတ်ရှိတာ အသက်ကြီးခြင်းရဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်မယ် ထင်ပါတယ်။ အဖွားတုန်းကလည်းကိုယ့်ကို သည်လိုပဲ ပြောလာခဲ့တာပဲ မဟုတ်လား။ အချိန်တွေက တိုက်စားသွား တဲ့နောက် ကိုယ့်မှတ်ဥာဏ်ပုံရိပ်ထဲမှာပဲကျန်ရစ်ပြီး အပြင်မှာ ရှာရခက်တဲ့ အရာလေးတွေကို နောက်လူတွေ မျက်စိထဲ မြင်ယောင်ကြားယောင်လာအောင်ရေးနေရလိမ့်မယ် လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးပါဘူး။ ဒါပေမယ့်လည်း အခုဟာ ကိုယ့်အလှည့်ရောက်လာပြီ။ သည်အချိန်ကျမှတော့ သူများပြောတဲ့ ပုံနားထောင်ဖို့ထက် ကိုယ်ကိုယ်တိုင် ပုံပြင်လှလှပြောတတ်ဖို့လိုနေပြီ။ တတ်သမျှ မှတ်သမျှတော့ ဝါစာကမ္မာ ဖောရှောလုပ်ရဦးမယ်။ လောလောဆယ် စိတ်ထဲမှာသမီးကိုပြောချင်နေတဲ့ အကြောင်းအရာကတော့ ဘုရားသွားရင် ကန်တော့ပွဲ ကြီးကြီးငယ်ငယ်တွေနဲ့ဆုတောင်းဆုယူ လုပ်နေကြတဲ့ ဘိုးတော်ကြီးများ အကြောင်းပဲ ဖြစ်ပါတယ်။


         အလိုဆန္ဒတွေ ပြည့်မြောက်ဖို့ဆိုရင် ကံပွင့်အမွှေးတိုင် မထွန်းလည်းသူ့ဆိုင်ရာပိုင်ရာ ဘိုးတော်ဘတော်များကို ပူဇော်ပသလိုက်ရင် တလုံးတဝတည်း ပြည့်စုံသွားလိမ့်မယ်ဆိုတာကိုယ်လိုကောင်ကသာ ခေါင်းမာမာနဲ့ မသိချင်ယောင်ဆောင်နေတာ ကိုယ်မွေးထားတဲ့ သမီးကတော့ ကိုယ့်ထက်တောင်ပိုသိပါလိမ့်မယ်။ (သူ အဲ့ဒါကြောင့် နယ်တွေမှာချည့်နေရတာ လို့ ဖအေကို ဆုံးမရှာတယ်။)ဘိုးတော်မှန်ရင် လူအရှင်လတ်လတ် မဆိုထားနဲ့ ဘုရားပေါ်က ရုပ်ထုကြီးများတောင် ကန်တော့ပွဲများအုန်းအုန်းထနေအောင် ဆုထူးပန်ပရိသတ်များနဲ့ စည်ကားနေတာကို သူတို့အရွယ် ကလေးတွေ ဘာမှန်းမသိဖြစ်မစိုးလို့ သေသေချာချာ မိတ်ဆက်ပေးရမှာပေါ့လေ။ တကယ်တမ်းကျ ကိုယ်တို့အိမ်က ဘိုးတော်တွေဝိဇ္ဖာတွေလည်း မကိုးကွယ်။ နတ်လည်း မကိုးကွယ်ပါဘူး။ သရဏဂုံညစ်နွမ်းမှာစိုးလို့ ဘုရား၊တရား၊ သံဃာ ရတနာ သုံးပါးမှတပါး ဘုရားစင်ပေါ်မှာ ဘာမှ မထားဘူး။ ဒါပေမယ့်လို့ တောဘက် အညာဘက်သွားရင်အစွဲအလမ်းကြီးတဲ့သူတွေက ကြမ်းကြားလေကြားတောင် စကားအမှား မခံဝံ့ဘူး။ အရာရာ စပ်စပ်စုစုရှိတဲ့ကိုယ်က အဲ့ဒါ ဘယ်သူလဲ။ ဘာကြီးလဲ။ ဘာတွေဘယ်လိုဖြစ်သလဲ။ အကုန်လျှောက်မေးထားတာ။ကိုယ့်မှာတော့ ပြောပြနိုင်သူတွေ မရှားသေးဘူး။ သမီးတို့ခေတ်ကျရင်တော့ “သိဘူးလေ။ သူများလုပ်လို့လိုက်လုပ်တာ” ဆိုတဲ့သူတွေ ပိုများမလားပဲ။ ဒါတွေကို ကိုးကွယ်ရမယ်လို့ မဆိုလိုပါဘူး။သိတော့ သိထားသင့်တယ်။

         ဂျပန်ကိုသွားတုန်းကမီယားဂျီးမားဂုရှိမှာ ဂျင်ဂျာတစ်ဆောင် ရောက်ခဲ့တယ်။ အဲသည်ထဲမှာ ကိုယ်တို့ဆီက နတ်ကွန်းကလေးလိုလေးတိုင်စင်ကလေးနဲ့ ဂျပန်ပြည်ကို ကြွချီတော်မူလာသော ရဟန္တာမထေရ်မြတ်တွေကို ထုလုပ်ကိုးကွယ်ထားတာတွေ့တယ်။ နာရမှာရှိတဲ့ မိဂဒါဝုန်ဥယျာဉ်က ဘုရားကျောင်းဆောင် အဝမှာလည်း အနာရောဂါများကင်းစင်စေတယ်လို့ အယူရှိတဲ့ ရဟန္တာမထေရ်မြတ်ကို ကိုးကွယ်ထားတယ်။ ကိုယ်တို့ဆီက ရှင်ဗာကုလများဖြစ်မလားလို့အင်္ဂလိပ်လိုရေးထားတဲ့စာတွေ လိုက်ဖတ်ကြည့်တော့လည်း မတူဘူး။ ဂျပန်ပြည်ကို ဗုဒ္ဓဘာသာရောက်လာတာတရုတ်ပြည်ကတဆင့်လို့ ပြောကြပေမယ့် သူတို့ ပြုပ္ဗာကျွန်းကလေးဆီကို ထေရ်သံဃာ ရဟန္တာကြီးများကြွချီခဲ့တယ်။ သီတင်းသုံးနေထိုင်ခဲ့တယ် လို့ စာထဲရေးထားတာ ဖတ်ရတယ်။ ထူးထူးခြားခြားတစ်ဆူသော ရဟန္တာက ကလေးငယ်လေးကို ရင်ခွင်ပိုက်ထားတာတွေ့တော့ အံ့သြသွားတယ်။ ကိုယ်တို့ဆီကဇာတ်တော်တွေထဲမှာ ဒါမျိုး မကြားဖူးဘူး။ လက်လှမ်းမီရာ ဂျပန်တွေကို လိုက်မေးတော့လည်းဘယ်သူမှ သိတဲ့သူ မရှိကြဘူး။ ခေါင်းတယမ်းယမ်းနဲ့။ ညံ့လိုက်တဲ့ ဂျပန်တွေနှယ်။ ဘူတန်မှာတုန်းကဆိုအဲသလိုမျိုး ကလေးငယ်ကလေး မျက်နှာချင်းဆိုင် ခွထိုင်ထားတဲ့ ရုပ်ပွားတော် တစ်ဆူ တွေ့ခဲ့ဖူးတယ်။တလောက ဖေ့စ်ဘုတ်ပေါ် ဘာသာခြားတွေက စော်ကားတယ်လို့ လျှောက်ဖွတဲ့ ရုပ်ထုပေါ့။ အမှန်မှာတော့အဲ့ဒါ ဗုဒ္ဓရုပ်ပွားတော် မဟုတ်ဘူး။ ဂုရုရင်ဘုချီ လို့ခေါ်တဲ့ ရဟန္တာမထေရ်မြတ်ရဲ့ ရုပ်ပွားတော်။သူဖက်ထားတာလည်း ကလေးလေး မဟုတ်ဘူး။ အမြင်ရိုင်းမစိုးလို့ ကလေးပုံထုထားတာ။ အမှန်မှာတော့အဲ့ဒါ သူ့မိန်းမတဲ့။ သားဆုပန်တဲ့သူတွေအတွက် ရည်ရွယ်ထုလုပ်ထားတာ ဖြစ်တဲ့အတွက် ထိုင်ရှိခိုးလို့သင့်တော်ရုံ သဘောလောက်ကလေး ဒိုမျိုး ဒိုမျိုးလေး ကြိုးစားကြ လို့ ပြောချင်တာ ထင်ပါရဲ့။ရဟန္တာလည်းဆိုသေး၊ မိန်းမကြီးတန်းလန်းနဲ့လို့ မထင်နဲ့ဦးနော်။ ဂုရုရင်ဘုချီမှာ အတိတ်ဘဝဟောင်းကအကြောင်းရေစက် ဆုပန်ဘက် ပါရမီဖြည့်ဘက် မိန်းမပျိုကလေး ရှိတယ်။ နောက်ဆုံးဘဝမှာ သူလည်းပဲထွက်ရပ်လမ်းကို ကြွမြန်းတယ်။ သူတို့ကျင်လည်ရာ ဘဝဟောင်းတွေမှာ ထူးမြတ်တဲ့ စွမ်းရည်တွေကိုရည်စူးပြီး ရုပ်ထုအမျိုးမျိုး ထုလုပ်ကိုးကွယ်တဲ့အနက် အိမ်ထောင်သားမယား ပွားစီးခြင်းဆုတောင်းအတွက်အဲသည်ရုပ်ထုကလေးကို ကိုးကွယ်တာ။ ကျောင်းတွေမှာဆိုရင် ပညာဥာဏ်ကြီးမားခြင်း ရုပ်ထုရှိတယ်။နေ့တိုင်း ကျောင်းသားတွေ ရှိခိုးကြရတယ်။ ဆေးရုံတွေမှာ ကျန်းမာခြင်း ရုပ်ထု၊ စစ်တပ်ထဲမှာစစ်အောင်နိုင်ခြင်းရုပ်ထုတွေ ထားပြီး ကိုးကွယ်တယ်။ စုစုပေါင်း ရှစ်မျိုး ရှိသတဲ့။ အောင်ခြင်းရှစ်ပါးလိုပေါ့။သူတို့ကတော့ “eight manifestations” လို့ ပြောတယ်။ နောင်သောအခါ ရွှေတိဂုံဘုရားပေါ်က ပုဆိုးကွက်တုံးကြီးနဲ့တိုက်ပုံဝတ်ထားသူ စီးကရက်တွေ လက်ဆယ်ချောင်းပြည့်အောင် ညှပ်ထားသူကြီးကို သူများတွေက“အာ့ ဘူကြီးတုန်း။”  လို့ မေးလာတဲ့အခါ ဂျပန်တွေလို အိအိအအ မဖြစ်ပဲ ဘူတန်တွေလိုစီကာပတ်ကုံးများ ပြောတတ်ကြမလားလို့ ကိုယ်သိမီသလောက်ကလေးတွေ လက်ထောက်ချလိုက်ရပါတယ်။

          သူတို့တွေကိုထွက်ရပ်ပေါက် ပုဂ္ဂိုလ်များလို့ ခေါ်ကြတယ်။ သူများနားလည်အောင် ဘာသာပြန်ရရင်Immortals မသေနိုင်သောသူများပေါ့။ တရုတ်ပြည်က စွန်းဝူခုန်းကြီးလို၊ အိန္ဒိယက ဆိုင်းဘာဘာကြီးလိုသူတို့လည်း ငါမသေဘူး ရေကူးတတ်တယ် ဆိုတဲ့ လူစားတွေ။ ကိုယ်တို့ဗုဒ္ဓဘာသာ အယူမှာကျတော့ဘုရားတောင် ပရိနိဗ္ဗာန်စံတော်မူရတာဆိုတော့ အဲသည်ပုဂ္ဂိုလ်ကြီးတွေကို သေမင်းက လူ့ပြည်မှာဗီဇာအကြာကြီးပေးပြီး ရီတန်းတိကက်ကို နောင်ပွင့်မည့်ဘုရားရှင်လက်ထက်မှ ဖြတ်ပေးထားတယ်။အချိန်တန်ရင်တော့ နိဗ္ဗာန်ကို စံဝင်မှာပေါ့လေ။ အဲသည်မတိုင်ခင်စပ်ကြား ၇ ရက်သားသမီးများကိုကယ်တင် မစရအောင်၊ သာသနာပြုရအောင် ဆင်ခြေတွေပေးကြတာပေါ့။ အဲသည်လို အယူအဆမျိုးက မဇ္ဇိမအရပ်ကလာတယ်ထင်တာပဲ။ အံ့ဖွယ်သုတ တစ်ထောင့်တစ်ညသော အိန္ဒိယပုံပြင်တွေထဲမှာ မအို မနာ မသေရာသော ယောဂီရသေ့ကြီးတွေအများကြီး ရှိတယ်။ ကိုယ်တို့ ဘုရားဟောထဲက နဒီကဿပရသေ့ကြီးဆို ဟိုးအရင် ဘုရားရှင်လက်ထက်ကတည်းကဈာန်သမာပတ်ဝင်စားနေခဲ့တာ ဂေါတမဘုရားရှင်လက်ထက်ကျမှ အပြင်ကနှိုးလို့ ပြန်လည်နိုးထတဲ့အခါသူကတော့ တအောင့်တဖြုတ်ကလေးပဲ ရှိသေးတယ် လို့ အောင့်မေ့သတဲ့။ သိဒ္ဓတ္ထမင်းသား တောထွက်ပြီးတဲ့အခါမှာလည်းသဗ္ဗညုတ ဥာဏ်အလင်းမရမီ ကာလပတ်လုံး အဲသလို သမထ၊ အဘိဥာဏ်နဲ့ ဈာန်သမာပတ်ဝင်စားသော ကမ္မဌာန်းတရားများကိုဆရာရသေ့ကြီးများထံက ဆည်းပူးလေ့လာခဲ့သတဲ့။ သူတို့လည်း လောကလူ့ရွာက လွတ်ရာလွတ်ကြောင်းအသင်္ခတ တရားကို ရှာဖွေတာပါပဲ။ သို့သော်လည်း  ဘုရားရှင်ထိုးထွင်းသိမြင်သလို သစ္စာလေးပါးဘက်ကို ရောက်မလာပဲမအိုရာ မနာရာ မသေရာ ထွက်ရပ်လမ်းကို ရည်မှန်းခဲ့ကြတာကိုး။

           ယုံကြည်သူတွေကသူတို့စာရင်းထဲမှာ သွတ်သွင်းထားတဲ့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီးတွေထဲမှာ ဘုရားရှင်သာသနာတော်ကတပည့်သားမြေး ရဟန္တာမထေရ်များလည်း ပါနေတာ နည်းနည်းထူးဆန်းသလိုပါပဲ။ မိလိန္နမင်းကြီး နဲ့အမေးအဖြေတွေလုပ်တဲ့ ရှင်နာဂသေနမထေရ်ဟာ သည်ကနေ့ထိတိုင် ကချင်ပြည်နယ်က ခါကာဘိုရာဇီတောင်ပေါ်မှာသီတင်းသုံးနေဆဲဖြစ်သတဲ့။ ရဟန္တာမထေရ်များဟာ အာယုသင်္ခါရ မလွှတ်သေးရင် အာယုကပ်တစ်ကပ်လုံးအသက်ရှင်နေနိုင်တယ်လို့ ဆိုတာကိုး။ ရှင်ဥပဂုတ္တ ရဟန္တာကြီးလည်း တောင်သမုဒ္ဒရာရေပြင်မှာကြေးပြသာဒ်နဲ့ သီတင်းသုံးနေဆဲ လို့ ဆိုသေးတယ်။ စာရာမေတိတောင်ပေါ်မှာက တစ်ပါး၊ ပဲခူးရိုးမမှာတစ်ပါး၊ ရခိုင်ရိုးမမှာ တစ်ပါး၊ နီပေါမှာ တစ်ပါး၊ အဲလိုမျိုးတွေ ဧည့်စာရင်းတိုင်ထားလိုက်ကြတာကိုယ်တို့ အလောင်းတော်ကဿပဆို သွားဖူးနေတဲ့ ပေါင်းလောင်းရှင်မဟာကဿပကိုယ်တော်ကြီးလည်းနောက်ဘုရားရှင်လက်ထက်ရောက်မှ တေဇောဓါတ်လောင်ကျွမ်းမှာမို့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်စာရင်းထဲဝင်သွားတယ်။

            အဲသည်ဘိုးတော်တွေကိုအားကိုးတကြီး ကိုးကွယ်တတ်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ကိုယ်တို့ဘုန်းဘုန်းတွေကတော့ “ပါလို၏ဗုဒ္ဓဘာသာ” လို့ ကင်ပွန်းတပ်တယ်။ ရတနာသုံးပါးကို ကြည်ညိုတဲ့ သဒ္ဓါတရား၊ မဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုလိုတဲ့ သဒ္ဓါတရား မဟုတ်ပဲ ကိုယ့်လိုဘ ကိုယ့်ဆုတောင်းကို အတင်းကြီးပြည့်ချင်တဲ့ လောဘသက္ကာယကို အရင်းခံထားတာကိုး။ လူတွေစိတ်ထဲမှာ ဝိဇ္ဖာ မ မည်။ ဘိုးတော်ကယ်မည်။ ရွှေဖြစ်ငွေဖြစ်၊ ကာယသိဒ္ဓိ၊ အာဟာရသိဒ္ဓိ၊ လာဘသိဒ္ဓိ၊ ပီယသိဒ္ဓိ၊ သိဒ္ဓိအဖုံဖုံ ကုံလုံလို့ရွှေမိုးငွေမိုးရွာမည်ချည့်ပဲ မျှော်လင့်ထားတာ။ ဗုဒ္ဓဟူးသားလေး ဂျီတီစီစာမွဲအောင်ပြီးနည်းပညာတက္ကသိုလ်တက်ခွင့်ရဖို့ ဆိုတာမျိုးတောင် ပါတယ် မဟုတ်လား။ သူများကို မလှောင်ပါဘူး။ကိုယ့်တုန်းကလည်း မဟုတ်သော်ရှိ ဟုတ်သော်ရှိ အဲသည်အလုပ်တွေနဲ့ ကင်းမှ မကင်းခဲ့ပဲ။ (ဒါတောင်မကိုးကွယ်ပါဘူး ပြောနေတာနော်)

            ကလေးဘဝမှာတရားပွဲတွေ လိုက်နာရင်း၊ တရားစာအုပ်တွေလိုက်ဖတ်ရင်း သေခြင်းတရားအကြောင်းကို ပထမဦးဆုံးဆင်ခြင်မိတဲ့အခါ ကြက်သီးမွေးညင်းတွေထပြီး ရှူရှူးပေါက်ချင်သလို ဖြစ်လာတဲ့အထိ ကြောက်တာပေါ့။မသေအောင် ဘယ်လိုလုပ်ရမလဲဆို လျှောက်ရှာတော့ စောစောကပြောတဲ့ နဒီကဿပရသေ့ကြီးပုံပြင်ကိုလူကြီးတွေပြောတာ ကြားဖူးလိုက်တယ်။ သမထဘာဝနာ ပွားများလို့ ဈာန်တရားများရလာရင် ဘုရားသာသနာတစ်ဆက်ကျော်အောင်အသက်ရှင်နိုင်သကိုးလို့ ယုံကြည်မိတယ်။ ဒါမျိုးရှာဖတ်တဲ့သူဆိုတာ ဒါမျိုးတွေပဲ ထပ်တွေ့တာပေါ့။ရှင်အရဟံပုတီးစိတ်နည်း အညွှန်းဆိုတာ ဖတ်မိပြန်ရော။ ပုဂံခေတ်က ရှင်အရဟံ ရဟန္တာမထေရ်မြတ်ကြီးဟာလည်းထွက်ရပ်ပေါက် ပုဂ္ဂိုလ်စာရင်းထဲမှာ ပါသတဲ့။ သူပုတီးစိပ်တဲ့ ဂါထာကလေးကို ပုဂံခေတ်ကတည်းကယုံယုံကြည်ကြည် စိတ်လာတဲ့ မာတုဂါမကလေးက အခုထက်ထိတောင် ၁၆ နှစ်သမီးလေး ရုပ်သွင်နဲ့ ဘုရားလာဖူးဆဲပဲဆိုတဲ့အိပ်ဆောင်တရားစာအုပ်ကလေးတွေကို အဟုတ်ထင်ခဲ့တယ်။ မဟုတ်ရင် အရင်း ဟုတ်ခဲ့ရင် အမြတ်ပေါ့ဆိုပြီးညအိပ်ယာဝင်တိုင်း အဲသည်ဘုရားရှိခိုးဂါထာကလေးကို သက်စေ့ပုတီးစိပ်ပြီးမှ အိပ်တာ ဆေးကျောင်းရောက်ပြီးစာမေးပွဲတွေနှိပ်စက်လို့ အိပ်ချိန်စားချိန်တွေ ဖြစ်ချင်တိုင်းဖြစ်ကုန်တော့မှာ ပျောက်သွားတယ်။(အခုတောင် သူများတွေက ရုပ်မပြောင်းဘူးနော်။ ငယ်ငယ်တုန်းကအတိုင်းပဲ လို့ လာပြောရင် စိတ်ထဲမှာငယ်ငယ်က အဲသည်ပုတီးစိပ်နည်း စိပ်ခဲ့လို့ ထင်ပါရဲ့ လို့ အောင့်မေ့မိသေး။ အဟိ) သည်တစ်သက်မှာပုတီးပတ်ရေ အများဆုံးစိပ်ဖြစ်ခဲ့တာဆိုရင် ဆယ်တန်းစာမေးပွဲ ဖြေပြီးနောက်ပိုင်းပေါ့။သားအမိနှစ်ယောက် ဆေးကျောင်းရောဂါထကြတဲ့အခါ ဘုရားရောက်တိုင်း အမေလုပ်တဲ့သူက ကျောက်တုံးကြီးချီပြီးကန်တော့ပွဲကြီးပေးလို့ အဓိဋ္ဌာန်ခဲ့။ သားလုပ်တဲ့သူက သူ့အမေပေးထားတဲ့ ကတိမပျက်အောင် ဘုရားတကာလှည့်ပုတီးတွေစိပ်။ ဖြစ်တာမဖြစ်တာ ယုံကြည်တာ မယုံကြည်တာ အပထား၊ စာမေးပွဲကဖြင့် ပြန်ဖြေလို့မရနိုင်တော့ဘူး။ သူများတွေပြောနေကျသလို ဟိုအမှတ်ကလေး သည်အမှတ်ကလေး တစ်မှတ်စ နှစ်မှတ်စတိုးအောင် အသိတွေအကျွမ်းတွေနဲ့ နောက်ကလိုက်မေးတာမျိုးလည်း မလုပ်နိုင်ဘူး။ ကိုယ်လုပ်နိုင်တဲ့အလုပ်ဆိုလို့ဒါပဲ ရှိတယ်။

            အဲ့ဒါကြောင့်ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တစ်ထောင် နှံ့အောင်လည်ပြီး ဇရပ်တကာ ပုတီးစိပ်မိတော့ ပဌာန်းဆက်တွေ၊သိုက်ဆက်တွေဆိုတာ ဘော်ဒါဘော်ချက်တွေ ဖြစ်လို့။ မပူလေနဲ့ သားတော်ကြီး။ ဆရာဝန်တော့ ဖြစ်ကိုဖြစ်ရမယ်။ဇာတာခွင်ကိုက ဆေးဂွင်ကြီး ဆိုတာမျိုး။ (တော်ပါသေးရဲ့အေ။ ဆေးကျောင်းဝင်တော့ ဓါတ်ပုံကလေးပေးပြီးဗေဒင်မှန်ပါပေသည် ကြော်ငြာမပေးရလို့) မှန်အောင်လည်း ဟောရသေး မယုံမကြည်နဲ့ လို့ ပြောရင်လည်းခံရမှာပါပဲ။ အဲသည်ဘိုးတော်လိုင်းက လူများဟာ ဗေဒင်မှန်ရုံကလေးနဲ့ လုပ်စားနေတာတော့ မဟုတ်ဘူး။သူတို့ဆီမှာ အံ့ဖွယ်သုတ အစွမ်းပြချက်တွေ ရှိတယ်။ တစ်ယောက်ဆိုရင် လက်ခုပ်နှစ်ဘက်ကိုလေထဲယမ်းပြီး ဖမ်းလိုက်ရင် ဘာတွေရောက်ရောက်လာမှန်းမသိဘူး။ အိပ်ထဲပါတဲ့ ပိုက်ဆံကို နံပါတ်ဖတ်ပြနိုင်တဲ့ဆရာမအီးတီလောက်တော့ သူတို့လည်း စွမ်းတဲ့သူတွေ စွမ်းကြတယ်။ ကိုယ့်ကို သွန်သင်တဲ့ ရဟန်းသံဃာများကသရဏဂုံမြဲအောင် ဆုံးမထားလို့ သူတို့နဲ့ တွေ့ရင် အံ့ရောဟယ် အံ့ရောထက် မပိုဘူး။ ဒါကြောင့်တစ်ခုခုဆို အလိမ်ခံရတဲ့အထဲတော့ မပါဘူး။ သူတို့ခိုင်းရင် အရင်းမစိုက်ရမှ လှေထိုးလိုက်တယ်။လှူစရာတန်းစရာ ပိုက်ဆံမရှိဘူးဗျ။ ပုတီးစိပ်ခိုင်းမလား ပြော။ ဘယ်နှစ်ရက်လဲ ဘယ်နှစ်ပတ်လဲ။စိပ်ပလိုက်မယ်။

             အသက်ကလေးရလာလို့ပဉ္ဇင်းတက်၊ ရိပ်သာဝင်၊ တရားထိုင်တတ်လာတဲ့အခါ ဆုတောင်းတဲ့ အကျင့်ပျောက်သွားတယ်။ ကိုယ်တောင်းတဲ့ဆုကတော်တော်ကြာ မလိုချင်တော့ရင် ဘယ့်နှယ်လုပ်မတုန်း။ ဆုတောင်းလည်းပြည့်ရော မလိုအပ်တော့ဘူးဆိုရင်ကောဘယ်လိုလုပ်မတုန်း။ ဘယ်အရာပဲ ဖြစ်ဖြစ် မရသေးခင်သာ လိုချင်နေတာ။ လက်ထဲရောက်လာတော့ သူခိုးရွှေရတစ်ပြနှစ်ပြလောက်ဆို မေ့သွားရော။ အဲ့ဒါကြောင့် နောက်ပိုင်း မဖြစ်မနေ ဆုတောင်းကြစတမ်းဆိုရင်“ဘဝမှာ ဖြစ်ချင်တာတွေ ဖြစ်ချင်တိုင်း ဖြစ်ရော့လဟယ်။” လို့သာ ဆုတောင်းချင်တော့တယ်။ သေရမှာလား။မကြောက်တော့ပါဘူး။ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်အလုပ်ဆိုရင် ဇိုးကနဲဇတ်ကနဲ ကောက်လုပ်ပလိုက်ချင်တဲ့အကျင့် ရှိနေပြီ။ ဘယ်တော့အချိန်တန်မယ်မှန်း မသိလို့သာ။ သေရမှာထက် မသေနိုင်ပဲ အဲသလောက်ကာလရှည်ကြာ ကျင်လည်နေရမှာတောင် ပိုကြောက်မိသေး။ ပျင်းစရာ ကောင်းလိုက်ပုံများ။ တစ်နေ့လာလည်းဒါပဲ။ နောက်တစ်နေ့လာလည်း ဒါပဲ။

            ကိုယ်ကတော့ကိုယ့်အယူအဆနဲ့ကိုယ်။ ဒါတွေကို မယုံကြည်ဘူး။ စပ်စပ်စုစု တီးခေါက်မေးမြန်းကြည့်တာဆိုပေမယ့်လို့ရှိသမျှစည်းစိမ်ရော သက်လုံးပုံ ယုံကြည်သူတွေတော့ မနည်းမနောကြီး ရှိနေပါတယ်။ ဒါကြောင့်စေတီ ပုထိုးတိုင်းမှာ ရုပ်ထုတွေ လက်ညှိုးထိုးမလွဲ ရှိနေတာ။ သူတို့နေတဲ့ ဂန္ဓာရီနယ်မြေ၊ ဂမ္ဘီရနယ်မြေက ကိုယ်လို သိပ္ပံသမားနဲ့ ဖရီကွမ်စီ မတူဘူး။ ဖမ်းလို့ မမိဘူး။ ဖရီကွမ်စီတူသူတွေသာရုပ်မြင်သံကြား ခံစားနားဆင်နိုင်တာ။ အထင်ကရ သာသနိကအဆောက်အဦတွေမှာ သူတို့နဲ့တပည့်တပန်းသားမြေးများ ကောင်းမှုတွေလူသိရှင်ကြား ရှိတယ်။ ပုပ္ပားတောင်မှာ အဘအောင်မင်းခေါင်တဲ့။မန္တလေးတောင်ပေါ်တောင်ခြေ စေတီတွေရှိရှိသမျှ ရသေ့ကြီး ဦးခန္တီကောင်းမှုနဲ့ မကင်းလို့ အင်္ဂလိပ်အစိုးရကတောင်သည်ရသေ့ကြီး ပိုက်ဆံလုပ်တဲ့စက်များ ရှိသလားဆိုပြီး ရွှေဖြစ်ငွေဖြစ်ဂါထာတွေ တောင်းဖူးသတဲ့။ရန်ကုန် ဆယ်မိုင်ကုန်းနားမှာ ဆေးဝင်္ကပါ ဆရာတော်ဆိုတာ ရှိခဲ့တယ်။ အာလိန်ငါးဆင့်ဘုရားကသူတည်ထားတာ။ ကျိုက်ဝိုင်းမှာ ဘိုးပေါက်ဆိန်တဲ့။ တံတားကလေးမှာ နာဂလိုဏ်ဂူ တဲ့။ အင်မတန်နံမည်ကျော်ကြားခဲ့သော ထွက်ရပ်ပေါက်ဆရာတော်ကြီးများ လို့ ပြောကြတယ်။ ဘိုးတော်တွေအားလုံးမိတ်ဆက်ပေးအပြီးမှာ နောက်ဆုံး ပွဲထုတ်ရတာကတော့ ဘိုးဘိုးအောင်ပါပဲ။ မြန်မာမှန်ရင် မသိတဲ့သူမရှိ။ “ဘိုးဘိုးအောင် တဘောင်နဲ့ပေါ်လာပြီ” လို့တောင် သီချင်းကလေး ရှိတယ်။ “ဘိုးဘိုးအောင်နဲ့ရှင်အဇ္ဖဂေါဏတို့ မ တဲ့ကိန်းဆိုက်မည်” လို့ နဂါးနီ သီချင်းထဲမလည်းပါတယ်။ လူပေါ်လူဇော်ဆိုသလိုပဲ။ ဘိုးတော်ချင်းအတူတူ ဘိုးဘိုးအောင်ကမှ ဘာလို့ပိုပြီး နံမည်ကြီးနေရသလဲ မသိပါဘူး။ရွှေတိဂုံဘုရားပေါ်မှာ သူလှူထားတဲ့ ဆုတောင်းပြည့် ရုပ်ပွားတော်တစ်ဆူ နဲ့ စေတီတစ်ဆူ ရှိတယ်။အံ့ဖွယ်ကိုးပါးထဲမှာ ပါသတဲ့။

             ဘိုးဘိုးအောင်ကတကယ်တော့ အမရပူရစံ ဘိုးတော်မင်းတြားကြီးနဲ့ သက္ကရာဇ်တစ်ခုတည်းဖွားတဲ့။ ငယ်ငယ်တုန်းကမောင်ဝိုင်းရယ်၊ မောင်ဖိုးအောင်ရယ်၊ မောင်မြတ်ရယ်ဟာ သူငယ်ချင်းသုံးယောက် ရှိလေသည်ဆိုပြီးတစ်ဦးကောင်းစားရင် တစ်ဦးမမေ့စတမ်း ကတိတွေ ထားခဲ့ကြတယ်လို့ဆိုတယ်။ (တစ်ပတ်စဉ်တည်းဆင်းတွေကျနေတာပဲ)ဒါပေမယ့်လည်း ဘိုးတော်ဦးဝိုင်းက သူရှင်ဘုရင် ဖြစ်တဲ့အခါ ကတိမတည်ပဲ ကဖိုးအောင်ကို ဖမ်းဖို့သတ်ဖို့အကြိမ်ကြိမ် ကြိုးစားသတဲ့။ သည်အခါမှာ ဦးအောင်က “မင့်လို ကတိသစ္စာမတည်တဲ့ကောင်က ငါ့ကိုသတ်ဖို့မဆိုထားတဲ့ငါရေးတဲ့ ဝလုံးကလေးတစ်လုံးပဲ ပျက်အောင်ဖျက်စမ်းပါဦးကွာ။” ဆို အိမ်စာပေးလိုက်တဲ့အခါဘိုးဘိုးအောင်ရေးတဲ့ ဝလုံးကလေးတွေဟာ တစ်လုံးဖျက်တိုင်း နှစ်လုံးနှစ်လုံး ဖြစ်လာသတဲ့။ဗမာ့တန်ခိုး နဲ့ နှစ်ဆတိုးလာစေမယ်လို့ လောင်းကစားဝိုင်းက လူကြီးတွေကတော့ ပြောကြတာပဲ။ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းများမှာတောင်မှမတရားလုပ်တဲ့ ရှင်ဘုရင်ကို ကလန်ကဆန်လုပ်ခဲ့သူများသာ တိုင်းလုံးမြေပေါ် ဟိုးဟိုးကျော်ပေတော့သကိုး။ဒါမျိုးဆိုတာ တစ်ယောက်ကို လက်စတုံးမယ်ကြံတိုင်း နှစ်ယောက်ပေါ်လာတတ်တယ်လို့လည်း သတိပေးချင်တဲ့အခါဘိုးဘိုးအောင်ကို ခေါင်းစဉ်တပ် ရမယ်ရှာကြတယ် ထင်ပါတယ်။ ကိုယ့်တိုင်းပြည်မယ် ရှင်ဘုရင်ထင်ရာစိုင်းလို့ တိုင်းသူပြည်သားတွေ ဒုက္ခပင်လယ်ဝေရတိုင်း ဘိုးဘိုးအောင် တဘောင်နဲ့ ပေါ်လာပြီလို့ စိတ်ထဲမှ တ ကြတာပေါ့။

             ဘိုးဘိုးအောင်ဇာတ်ထုပ်ဟာ စကြာရေချ ဇာတ်လမ်းနဲ့ ဆက်လိုက်တဲ့အခါကျမှ မင်းသားတွေလည်း ဆိုလို့ငိုလို့ကောင်း၊ကုန်းရုပ်ဗီလိန်တွေလည်း ဌာန်ကုန်အောင် ပို့လို့ကောင်းကြရော။ ဘိုးတော်ဘုရားဟာ ကုန်းဘောင်ဆက်မှာနန်းသက်အရှည်ဆုံးမင်းတစ်ပါးမို့ သူသေတဲ့အခါ သားကြီးသမီးကြီးတွေ နန်းမွေ မဆက်ခံနိုင်ပဲမြေးတော်တွေ နန်းတက်လာတယ်။ သူက အိမ်ရှေ့အရာထားခဲ့တာကတော့ စကြာမင်းသားလေးဆိုပေမယ့် နန်းရပ်ထီးဖြူပလ္လင်ထူလိုသူများက မရရတဲ့နည်းနဲ့ ဟန့်တားနှောက်ယှက်ကြတယ်။ အမှုတွေဆင်၊ ကိုယ်ဝေကိုယ်ချိုး၊ကိုယ်ခိုးတဲ့ဖဲနဲ့ ပွဲသိမ်းအောင် ရိုက်သွားခဲ့တာကတော့ နန်းမတော်မယ်နု နဲ့ စလင်းစားမောင်အိုတို့ခြယ်လှယ်ထားတဲ့ ဘကြီးတော် စစ်ကိုင်းမင်းလက်ထက်မှာပါပဲ။ နောက်ပိတ်ဆုံးမတော့ မဟာဆီမဟာသွေးမြေခလို့ မတင့်တယ်ပါဘူးဆိုပြီး ရေထဲချကွပ်မျက်ခဲ့သတဲ့။ နန်းတွင်းအရေးဆိုတာ လူထုထောက်ခံချက်မလို၊လက်ဦးဖို့သာလိုတယ် လို့ဆိုပေမယ့်လည်း နန်းမတော်ဘုရားအပေါ် မေတ္တာထားကြတဲ့ တိုင်းသူပြည်သားများဟာစကြာမင်းသားလေးကို ဂရုဏာပိုကြတာ မဆန်းပါဘူး။ သူတို့ဟာသူတို့ ဘယ်လိုပဲ နန်းမတက်နိုင်အောင်လူကိုပါ အသေသတ်ပစ်ဦးတော့ လူတွေရင်ထဲက ထောက်ခံမှုအပြည့်ရထားတဲ့ စကြာမင်းသားကလေးက သေကိုမသေဘူး။ ဘိုးဘိုးအောင် လာကယ်သွားတယ်။ မကြာခင်မှာ မင်းလောင်းအဖြစ် ပြန်ပေါ်လာလိမ့်မယ်လို့ယုံယုံကြည်ကြည် မျှော်လင့်ကြတယ်။ အထူးသဖြင့် ကျေးလက်ကလူတွေပေါ့။ သူ့ကျွန်မခံပြီထဲမှာဗလကြီးက ကိုကျော်သူကို စကြာကိုယ်တော် စကြာကိုယ်တော် နဲ့ ခေါ်နေတာ အဲ့ဒါကို ပြောတာပါ။

              ဒါနဲ့ပတ်သက်ပြီးကိုယ်လိုရာ ဆွဲတွေးတယ် လို့ ပြောရင်လည်း ခံရမှာပါပဲ။ ဟုတ်သည် မဟုတ်သည် ကိုယ့်ဘာသာ စဉ်းစားကြပေါ့။အခုလက်ရှိမှာလည်း ကိုယ်တို့ဆီမယ် စကြာကိုယ်တော်လို နန်းမတက်အောင် ရေချသုတ်သင်လိုတဲ့ဧကရီလောင်းလျာတစ်ပါး ပေါ်နေပြီ မဟုတ်လား။ ခိုးသားငါးရာနဲ့ ဝိုင်းရိုက်ခဲ့တာလည်း မအောင်မြင်ခဲ့ဘူး။ခမျာမယ် အကုသိုလ်ကံ အကျိုးပေးကာနီးလို့ ဒန်ပေါက်ဆွမ်းကပ်တာတောင် အမည်းစက်ကြီး ဖျက်မရရှာဘူး။လူမုန်းများပါစေတော့ရယ်လို့ ဘုန်းကြီးနဲ့ လှည့်တိုက်၊ ကုလားနဲ့ လှည့်ခြောက်၊ ၂၀၀၈တုန်းကသဝေမပါ ကိုးဂါထာကို အနုလုံပဋိလုံ ရွတ်ဖတ်စည်းတားနေတာလည်းမရ။ အတွင်းစည်းရော အပြင်စည်းရောဘယ်စည်းကမှ အကျိုးပေါက်မခံ၊ လှေခွက်ချည့်ကျန် အလံမလဲ၊ ဗျူဟာအစုံ မူယာအကုန် သုံးလို့ရုပ်ပျက်ဆင်းပျက်ကို ခံစစ်ဆင်နေကြရရှာတာ သနားဖို့တောင် ကောင်းတယ်။ ပွဲက မပြီးသေးတော့နောက် ဘယ်နည်းတွေများ သုံးဦးမယ် မသိဘူးပေါ့လေ။ ဒါပေသိ တစ်ခုတော့ သတိပေးထားပါရစေ။ ဘိုးဘိုးအောင်ဆိုတာတဘောင်နဲ့ ပေါ်လာတာဗျ။ ဝတစ်လုံးဖျက်ရင် နှစ်လုံးပေါ်လာမယ် သိလား။ ဟိုတုန်းက စိတ်နဲ့သာဆိုကိုပါကြီးလည်း ကင်မရာကြီး လက်ထဲကိုင်ကတဲ့ သံတော်ဆင့်နတ် ဖြစ်လောက်ပြီ။ ကချင်နတ်စစ်သည်နှစ်ကျိပ်လည်း ကန္နားထဲမယ် ဒါးတဝင့်ဝင့်နဲ့ ဒေါင်မရေ ကလိုက်ချည့်သေး ဆိုင်းတီးနေရမယ်။အချိန်တစ်ခုလွန်သွားတဲ့အခါ သမိုင်းမှာ ကိုယ်တွေပဲ တံတွေးခွက် ပက်လက်မျောကျန်ရစ်မှာ။မသေရမယ့်သူလည်း တစ်ယောက်မှ ပါတာမဟုတ်။ လိမ်မာစမ်းပါ ကလေးရယ်။ ဘိုးတော်လာရင် ဓါတ်ငှက်ပျောသီးကျွေးမယ်။ဓါတ်လုံးလေးလည်း ပေးမယ်။ “ပွတ်ရင်ပြောင် ဆောင်ရင်လေး၊ ရေစိမ်သောက် သေးပေါက်တဲ့ဆေး”လို့ မှတ်ပါလေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...