Wednesday, October 8, 2014

သမိုင်းဝင်ပေမယ့် သမိုင်းမတွင်တဲ့ ထိုတနေ့

 
အရေးတော်ပုံ ခြေဆင်း

            ထို့နေ့သည် နွေအကုန်မိုးအကူး ဇွန်လ၏ ပူပြင်းခြောက်သွ့လှသောနေ့တစ်နေ့၏ မနက်ခင်းဖြစ်သည်။ ကျွန် တော်နှင့် စည်သူ နှစ်ယောက်သား ဆရာဦးငွေပေါ၏ ကျူရှင်မှ အပြန် လက်ဖက်ရည်ဆိုင်ထိုင်ယင်း လက်ရှိနိုင်ငံ ရေးအခြေအနေကို ပြောဖြစ်ကြသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကကျင်းပခဲ့သည့် ရွေးကောက်ပွဲနှစ်ပတ် လည်နေ့တွင်းကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီညီလာခံမှ ရက်ပေါင်း ၆၀ အတွင်းလွှတ်တော် ခေါ်ပေးရန် စစ်အစိုးရအပေါ် ပြတ်ပြတ် သားသားတောင်းဆိုလိုက်သည်။ ထိုသို့ မတောင်းဆိုမီကတည်းက အမျိုး သားဒီမိုကရေအဖွဲ့ချုပ်နှင့် စစ်အစိုးရတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ ပြင်းထန်လာခဲ့သည်။ အဖွဲ့ချုပ်၏ အထွေ ထွေရေးမှူး စီးသော ကားကို စစ်အစိုးရဖွဲ့စည်းထားသော စွမ်းအားရှင်များက ရန်မူမှုများရှိခဲ့သည်။
ထိုအခြေအနေများကို ကျနော် နှင့် စည်သူပြောဆိုနေကြပြီး လက်ရှိနိုင်ငံရေးအခြေအနေအောက်တွင် အပြောင်း အလဲများဖြစ်အောင်လုပ်ဆောင်ဖို့ စိတ်ကူးယဉ်ကြည့်ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော် ခေါ်ယူရေးတောင်းဆိုချက်သည် စစ်အစိုးရအတွက် အရှိုက်ကိုထိသွားစေသည်ဟု ကျနော်တို့က သုံးသပ်သည်။
လက်ရှိ နိုင်ငံရေးအရ ရှေ့မတိုး၊ နောက်မဆုတ်နိုင်ဖြစ်နေသည့်အခြေအနေတွင် နိုင်ငံတကာဖိအားကလည်း ဒီ့ ထက်ပို တိုးလာစရာရှိနေသည်။ ထို့အပြင် ၁၉၉၆ ခုနှစ်ကျောင်းသားလှုပ်ရှားမှုကြောင့် ကာလကြာရှည်ပိတ်ထား ခဲ့သော တက္ကသိုလ်ကျောင်းများကို ဆိုင်းမဆင့် ဗုံမဆင့် စာမေးပွဲများကျင်းပမည်ဟုကြေငြာလိုက်သည်။ သို့ သော်ကျောင်းများကိုတော့ ပိတ်မြဲပိတ်ထားလျှက်ရှိသည်။ ထိုကိစ္စကို ကျနော်တို့ ကျောင်းသားအစုအဖွဲ့များက လုံးဝမကျေနပ်ကြချေ။ ပျက်ဆီးယိုယွင်နေပြီဖြစ်သော ပညာရေးစနစ်ကို ချောက်ထဲကန်ချလိုက်သည်ဟု ခံစား လိုက်ရသည်။

အရေးတော်ပုံ ဆဲလ်းများ

             တက္ကသိုလ်အသီးသီးမှ ကျောင်းသားလူငယ်များ ၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှာမှုပြီးသည့်နောက် အစု အဖွဲ့လေးများဖွဲ့၍တရားမဝင်လှုပ်ရှားလာခဲ့ကြသည်။ အများစုမှာ စာအုပ်အငှားဆိုင်လေးများဖွင့်ပြီး စာပေအုပ်စု ပုံသဏ္ဍန်ဖြင့်ရပ်တည်ခဲ့ကြသည်။ ထိုကဲ့သို့ ပထမဆုံးလှုပ်ရှားသည့်အဖွဲ့မှာ အမြင်သစ်အုပ်စုဖြစ်သည်။ လှည် တန်း ဇေယျာသီရိလမ်းထဲတွင် စာအုပ်ဆိုင်လေးဖွင့်ထားသည်။ အမြင်သစ်အဖွဲ့တွင် ဦးဆောင်လှုပ်ရှားသူများမှာ ၁၉၉၆ ဒီဇင်ဘာလှုပ်ရှားမှု၏ ခေါင်းဆောင်များဖြစ်သော ကိုစိုးထွန်း၊ ကိုမျိုးရန်နောင်သိမ်းတို့အဖွဲ့ဖြစ်သည်။ အများစုမှာ ရန်ကုန် နည်းပညာ တက္ကသိုလ်မှဖြစ်ကြသည်။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်သို့သော် ၁၉၉၇ ခုနှစ် ဇူလိုင်လဆန်းရောက်သောအခါ အမြင်သစ် အုပ်စုမှ ကိုစိုးထွန်းအပါအ၀င် ကျောင်းသားခေါင်း ဆောင် ၈ ယောက်အဖမ်းခံရသည်။

              ထိုအချိန် ထိုကာလတွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသူ မအောင်မိခိုင်ကို ကို့ကန့်ငြိမ်းချမ်းရေးအဖွဲ့ဝင် တစ်ဦးမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ် အိုအိမ်ရုံးချုပ်ရှေ့တွင် ကားဖြင့်တိုက်သွားပြီး ထွက်ပြေးသွားသည့် အမှု တစ်ခုဖြစ်ပွားသည်။ အတိုက်ခံရသူ မအောင်မိခိုင်မှာ ဆေးရုံအပို့ လမ်းတွင်သေဆုံးသွားခဲ့သည်။ အဆိုပါအမှုနှင့် ပတ်သက်၍ ကျောင်းသားများမှာ ပုဇွန်တောင် တရားရုံးတွင် ရုံးချိန်းရှိတိုင်း ဆုံဖြစ်ကြသည်။ ကျနော်ကတော့ ကိုစိုးထွန်းတို့ အဖမ်းခံရပြီးနောက်ပိုင်းမှ အမှုနှင့် ပတ်သက်သည့် သတင်းကိုရရှိပြီး စီပွားရေးတက္ကသိုလ် အတူ တက်ခဲ့သည့် စည်သူ နှင့် ဆက်သွယ်မိခြင်းဖြစ်သည်။

               ဤသို့ဖြင့် စီးပွားရေးတက္ကသိုလ်မှ ကျနော်၊ စည်သူ၊ ကြည်သာ နှင့် ကျနော်တို့ထက် တစ်နှစ်ငယ်သော ဖြူထွေး၊ ကျော်မင်းသန့်၊ GTI မှ မင်းမင်းထွန်းတို့ဖြင့် မဇ္ဈိမ စာအုပ်ဆိုင်ကို မြေနီကုန်း စမ်းချောင်းရှိ ပန်းခြံလမ်းတွင် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့၊ ခရစ်စမတ်နေ့၌ ဖွင့်ဖြစ်ခဲ့သည်။ ဤသို့ဖြင့် လာမည့် ကျောင်းသားလှုပ် ရှားမှုအတွက် ကျောင်းသား အစုအဖွဲ့လေးတစ်ခုပေါ်ပေါက်လာခဲ့သည်။ အမြင်သစ်အုပ်စုတွင် ခေါင်းဆောင်များ အဖမ်းခံခဲ့ရသော်လည်း ကျန်ရှိသည့်အဖွဲ့ဝင်များဖြင့် ဆက်လက်ချီတက်ကြသည်။ ထောက်လှမ်းရေးများက တော့ အမြင်သစ်စာအုပ်ဆိုင်ကို ပိုမိုစောင့်ကြည့်လျှက်ရှိကြသည်။

                စာအုပ်ဆိုင်ကိုအခြေပြု၍ ကျနော်တို့အဖွဲ့နေ့စဉ်ဆုံမိကြတိုင်း မြန်မာ့နိုင်ငံရေး ပြဿနာကို အဖြေရှာရန်တိုင်ပင် ဆွေးနွေးလေ့ရှိသည်။ ထိုစဉ်ကအခြေအနေမှာ စစ်အစိုးရ နှင့် အတိုက်အခံအင်အားစုဖြစ်သော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှာ ထိပ်တိုက်တွေ့လုနီးပါးဖြစ်နေသည်။ စစ်အစိုးရ၏ စွမ်းအားရှင်များက အဖွဲ့ချုပ်ထောက်ခံသူ များကို ရန်ရှာသည်များလည်းရှိသည်။ အဆိုပါသတင်းများကို အဆက်မပြတ် နားစွင့်ယင်း နိုင်ငံရေး ရှေ့တဆင့် တက်ရန် အခွင့်အခါကောင်းကို စောင့်နေကြရသည့်အခြေအနေတွင်ရှိနေသည်။

                ထိုကာလတွင် မြို့ထဲ၌ ကျနော်တို့ကဲ့သို့ ကျောင်းသားအုပ်စု တစ်စုရှိနေကြောင့် သတင်းသဲ့သဲ့ကြားရသည်။ မည်သူတွေမှန်းတော့မသိပေမယ့် သူတို့လည်း ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုအပြီးတွင်ပေါ်ပေါက်လာသည့် အဖွဲ့ဖြစ်သည်။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုအပြီးတွင် တိမ်းရှောင်နေသော သားဆွေ ပါဝင်ခဲ့သည့်အဖွဲ့ဖြစ် သည်။ တစ်ရက်၊ ကျနော် နှင့် ဖြူထွေ မြို့ထဲဘက်ကို စနည်းနာဖို့ထွက်လာယင်း ကုန်းဈေးတန်းလမ်းတစ် လျှောက် လမ်းလျှောက်လာခဲ့ရာ၊ လမ်းပေါ်ကဆိုင်တစ်ဆိုင်မှ ချစ်မင်းလေးကို တွေ့ရသည်။ ချစ်မင်းလေး နှင့် ဖြူထွေးမှာ အာဇာနည်နေ့ အလေးပြုချီတက်ပွဲတွင် ဆုံခဲ့ကြဘူးသည်။ ဤသို့ဖြင့် မျိုးမင်းဇော်တို့၊ အေးအောင် တို့ ဦးဆောင်သည့် ကုန်ဈေးတန်းအုပ်စု နှင့် ချိတ်ဆက်မိသွားသည်။

                ကျောင်းသားအစုအဖွဲ့လေးများသည် တူရာ၊တူရာ စုယင်း လုပ်ငန်းကိစ္စတိုင်ပင်ဖြစ်ကြသည်။ အားလုံး၏ရင်ထဲ မှာ ၁၉၉၆ ခုနှစ်တုန်းက မကျေနပ်ချက်တွေသည် ကိန်းအောင်းလျှက်ရှိကြသည်။ ၁၉၉၈ ခု၊ ဖေဖေါ်ဝါရီလ ထဲ တွင် စာရေးဆရာ မြသန်းတင့် ကွယ်လွန်သည့်အခါ ဆရာမြသန်းတင့်ကို အသုဘလိုက်ပို့ယင်း စက်မှုတက္က သိုလ်ကျောင်းသား ကြည်သာထွန်း နှင့် ဆုံဖြစ်သည်။ ကြည်သာထွန်းမှ တဆင့် သူနှင့် ကျောင်းနေဘတ်တွေဖြစ် သည့် လှိုင်မြတ်၊ အောင်မြတ်သူ စသူတို့နှင့် တွေ့ဆုံခဲ့ပြီး ကျောင်းသားလှုပ်ရှားမှုအတွက် အင်အားတိုးလာခဲ့ သည်။

အရေးတော်ပုံ စနက်တံ

                ၁၉၉၈ ခုနှစ် မေလ ၂၇ ခုနှစ် ၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရက် ပေါင်း ၆၀ တွင် လွှတ်တော်ခေါ်ပေးရန် တောင်းဆိုသော ကြေငြာချက် ပေါ်ထွက်လာသည့်အခါ လက်ရှိနိုင်ငံရေး လိပ်ခဲတည်းလည်းဖြစ်နေမှုအပေါ် မကျေနပ်ကြသို့ ကျနော်တို့အဖို့ မျှော်လင့်ချက် ရောင်ခြည်များသန်းလာခဲ့ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုသည့်အတိုင်း စစ်အစိုးရက လွယ်လွယ်ခေါ်ပေးလိမ့်မည် မဟုတ်သော်လည်း တောင်းဆိုသည့်အတိုင်း လွှတ်တော်ပေါ်ပေါက်လာပါက ကျနော်တို့ မျှော်မှန်းသည့် ဒီမိုက ရေစီနိုင်ငံရေးစနစ်တစ်ရပ် တည်ဆောက်ရေးအတွက် အလှမ်းမဝေးတော့ဟု မှတ်ယူကြသည်။ ဒီမိုကရေစီစနစ် အောက်တွင် ကျနော်တို့ လူငယ်တွေလည်း ကျောင်းတွေ၊ ဖွင့်လိုက်၊ ပိုက်လိုက်အခြေအနေမှ လွတ်ကင်း၍ အေး ချမ်းစွာ ပညာသင်ကြားနိုင်လိမ့်မည်ဟု စိတ်ကူးကြည့်ကြဘူးသည်။

                အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ခေါ်ယူရေးလုပ်ငန်းစဉ်များကို စစ်အစိုးရက စောင့်ကြည့် နေသကဲ့သို့ ကျနော်တို့ ကျောင်းသားအုပ်စုများကလည်း မျှော်လင့်တကြီးစောင့်ကြည့်နေကြသည်။ မေလ ၂၇ ရက်နေ့မှ စတင်ရေတွက်သော် သြဂုတ်လ ၂၁ ရက်နေ့တွင် ရက်ပေါင်း ၆၀ ပြည့်မည်ဖြစ်သည်။ ရက်ပေါင်း ၆၀ ပြည့်သည်အထိ စစ်အစိုးရဘက်က လွှတ်တော်ခေါ်မပေးပါက ဘာဆက်လုပ်မည်ကို ကျနော်တို့က စိတ်ဝင်စား သည်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံ သည့် လွှတ်တော်တစ်ရပ်ပေါ်ပေါက်လာရေးသည် အရေးကြီးဆုံးအဆင့်ဖြစ်သည်။ သို့သော် လွှတ်တော်ခေါ်ပေး ပါပြောနေယုံဖြင့် လွှတ်တော် ပေါ်ပေါက်မှာ မဟုတ်ကြောင်း ကျနော်တို့ နားလည်သဘောပေါက်ထားသည်။ ထို့ ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခြေလှမ်းများကို သတိထားစောင့်ကြည့်နေခဲ့သည်။

                  ဇွန်လဆန်းမှ စတင်ကာ အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နယ်ခရီးစဉ်များကို စတင်သွားရောက်ခဲ့သည်။ ပြည်သူ့လွှတ်တော်ခေါ်ယူရေးနိုင်ရေးအတွက် အကြိုလုပ်ငန်းစဉ်အနေဖြင့် နယ်အသီး သီးရှိ လွှတ်တော်ကိုယ်စာလှယ်များနှင့် သွားရောက်တွေ့ဆုံရန်ကြိုးပမ်းသည်။ ပထမဆုံးခရီးစဉ်မှာ ပဲခူးတိုင်း မင်းလှမြို့သို့ သွားရောက်သည့် ခရီးစဉ်ဖြစ်သည်။ သို့သော် မင်းလှမရောက်ခင် တိုက်ကြီးမြို့အလွန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးထားလိုက်သည်။ ထို့နောက် ရန်ကုန်သို့ ပြန်ပို့လိုက်တော့သည်။ မင်းလှသို့ သွားသော ပထမ ခရီးစဉ်မအောင်မြင်သော်လည်း ဒုတိယအကြိမ် မင်းလှသို့ ထပ်မံသွားရောက်ခဲ့ရာ အလားတူ လမ်းမှ ပိတ်ဆို့က ရန်ကုန်သို့ပြန်ပို့ခံရလေသည်။
ထိုအဖြစ်မပျက်များကို ကျနော်တို့ ကျောင်းသားလူငယ်များက စိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြသည်။ ထို့ အပြင် အကယ်၍ စစ်အစိုးရဘက်က လွှတ်တော်မခေါ်ပေးခဲ့သော် ကျောင်းများဘက်က ဘယ်လိုတုန့်ပြန်မလဲ ဆိုသည့်အကြောင်းအရာပေါ်တွင် မိမိတို့ တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးမှုတွေဆက်တိုက်ပြုလုပ်ခဲ့သည်။ ကျနော်တို့ မဇ္ဈိမ အဖွဲ့အနေနှင့် အခြေအနေပေးလာသည့်အချိန်ကို ထိုင်စောင့်နေခြင်းထက် လာမယ့်ဘေးကို ပြေးတွေ့လိုက်ချင်သည်။ ငယ်ရွယ်နုနယ်ပြီး နိုင်ငံရေးအတွေ့အကြုံမရှိသော ကျနော်တို့မှ စိတ်ခံစားမှုကို ဦးစား ပေးကာ စစ်အာဏာရှင်စနစ်ပြုတ်ကျရန် အနစ်နာခံကြမည်ဟု ပိုင်းဖြတ်ထားခဲ့ကြသည်။ ထိုသဘောထားကို အခြားအဖွဲ့များနှင့် တစ်ဖွဲ့ခြင်းလိုက်ပြီး တိုင်ပင်ဖြစ်သည်။ အချို့အဖွဲ့များက အခြေအနေကို ငြိမ်ငြိမ်သက်သက် စောင့်ကြည့်နေပြီး အခွင့်အရေးရမှ လှုပ်ရှားရန် သဘောထားတင်ပြကြသည်။ ကျနော်တို့ကတော့ ရက်ပေါင်း ၆၀ အလွန်ကာလတွင် လှုပ်ရှားမှု တစ်ခုခုပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားလိုသည့် သဘောရှိလေသည်။

                    ရက်ပေါင်း ၆၀ ပြည့်ရန် နီးကပ်လာနေသည်နှင့်အမျှ နိုင်ငံရေးအခြေအနေသည် အလှုပ်အရမ်းများလာသည်။ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စာလှယ် တချို့ကို ကြိုတင်ထိမ်းသိမ်းမှုတွေလုပ် လာသည်။ ကျနော်တို့ ကျောင်းသားအစုအဖွဲ့များမှာလည်း ခပ်စိပ်စိတ် တွေ့ဆုံဆွေးနွေးလာခဲ့သည်။ ဆရာမြ သန်းတင့် အသုဘတွင် ဆုံခဲ့သည့် ကြည်သာထွန်းကို ပေးထားသည့် လိပ်စာအတိုင်း စာရေးဆက်သွယ်သော် လည်းအကြောင်းမထူးခဲ့ပေ။ သို့သော် ကံကောင်းထောက်မစွာ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၊ အာဇာနည် နေ့ချီတက်ပွဲတွင် အာဇာနည်ကုန်း၌ ကြည်သာထွန်းနှင့် ပြန်ဆုံသည်။ ပြန်ဆုံသည်နှင့် တပြိုင်တည်း သြဂုတ်လ တွင် လှုပ်ရှားကြမည့် အစီအစဉ်ကို အကြမ်းဖျင်းပြောပြယင် ထပ်မံဆုံတွေ့ရန်ချိန်းဖြစ်ခဲ့သည်။ ဤသို့ဖြင့် ကျောင်းသား ကွန်ယက်အတွင်း ပိုမိုချိတ်ဆက်မိခဲ့ကြသည်။

                     ထိုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် အချို့နှင့်လည်း ချိတ်ဆက်မိနေပြီဖြစ်သည်။ ကျောင်းသားများ ဘက်မှ လှုပ်ရှားမည့်အစီအစဉ်များကို ပြောပြယင်း အဖွဲ့ချုပ်မှရော မည်သို့ ကြိုတင်ပြင်ဆင်ထားသည်ကို မေး မြန်းဖြစ်သည်။ မေးမြန်းသည်အခါတိုင်း အဖွဲ့ချုပ်အဖွဲ့ဝင်များက ဘာမှ စိတ်မပူကြရန် နှင့် အန်တီတွင် အစီ အစဉ်များ ရှိသည်ဟုသာ သိခဲ့ရသည်။ ထိုအဖြေကို ကျနော်တို့ဘက်က မကျေနပ်နိုင်သော်လည်း မကြာခင်မှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော်ကိုယ်စာလှယ်များပါဝင်သည့် လွှတ်တော်ကြီး ပေါ်ပေါက်လာတော့မည်ဟု စွဲစွဲမြဲမြဲ ယုံကြည်ထားခဲ့ကြသည်။

                     ၁၉၉၈ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့ ညနေခင်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ မြောင်းမြသို့ခရီထွက်ရာ ရန်ကုန် တိုင်း နှင့် ဧရာဝတီတိုင်း အစပ်ရှိ အညာစုကျေးရွာတွင်တားဆီးပိတ်ဆို့ခံလိုက်ရသည်။ နောက်တစ်ရက်ဖြစ် သော ဇူလိုင် ၂၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုချန်ထွန်းက ကျနော့်ဆီ ဖုန်းဆက်လာပြီး အ ညာစုသို့ လိုက်သွားချင်ကြောင်းပြောသည်။ ကျနော်လည်း ကားဖြင့် ကိုချန်ထွန်းဆီထွက်ခဲ့ပြီး ကျနော် နှင့် ကိုချန် ထွန်း တို့ နှစ်ယောက်သား ရန်ကုန်-ပုသိမ်းလမ်းအတိုင်းထွက်ခဲ့ကြသည်။ လှိုင်သာယာသို့ရောက်သောအခါ လမ်းဘေးတွင် အမျိုးသမီးတစ်ဦးစောင့်နေပြီး သူပါ ကားဖြင့်လိုက်လာသည်။ ထိုအမျိုးသမီးမှာ လှိုင်သာယာမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်ဟု ကိုချန်ထွန်းက ကားပေါ်တွင် မိတ်ဆက်ပေးသည်။

                     ဤသို့ဖြင့် ကျနော်တို့ကားမှာ ဒေါ်အောင်ဆန်းစုကြည် ပိတ်ဆို့တားဆီးခံထားရာနေရာကို ကျော်လွန်၍ မောင်း လာခဲ့ကြသည်။ လမ်းတွင် အစစ်အဆေးများလည်းများလွန်းလှသည်။ ကျနော့် ကားမှာ နံပါတ်အနီ Taxi ဖြစ်သ ဖြင့် အာဏာပိုင်တို့က သတိပြုမိလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ သို့သော အပြန်တွင် အညာစုကျော်သည်နှင့် ကား ကို လုံထိန်းတပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီးက ဖမ်းလိုက်တော့သည်။ ကျနော်လည်း ဘဝတွင် ပထမဆုံး အကြိမ်ဖမ်းဆီးခံလိုက်ရသည်။ ကျနော့်ကို စစ်ဆေးမေးမြန်းသောအခါ ကျနော့် ကားကို ငှားလာသောကြောင့် လိုက်လာရသည်ဟုသာပြောရာ ထောက်လှမ်းရေး (၆) မှ ထောက်လှမ်းရေးအရာရှိတို့က လက်ခံသွားပုံရသည်။ ကိုချန်ထွန်းနှင့် ကား ပေါ်ပါ အမျိုးသမီးတို့မှာ လှိုင်သာယာရှိ ရဲတပ်ရင်း (၉) သို့ကျနော့်ကားဖြင့်ပင် လိုက်ပို့ လိုက်ရသည်။ ကျနော်က တော့ ကားရော၊ လူပါ လမ်းဘေးတွင် (၆) ညတိတိ တားဆီးထားသည်။ (၆) ညပြည့် သည့် ညတွင် ဒေါ်အောင် ဆန်းစုကြည် နှင့် အဖွဲ့ကို အတင်းအကြပ်ချုပ်၍ ရန်ကုန်အိမ်သို့ ပြန်ပို့တော့မှ ကျနော် လည်း လွတ်မြောက်ခဲ့သည်။

                     ထိုအဖြစ်အပျက်ကြောင့် နောက်ပိုင်း ကျောင်းသားအုပ်စုများနှင့် ဆက်သွယ်ရာတွင် ကျနော် မပါတော့ဟုဆုံး ဖြတ်လိုက်သည်။ ကိုယ့်အမည် နှင့် ဓါတ်ပုံကို ထောက်လှမ်းရေးတို့ တရားဝင်သိသွားပြီးနောက် ပိုမို အန္တရာယ်ရှိ လာပြီဟု ကိုယ်ဟာကိုယ်တွက်ဆမိသည်။ ဖြစ်နိုင်လျှင် မကြာခင်ပေါ်ပေါက်လာမည့် ကျောင်းသားလှုပ်ရှားမှုတွင် ထဲထဲဝင်ဝင်ကို မပါချင်တော့သည့် စိတ်ဖြစ်ပေါ်မိသည်။ သို့သော် တဖွဲ့နှင့်တဖွဲ့ ချိတ်ဆက်ရာတွင် ကိုယ်က စ ထားမိသားဖြစ်နေသည်။ ထို့ကြောင့် ကျန်အဖွဲ့များကလည်း ကျနော့်ကို ဆက်လက် ပါဝင်စေချင်နေသည်။ ထို ကာလတွင် အဖမ်းခံခဲ့ရသော ကားကို ကျနော် အသည်းအသန်ရောင်းရသည်။ ကားရောင်းပြီးသည်နှင့် ကျောင်း သားလှုပ်ရှားမှုတွက် ဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင် ပြန်လုပ်ဖြစ်သည်။
ရက်ပေါင်း (၆၀) ပြည့်မည့် သြဂုတ်လ ၂၁ ရက်နေ့နှင့် အချိန်ကိုက်၍ အစိုးရက ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ က တည်းက ပိတ်ထားလိုက်သော တက္ကသိုလ်များ၏ အတန်းတင်စာမေးပွဲများကို သက်ဆိုင်ရာမြို့နယ်များ၏ အ ထက်တန်းကျောင်းများတွင် ဖြေဆိုရမည်ဟု ကြေငြာချက်ထုတ်ပြန်လိုက်သည်။ ရက်ပေါင်း (၆၀) ပြည့်သည့် ကာ လတွင် ကျောင်းသားတွေ စာမေးပွဲနှင့် အလုပ်ရှုပ်နေအောင် ကြိုတင် စီစဉ်ခြင်းဖြစ်သည်။ (၂) နှစ်ခန့် ကျောင်း တွေ ပိတ်ထားပြီးမှ ရုတ်တရက် စာမေးပွဲဖြေရမည်ဟု ကြေငြာလိုက်သောအခါ ကျနော်တို့ ကျောင်းသားအုပ်စု မှာတော်တော်လေး အခဲမကြေနိုင်အောင်ဖြစ်ရသည်။ ပျက်ဆီးယိုယွင်းနေသော ပညာရေးစနစ်ကို စာမေးပွဲများ တွင် လွတ်လပ်စွာ ခိုးချစေခြင်းအားဖြင့် ပိုမိုပျက်ဆီးစေရန် အားထုတ်မှုဖြစ်သည်ဟု ယူဆကြသည်။ တချို့က စာမေးပွဲ လုံးဝသွားမဖြေရန် ဆုံးဖြတ်ကြသည်။ ကျနော်တို့ စီးပွားရေးတက္ကသိုလ် ကျောင်းသားများကတော့ စာမေးပွဲ သွားဖြေရန် ဆုံးဖြတ်သည်။

                       သို့သော် ကျောင်းသားလှုပ်ရှားမှုအတွက် ပြင်ဆင်မှုများကတော့ အရှိန်မ ပျက်ကြပေ။ထိုကဲ့သို့ပြင်ဆင်ရင်း ၁၉၈၈ မှနောင်တော် ကျောင်းသားကြီးများအပေါ်လည်း မကျေမနပ်ဖြစ်မိ သည်။ ၎င်းတို့အချိန်ကာလတွင် အောင်ပွဲရအောင် မစွမ်းနိုင်ခဲ့၍ ယခုမိမိတို့လက်ထက်တွင် စစ်အာဏာရှင် စနစ် ဆိုးကို ခါးဆီးခံနေရသည်။ ၁၉၈၈ လို အောင်ပွဲလက်တစ်ကမ်းအလိုတွင် ဆွတ်ခူးနိုင်ခဲ့ပါက ကျနော်တို့မှ အေး အေးချမ်းချမ်းနှင့် ပညာသင်နေရသူတွေဖြစ်နေရပြီဟု တွေးမိခဲ့သည်။

အရေးတော်ပုံ နိဂုံး

                      ၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် နောင်အခါ ၁၉၉၈ ကျောင်းသားလှုပ်ရှားမှုဟု အမည်တွင်မည့် ကျောင်းသားဆန္ဒပြပွဲကို ရန်ကုန်တက္ကသိုလ်အနီးရှိ လှည်းတန်းလမ်းဆုံတွင်ပြုလုပ်ခဲ့ကြသည်။ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ခေါ်ယူရန်တောင်းဆိုထားသည့် ရက်ပေါင်း ၆၀ ပြည့်မည့်နေ့မှာ သြဂုတ် လ ၂၁ ရက်နေ့ဖြစ်သော်လည်း တက္ကသိုလ်ကျောင်းသားများကို အခြေခံကျောင်းများတွင် စစ်ဆေးနေသော အ တန်းတင်စာမေးပွဲများမှာ သြဂုတ်လ၂၄ ရက်နေ့မှပြီးမည်ဖြစ်သဖြင့် ဆန္ဒပြရက်ကို ၂၄ ရက်အဖြစ် တညီတညွတ် တည်းရွေးချယ်ကြသည်။ ကျနော်တို့ စီးပွားရေး တက္ကသိုလ်မှာ (၇) ဘာသာရှိသဖြင့် သြဂုတ်လ ၂၅ ရက်နေ့မှ ပြီးမည်ဖြစ်သော်လည်း အများဆန္ဒအရ သြဂုတ်လ ၂၄ ရက်နေ့ကို ကျနော်တို့က သဘောတူခဲ့သည်။

                       ဆန္ဒပြ ကြွေး ကြော်သံများအဖြစ် “ပြည်သူ့လွှတ်တော် ခေါ်ယူရေး” ၊ “ဒီမိုကရေစီ ရရှိရေး” ကြွေးကြော်သံများကို ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့်က ပါဝင် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲမှာ ၁ နာရီခန့်သာကြာမြင့်ခဲ့ပြီး စစ်ကား များဖြင့် လုံ ထိန်းများရောက်လာသောအခါ ကစဉ်ကလျှားဖြင့် ရပ်ကွက်များအတွင်း ထွက်ပြေးခဲ့ရသည်။ ထိုနေ့ မှ စ၍ ကျ နော်လည်း အိမ်မပြန်တော့ပဲ အခြား သူငယ်ချင်များနှင့်အတူ နီးစပ်ရာ အိမ်များတွင်ပုံးရှောင်နေခဲ့ကြ သည်။  နောက်တစ်ရက်ဖြစ်သော သြဂုတ်လ ၂၅ ရက်နေ့တွင် ကျနော်တို့ စီးပွားရေးတက္ကသိုလ်ကျောင်းသား များအတွက် စာမေးပွဲဖြေဆိုရန် ၁ ရက်ကျန်နေသေးရာ ကျနော်က သွားရောက်ဖြေဆိုရန် ဆန္ဒရှိသည်။ ကျနော့် တွက်ကိန်းမှာ နေ့စဉ်ရက်ဆက်ဖြေလာခဲ့ပြီး နောက်ဆုံးနေ့မှ ပျောက်နေပါက ဆန္ဒပြပွဲတွင် ပါဝင်သည်ဟု သံသ ယဖြစ်ပြီး အိမ်လိုက်လာလိမ့်မည်ကို စိုးရိမ်သည်။ သူငယ်ချင်း စည်သူက သွားမဖြေချင်။ ဖြေလည်းမထူး၊ မဖြေ လည်းမထူးမည့်အတူတူ မသွားပဲနေလိုက်ချင်သည်။ သူနှင့် အချီအချပြောပြီးနောက် နောက်ဆုံး တစ်ရက်ကို သွားဖြေကြရန် သဘောတူလိုက်သည်။ သိုနှင့် ကျနော်တို့ ၂ ယောက် ပုန်းခိုနေရာ အိမ်မှ အတူတူထွက်လာခဲ့ ကြသည်။

                        ကျနော်တို့ မသိလိုက်သည့်အချက်မှာ ကမာရွတ်တွင်နေသော စည်သူ့အိမ်သို့ ညတွင်းချင်းပင် ထောက်လှမ်း ရေးက ဝင်ရောက်ရှာဖွေပြီးသွားပြီ။ နောက်တစ်နေ့တွင် စာမေးပွဲ လာဖြေလိုဖြေညား စာမေးပွဲလာဖြေမည့် ကျောင်းတွင် ထောက်လှမ်းရေးများက ကြိုတင်စောင့်ဆိုင်းနေကြသည်။ စည်သူမှာ ထိုနေ့ကတည်းက အဖမ်းခံ လိုက်ရသည်။ အတူတူရှောင်ပုန်းရာအဖွဲ့ထဲမှ စည်သူအဖမ်းခံလိုက်ရသောအခါ ကျနော်တို့လည်း အခြားတနေ ရာကို ရွေ့ပြောင်းရသည်။ နေထိုင်စရိတ်အတွက် အခြားသူငယ်ချင်းများထံ အကူအညီတောင်းကြရသည်။ များ သောအားဖြင့် တတ်နိုင်သရွေ့ပေးကြသည်။ ရန်ကုန်မှ မလုံခြုံသည့်အခါ နယ်အထိ တိမ်းရှောင်နေခဲ့ကြသည်။ သြဂုတ်လ ၂၄ ရက်နေ့ ဆန္ဒပြပွဲပြီးနောက် စက်မှုတက္ကသိုလ်ကျောင်းသားများအတွက် စာမေးပွဲဖြေဆိုရန် တစ် ပတ်တိတိ ပြန်လည်ဖွင့်လှစ်သောအခါ စက်မှုတက္ကသိုလ်များမှ ကျောင်းသားများကလည်း ဆန္ဒပြကြသည်။ ထို အချိန်တွင် ကျနော်တို့က နယ်ရောက်နေပြီ။ ရန်ကုန်တွင် သူငယ်ချင်းများ လှုပ်ရှားကြပြီဟူသည့် သတင်းကြား သောအခါ ရန်ကုန်ကိုပြန်ဆင်းလာခဲ့သည်။ တော်လှန်ရေးအောင်ပွဲ အတွက် မျှော်လင့်ချက်က မကုန်သေး။ ယခု လိုလှုပ်ရှားမှုများကြောင့် စစ်အစိုးရက ပြည်သူ့လွှတ်တော်ကို ခေါ်ယူပေးလိမ့်မည်ဟု ယုံကြည်နေဆဲဖြစ်သည်။

                           စက်မှုတက္ကသိုလ်စာမေးပွဲများပြီးသောအခါ ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့သည့် ကျောင်းသားများကို ဖမ်းဆီး ထောင်ချခြင်းဖြင့် အဆုံးသတ်သွားသည်။ အဖမ်းမခံရပဲ ကျန်နေသည့် ကျောင်းသားများမှာလည်း သိုသိုသိပ်သိပ် လှုပ်ရှားကြရသည်။ အနော်ရထာလမ်းပေါ်ရှိ နီလာ ဒန်ပေါက်ဆိုင်ရှေ့တွင် ပြုလုပ်သော ဆန္ဒပြပွဲပြီးသည့်နောက် ကျောင်းသားတော်တော်များများထပ်မံအဖမ်းခံလိုက်ရသည်။ ကျနော်ကတော့ တစ်နေရာပြီး တစ်နေရာရွေ့ ပြောင်းပုန်းအောင်းနေယင်း အဖမ်းမခံရအောင် သိုသိုသိပ်သိပ်နေထိုင်ခဲ့ရသည်။

                           ပုန်းအောင်းနေဆဲ တစ်ညတွင် ရေဒီယိုမှ သတင်းတစ်ခုကိုကြားလိုက်ရသည်။ မှတ်မှတ်ရရ စက်တင်ဘာလ အလည်ခန့်တွင်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားပြုကော်မတီ ကို ဖွဲ့စည်းကြောင်းကြေငြာလိုက်သည်။ လွှတ်တော် ကိုယ်စားပြုကော်မတီမှ လွှတ်တော်မခေါ်နိုင်ခင်ကာလအထိ လွှတ်တော်၏ လုပ်ငန်းဆောင်တာများကို တာဝန်ယူလုပ်ဆောင်သွားမည်ဟုလည်းဆိုသည်။ လွှတ်တော်ကိုယ် စားပြုကော်မတီ၏ ဥက္ကဌ အဖြစ် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဌ ဒေါက်တာ စောမရအောင် ကိုခန့် အပ်ကြောင်းလည်း တဆက်တည်းကြားလိုက်ရသည်။ လွှတ်တော်ကိုယ်စားပြုကော်မတီ မှ ဆက်လက်လုပ် ဆောင်မည့် အစီအစဉ်များကို ထပ်မံကြေငြာမည်ဟုလည်းဆိုသည်။

                            ထိုသို့ လွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့စည်းကြောင်းကြေငြာချက်နှင့် မရှေးမနှောင်းပင် စစ်အစိုးရမှ သတင်း စာရှင်းလင်းပွဲ တစ်ခုကိုလည်းပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် သြဂုတ်လ ၂၄ ရက်နေ့ ဆန္ဒပြပွဲနှင့် ဖမ်းဆီးရမိသည့်သူများ စာရင်းနှင့်တကွ ဖြစ်စဉ်များကို ရှင်းလင်းသွားခဲ့သည်။ အဆိုပါ သြဂုတ်လ ၂၄ ရက်နေ့ နှင့် နောက်ပိုင်း လှုပ်ရှားမှုများကြောင့် လူ ၈၀ နီးပါးအဖမ်းခံရသည်။ အနည်းစုမှ ပြည်ပသို့ ထွက်ပြေးနိုင်ခဲ့သည်။ ကျနော်အပါအ၀င် တစ်ရောက်စ၊ နှစ်ယောက်စကတော့ ပြည်တွင်းတွင်လှည့်လည်ပုန်းအောင်းယင်း အနာဂတ် များပျောက်ဆုံးသကဲ့သို့ဖြစ်ခဲ့ရသည်။ လွှတ်တော်ခေါ်ယူရေးကို စတင်ဆော်သြခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ “လွှတ်တော် ကိုယ်စားပြု ကော်မတီ” ကို ဖွဲ့စည်းကာ မရေရာသောလုပ်ငန်းစဉ်များကိုချမှတ် အကောင်အထည်ဖေါ်ရန် စိုင်းပြင်းခဲ့လေသည်။

                              မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းနှင့် ကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် ၁၉၉၈ ကျောင်းသားလှုပ်ရှားမှုမှာ တစ် ထောင့်တစ်နေရာမှ ပါဝင်ခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင် အလွဲလွဲအကွဲကွဲနှင့် ပျက်ဆီးဆုံးရှုံးခဲ့ရသည်။ အဆိုးဆုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ခေါ်ယူရေးတောင်းဆိုချက်တွင် အတွေ့အကြုံ၊ ဗဟု သုတ နှင့် နိုင်ငံရေးရေချိန်နည်းပါးလွန်းသော ကျနော်တို့ ကျောင်းသားလူငယ်များက စိတ်ခံစားချက်နောက် လိုက်ခဲ့မိကြသည်။ ရလဒ်မှာ အချို့အတွက် တန်ဖိုးရှိသော လူငယ်ဘဝမှ အချိန်တချို့ပျောက်ဆုံးသွားခဲ့သည်။ သို့သော်လည်း ကျနော်တို့တွေ့မြင်ချင်သည့် ပြည်သူ့ကိုယ်စာလှယ်များပါဝင်သော ပြည်သူ့လွှတ်တော်အစား လွှတ်တ်ာကိုယ်စားပြုကော်မတီ ဖြင့်သာကျေနပ်လိုက်ကြရသည်။ ထိုအချိန်မှစ၍ နိုင်ငံရေး၏ အတိမ်အနက်၊ အတိုးအဆုတ်နှင့် အတက်အကျသဘောကို ဆင်ခြင်လိုက်မိသည်။ တိုက်ပွဲတစ်ခုကို မစခင် အဘက်ဘက်က ပြည့်စုံအောင် စီမံထားနိုင်ပါက အောင်ပွဲဆိုတာ ရနိုင်မည်ဖြစ်ကြောင်းလည်းနားလည်သွားမိသည်။ ကျနော်တို့ မှာ တစ်ပွဲတိုး ခပ်တိမ်တိမ်စဉ်းစားယင်း ကျယ်ပြောလှသည့် နိုင်ငံရေးမိုးသက်မုန်တိုင်းအတွင်း ဝင်ပါမိသူတွေ လို ဆုတ်မရ၊ တက်မရ အခြေအနေဖြင့် ၂ နှစ်ခန့်ကျော်ဖြတ်ကာ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့တော့သည်။

                            ၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည့် ကျောင်းသားလှုပ်ရှားမှုမှာ သမိုင်းမတွင်ခဲ့သော် လည်း သမိုင်းဝင်ဆဲဟု မှတ်ယူမိပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...