Friday, October 10, 2014

မြန်မာပြည်တက္ကသိုလ်အဆင့်အတန်း တိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲ။




ဂျပန်တိုင်းနေ့စဉ်သတင်းစာ၌ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့စွဲပါ ဂျပန်တက္ကသိုလ်များသည် ကမ္ဘာအဆင့်အတန်းထိပ်နေရာမှနေပြီး တဖြည်းဖြည်း နိမ့်ကျလာနေသည်လို့ ရေးထားသည့် သတင်းကို ဖတ်လိုက်ရသည်။ သတင်းရေးသားသူ မာဆာကီ ကာမဲဒါ (Masaaki Kameda) က တိုကျိုတက္ကသိုလ်သည် အာရှတိုက်တွင် ထိပ်ဆုံးမှရှိနေသော်လည်း ကျန်တက္ကသိုလ် ၄ ခုမှာမူ နဂိုမူလအဆင့်မှ လျောကျ လာခဲ့သည်ဟု ဝေဖန်ထောက်ပြခဲ့သည်။ နိုင်ငံတကာတက္ကသိုလ်များအဆင့် သတ်မှတ်ရေးမဂ္ဂဇင်းက ကမ္ဘာနိုင်ငံများရှိ တက္ကသိုလ်များထဲတွင် အဆင့်မြင့်ထိပ်တန်းတက္ကသိုလ် ၂၀၀ စာရင်းကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ကျန်ဂျပန်တက္ကသိုလ် ၄ ခုမှာမူ အဆင့် ၂၀၀ အတွင်းဝင်သော်လည်း သူတို့၏ မူလအဆင့်အတန်းမှ အောက်သို့ ပြုတ်ကျသွားခဲ့သည်။ ဂျပန်ပြည်၏ ဂုဏ်ထူးဆောင် တိုကျိုတက္ကသိုလ်ကြီးကို “တိုဒိုင်း” ဟုလည်း ခေါ်တွင်သည်။ တိုကျိုတက္ကသိုလ်သည် မနှစ်က သူ့အဆင့် ၂၃ ကို ယခုနှစ် ၂၀၁၄-၁၅တွင် ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့ရာတွင် ကျိုတိုတက္ကသိုလ်သည် အဆင့် ၅၂ မှ ၅၉ သို့ လျောချသွားပြီး၊ တိုကျိုစက်မှုတက္ကသိုလ်သည် အဆင့် ၁၂၅ မှ ၁၄၂ သို့ လျော့ကျလာပြီး၊ အိုဆာကာ တက္ကသိုလ်သည် အဆင့် ၁၄၄ မှ ၁၅၇ သို့ လျောကျခဲ့သည်။ တိုဟိုကူးတက္ကသိုလ်သည် အဆင့် ၁၅၀ မှ ၁၆၅ အဆင့်ကိုကျသွားခဲ့သည်။ ဂျပန်အစိုးရအနေနှင့် တက္ကသိုလ်များ တိုးတက်လာရေးကို အားပေးဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးက ဆုံးဖြတ်ထားပြီး ပညာရေးဝန်ကြီးက နိုင်ငံပိုင်တက္ကသိုလ်များနှင့် ပုဂ္ဂလိကပိုင်တက္ကသိုလ် ၃၇ ခုကို ကမ္ဘာ့တက္ကသိုလ်များနှင့် ယှဉ်ပြိုင်မှုကို အဆင့်မြင့်မားလာစေရန် ထောက်ပံ့ကူညီသွားမည်ဟု ပြောသည်။ တိုင်းမဂ္ဂဇင်း၏ အဆင့်မြင့်တက္ကသိုလ်များအဆင့်ကို စစ်တမ်း ကောက်ယူ သတ်မှတ်ပေးသည့် အယ်ဒီတာ ဖီးလ်ဘယ်ရီ၏ ထုတ်ပြန်ချက်ထဲတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ၏ ပညာရေးဗျူဟာသည် ဂျပန်တက္ကသိုလ် ၁၀ ခုကို ကမ္ဘာအဆင့်မှီ ထိပ်တန်းတက္ကသိုလ် ၁၀၀ အတွင်း ရောက်ရှိလာစေရန် ရည်ရွယ်လုပ်ဆောင်နေသည် ဟုဆိုသည်။

နိုင်ငံတကာထိပ်တန်းတက္ကသိုလ်ကြီးများတွင် တိုကျိုတက္ကသိုလ်၊ ကျိုတိုတက္ကသိုလ်၊ အိုဆာကားတက္ကသိုလ် များလည်း ပါဝင်သည်။ အာရှရှိ အခြားတက္ကသိုလ်များတွင် ဂျပန်ပြီးလျှင် ဒုတိယနေရာလိုက်နေသော တက္ကသိုလ်မှာ စင်္ကာပူတက္ကသိုလ် ဖြစ်သည်။ ဟောင်ကောင်တက္ကသိုလ်သည် ယခင်ကရှိသော အဆင့် ၄၃ မှ မပြောင်းလဲဘဲ ဆက်လက်ရပ်တည်နေပြီး၊ ဘီဂျင်းတက္ကသိုလ်သည် အဆင့် ၄၅ မှ ၄၈ သို့ ပြုတ်ကျသွားသည်။ ဆင်ဟာတက္ကသိုလ်မှာ အဆင့် ၅၀ မှ ၄၉ သို့ တက်လာသည်။ တောင်ကိုရီးယားဆိုးလ်အမျိုးသား တက္ကသိုလ်သည် အဆင့် ၄၄ မှ ၅၀ သို့ ကျသွားသည်။ ဟောင်ကောင် စက်မှုနှင့်သိပ္ပံ တက္ကသိုလ်သည် အဆင့် ၅၁ တွင် ရရှိပြီး ကိုရီးယားစက်မှုနှင့်သိပ္ပံတက္ကသိုလ်သည် အဆင့် ၅၆ မှ ၅၂ သို့ ခုန်တက်သွားသည်။ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်သည် အာရှတွင် နံပါတ်တစ်အဆင့်ကို ဆက်လက်ထိမ်းသိမ်းထားနိုင်ပြီး၊ ဂျပန်တက္ကသိုလ် ၅ ခု သည် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀ အတွင်းတွင် တန်းဝင်တက္ကသိုလ်များအဖြစ် ဆက်လက်ပါဝင်သည်။ တောင်ကိုရီးယားနှင့် ဟောင်ကောင်သည် ဂျပန်နောက်မှလိုက်ပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀ အတွင်းတွင် ၄ နေရာ ယူထားသည်။ တရုတ်က သူတို့နောက်တွင်ရှိပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀ အတွင်းတွင် ၃ နေရာ ယူထားသည်။

ကာလီဖိုးနီးယားစက်မှုတက္ကသိုလ်သည် လေးနှစ်ဆက်တိုက် ကမ္ဘာအဆင့်တစ်အဖြစ် ဆက်လက်ပြီး ထိပ်မှ နေရာယူထားစဲဖြစ်သည်။ ဟားဘတ်တက္ကသိုလ်သည် ကမ္ဘာတွင် ဒုတိယလိုက်သည်၊ အောက်စဖို့ဒ် တက္ကသိုလ်က တတိယ လိုက်သည်၊ စတင်းဖို့ဒ် တက္ကသိုလ်သည် စတုတ္ထ လိုက်သည်၊ ကင်းဘရစ်ခ်ျ တက္ကသိုလ်သည် ပဉ္စမလိုက်သည်။ ဗြိတိသျှမဂ္ဂဇင်းက တက္ကသိုလ်များအဆင့်ကို သတ်မှတ်ရာတွင် နယ်ပယ် ၅ ခုကို လေ့လာ၍ အကဲဖြတ်ကြသည်။ စက်မှုလုပ်ငန်းမှဝင်ငွေ၊ သင်ကြားမှု၊ ကိုးကားမှီငြမ်းချက်များ၊ သုတေသနပြုမှုနှင့် နိုင်ငံတကာအမြင်တို့ကို ကြည့်ရှုပြီး အကဲဖြတ်ကြသည်။

အထက်ပါအကြာင်းအရာကိုဖတ်ရှုခြင်းဖြင့် ဂျပန်နိုင်ငံ၏ တက္ကသိုလ်များသည် အာရှရှိ တက္ကသိုလ်များ အကြားတွင် ကမ္ဘာထိပ်တန်းတက္ကသိုလ်များအဖြစ် ရပ်တည်လာနိုင်ခြင်းမှာ အစိုးရ၏အမြင်ကျယ်မှု၊ မျိုးချစ်စိတ် ထက်သန်မှု၊ ပညာရေးတွင် အင်တိုက်အားတိုက် ရင်းနှီးမြုပ်နှံမှုတို့ကြောင့်ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အခြားအာရှနိုင်ငံများဖြစ်သည့် စင်္ကာပူနိုင်ငံနှင့် ဟောင်ကောင်၊ ကိုရီးယား၊ တရုတ်တို့သည်လည်း ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်၂၀၀ စာရင်းဝင်နိုင်ငံများဖြစ်နေသည်ကို အားကျစွာတွေ့ရသည်။

ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သည်ကမ္ဘာ့ထိပ်တန်းဝင်မဖြစ်ခဲ့သော်လည်း တချိန်က စင်္ကာပူသမတကြီး လီကွမ်းယူက အားကျခဲ့ရသည့် အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ်ကြီးများထဲတွင်  စာရင်းဝင် ဖြစ်ခဲ့ဖူးသည်။ ဂျပန်နိုင်ငံသည် ကျွန်းနိုင်ငံလေးဖြစ်ပြီး သယံဇာတချို့တဲ့သော နိုင်ငံဖြစ်လျက် ကမ္ဘာတွင် ချမ်းသာကြွယ်ဝပြီး ဂျပန်နိုင်ငံလုပ် အဆင့်မြင့် စက်ပစ္စည်းများ၊ ကားများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများကို တွင်ကျယ်စွာ ထုတ်လုပ်နိုင်ခြင်းမှာ ဂျပန်နိုင်ငံရှိ ကမ္ဘာ့အဆင့်မီ ထိပ်တန်းတက္ကသိုလ်များမှ ပညာတတ် လူသားရင်းမြစ်များကို မွေးထုတ်နိုင်သောကြောင့် ဖြစ်သည်။ ထို့အတူ စင်္ကာပူနိုင်ငံသည် ကျွန်းမြို့နိုင်ငံငယ်လေး ဖြစ်သော်လည်း ပညာတတ်များကို ကမ္ဘာ့အဆင့်မှီ ကောင်းစွာ မွေးထုတ်ပေးနိုင်သောကြောင့် ချမ်းသာ ကြွယ်ဝသော နိုင်ငံဖြစ်လာခဲ့ခြင်းမှာ ပညာရေးကို အစိုးရက အားပေးခဲ့၍ ဖြစ်သည်။ ထိုအချက်က တိုင်းပြည် ချမ်းသာကြွယ်ဝလာခြင်းသည် ထိုတိုင်းပြည်ရှိ သဘာဝသယံဇာတရင်းမြစ်များ ကြွယ်ဝမှုနှင့် မသက်ဆိုင်ဘဲ လူသားရင်းမြစ် ကြွယ်ဝချမ်းသာမှုနှင့် တိုက်ရိုက်အချိုးကျကြောင်း တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါများကြွယ်ဝသော်လည်း ယင်းတို့ကို အသုံးပြုပြီးကုန် ချောများအဖြစ် ထုတ်လုပ်နိုင်သော ပညာတတ်များ၊ အတတ်ပညာရှင်များ ချို့တဲ့နေခြင်း၊ ပညာရေးကို စစ်အစိုးရ အဆက်ဆက်မှ လစ်လျူရှုထားခြင်း၊ ကုန်ကြမ်းများ ထုတ်ရောင်းဖို့ လောက်သာ စဉ်းစားခဲ့သည့်အတွက် လူမွဲနိုင်ငံဘဝမှ မတက်နိုင်ခဲ့ချေ။ ထိုအဖြစ်မှ ကျော်လွန်၍ ကမ္ဘာ့အဆင့်မှီ ပညာတတ်များ မွေးထုတ်ရန် မြန်မာနိုင်ငံတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်များကို ကမ္ဘာ့အဆင့်မှီ ကျောင်းများ အဖြစ်သို့ ရောက်ရှိလာရန် အစိုးရက ငွေလုံးငွေရင်းဖြင့် ပံ့ပိုးပေးဖို့လိုသည်။ ထိုသို့ပြုလုပ်ရာတွင်-

(၁) ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကြီးကို ယခင်ကအတိုင်း ဓါတ်ခွဲခန်းပစ္စည်းများ အစုံအလင်ပြန်လည် တပ်ဆင်ပေးခြင်း။ ဝိဇ္ဇာဘာသာရပ် စာသင်ဆောင်များတွင် မလိုလားအပ်သည့် ရုံးခန်းများဖွင့်၍ နေရာယူထား ခြင်းများကိုလည်း ဖယ်ရှားပစ်ပြီး စာသင်ကျောင်းသက်သက်ကိုသာထားရှိစေခြင်း။ ပညာရေး သက်သက်သာ မဟုတ်ဘဲ ကျောင်းသားများ စာသင်ခန်းပြင်ပ ဘောလုံးအားကစားကွင်းများ၊ တင်းနစ်ကွင်းများ၊ ရေကူးကန်များ၊ နားနေခန်းများ၊ အဆောင်တိုင်းတွင် နိုင်ငံတကာသတင်းများ၊ ဘာသာရပ်များကို လေ့လာနိုင်သော အင်တာနက် ခန်းများ၊ ဘာသာရပ်ဆိုင်ရာစာပေများကိုလေ့လာနိုင်သည့် စာကြည့်တိုက်များထားရှိပေးဖို့ လိုပေသည်။ ဦးသန့်အရေးအခင်းတွင် ရန်ကုန်တက္ကသိုလ်အလေးမရုံကြီးတွင်ရှိသည့် အလေးများ၊ အားကစားပစ္စည်းများကို စစ်သားများကအားလုံးမယူသွားခဲ့ပြီး အလေးရုံကြီးကို ပိတ်ထားခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။ ထိုပျက်စီးစပြုနေသော အလေးရုံကြီးကို ပြန်လည်ပြုပြင်မွန်းမံပြီး တက္ကသိုလ်တခု၏ ဂုဏ်အင်္ဂါရပ်နှင့်အညီ ကျောင်းသားများ အားကစားလုပ်ရန်အတွက် ပြန်လည်ဖွင့်လှစ် ပေးသင့်သည်။ (မှတ်ချက်။ ထိုအလေးရုံစောင့် အလုပ်သမား ဦးကျော်သိန်းနှင့် မိသားစုဝင်များကို လူအများသိမ်းကြုံးဖမ်းဆီးစဉ်တွင် စစ်တပ်မှ ရောနှောဖမ်းဆီးသွားခဲ့ပြီး နောက်မှပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။)

(၂) အမြင်ကျဉ်းမြောင်းစွာဖြင့် အမျိုးသားအမျိုးသမီးဆောင်များကိုဖျက်ပြီး စာသင်ဆောင်များ၊ ဌာနဆိုင်ရာ ရုံးခန်းများလုပ်၍ အဆောင်နေ ကျောင်းသားဦးရေကို ရည်ရွယ်ချက်ရှိရှိဖြင့် လျော့ချပြီး လုပ်ဆောင်ထားမှုများကို ပြန်လည်ပြင်ဆင်၍ နစ်စဉ် တိုးပွားလာနေသော အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများကို နေထိုင်ခွင့်ပေး၍ ရန်ကုန်မြို့တွင် အဆင့်မြင့်ပညာသင်ကြားခွင့် ရရှိရေးကို ဆောင်ရွက်ပေးခြင်း။ ဥပမာ- ယောက်ျားလေး ဆောင်များဖြစ်သော မန္တလေးဆောင်၊ ရာမညဆောင်၊ အမရဆောင်၊ အင်းဝဆောင်တို့နှင့် အမျိုးသမီးဆောင်များဖြစ်သော မာလာဆောင်နှင့် သီရိဆောင်တို့ကို မူလကျောင်းသား/သူ အဆောင်များအဖြစ် ပြန်လည်ထားရှိရေးသည် အရေးကြီးသည်။ သို့မှသာ အနယ်နယ် အရပ်ရပ်မှ တိုင်းရင်းသားများ၊ လူငယ်များ မြို့တွင်လာရောက်နေထိုင်ကာ ပညာသင်ကြားခွင့် ရရှိနိုင်မည်ဖြစ်သည်။ နယ်မှလာတက်သော ကျောင်းသားများကို ရန်ကုန်မြို့တွင်ရှိသော အဆောင်များတွင် မထားဘဲ ရပ်ဝေးတွင် ဖြစ်သလို ဆောက်ထားသော ကျောင်းဆောင်များတွင် နေစေခြင်းသည် စာနာမှုကင်းမဲ့သော လုပ်ရပ်ဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့တွင် နေထိုင်ပြီး ဘွဲ့ကြိုတက်သည့် ကျောင်းသားများသည် ရန်ကုန်တက္ကသိုလ်ကြီး ရှိနေလျက်နှင့် မြို့ပြင်သို့ နှစ်နာရီထက်မနည်း ကားစီး၍ ကျောင်းတက်စေခြင်းသည်လည်း အရပ်သားပညာရေးကို နှိမ်ချထားခြင်းအဖြစ်တွေ့မြင်နေရသည်။ ယနေ့ ပွင့်လင်းလာသောခေတ်ကြီးတွင် မဖြစ်သင့်တော့ပေ။

(၃) မြန်မာတက္ကသိုလ်များ ကမ္ဘာ့အဆင့်အတန်းမှီရန်မပြောနှင့် ယခင်နိမ့်ကျနေသော မဆလခေတ်က ရှိခဲ့သော ပညာရေးအဆင့်အတန်းကိုပင် မမှီတော့သည့် ယနေ့ခေတ်တွင် အဆင့်မြင့်တက္ကသိုလ်များအဆင့်ရောက်ရန် စိတ်ကူးယဉ်နေ၍ မရချေ။ ထို့ကြောင့် ဖြတ်လမ်းမှလိုက်၍ အဆင့်မြင့်နိုင်ငံခြားတက္ကသိုလ်များသို့ ပညာတော် သင်များကို ဘက်လိုက်မှုမရှိဘဲ တင်းကြပ်စွာ စစ်ဆေး၍ အမှန်တကယ် ထက်မြက်ထူးချွန်သော ကျောင်းသား လူငယ်များကို ရွေးချယ်ကာ ပညာတော်သင်စေလွှတ်ပြီး အနာဂါတ်အဆင့်မြင့် တက္ကသိုလ်ကြီးများ ပေါ်ပေါက် လာရန် အစပျိုး စီမံကိန်းချ လုပ်ဆောင်သင့်ပေသည်။ ပညာသင်စေလွှတ်ရာ၌ ကျောင်းသားများသာမဟုတ် ကျောင်းဆရာများကိုလည်း စေလွှတ်ပေးဖို့လိုသည်။

(၄) ရင်လေးစရာကောင်းသည်မှာ မဆလခေတ်တွင်လက်တဲ့စမ်းပညာရေးစနစ်ကို ကျင့်သုံး၍ အင်္ဂလိပ်ဘာသာ မှလွဲ၍ ကျန်ဘာသာများအားလုံးကို မြန်မာလို သင်ကြားရန် အမိန့်ထုတ်ခဲ့သည်။ ထိုသို့ လက်တဲ့စမ်းပြီး မျိုးချစ်ပြလိုက်သဖြင့် မြန်မာကျောင်းသားများ အင်္ဂလိပ်စာညံဖျင်းလာခဲ့ခြင်းသည် ထိုလက်တဲ့စမ်းစနစ်ကြောင့် ရသည့်ဆိုးကျိုးပင်ဖြစ်သည်။ စစ်အစိုးရလက်ထက်တွင် အရည်အချင်းပြည့်မီခြင်း မရှိသည့် ကျောင်းပညာရေး စနစ်မှ အောင်မြင်လာသောဘွဲ့ရများကို ကျောင်းဆရာများအဖြစ် ခန့်အပ်လိုက်သည့်အခါ ထိုဆရာများက ကျောင်းသားများကို နားလည်တတ်ကျွမ်းအောင် သင်မပေးနိုင်တော့သဖြင့် ဂျာအေး သူ့အမေရိုက်ခဲ့ရပြန်သည်။ ယနေ့ခေတ်တွင် မြန်မာစာမှလွဲ၍ ဘာသာရပ်များအားလုံးကို အင်္ဂလိပ်လို သင်ကြားစေသဖြင့် ဆရာဖြစ်သူများက အင်္ဂလိပ်စာကောင်းကောင်း မတတ်ဘဲ သင်ကြားကြသည့်အခါ ကျောင်းသားများ အနေနှင့် နားလည်တတ်ကျွမ်းမှု မရှိသည့် ပြဿနာက ဖြစ်လာပြန်သည်။ ထိုအခါ ပညာရေးစနစ်ကို ပြောင်းလဲဖို့ လုပ်ရပြန်တော့သည်။ ဘာသာရပ်အားလုံး အင်္ဂလိပ်စာမှလွဲ၍ မြန်မာလို သင်ကြားကြရန် ဖြစ်သည်။ ထိုသို့ ဖြစ်လာပါက စနစ်သစ်တွင် သင်ကြားခဲ့သော ကျောင်းသားများ အထက်တန်းအောင်မြင်ပြီးပါက အဆင့်မြင့်တက္ကသိုလ်ပညာရေးကို သင်ကြားရာတွင် မြန်မာလိုပြန်ပြီးသား ဘာသာရပ်အစုံ ရှိပါမည်လောဟု မေးစရာရှိလာသည်။ ထို့အပြင် မြန်မာလိုသာ တတ်သဖြင့် နိုင်ငံခြားသို့ ပညာသင်စေလွှတ်သည့်အခါ ဘာသာစကား မကျွမ်းကျင်မှုက ကြီးမားသော အဟန့်အတားတခု ဖြစ်လာစေမည်မှာ အမှန်ဖြစ်သည်။ ဖြစ်သင့်သည်မှာ နဂိုရှိရင်း သင်ကြားမှုကို ဤအတိုင်းထားပြီး တတ်ကျွမ်းသူ ပြည်တွင်းပြည်ပမှ ဆရာများကို ငှားရမ်းကာ ဆရာများကို ဦးစားပေး မွန်းမံသင်တန်းများပေးခြင်း၊ အရည်အချုင်းကို တင်းကြပ်စွာ စစ်ဆေးခြင်းတို့ဖြင့် ပညာရေးအရည်အသွေးစံချိန်ကို မြှင့်တင်ပေးဖို့လိုပေသည်။ ထို့ပြင် မျိုးချစ်စိတ်ရှိသော ပြည်ပနေ အငြိမ်းစား မြန်မာပါမေက္ခများ၊ ပညာတတ်များကို ဖိတ်ခေါ်၍ နေရာပေးခြင်း၊ ဧည့်နိုင်ငံသား ဆရာများအဖြစ် တက္ကသိုလ်များတွင် သင်ကြားခွင့်ပေးခြင်းတို့သည်လည်း နိုင်ငံအတွက်နှင့် ထိုပညာတတ်များ အတွက်ပါ အကျိုးရှိသောအလုပ် ဖြစ်ပေလိမ့်မည်။

ဆေးတက္ကသိုလ်တွင် ကျောင်းသားများကို မြန်မာစာနှင့် သင်ကြားစေမည်ဆိုသည့် သတင်းကြားနေရသည်။ ဤသို့ဆိုလျှင် အနာဂါတ်ဆရာဝန်များအတွက် ကြီးမားသောအခက်အခဲကို ဖြတ်ကျော်ရပေလိမ့်မည်။ ဆေးပညာသည် အင်္ဂလိပ်ဘာသာနှင့်သာသင်ကြားလေ့ရှိပြီး သုံးစွဲသည့်ဆေးများ၊ ဆေးညွှန်းများသည်လည်း အင်္ဂလိပ်ဘာသာနှင့်သာဖြစ်သဖြင့် ဖားတပိုင်းငါးတပိုင်း ဆေးကျောင်းသားများဖြစ်ပြီး နိုင်ငံတကာအဆင့်မှီရန် ပိုမိုခက်ခဲသွားပေတော့မည်ဖြစ်သည်။ မြန်မာစာနှင့်သာ သင်ကြားမည်ဆိုပါက ဆေးပညာဘာသာရပ်များ အားလုံးကို မည်သူက မြန်မာဘာသာ ပြန်ပေးမည်နည်း စဉ်းစားဖို့လိုပေသည်။ ပြန်ပေးနိုင်သူများရှိနေပြီလား မေးရတော့မည်။ ရောဂါပေါင်းများစွာရှိနေသော လူ့လောကတွင် ထိုရောဂါများအကြောင်း ကုထုံးများ၊ ရောဂါပိုးများအကြောင်း စသည်တို့သည် စာအုပ်ပေါင်းထောင်ပေါင်းများစွာ ရှိသည်။ ထို့ပြင် မြန်မာစာတွင် လုံးဝမရှိသည့် အသုံးအနှုန်းနှင့် ဆေးပညာ အခေါ်အဝေါ်များကို မည်သို့ပြန်ဆိုမည်နည်း။ ဂျပန်နိုင်ငံလို တိုးတက်သောနိုင်ငံတွင် ဘာသာရပ်တိုင်းကို ဂျပန်ဘာသာသို့ ပြန်ဆိုပြီး လေ့လာနိုင်ကြသော်လည်း နိုင်ငံတကာနှင့် ဆက်ဆံသည့်အခါ အထစ်အငေါ့ ဖြစ်သဖြင့် ယနေ့ ဂျပန်ကျောင်းများတွင် ဂျပန်စာအပြင် အင်္ဂလိပ်စာကိုပါ လူငယ်များက ကျွမ်းကျင်အောင် သင်ကြားနေကြပြီဖြစ်သည်။
ထို့ပြင် ယနေ့လွှတ်တော်တွင် လွှတ်တော်အမတ်များသည် ကျောင်းသားလူငယ်များကို မိမိတို့ရုံးများတွင် အလုပ်သင်လုပ်အားပေးများ (Intern) အဖြစ် ခန့်အပ်ခြင်းဖြင့် တိုင်းပြည်၏ နိုင်ငံရေးကိစ္စရပ်များကို ကျောင်းသားဘဝကပင် နားလည်သဘောပေါက်လာစေရန် ပြုစုပျိုးထောင်ပေးကြလျှင် လွှတ်တော် အတွေ့အကြုံများ၊ လုပ်ငန်းဆောင်တာများကို နားလည်သဘောပေါက်ပြီး ကျောင်းပြီးပါက မြန်မာနိုင်ငံရေးသို့ ဝင်ရောက်နိုင်သော လေ့ကျင့်ပြီးသား လူငယ်မျိုးဆက်များအဖြစ် ရောက်ရှိလာနိုင်ပေသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်စာရင်းဝင် တက္ကသိုလ်များ ပေါ်ပေါက်လာရေးကို မျှော်မှန်းလျက်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ ဒီမိုကရေစီတူဒေး သတင်းစာပါ ဆောင်းပါး။

အားလုံးကို လေးစားလျက်။
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)


ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...