Wednesday, October 1, 2014

ကိုတိတ် (ဦးမောင်မောင်တိတ်) အတွက် အမှတ်တရ စာစု

မနေ့က ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် ကိုတိတ် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။ ကိုတိတ်နဲ့ပတ် သက်ပြီး ၁၉၈၈ ခု အောက်တိုဘာလ လဆန်းပိုင်းရက်တွေတုန်းက သံလွင်မြစ်ဘေးက မယ်လဲထာ ရွာကလေးမှာ ဆုံစည်း ခဲ့ကြရာကစလို့
၁) ABSDF သံလွင်စခန်း ကျောင်းသားတပ်မတော် တပ်ရင်း ၂၀၉ မှာ တာဝန်အတူထမ်းခဲ့ကြတဲ့ကာလ။
၂) DAB စစ်ဆင်ရေး စစ်ကြောင်း ၁၂ ၊ စစ်ကြောင်း ၁၄ ကာလက သူထမ်းဆောင်ခဲ့တဲ့တာဝန်များနဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားခဲ့ကြရတာတွေ။
၃) ကိုတိတ်နဲ့ ဆက်သွယ်ရေးတပ်ဖွဲ့က ကော်လာသူး (ဇော်လင်းထွေး) တို့ရဲ့ စက်ဓါတ်ခဲဇတ်လမ်း။ (သူတို့နှစ်ဦးစလုံးက ပဲခူးသားတွေ မိခင်တပ်ရင်း ၂၀၉ ကလည်းအတူတူ ဗဟိုဋ္ဌာနချုပ်မှာ တာဝန်သွားကျကြတုန်းက အဖြစ်အပျက်)
၎) မိခင်တပ်ရင်းဖြစ်တဲ့ ABSDF တပ်ရင်း ၂၀၉ က ရဲဘော်တွေကို (အထူးသဖြင့် ကိုသိမ်းဆန်းနဲ့ကိုမြင့်ဦး တို့) ကို Karate ကစားဖို့၊ ဖိုက်တင်ချဖို့ စိန်ခေါ်တတ်တဲ့ဖြစ်ရပ်များ။

၅) DVB သတင်းထောက် ကိုမောင်တူးနဲ့ မခင်သန်းထွေးတို့ရဲ့ မင်္ဂလာပွဲမှာ ကိုတိတ်က ဆုံးမစကားပြောပေးတော့ မယားဝတ္တရားနဲ့ပတ်သက်ပြီး သိမ်းထုပ်သေချာ ဆိုတဲ့စကားလုံးကို သူ့ကိုယ်ပိုင်ဗားရှင်းနဲ့ ဖွင့်ဆိုရှင်းလင်း ဩဝါဒပေးခဲ့တာ။
၆) ရှစ်လေးလုံးနှစ်ပတ်လည်ပွဲမှာ ပြဇတ်သွားကရင် ဘုန်းကြီးခန်းက သရုပ်ဆောင်ရမှာဖြစ်လို့ ကတုံးကိုပြောင်ရှင်းနေ အောင်ရိတ်ပြီး အဆင်သင့်လုပ်ထား၊ ဇတ်ဝင်ခန်းမှာပြောရမယ့် စကားပြော Dialogue တွေကျက်၊ အမူအရာတွေ အပီ အပြင်ကျင့်ထားပေမယ့် ပြဇတ်အဖွဲ့ရဲ့လမ်းခရီးမှာကြုံလိုက်ရတဲ့ အခက်အခဲတွေကြောင့် ကတုံးသာအဖတ်တင်ရတဲ့ အကြောင်း ပြောခဲ့ကြတာ။
၇) ၁၉၉၈ ခုနှစ် ဧပြီလနွေနေပူကြီးထဲမှာ မယ်ရယ်ထာ့ကနေ ဘန့်ဇလားကိုအပြောင်း၊ လူရောစိတ်ပါ ခွန်အားကျဆင်းနေ တဲ့အချိန် အားပေးနွေးထွေးခဲ့တာ၊ ဖခင်တစ်ဦးလို အစ်ကိုကြီးတစ်ယောက်လို ကျနော့်ကိုဖေးမခဲ့တာ။
၈) ကျနော် အသက် ၃၀ ပြည့်မွေးနေ့မှာ ကျနော့်ဘက်က သူ့ကိုသိသိမှတ်မှတ် အလေးအနက်တန်ဖိုးထားတဲ့ အကြောင်း လေး ရင်ဖွင့်ခဲ့တာ။
၉) ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက် (ကမ္ဘာ့ကုလသမဂ္ဂနေ့) မှာ ကျနော်က Kim နဲ့အိမ်ထောင်ပြုပြီး ကိုတိတ်က မမေကြည်နဲ့ အိမ်ထောင်ပြုခဲ့လို့ တစ်ရက်တည်း မင်္ဂလာဆောင်ဖြစ်ခဲ့ကြတာ။
၁၀) ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်၊ ကျနော်အစာအိမ်ခွဲစိတ်ကုသရတော့ ဆေးရုံမှာ ကိုယ်တိုင်လာရောက် စောင့် ရှောက်ပေးခဲ့တာ။
၁၁) တစ်ရပ်ကွက်ထဲနေရင်း ကိုယ်စီအလုပ်တွေနဲ့ဆိုပေမယ့် ဗမာပြည်နိုင်ငံရေး၊ လူမှုစီးပွားရေး နဲ့ စစ်အုပ်စုအကြောင်း၊ အ တိုက်အခံတွေအကြောင်း၊ ကျနော်တို့ကိုယ်တိုင်ရဲ့ ရပ်တည်နေထိုင် လှုပ်ရှားသွားလာမှုတွေ၊ အဖွဲ့အစည်းတွေရဲ့ အခြေအ နေတွေ မကြာခဏ ဆုံတွေ့ပြောဆိုဖြစ်တာလေးတွေ -
စသည်ဖြင့် ကျနော့်ဦးနှောက်ထဲမှာ အမှတ်တရများစွာက အစီအရီ၊ အပုံအပင်။
ကိုတိတ်ကြီးက မခံစားတတ်သလိုနေတယ် ထင်ရပေမယ့် ရသစာတွေလည်းရေးနိုင်သလို သီချင်းတွေတောင် စပ်ဆို တတ်သေး၊ ပြဇတ်ကဖို့ Dialogue တွေ ရေးတာလည်းရတယ်။
ကိုတိတ်က တော်လှန်ရေးရဲ့သဘောသဘာဝ၊ မတရားမှုတွေနဲ့ ဖိနှိပ်မှုတွေတိုင်းအတွက် လူတွေရဲ့လွတ်မြောက်ချင်ပြီ ဆိုရင် ရုန်းကန်အုံကြွတဲ့ ဒဿနတွေပါတဲ့ ဤအရာကားတားဆီး၍မရပါ ဆိုတဲ့ သီချင်းကိုလည်း ရေးခဲ့ဖူးတယ်။ ရဲဘော် တချို့က ဤအရာ - ကား - တားစီး၍မရပါ ဆိုပြီး သူ့သီချင်းခေါင်းစဉ်ကို နောက်ခဲ့ကြသေးတယ်။
ဒေါင်းအိုးဝေစာစောင်ထဲက ကျောက်ရုပ်မျက်နှာ ရသဆောင်းပါးလေးကတော့ ကျနော်နဲ့ကိုတိတ်တို့ရဲ့ ရင်ဘတ်ထဲကကိစ္စ တွေပါပဲ။
မနှစ်က ၂၀၁၃ ခုနှစ် ဧပြီလ ၂၅ ရက်မှာ ကိုမောင်မောင်ကြီး ဆုံးတယ်။ သူ့ကိုတော့ နောက်ဆုံးအချိန်တွေမှာ ပြုစုခွင့် ရခဲ့ပေမယ့် ကိုတိတ်ြကီး အပြင်းအထန်မကျန်းမာတဲ့အချိန်မှာလည်း ပြုစုခွင့်မရ။ နောက်ဆုံးခရီးမှာလည်း လာရောက်နှုတ် ဆက်ခွင့်၊ အလေးပြုခွင့် ဂုဏ်ပြုခွင့်မရတဲ့အတွက် ခွင့်လွှတ်ပေးပါ။
ဒီစာစုကို ကျနော် မျက်ရည်နဲ့ရေးပါတယ်။ ကိုတိတ်ကိုလည်း ကန်တော့လိုက်ပါတယ်။ အသက်ရှင်စဉ်တလျှောက် ဘယ်သူ တစ်ဦးတစ်ယောက်အပေါ်မှာမှ ခေါင်းပုံဖြတ် အနိုင်ကျင့်တာမျိုးမလုပ်ခဲ့တဲ့၊ ဘာပကာသနမှ မမက်မောခဲ့တဲ့ ကိုတိတ်ရဲ့ စိတ်ဓါတ်ကိုလည်း ဂုဏ်ယူပါတယ်။ အစ်မ မမေကြည်နဲ့ သားသားလည်း ဂုဏ်ယူပါ။
ဗမာပြည်အပြောင်းအလဲအတွက် ၁၉၇၄ ခုနှစ် ဦးသန့်ဈာပန သပိတ်တိုက်ပွဲတွေကစလို့ လက်နက်ကိုင်တော်လှန်ရေး အပါအဝင် နိုင်ငံရေး၊ လူမှုရေးတာဝန်တွေကို ပခုံးထမ်းခဲ့တဲ့ ရဲဘော်ကြီးရေ။ ကောင်းရာဘုံဘဝ ရောက်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။
စိုင်းမြင့်သူ
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်၊

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...