Tuesday, October 7, 2014

အမေ့သားအတွက် ဂုဏ်ယူနိုင်ခဲ့ပြီ

မယ်သရေ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တဦးရဲ့ အမေနဲ့ စကားပြောဖြစ် ခဲ့တယ်။ ဘားအံမှာ ကျင်းပတဲ့ ကျောင်းသားတပ်မတော် ဒီမိုကရေစီသူရဲကောင်း ဂုဏ်ပြုမှတ်တမ်းပေးအပ်တဲ့ အခမ်းအနားမှာ ကျဆုံးရဲဘော် ၃၆ ဦးရဲ့ မိဘတွေ မောင်နှမသားချင်းတွေကို တွေ့ခဲ့ရတယ်။ တချို့မိဘတွေလည်း အသက်တွေအတော်ကြီးကို ကြီးကုန်ကြပြီ၊ တချို့မိဘတွေမရှိကြတော့ဘူး ညီတွေ အကိုတွေ ညီမ တူ တူမ တွေက ဂုဏ်ပြုမှတ်တမ်းကို လာယူကြတယ်။

မိသားစုဝင်ထဲမှာ တောခိုသူပုန်ကျောင်းသားရှိခဲ့ရင် စစ်အာဏာရှင်တွေရဲ့ ဖိအားပေးမှု အမျိုးမျိုးကို ရင်ဆိုင်ခဲ့ကြရတဲ့ ကျန်ရစ်သူ မိသားစုတွေဟာ ကျောင်းသားတပ်မတော်က ပေးအပ်တဲ့ ဒီမိုကရေစီသူရဲကောင်း ဂုဏ်ပြုမှတ်တမ်းကို ရင်ခွင်ထဲမှာ ခပ်တင်းတင်းထွေးပိုက်ထားတာကို တွေ့ရတယ်။ ဒါပေမယ့် စိုးရိမ်စိတ်အငွေ့အသက်တွေ မကင်းစင်သေးတဲ့ မျက်ဝန်းတွေကတော့ ကိုယ်စီ ကိုယ်စီ ရှိနေတုန်းပဲဆိုတာတော့ သတိပြုမိတယ်။
ဂုဏ်ပြုမှတ်တမ်းကို လွယ်အိတ်ထဲ အသေအချာထဲ့နေတဲ့ အမျိုးသမီးကြီးတဦးကို စကားပြောကြည့်တဲ့အခါ
“ကျဆုံးသွားတာ သားလေ၊ ကလေးက ထွက်သွားတုန်းက လိုက်စုံစမ်းသေးတယ် သတင်းအစအန မရတော့ဘူး။ သူ့အဖေက အစိုးရတပ်ကလေ၊ ဒါနဲ့ ကလေးကို အရင်က မွေးစားအမေနဲ့နေ နေရင်၊ သူ့လက်ထဲက တောခိုသွားတဲ့ ပုံစံမျိုးလုပ်ထားရတယ်။ တရက်မှ စိတ်မအေးရပါဘူ၊ အမေ့ရင်ဘတ်ထဲမှာ တခုခု လာပိတ်ဆို့နေသလိုကြီး ခံစားနေရတာ သူထွက်သွားကတည်းကပဲ။ သူ့သတင်းဘယ်က ကြားမလဲ အမြဲနားစွင့်နေခဲ့တယ်။
အဲဒီလို အမြဲစိတ်စွဲလန်းနေလို့လားတော့ မသိဘူး၊ တည မှာ သူပြန်လာတယ် အိမ်ကိုပေါ့၊ သူကလဲ ပြောတယ် အမေ သား ပြန်လာပြီ ဘာမှ စိတ်မပူတော့နဲ့ဆိုတော့ အမေ့ ရင်ထဲမှာ အရင်ကတည်းကြပ်နေတာတွေ တခါတည်း ပြေပျောက်သွားတယ်”
ဒါပေမယ့် အဲဒါ တကယ်မဟုတ်ဘူးတဲ့ အိပ်မက် မက်တာတဲ့ ...
“နောက်သိပ်မကြာပါဘူး သူ့သတင်းကြားတယ်။ သူ ထိုင်းမြန်မာနယ်စပ် မယ်သရေ တိုက်ပွဲမှာ ကျသွားပြီးလို့ လူကြုံတွေနဲ့ အဖွဲ့အစည်း သတင်းပါးလိုက်တယ်။ ဒီသတင်းကို ကြားကြားချင်းပဲ အမေ့ ခေါင်းဟာ မခံမရပ်နိုင်အောင် ကိုက်ခဲလာပြီး မေ့လဲသွားတယ်။ ကြားကြားချင်းတော့ ဒီသတင်းကို စိတ်ထဲ ဘယ်လိုမှ လက်မခံနိုင်သေးဘူး၊ နောက်ပိုင်း နယ်စပ်ကလာတဲ့ ရင်းနှီးတဲ့ လူကြုံ ၂ ဦး ၃ ဦး လောက်က ထပ်ပြောမှ လက်ခံခဲ့တာ။ သူ့အတွက် ရေစက်ချ အမျှအတမ်းဝေတာတွေ ဘာတွေတော့ လုပ်ပေးလိုက်တယ်”
“သား တောထဲမှာ ကျဆုံးတာကတည်းက ခုချိန်ထိ ဒီပူဆွေးသောကတွေကို ဖွင့်ဟပြီး မခံစားရဲခဲ့ကြဘူး၊ ကြိတ်မှိတ် မျိုသိပ် လာခဲ့ရတာ တိတ်တိတ်လေး ကြိတ်ငိုခဲ့ရတာတွေက ဒီနေ့အထိပဲ၊”
“အရင်က ရပ်ထဲရွာထဲမှာ ငါသားဟာ ဘာကြောင့် သေတယ်ဆိုတာ ပြောခွင့်မရတဲ့ ဘဝတွေလေ”
“အခု ကျဆုံးသွားတဲ့ သားရဲ့ အဖွဲ့အစည်းက သူရဲကောင်းအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုလိုက်တဲ့အတွက် အမေတို့ ဝမ်းသာတယ် ဂုဏ်ယူတယ် အခု အမေ့သားအတွက် ဂုဏ်ယူနိုင်ခဲ့ပြီ”
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ စစ်အာဏာရှင်တွေရဲ့ ပစ်သတ်လက်စဖြောက်ခဲ့တဲ့ ပျောက်ဆုံးခဲ့ သူတွေ၊ နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ထောင်ထဲမှာ ကျဆုံးခဲ့ရသူတွေ၊ လက်နက်ကိုင် တော်လှန်ရင်း ကျဆုံးခဲ့ရသူတွေရဲ့ အမေတွေ အမေတွေ အမေတွေရဲ့ မျက်ရည်တွေ၊
ဒီ မျက် ရည် တွေ ဘယ် တော့ များ မှ ...
Photo by Yamounnar
5 Oct 2014, Hpa-an

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...