Saturday, October 11, 2014

အစိုးရညံ့၊ ပြည်သူညံ့၊ သတင်းစာညံ့

နိုင်ငံတိုင်းတွင် အစိုးရ၊ ပြည်သူနှင့် သတင်းစာတို့ ရှိသည်ချည်းသာ ဖြစ်သည်။ အစိုးရ မရှိသော တိုင်းပြည်၊ ပြည်သူ မရှိသော နိုင်ငံနှင့် သတင်းစာ မရှိသော မြို့တော်တို့မှာ မရှိနိုင်ပါ၊ မရှိပါ။ သို့သော် အစိုးရသည် ပြည်သူ့အတွက် အလုပ် မလုပ်သော အစိုးရဖြစ်နေပြီး၊ ပြည်သူများကလည်း ဖိနှိပ်ခံဘ၀နှင့် နေနေကြရပါက အစိုးရညံ့နှင့် ပြည်သူညံ့များ ဖြစ်ကုန်ပါလိမ့်မည်။ ယင်းအခြေအနေများကို ထုတ်ဖော် ရေးသားပြီး ပြင်ဆင်နိုင်ပါမည့် သတင်းစာများ မရှိလျှင်ကား ယင်းနိုင်ငံနှင့် ပြည်သူတို့သည် အညံ့တကာ့အညံ့ဆုံးများ ဖြစ်ကုန်ပါလိမ့်မည်။

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေး လက်အောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသည်။ ယခုအခါ အသွင်ပြောင်း စစ်ဗိုလ်ချုပ်ဟောင်းများ အုပ်ချုပ်မှုအောက်တွင် နေကြရပြန်သည်။
စစ်ဗိုလ်ချုပ်ဟောင်းများသည် စနစ်တကျနှင့် ဗျူဟာမြောက် နိုင်ငံရေးကို ကစားသဖြင့် အတိုက်အခံများမှာ မည်သည့်လုပ်ကွက်မှ မသာ၊ ပြည်သူများသည် ဖိနှိပ်ခံထားရသဖြင့် နည်းနည်းအာဏာနှင့် လုပ်ပိုင်ခွင့် ရှိသူက မရှိသူများကို ဖိနှိပ်သည်။ ကားစပယ်ယာက ခရီးသည်ကို မိုက်ရိုင်းသည်၊ လိုင်းကားစီးသည့် မိန်းကလေးများကို ထိပါးစော်ကားသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်တွင်းနေ ပြည်သူများကို ဒုက္ခပေးသည်။ ရုံးဌာနများက ပြည်သူများဆီက ရနိုင်သမျှ ညှစ်ထုတ်ပြီး လာဘ်ငွေ ယူကြသည်။ ယင်းတို့ကို သတင်းစာများက ထုတ်ဖော် ရေးသားခြင်း မပြုလျှင် ပြည်သူတို့ ပြားသထက် ပြားပေတော့မည်။ အစိုးရတို့သည် လုပ်ချင်ရာ လုပ်နေကြတော့မည်။

သတင်းစာသမားကို အကဲဖြတ်ခြင်း

ကျွန်တော်တို့ သတင်းစာလောက (တကယ်တော့ ထိုစဉ်က အခြေအနေကို သတင်းလွှာလောကဟု ခေါ်ရမည်။ စာမျက်နှာ ၂၀ ကျော်၊ ၃၀ ကျော် အပတ်စဉ်ထုတ်စာစောင်တွင် သတင်းစာမျက်နှာက နည်းနည်းလေးသာ) ၀င်ကာစတွင် အ၀င်လွယ်ခဲ့သည်ဟု ဆိုရမည်။ သို့တိုင် အကြိမ်ကြိမ် အထပ်ထပ် စမ်းသပ်မှုခံယူပြီးမှ အလုပ်ရသည်၊ အစွမ်းပြရသည်။ နေရာပိုရလာသည်၊ နိုင်ငံရပ်ခြားသို့ သင်တန်းစေလွှတ်လိုက်သည်။ အခွင့်အရေးအတွက် ဒီလောကသို့ ကျွန်တော်တို့ ရောက်လာသည် မဟုတ်ခဲ့ကြောင်းကို ရိုးသားစွာ ပြောနိုင်ပါသည်။ လုပ်ရင်းကိုင်ရင်း အစွမ်းပြရင်းဖြင့်သာ အခွင့်အရေးတို့ကို ဆီးပွေ့မိခြင်းဖြစ်သည်။

ကျွန်တော်တို့ အားကျခဲ့ရသော ဆရာသမားများက ၁၀ နှစ်မက ကြိုးစားခဲ့ရသော အခွင့်အရေးနှင့် အခြေအနေများကို ကျွန်တော်တို့က ငါးနှစ်ခန့်နှင့် အောင်မြင်အောင် ဖြတ်ကျော်နိုင်ခဲ့ကြသည်။ ကျွန်တော်တို့ ငါးနှစ်ခန့် ကြိုးစားခဲ့ရသည်ကို ယခုခေတ် လူငယ်များက တစ်နှစ်အတွင်း ကျွန်တော်တို့ထက် များစွာသာအောင် ဆောင်ရွက်နိုင်ကြပြီ။

အခုခေတ်ကျ ပို၍ပင် လွယ်ကူသွားလေသည်။ ဈေးကွက်တွင် လိုအပ်ချက်နှင့် ဖြည့်ဆည်းနိုင်မှုဆိုသော ဟိုဘက်ဒီဘက် နှစ်ချက်က ဈေးကွက်ကို ထိန်းထားခြင်းဖြစ်သည်။ လိုအပ်ချက်က များပြီး၊ ဖြည့်ဆည်းနိုင်မှုက နည်းလျှင် ဖြည့်ဆည်းသူဘက်က အသာရသည်။ တစ်ခါတွင် ဖြည့်ဆည်းပေးနိုင်သူက များပြီး လိုအပ်ချက်က နည်းနေလျှင် ဖြည့်ဆည်းနိုင်သူများထဲမှ အကောင်းဆုံး အတော်ဆုံးများကသာ နေရာရနိုင်လေသည်။

မကြာမီတစ်ချိန်က လူငယ်သတင်းထောက် မြောက်များစွာတို့သည် သတင်းမီဒီယာလောကထဲသို့ ရောက်လာကြသည်။ အများစုမှာ ကျွန်တော်တို့ခေတ်ကလို သည်းသည်းလှုပ်ဆုံးဖြတ်ချက်မျိုးနှင့် မဟုတ်တော့၊ ဒီအလုပ်ကလွဲလို့ တခြားအလုပ် မလုပ်ဘူးဟု ဆုံးဖြတ်ထားသူများ မဟုတ်။ စမ်းကြည့်မည့်သူများ၊ လှေကားအဖြစ် သုံးမည့်သူများ၊ ပျော်သလောက်ပေါ့ဟု ဆိုသည့်သူများသာ များနေကြလေသည်။ ထို့ကြောင့် သူတို့သည် သတင်းစာလောကကိုလည်း မချစ်၊ နည်းနည်းညစ်သည်နှင့် ထွက်ဖို့ပြင်သည်။ အလုပ်ဘက်ထက် အခွင့်အရေးဘက်ကို လှမ်းကြည့်တတ်သည်။ အပင်ပန်းခံရသည်နှင့် အော်ကြတော့သည်။ ကျွန်တော်တို့ခေတ်ကတော့ ဒီအလုပ်ပဲ လုပ်ချင်သည်မို့ တခြားဘာမှ မလုပ်တော့ဘဲ ခုန်ချလိုက်ခြင်းဖြစ်သည်။

ယုံကြည်မှု သင်ခန်းစာ

တစ်ခါက ကျွန်တော် အလုပ်လုပ်သော နည်းပညာဆိုင်ရာ မီဒီယာလုပ်ငန်းတစ်ခုနှင့် ကျိုက်ထီးရိုးဘုရားကို ကျွန်တော်လိုက်သွားသည်။ ယင်းမီဒီယာသူဌေးက သဘောကောင်းသည်။ ကျွန်တော့်ကို ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ရန် အကြံပေးသည်။ ကျွန်တော်က ကြောက်သည်၊ လုပ်ခလစာနှင့် လုပ်ရသည်က ၀န်ကင်းသည်ဟု ခံစားရသည်။

ဒီလိုနှင့် ဂိမ်းတစ်ခုကို ကစားကြသည်။ ယင်းဂိမ်းမှာ အဖွဲ့သားများကြား ယုံကြည်မှုကို စစ်ဆေးခြင်းလည်း ဖြစ်သည်။ သုံးပေခန့်မြင့်သော အမြင့်တစ်ခုပေါ်ကို တက်စေပြီး နောက်ပြန်ရပ်စေသည်။ နောက်လှည့်မကြည့်ဘဲ ခန္ဓာကိုယ်ကို တောင့်တောင့်ထား၍ ပစ်ချလိုက်ရန်သာဖြစ်သည်။ သူတစ်ပါးကို မယုံကြည်သူများ၊ ကိုယ့်ကိုယ်ကိုယ် မယုံကြည်သူများ လုပ်ရန် မလွယ်သည့် လေ့ကျင့်ခန်းမျိုးဖြစ်သည်။

အောက်ကလူများက မိမိခန္ဓာကိုယ်အလေးချိန်ကို မနိုင်လောက်ဟု ယူဆလျှင် နောက်ပြန်လှဲမချရဲ၊ သူတို့ဖမ်းတာ ပုံပန်းကျပါ့မလား၊ အဖမ်းမတော်လျှင် ငါတော့ ထိပ်ပေါက်ခေါင်းကွဲ ဖြစ်တော့မှာပဲဟု ယူဆလျှင်လည်း လှဲချရဲမည် မဟုတ်။ ကိုယ့်ကိုယ်ကိုယ် သတ္တိရှိသူ၊ ဒါသည် စုပေါင်းလေ့ကျင့်ခန်းတစ်ခု၊ ယုံကြည်မှုနှင့်ပတ်သက်သည့် လေ့ကျင့်ခန်းတစ်ခု၊ ဘာမှ မဖြစ်နိုင်၊ ငါလုပ်နိုင်သည်ဟု ယုံကြည်စိတ်နှင့် လှဲချလိုက်ပါက ရသည်။

အောက်တွင် ရပ်နေသည့်သူများကလည်း မျက်နှာချင်းဆိုင် နှစ်ဘက်တန်းစီပြီး လက်ဆန့်တန်း ခံထားရသည်။ လှဲချလိုက်သူ၏ ခန္ဓာကိုယ်ကြီးမှာ တောင့်တောင့်ကြီး ကျလာသည်ဖြစ်ရာ မိမိတို့လက်က လဲကျလာသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုအတွက်သာ တောင့်ထားပေးရခြင်းဖြစ်ပြီး၊ အများကြီး ပင်ပန်းစွာ ထမ်းနေရသည်မျိုး မဟုတ်ပါ၊ အဆင်ပြေစွာဖြင့် မထားနိုင်ပါသည်။

လှဲချမည့်သူသည် ကြောက်ရွံ့မနေဘဲ အောက်တွင် ရပ်ပြီး ဖမ်းကြမည့် မိမိအဖွဲ့ဝင်များကို ယုံကြည်ရန် လိုအပ်သကဲ့သို့ ဆီးဖမ်းကြမည့် အောက်မှအဖွဲ့ဝင်များကလည်း မိမိတို့ ဖမ်းရမည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို မိမိရရ ဖမ်းပြီး အောက်သို့ ပြုတ်မကျသွားစေရန် တောင့်ထားရမည်ဖြစ်သည်။

ကျွန်တော်သည် ထိုစဉ်က ပေါင်ချိန် ၁၄၀/၅၀ ၀န်းကျင်ခန့်ရှိပါသည်၊ ကျွန်တော် ယုံယုံကြည်ကြည်ဖြင့် နောက်ပြန်လှဲချလိုက်သည်၊ အောက်မှသူများကလည်း ၀ိုင်းဖမ်းထားပေးကြသည်။ ကျွန်တော် အောက်သို့မကျခဲ့ပါ။ အပြန်အလှန်ယုံကြည်မှု သင်ခန်းစာသည် အောင်မြင်ခဲ့ပေပြီ။

ဘယ်သူ့ကို ယုံရမလဲ

ကျွန်တော်တို့ အလုပ်ဝင်ခဲ့သည့် ၁၉၉၉ (လွန်ခဲ့သည့် ၁၅ နှစ်) သည် ခေတ်ကောင်းတစ်ခုတော့ မဟုတ်ပါပေ။ စစ်အစိုးရလက်ထက်ဖြစ်ပြီး စာသင်ကျောင်းများကိုလည်း အစိုးရက ဖွင့်လိုက်ပိတ်လိုက်လုပ်ထားသည်မှာ မကြာသေးပေ။ စာနယ်ဇင်းလောကကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဆဲဖြစ်သည်။ စာပေကင်ပေတိုင်ဟု ဆိုရသည့် ရေးသမျှကို ကြိုတင် စိစစ်ဖြတ်တောက်သော အာဏာပြ၊ ခြိမ်းခြောက်၊ သဘောဆိုး၊ စိတ်ကောက်တတ်သူ စစ်အစိုးရ၏ အရာရှိများနှင့် အယ်ဒီတာတို့ ဆက်ဆံရသည့်ခေတ် ဖြစ်သည်။ သတင်းထောက်က အလိုက်ကောင်း အရေးကောင်း သတင်းမျိုးပင် ခွင့်ပြုချက်ရမှ ဖော်ပြနိုင်ခွင့်ရှိသော ခေတ်ဖြစ်သည်။ ကျမည်ဆိုလျှင် စိတ်ဓာတ်က အကြိမ်ပေါင်း သန်းနှင့်ချီ၍ နေ့စဉ်ကျရလောက်သည်။

ယခုခေတ်ကတော့ ထိုသို့မဟုတ်၊ ကြိုက်သည့်သတင်းကို ရေးလို့ ရသည်။ ၀က်ဘ်ဆိုက်ကိုးကားပြီး ရေးမလား၊ ဖေ့စ်ဘုတ်မှ စောင့်ကြည့်ပြီး အတည်ပြုနိုင်အောင် ကြိုးစားကာ ရေးမလား၊ တယ်လီဖုန်း ဆက်ပြီး ရေးမလား၊ သတင်းစာရှင်းလင်းပွဲတက်ပြီး ရေးမလား၊ လိုက်သတင်းမျိုးကို ကြိုးစားပြီး လိုက်၍ ရေးမလား၊ အယ်ဒီတာ ညွှန်ကြားသည်ကို ရေးမလား၊ စုံစမ်းထောက်လှမ်း သတင်းပညာ သုံးပြီး ရေးမလား၊ ဆောင်းပါးရေးမလား၊ ရေးစရာတွေက များလှသည်။ ရေးချင်ရာ ရေးနိုင်သည်၊ အယ်ဒီတာကို နားဝင်အောင် ပြောနိုင်လျှင် စွံပြီ။

သတင်းလောကကို ခဏတဖြုတ် ၀င်လာသူများကို ကျွန်တော် တွေ့ဖူးပေါင်း များပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလောကမှ ထွက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပြီ။ ဒီလောက မကောင်းလျှင် ဘယ်လောက ကောင်းမည်လဲဟုလည်း တွေးကြည့်သေးသည်။ ဘယ်လောကမဆို၊ ဘယ်အလုပ်မဆို၊ ဘယ်အသက်မွေးမှုမဆို အခက်အခဲတို့ ရှိသည်ချည်းဖြစ်သည်။ ပိုက်ဆံတစ်ကျပ်တစ်ပြားက စ၍ မည်သူဆီကမှ အလကားမရနိုင်ပါ။ သူတောင်းစားပင် ပိုက်ဆံ ရလိုလျှင် စနစ်တကျတွက်ချက်ပြီးမှ တောင်းရသည်။ မကျွမ်းကျင်လျှင် ခေါင်းခါမည့်သူချည်းသာ တွေ့ရနိုင်သည်။

မိဘနှင့် ညီအစ်ကိုမောင်နှမ အိမ်တွင်တော့ စားသာချင်စားသာလိမ့်မည်။ သူငယ်ချင်းကောင်းရှိလျှင် ထိုသူက စောင့်ရှောက်ထားလိမ့်မည်။ လုပ်ငန်းခွင်တွင် အလုပ်နဲ့ မပတ်သက်လျှင် ခင်မင်နှစ်လိုဖွယ်တွေ ဖြစ်နေနိုင်သည်။ အလုပ်နှင့် ပတ်သက်လျှင်တော့ ပ၀ါမကူ ရေမရှုကြေးချည်းသာ ဖြစ်ပါသည်။ ကိုယ်က လုပ်ခလစာယူမည့် ကိစ္စကို တခြားတစ်ယောက်က အလကား မည်သူမှ လုပ်မပေးပါ။ ကိုယ့်တက်လမ်းအတွက် ဘယ်သူကမှလည်း တံတားအဖြစ် ထိုးမပေးပါ။ ကိုယ့်ပိုက်ဆံအတွက် ကိုယ်လုပ်ရမည်၊ ကိုယ့်တက်လမ်းအတွက် ကိုယ့်တံတား ကိုယ်ထိုးရမည်သာ ဖြစ်သည်။

အလုပ်အပေါ် ယုံကြည်မှု၊ ခေါင်းဆောင်နှင့် ဆရာသမားအပေါ် ယုံကြည်မှု၊ လုပ်ငန်းလက်တွဲဖော်များကို ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ လုပ်လျှင်ဖြစ်ရမည်စိတ်ဓာတ်၊ ပြင်ဆင် လုပ်ကိုင်တတ်သော အမူအကျင့်၊ အလွယ်တကူ စိတ်ဓာတ်မကျ စိတ်မပျက်တတ်မှု၊ စသည့်အလုပ်ကို ပြီးသည့်အထိ တာဝန်ခံ လုပ်ကိုင်တတ်မှု၊ လုပ်ပြီးပြီးရော မထားဘဲ နောက်ဆက်တွဲနှင့် အကျိုးဆက်အပေါ် တာဝန်ယူမှုတို့ မရှိဘဲ မည်သူမျှ ရေရှည် မအောင်မြင်ပါ။ ထိုသူမျိုး အောင်မြင်ခဲ့သည်ဆိုလျှင်လည်း ခဏတဖြုတ်သာ ဖြစ်ပါလိမ့်မည်။

သတင်းစာညံ့လျှင် လူမျိုးညံ့မည်

သတင်းထောက်ညံ့လျှင် သတင်းစာညံ့မည်၊ သတင်းစာညံ့လျှင် ယင်းသတင်းစာကို ဖတ်သည့် ပြည်သူတို့ ညံ့လိမ့်မည်။ ပြည်သူညံ့လျှင် တိုင်းပြည်ညံ့လိမ့်မည်။ ပြောင်းပြန်ဆိုရသော် တိုင်းပြည်ကောင်းဖို့ ပြည်သူတစ်ဦးချင်း ကောင်းရလိမ့်မည်။ ပြည်သူတွေ ကောင်းဖို့ ပြည့်နား မျက်စိဟု ခေါ်ရမည့် သတင်းစာတို့ တော်ဖို့ ကောင်းဖို့ လိုသည်။ သတင်းစာကောင်းဖို့ အယ်ဒီတာကောင်းနှင့် သတင်းထောက်ကောင်းတို့ လိုသည်။

အယ်ဒီတာသည် သတင်းထောက်ကြာလျှင် ဖြစ်သည်ဆိုသော်လည်း အယ်ဒီတာလုပ်ငန်းတာဝန်များကို ထဲထဲဝင်ဝင် ထမ်းဆောင်နိုင်ရန် အချိန်နှင့်တပြေးညီ ကျွဲကူးရေပါ ဖြည့်ဆည်းပြီး ဖြစ်နေရမည်။ အယ်ဒီတာထိုင်ခုံ မထိုင်မီ ဖတ်မှတ်ထားမှုနှင့် လုပ်ငန်းသဘော ကျွမ်းဝင်မှုတို့မှာ စာတွေ့လက်တွေ့ ရှိထားပြီးဖြစ်ရမည်။

သတင်းထောက်သည် အထက်တွင် ဆိုခဲ့သလို သတင်းတစ်ပုဒ်ကို အရည်အသွေးမီမီ ကောင်းကောင်းမွန်မွန် ရေးနိုင်နေရမည်။ သတင်းထောက်က ဖြစ်သလို ရေး၊ အယ်ဒီတာက အားမထည့်နိုင်၊ သည်လိုနှင့် သတင်းစာပေါ်ရောက်သွားပြီး သတင်းတွေကို ဖတ်သည့် ပြည်သူက အနှစ်အသားမပါသည့် သတင်းများနှင့် အချိန်တွေ ကုန်နေမည်ဆိုလျှင် အညံ့စက်ဝိုင်း တစ်ပတ်ပြန်လည်ဦးမည်သာ ဖြစ်သည်။

သတင်းထောက်နှင့် အယ်ဒီတာများ အရည်အချင်း ပြည့်ဝရန် အခုအခါ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ကြိုးစားလုပ်ဆောင် နေကြသည်။ ကောင်းသည်၊ သို့သော် မကောင်း။ သင်တန်းဆိုသည်မှာ အချိန်အများကြီးကုန်ပြီး လေ့လာရမည့်ကိစ္စများကို အချိန်တိုအတွင်း ပေးလိုက်ခြင်းသာ ဖြစ်သည်။ ဆက်လက် လေ့ကျင့်၊ အသုံးချ လုပ်ဆောင်ရမည့်က သင်တန်းသား သတင်းထောက်များ၊ အယ်ဒီတာများ ဖြစ်သည်။ အလုပ်လုပ်ရေးသာ ပဓာနဖြစ်သည်။

သင်တန်းများသာတက်ပြီး လုပ်ငန်းခွင်တွင် မစွံသောသူတွေ များစွာရှိသည်။ သင်တန်းတို့၏ ရလဒ်ပိုင်း အောင်မြင်မှုသည် သုံးပုံတစ်ပုံပင် မရှိပါ။ သတင်းထောက်ကောင်းများကို စက်ရုံမှ ထုတ်သလို ထုတ်လုပ်၍ မရပါ။ အရင်ကလည်း မရခဲ့ပါ၊ အခုလည်း မရပါ၊ နောင်လည်း ရနိုင်မည် မဟုတ်ပါ။

သင်တန်းမတက်ရန် ပြောနေခြင်း မဟုတ်ပါ၊ ကျွန်တော်တို့ခေတ်ကလည်း သင်တန်များကို လောဘတကြီး ကျွန်တော် တက်ခဲ့ဖူးပါသည်။ သင်တန်းက ကောင်းသည်၊ နည်းလမ်းတွေကို အချိန်တိုတိုနှင့် ရသည်။ ယင်းနည်းလမ်းများကို ရယူပြီး အလုပ်လုပ်ကြဖို့သာ လိုရင်းဖြစ်သည်ဟု ပြောလိုရင်း ဖြစ်သည်။

သတင်းထောက်များ၏ မိမိတစ်ဦးချင်း ညံ့ဖျင်းမှုသည် တိုင်းပြည်အထိ ရိုက်ခတ်နိုင်သောကြောင့်သာ သတိပေးလိုရင်း ဖြစ်ပါသည်။ တာဝန်မယူလျှင် တာဝန်မရှိပါ၊ တာဝန်မသိလျှင်လည်း တာဝန်မရှိပါ၊ တာဝန်သိလျှင် တာဝန်ယူမိလျှင်ကား သတင်းထောက်အလုပ်သည် ကမ္ဘာပျက်လုနီး တာဝန်ကြီးလေသည်ကား အမှန်ဖြစ်သည်။

ရန်ကုန်
အောက်တိုဘာ ၉၊ ၂၀၁၄။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...